ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒိန်းမတ်တရားရုံးမှာ မြန်မာစစ်အာဏာပိုင်တွေကို အမှုဖွင့် ကြားနာတာမျိုး လက်တွေ့ ဖြစ်လာနိုင်လား
ချင်းပြည်နယ်မှာ ရှိတဲ့ ဇာတိရွာဟာ မြန်မာ စစ်အာဏာပိုင်တွေရဲ့ မီးရှို့ ဖျက်ဆီးတာ ခံခဲ့ရပြီးတဲ့နောက်၊ ဒိန်းမတ်နိုင်ငံထဲ ခိုလှုံခွင့် တောင်းခံခဲ့တဲ့ မြန်မာနိုင်ငံက လာတဲ့ အမျိုးသမီးတစ်ဦးဟာ မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းပေးဖို့ ဒိန်းမတ် အာဏာပိုင်တွေကို တိုင်ကြားလိုက်ပါတယ်။
ဒါဟာ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုနိုင်ဖို့ ပြဋ္ဌာန်းထားတဲ့ ဒိန်းမတ်ဥပဒေသစ်အရ ဒိန်းမတ်ရဲတပ်ဖွဲ့ဆီ တိုင်ကြားချက် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် တိုင်ကြားချက်ကို နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို အထူးပြု စုံစမ်းစစ်ဆေးတဲ့ ဒိန်းမတ်ရဲတပ်ဖွဲ့ရဲ့ အထူးဌာနဆီ လွှဲပြောင်းပေးထားပြီလို့ တိုင်တန်းသူရဲ့ ရှေ့နေက ဘီဘီစီနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောပါတယ်။
ဒိန်းမတ်မှာ နေထိုင်တဲ့ တခြားမြန်မာနိုင်ငံသားတွေလည်း ဒီတိုင်ကြားမှုမှာ ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။ တကယ်တမ်းရော ဒိန်းမတ်တရားရုံးမှာ မြန်မာ စစ်အာဏာပိုင်တွေကို အမှုဖွင့်ကြားနာတာမျိုး လက်တွေ့ ဖြစ်လာနိုင်ပါသလား။ တိုင်တန်းသူရဲ့ ရှေ့နေ အက်ဒီ ခါဝါဂျာကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ်မေးမြန်းထားပါတယ်။
ဒိန်းမတ် ဥပဒေသစ် ဆိုတာ ဘာလဲ ....
ဘီဘီစီ။ ။ အက်ဒီရေ ... ဒိန်းမတ်နိုင်ငံမှာ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်အကြောင်း ပထမဆုံးအနေနဲ့ ရှင်းပြပေးပါလား။ ကျွန်တော် နားလည်ထားသလောက်ဆိုရင် ဒီဥပဒေသစ်ကြောင့်ပဲ ခင်ဗျားရဲ့ အမှုသည်ကိုယ်စား အခုလို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက် တင်သွင်းနိုင်ခဲ့တာ မဟုတ်လား။
အက်ဒီအိုမာရိုဇင်ဘာ့ဂ်ခါဝါဂျာ ။ ။ ဟုတ်ကဲ့။ ဒိန်းမတ်လွှတ်တော်ဟာ ၂၀၂၅ ခုနှစ်မှာ ရာဇဝတ်မှုဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေမှာ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ ရောမစာချုပ် (Rome Statute) အရ အကျုံးဝင်တဲ့ ရာဇဝတ်မှုတွေကိုပါ ဒိန်းမတ်ရဲ့ ပြည်တွင်း ရာဇဝတ်ဥပဒေထဲမှာ အခန်းတစ်ခန်း အနေနဲ့ ထည့်သွင်း ပြဋ္ဌာန်းလိုက်တာပါ။
ဒီဥပဒေကြောင့် ဒိန်းမတ်နိုင်ငံမှာ လက်ရှိ နေထိုင်နေတဲ့ နစ်နာသူတွေအတွက် အခွင့်အလမ်းသစ်တစ်ခု ပေါ်လာပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍနဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုအမျိုးမျိုးကို .... ကိုယ်တိုင် နစ်နာ ခံစားခဲ့ရသူတွေ၊ မျက်မြင် ကြုံတွေ့ ခဲ့ရဖူးသူတွေဟာ ဒိန်းမတ်အာဏာပိုင်တွေကို အဲဒီ ရာဇဝတ်မှုတွေ အကြောင်း စုံစမ်း စစ်ဆေးပေးဖို့ တိုက်ရိုက် တောင်းဆိုနိုင်လာပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်ဆောင်နိုင်ဖို့ဆိုတာ သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ တရားစီရင်ပိုင်ခွင့် Jurisdiction ဆိုင်ရာ စည်းမျဉ်းတွေအပေါ်မှာတော့ မူတည်ပါတယ်။ ဒိန်းမတ်နိုင်ငံမှာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို အပြည့်အဝ ကျင့်သုံးထားတာတော့ မဟုတ်ပါဘူး။
နိုင်ငံတကာ ဥပဒေတွေနဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ လူပုဂ္ဂိုလ်တွေ၊ ပါဝင်ပတ်သက်တဲ့ လူအုပ်စုတွေ၊ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းတွေကို ဒိန်းမတ်နိုင်ငံထဲမှာ တာဝန်ခံစေနိုင်ဖို့ ရည်ရွယ်တာဖြစ်ပေမယ့်၊ ဒီလို တာဝန် ခံစေနိုင်ဖို့ဆိုတာ ကျူးလွန်သူဟာ ဒိန်းမတ်နိုင်ငံထဲမှာ ရှိနေသလားဆိုတဲ့ အချက်အပေါ်မှာလည်း မူတည်နေပါတယ်။
အဲဒီလိုအခြေအနေမျိုးက တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်ပေမဲ့၊ အမြဲ ကြုံရနိုင်တဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒိန်းမတ်နိုင်ငံမှာ နေထိုင်နေတဲ့ ထိခိုက် နစ်နာခဲ့ရသူတွေတော့ ရှိပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေကြောင့် ဒိန်းမတ်မှာ ခိုလှုံခွင့် ရရှိထားသူတွေလည်း ရှိပါတယ်။
ဒါကြောင့် ဒီဥပဒေသစ်ဟာ ဥပဒေကို လက်တွေ့အသုံးချနိုင်မလားဆိုတာ စမ်းသပ်ကြည့်ဖို့ရာ .... တိုင်ကြားမှုတွေ တင်သွင်းနိုင်တဲ့ လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်ပါတယ်။ အဲဒီအခါ ထိခိုက်နစ်နာ ခဲ့ရသူတွေဟာ အရင်လို ဘာမှမလုပ်နိုင်ဘဲ နေမယ့်အစား ကိုယ့်အခွင့်အရေးတွေ၊ မိသားစုဝင်တွေရဲ့ အခွင့်အရေးတွေ၊ ကိုယ့်ဇာတိနိုင်ငံမှာ ကျန်ရှိနေတဲ့ မိသားစုဝင်တွေရဲ့ အခွင့်အရေးတွေကို ဘယ်သူတွေက ချိုးဖောက်ခဲ့သလဲဆိုတာ ဖွင့်ချ ဖော်ထုတ်ပြီ၊ တရားမျှတမှု ရှာဖွေရေးကို ပိုပြီး တက်တက်ကြွကြွ ဆောင်ရွက်နိုင်လာပါတယ်။
အဲဒီလို အမှုမျိုးတွေ၊ တိုင်တန်းချက်တွေကို ကျွန်တော်တို့ ရှေ့နေအဖွဲ့ အနေနဲ့ တင်သွင်း ပေးနေခဲ့ပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့ကလည်း မြန်မာနိုင်ငံကနေ ဒိန်းမတ်မှာ လာရောက်နေထိုင်ကြတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကိုယ်စား တိုင်ကြားချက်တစ်ခု တင်သွင်းခဲ့ပါတယ်။
သူတို့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံစေချင်ကြတာပါ။ အာဏာသိမ်းမှု မတိုင်ခင်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေလည်း ပါဝင်လာနိုင်ပါတယ်။
ဘယ်သူတွေဆီကို တိုင်ကြားလွှာ ပို့ရတာလဲ ....
ဘီဘီစီ။ ။ ကျွန်တော် နားလည်တာကတော့ ဒီတိုင်ကြားချက်ကို အွန်လိုင်းကနေ တင်သွင်းတာမျိုး ဖြစ်ပါတယ်။ ခင်ဗျားနဲ့ ခင်ဗျားရဲ့ အမှုသည်က ဒီတိုင်ကြားချက်ကို ဘယ်သူ့ဆီ တင်သွင်းရတာလဲ။။ ဆိုလိုတာက .... ဒိန်းမတ်နိုင်ငံရဲ့ ရှေ့နေချုပ်ရုံးဆီကိုလား၊ ရဲတပ်ဖွဲ့ဆီကိုလား။ ဘယ်အဖွဲ့အစည်းက လက်ခံရယူခဲ့တာပါလဲ။
အက်ဒီအိုမာရိုဇင်ဘာ့ဂ်ခါဝါဂျာ ။ ။ ဒိန်းမတ်နိုင်ငံရဲ့ စနစ်မှာ တာဝန်ခွဲဝေထားပုံက ရှင်းပါတယ်။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရပြီး အစိုးရရှေ့နေအဖွဲ့ကတော့ နောက်ဆုံးမှာ ရရှိထားတဲ့ သက်သေအထောက်အထားတွေကို သုံးသပ်ပြီး တရားစွဲဆိုသင့်မသင့်၊ တရားရုံးမှာ အမှုတင်သင့်မသင့် ဆုံးဖြတ်ရပါတယ်။
ကျွန်တော်တို့က ဒီတိုင်ကြားချက်ကို ဒိန်းမတ်အမျိုးသားရဲတပ်ဖွဲ့ဆီ တင်သွင်းခဲ့တာပါ။ ဒိန်းမတ်နိုင်ငံပြင်ပမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအကြောင်း တိုင်တန်းချက်ကို ကိုပင်ဟေဂင်ရဲတပ်ဖွဲ့ဆီ တင်သွင်းခဲ့ပါတယ်။
အခုဆိုရင် ဒီတိုင်ကြားချက်ကို နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို အထူးပြု စုံစမ်းစစ်ဆေးတဲ့ ဒိန်းမတ်ရဲတပ်ဖွဲ့ရဲ့ အထူးဌာနဆီ လွှဲပြောင်းပေးထားပါပြီ။ သူတို့က တိုင်ကြားချက်ကို လက်ခံရရှိထားပြီး အမှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု စတင်နိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။
ဘီဘီစီ။ ။ ဒါဆိုရင် ဒိန်းမတ် အာဏာပိုင်တွေက ဒီတိုင်ကြားချက်ကို တရားဝင် လက်ခံလိုက်ပြီလို့ ဆိုလိုတာလား။ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို တကယ်စတင်လိုက်ပြီလို့ ဆိုနိုင်ပါသလား။
အက်ဒီအိုမာရိုဇင်ဘာ့ဂ်ခါဝါဂျာ ။ ။ ခင်ဗျားမေးတာကို နားလည်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲဆိုတဲ့ အပိုင်းတော့ ရှိပါတယ်။
ကျွန်တော်တို့ တင်သွင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဆိုင်ရာ တိုင်ကြားချက်ကို မှတ်ပုံတင်ထားပြီး ဖြစ်ပါတယ်။ အမှုကို ကိုင်တွယ်ဖို့ တာဝန်ရှိသူတွေလည်း သတ်မှတ်ထားပြီးပါပြီ။ ဒီသဘောအရဆိုရင် တိုင်ကြားချက်ကို လက်ခံပြီး ကိုင်တွယ်ဆောင်ရွက်မှု စတင်နေပြီလို့ ပြောနိုင်ပါတယ်။
အခု သူတို့က တိုင်ကြားချက်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို စိစစ်နေပါတယ်။ ဒါ့အပြင် ဒီလိုအမှုမျိုးကို ဒိန်းမတ်နိုင်ငံရဲ့ ရာဇဝတ်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်အောက်မှာ ကိုင်တွယ်နိုင်သလားဆိုတဲ့ ဥပဒေရေးရာ အချက်တွေကိုလည်း စိစစ်နေပါတယ်။
ကျွန်တော်နဲ့ ကျွန်တော့်အမှုသည်ရဲ့ အမြင်ကတော့ ဒီအမှုကို ဒိန်းမတ်နိုင်ငံမှာ စုံစမ်းစစ်ဆေးနိုင်တဲ့ တရားစီရင်ပိုင်ခွင့် ရှိပါတယ်။
အဲဒီအမြင်ဟာ ဒိန်းမတ်နိုင်ငံမှာ အချိန်အတော်ကြာ နေထိုင်ခွင့်ရရှိထားသူတွေကို ဒိန်းမတ်ဥပဒေက အကာအကွယ်ပေးထားတယ်ဆိုတဲ့ အချက်အပေါ် အခြေခံထားတာပါ။ သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွေအရ နစ်နာသူတစ်ဦးနဲ့ ဒိန်းမတ်နိုင်ငံကြား လုံလောက်တဲ့ ဆက်စပ်မှုရှိတယ်ဆိုရင် ကျူးလွန်သူကို တာဝန်ခံစေနိုင်ပါတယ်။
ဥပမာ နစ်နာသူတစ်ဦးဟာ ဒိန်းမတ်မှာ နေထိုင်ခွင့်ရရှိထားပြီးနောက် သူ့အပေါ် ရာဇဝတ်မှုတစ်ခု ကျူးလွန်ခံရတယ်ဆိုပါစို့။ ဒါမှမဟုတ် သူနဲ့ ဆက်စပ်နေတဲ့ လူမှုအသိုင်းအဝိုင်း၊ မိသားစုရဲ့ ဇာတိရပ်ရွာ ဒါမှမဟုတ် သူ့ဇာတိနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုနေအိမ်ကို တိုက်ခိုက်ခံရတယ်ဆိုပါစို့။
အဲဒီလိုအခြေအနေမျိုးမှာ ဒိန်းမတ်နိုင်ငံနဲ့ လုံလောက်တဲ့ ဆက်စပ်မှုရှိတယ်ဆိုရင် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ သက်သေအထောက်အထားတွေ လုံလောက်ခိုင်လုံတယ်ဆိုရင် နောက်ဆုံးမှာ တရားစွဲဆိုမှုနဲ့ တရားရုံးတင်စစ်ဆေးမှုအထိ ဆက်လက်ဆောင်ရွက်နိုင်တယ်လို့လည်း ယူဆပါတယ်။
ဘီဘီစီ။ ။ အက်ဒီ၊ ခင်ဗျားဟာ ဒီတိုင်ကြားချက်ကို တင်သွင်းတဲ့ အမှုသည်တွေရဲ့ ရှေ့နေဖြစ်လာပုံကိုလည်း သိချင်ပါတယ်။ အရင်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမှုတွေမှာ အတွေ့အကြုံရှိခဲ့ဖူးလား။ ဒါမှမဟုတ် မြန်မာ့နိုင်ငံရေး၊ လူ့အခွင့်အရေးကိစ္စတွေကို စိတ်ဝင်စားလို့ ဒီအမှုကို ကိုင်တွယ်ဖြစ်တာပါလား။
အက်ဒီအိုမာရိုဇင်ဘာ့ဂ်ခါဝါဂျာ ။ ။ ကျွန်တော်က အခြေခံ နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အမှုတွေကို ကိုင်တွယ်တဲ့ ရှေ့နေတစ်ယောက်ပါ။ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ဥပဒေကဏ္ဍမှာလည်း အမျိုးမျိုးသော အမှုတွေကို ကိုင်တွယ်ပါတယ်။ ဒီနယ်ပယ်တွေမှာ ကျွန်တော်တို့ ရုံးဟာ နှစ်ပေါင်းများစွာ အထူးကြိုးစားပြီး အလုပ်လုပ်လာခဲ့ကြတာပါ။
ဒါကြောင့် ကျွန်တော်တို့ဟာ သီးခြားဒေသတစ်ခု ဒါမှမဟုတ် နိုင်ငံရေးအကျိုးစီးပွားတစ်ခုနဲ့ ဆက်စပ်ပြီး အမှုလိုက်ပေးနေကြတာ မဟုတ်ပါဘူး။ အခြေခံအခွင့်အရေးနဲ့ လူ့အခွင့်အရေး ရှုထောင့်ကနေ အမှုတွေကို ကိုင်တွယ်တာပါ။
ဒီဥပဒေသစ် ပြဋ္ဌာန်းပြီးနောက်ပိုင်း နှစ်အနည်းငယ်အတွင်းမှာလည်း ဒီလိုအမှုမျိုးတွေကို တင်သွင်းဖို့ အတွေ့အကြုံ ရှိလာပါတယ်။ ဆီးရီးယားနဲ့ ပတ်သက်တဲ့ အမှုတွေ၊ ပါလက်စတိုင်းနဲ့ ဂါဇာဒေသနဲ့ ပတ်သက်တဲ့ အမှုတွေကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။
အဲဒီအတွေ့အကြုံတွေကြောင့် ယူကေ အခြေစိုက် Myanmar Accountability Project အပါအဝင် အဖွဲ့အစည်းတချို့က ကျွန်တော်တို့ကို ဆက်သွယ်လာခဲ့တာပါ။ အဲဒီနောက် ဒိန်းမတ်မှာရှိတဲ့ ချင်းလူမှုအသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံနဲ့ ဆက်စပ်မှုရှိတဲ့ တခြားလူမှုအသိုင်းအဝိုင်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဘီဘီစီ။ ။ ခင်ဗျားရဲ့ အမှုသည် တင်သွင်းထားတဲ့ တိုင်ကြားချက်ထဲမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်သလဲဆိုတာ ရှင်းပြပေးပါလား။ အဓိက စွပ်စွဲထားတဲ့ အချက်တွေက ဘာတွေလဲ။
အက်ဒီအိုမာရိုဇင်ဘာ့ဂ်ခါဝါဂျာ ။ ။ အကြမ်းဖျင်းအားဖြင့် ဒီကိစ္စကို အပိုင်းအလိုက် ခွဲပြီး ကြည့်နိုင်ပါတယ်။ ပထမဆုံးက မြန်မာနိုင်ငံမှာ ဘယ်လိုရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့သလဲဆိုတဲ့ မေးခွန်းပါ။
မြန်မာနိုင်ငံရဲ့ အထွေထွေအခြေအနေကို ဖော်ပြထားတဲ့ အစီရင်ခံစာတွေနဲ့ သတင်းအချက်အလက်တွေကို ကြည့်မယ်ဆိုရင် လူမှုအသိုင်းအဝိုင်းတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရှိပါတယ်။ အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်သူတွေ၊ အတိုက်အခံအင်အားစုတွေကို ဖယ်ရှားဖို့ ဒါမှမဟုတ် ဖိနှိပ်ဖို့ ရည်ရွယ်တဲ့ လုပ်ရပ်တွေလည်း ပါဝင်ပါတယ်။ ဒါတွေက တစ်ပိုင်းဖြစ်ပါတယ်။
ဒါပေမဲ့ ဒိန်းမတ်ဥပဒေအရ တရားစီရင်ပိုင်ခွင့် ရှိတယ်ဆိုတာကို ဖော်ပြနိုင်ဖို့ ကျွန်တော်တို့ဟာ အခုတိုင်ကြားချက် တင်သွင်းထားတဲ့ အမှုသည်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အချိန်ကာလတွေကို ပိုပြီး အသေးစိတ် လေ့လာထားပါတယ်။
ဒီအမှုသည်ရဲ့ ဇာတိရွာကို တိုက်ခိုက်ခဲ့တဲ့ အချိန်ကာလတွေ၊ ဘယ်လိုတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့သလဲဆိုတာကို စိစစ်ထားပါတယ်။ အဲဒီအချက်အလက်တွေကို ဒိန်းမတ်ရာဇဝတ်ဥပဒေနဲ့ ချိတ်ဆက်ပြီး ရောမစာချုပ်ပါ ပြဋ္ဌာန်းချက်တွေနဲ့လည်း ဆက်စပ်တင်ပြထားပါတယ်။
အဲဒီထဲမှာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပါဝင်ပါတယ်။ ဒါ့အပြင် အဲဒီဒေသတွေမှာ အရပ်သားပြည်သူတွေကို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်တာမျိုးတွေလည်း ပါဝင်ပါတယ်။
ဒီအမှုတွေကို ဒိန်းမတ်ဥပဒေရဲ့ တရားစီရင်ပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီအောင် ချိတ်ဆက်တင်ပြဖို့ လိုပါတယ်။
ဥပမာ မီးရှို့ဖျက်ဆီးတာ၊ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်စေတာ၊ အရပ်သားပြည်သူတွေ အတွက် လိုအပ်တဲ့ ရေစနစ်နဲ့ တခြားအခြေခံ အဆောက်အအုံတွေကို ဖြတ်တောက် ဖျက်ဆီးတာမျိုးတွေဟာ သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွေအောက်မှာ အကျုံး ဝင်နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ အမြင်အရ ဒီလိုဖြစ်ရပ်တွေဟာ ကျွန်တော်တို့ရဲ့ အမှုသည်တွေနဲ့ သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းတွေ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ သက်ဆိုင်ပါတယ်။
သူတို့ဟာ ဒိန်းမတ်မှာ နေထိုင်ခွင့်ရရှိထားပေမဲ့ မြန်မာနိုင်ငံနဲ့ အဆက်အသွယ်တွေ ရှိနေဆဲပါ။ အဲဒီဆက်စပ်မှုတွေထဲမှာ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေလည်း ပါဝင်ပါတယ်။ သူတို့ ထားခဲ့ရတဲ့ မိသားစုနေအိမ်တွေဟာလည်း ဒီလိုရာဇဝတ်မှုတွေရဲ့ ပစ်မှတ်အဖြစ် ဆက်လက်ကြုံတွေ့နေရတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။
နေပြတော်သမ္မတကို ပစ်မှတ်ထားတဲ့ တိုင်ကြားမှု
ဘီဘီစီ။ ဒါဆိုရင် ခင်ဗျားရဲ့ အမှုသည်က မြန်မာနိုင်ငံမှာ အဲဒီရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာအတိအကျကို ဖော်ပြနိုင်ပါသလား။ နောက်ပြီး ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာကိုလည်း ဖော်ထုတ်နိုင်ပါသလား။ ဆိုလိုတာက တိုင်ကြားချက်ထဲမှာ လူပုဂ္ဂိုလ်တွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို နာမည်တပ်ပြီး ဖော်ပြထားပါသလား။
အက်ဒီအိုမာရိုဇင်ဘာ့ဂ်ခါဝါဂျာ ။ ။ ကျွန်တော်တို့ တင်သွင်းထားတဲ့ တိုင်ကြားချက်ဟာ အထက်ပိုင်းက တာဝန်ရှိသူတွေရဲ့ တာဝန်ခံမှုကို အခြေခံထားတာပါ။ တစ်နည်းအားဖြင့် အမိန့်ပေးကွပ်ကဲမှု အဆင့်ဆင့်မှာ ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာကို အဓိကထားတာဖြစ်ပါတယ်။
ဒါကြောင့် ဒီတိုင်ကြားချက်မှာ သမ္မတ ဖြစ်နေသူကို အဓိကထားပြီး တင်ပြထားပါတယ်။ သူ့လက်အောက်က အာဏာပိုင်အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေက ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်တွေအတွက် အထက်ပိုင်းက တာဝန်ရှိသူတွေမှာ ဘယ်လိုတာဝန်ရှိသလဲဆိုတာကို ဖော်ပြထားတာပါ။
ဒီအမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ရှိနေပေမယ့်၊ အားလုံးကိုတော့ အခုအချိန်မှာ ကျွန်တော့်အနေနဲ့ ထုတ်ဖော်ပြောဆိုမှာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ အချိန်ကာလတွေနဲ့ ရွာတစ်ရွာချင်းစီမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ ကျွန်တော်တို့က တောင်းဆိုထားတာကြောင့်ပါ။
ဘယ်အရာရှိ၊ ဘယ်စစ်သားက ဘယ်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်တို့ အခုအချိန်မှာ တိတိကျကျ အမည်ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ အရေးကြီးတာတစ်ခု ရှိပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ ဥပဒေသစ်မှာ တာဝန်ခံမှုနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။ အဲဒီပြဋ္ဌာန်းချက်တွေအရ မြေပြင်မှာ ဖြစ်ပွားနေတဲ့ လုပ်ရပ်တွေကို လူတစ်ဦးချင်းစီက ကိုယ်တိုင် တိုက်ရိုက်ဆောင်ရွက်ခဲ့ဖို့ မလိုအပ်ဘဲ အမိန့်ပေးကွပ်ကဲမှု အဆင့်ဆင့်နဲ့ ဆက်စပ်ပြီး တာဝန်ရှိမှုကို စဉ်းစားနိုင်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ တကယ်ဘာတွေ ဖြစ်ပွားနေသလဲဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ အများအပြားကိုလည်း ကျွန်တော်တို့ ကိုးကားထားပါတယ်။
အတိုချုပ်ပြောရရင် မြေပြင်မှာ ဘာတွေဖြစ်နေသလဲဆိုတာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှိနေတဲ့အတွက် ဒီအခြေအနေကို မသိချင်ယောင်ဆောင်လို့ မရပါဘူး။
အခုလို ပြောတာဟာ ကြိုတင် ကောက်ချက်ချဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အမြင်အရ စစ်အာဏာပိုင်စနစ်ဟာ အတိုက်အခံတွေကို ဖိနှိပ်ဖို့၊ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ပေါ်လာရေးကို တောင်းဆိုနေသူတွေကို ဖယ်ရှားပစ်ဖို့အတွက် အရပ်သားပြည်သူတွေကို စနစ်တကျ ပစ်မှတ်ထားတဲ့ လုပ်ရပ်တွေကို အသုံးပြုနေတာ အငြင်းပွားဖွယ် မရှိ ထင်ရှားနေပါတယ်။
ဘီဘီစီ။ ။ အက်ဒီ သိတဲ့အတိုင်းပဲ မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိလာစေဖို့ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ဆိုတဲ့ မူကို အသုံးပြုပြီး တခြားနိုင်ငံတွေမှာလည်း အမှုတွေ ရှိနေပါတယ်။ အခု ဒိန်းမတ်မှာ တင်သွင်းထားတဲ့ တိုင်ကြားချက်ဟာ အဲဒီအမှုတွေနဲ့ တစ်နည်းနည်းနဲ့ ချိတ်ဆက်လာနိုင်ပါသလား။
အက်ဒီအိုမာရိုဇင်ဘာ့ဂ်ခါဝါဂျာ ။ ။ ခင်ဗျား သိထားတဲ့အတိုင်း ဒီကိစ္စမှာ Myanmar Accountability Project ကလည်း တိုက်ရိုက် ကူညီပံ့ပိုးပေးနေပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံက စစ်အာဏာပိုင်တွေရဲ့ ကျူးလွန်မှုတွေနဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိလာစေဖို့ အာရှဒေသတွင်း အပါအဝင် ကမ္ဘာတစ်ဝန်း တိုင်ကြားမှုတွေ တင်သွင်းရာမှာ ကူညီပေးနေတဲ့ အဖွဲ့အစည်းပါ။
ဒါကြောင့် အဲဒီအမှုတွေနဲ့ပတ်သက်ပြီး စုဆောင်းထားတဲ့ အချက်အလက်တချို့ဟာ ဒိန်းမတ်မှာ လုပ်ဆောင်မယ့် စုံစမ်းစစ်ဆေးမှုတွေအတွက်လည်း အသုံးဝင်လာနိုင်ပါတယ်။
နိုင်ငံအသီးသီးက ရဲတပ်ဖွဲ့တွေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်ရှိဆောင်ရွက်နေတဲ့ တိုင်ကြားမှုတွေနဲ့ပတ်သက်ပြီး ဒိန်းမတ်အာဏာပိုင်တွေကို သက်ဆိုင်ရာ အချက်အလက်တွေဆီ လမ်းညွှန်ပေးသွားမှာပါ။
နိုင်ငံတကာမှာ တည်ဆောက်ထားတဲ့ အမှုတချို့ဟာလည်း အခုဆိုရင် ပိုပြီး အသေးစိတ်ကျတဲ့ စုံစမ်းစစ်ဆေးမှု အဆင့်တွေအထိ ရောက်နေပါပြီ။ ဒါကြောင့် အဲဒီကနေ ရရှိထားတဲ့ အချက်အလက် အများအပြားဟာ အခုတိုင်ကြားချက်အတွက် တိုက်ရိုက် သက်ဆိုင်မှုရှိလာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ တခြားဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နောင်မှာ တခြားသူတွေကိုယ်စား တိုင်ကြားမှုတွေ ထပ်မံတင်သွင်းလာမယ်ဆိုရင်လည်း အဲဒီအချက်အလက်တွေက အရေးပါလာနိုင်ပါတယ်။
ဆိုပါစို့၊ ဒီတိုင်ကြားချက်ကနေတစ်ဆင့် ဒိန်းမတ်တရားရုံးတစ်ခုက ဒီအမှုကို လက်ခံကြားနာဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် ဒိန်းမတ်နိုင်ငံရဲ့ တရားရေးစနစ်အတွက် ဘယ်လောက်အထိ အရေးပါမလဲ။
ဒီကိစ္စဟာ တချို့အပိုင်းတွေမှာ အရင်က မစူးစမ်းရသေးတဲ့ နယ်ပယ်တစ်ခုထဲ ဝင်ရောက်နေတယ်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့တာ အခုဆိုရင် နှစ်နှစ်နီးပါး ရှိနေပြီဖြစ်ပေမဲ့ လက်တွေ့မှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာ စမ်းသပ်ရမယ့် အပိုင်းတွေ ရှိနေသေးလို့ပါ။
ဒီစနစ်က တိုင်ကြားချက်တွေကို အခြေခံပြီး လုပ်ဆောင်ရတဲ့ စနစ်ဖြစ်ပါတယ်။ အဲဒါကြောင့် အမှုတစ်ခုချင်းစီအတွက် အကြီးစား စုံစမ်းစစ်ဆေးမှုတွေကို အလိုအလျောက် စတင်လုပ်ဆောင်နိုင်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိနေမယ်လို့တော့ မဆိုနိုင်ပါဘူး။
ဒါကြောင့် ဒီလိုတိုင်ကြားမှုတွေ တင်သွင်းပြီး ကျွန်တော်တို့ရဲ့ အမှုသည်တွေနဲ့အတူ ဘယ်လိုဆောင်ရွက်နိုင်မလဲ၊ အမှုတစ်ခုကို ဘယ်လိုတည်ဆောက်သင့်သလဲဆိုတာ စဉ်းစားလုပ်ဆောင်နေတာဟာ မရင်းနှီးသေးတဲ့ နယ်ပယ်တစ်ခုကို စမ်းသပ်နေတာနဲ့လည်း တူပါတယ်။ အဝေးကနေ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။
ဒါပေမဲ့ ဒိန်းမတ်နိုင်ငံက ရောမစာချုပ် (Rome Statute) ပါ ပြဋ္ဌာန်းချက်တွေကို ပြည်တွင်းဥပဒေထဲ ထည့်သွင်းပြဋ္ဌာန်းခဲ့တဲ့ ရည်ရွယ်ချက်က ဒိန်းမတ်နိုင်ငံအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုပဲ တရားစွဲဆိုနိုင်ဖို့ မဟုတ်ပါဘူး။
ဒိန်းမတ်နိုင်ငံအနေနဲ့ ဒီလိုရာဇဝတ်မှုတွေအတွက် တာဝန်ယူဆောင်ရွက်ဖို့နဲ့ ဥပဒေအရ သတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ ကိုက်ညီရင် တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ ရည်ရွယ်တာပါ။ ဥပမာ ကျူးလွန်သူတွေ ဒိန်းမတ်နိုင်ငံထဲမှာ ရှိနေတယ်ဆိုရင် သူတို့ကို တာဝန်ခံစေဖို့ ဆောင်ရွက်နိုင်ပါတယ်။ ဒါ့အပြင် ဒိန်းမတ်နိုင်ငံနဲ့ ဆက်စပ်မှုရှိတဲ့ နစ်နာသူတွေကို ပစ်မှတ်ထားကျူးလွန်ခဲ့တာမျိုးဆိုရင်လည်း တာဝန်ခံမှုရှိလာစေဖို့ ဆောင်ရွက်နိုင်ပါတယ်။
တကယ်လက်တွေ့ကျရဲ့လား .... သင်္ကတဆောင် လုပ်ဆောင်ခြင်း သက်သက်လား ....
ဘီဘီစီ။ ။ ဥပဒေပညာရှင်တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ဒီလိုတိုင်ကြားမှုကနေ လက်တွေ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်မယ်လို့ အက်ဒီ တကယ် ယုံကြည်လား။
ကျွန်တော် ဆိုလိုတာက အခုလို ကြိုးပမ်းတာမျိုးတွေဟာ သမိုင်းမှာ မှန်ကန်တဲ့ဘက်က ရပ်တည်ဖို့နဲ့ ကျင့်ဝတ် စာရိတ္တပိုင်း ဆိုင်ရာ အရကို လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စ ဆိုပြီး သင်္ကတဆောင် လုပ်ဆောင်ခြင်းထက် တကယ်တမ်း ကျော်လွန် နိုင်မလား။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေကို ဒိန်းမတ်တရားရုံးက တစ်နေ့နေ့မှာ တကယ်လက်ခံကြားနာပေးနိုင်မယ်ဆိုတာ ဖြစ်နိုင်ခြေရှိပါသလား။
အက်ဒီအိုမာရိုဇင်ဘာ့ဂ်ခါဝါဂျာ ။ ။ ကျွန်တော် အလေးထားပြောချင်တာက ဒီကိစ္စဟာ ကျွန်တော်တို့ ယုံကြည်ထားတဲ့ အယူအဆတစ်ခုကို အတင်းအကျပ် အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာမျိုး မဟုတ်ပါဘူး။
ဒီတိုင်ကြားမှုဟာ ကျူးလွန်သူတွေကို တာဝန်ခံစေချင်တဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဆန္ဒနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ကျွန်တော်တို့ ရှေ့နေတွေကလည်း သူတို့ကိုယ်တိုင် အဲဒီလိုဆောင်ရွက်နိုင်ဖို့ ကူညီပေးတဲ့ ကိရိယာတစ်ခုလိုပါပဲ။ သူတို့ရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်နိုင်မှုကို အားကောင်းလာအောင် ကူညီပေးနေတာ ဖြစ်ပါတယ်။
တစ်နှစ်အတွင်း ဒိန်းမတ်နိုင်ငံမှာ မြန်မာစစ်အာဏာပိုင်တွေအပေါ် အပြည့်အဝ တရားစွဲဆိုပြီး အမှုကြီးတစ်ခု ကြားနာစစ်ဆေးနိုင်မလားဆိုရင်တော့ လက်တွေ့မကျပါဘူး။
ဒါပေမဲ့ ဒိန်းမတ်လွှတ်တော်က ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားတယ်ဆိုရင် အဲဒီဥပဒေဟာ သင်္ကေတသဘော သက်သက်ပဲ မဖြစ်သင့်ပါဘူး။ လက်တွေ့မှာ တစ်စုံတစ်ရာ အကျိုးရှိအောင် ဆောင်ရွက်နိုင်မလားဆိုတာ စမ်းသပ်ကြည့်သင့်ပါတယ်။
အနည်းဆုံးတော့ စုံစမ်းစစ်ဆေးမှုတွေ စတင်နိုင်မယ်။ အဲဒီကတစ်ဆင့် ကျူးလွန်သူတွေကို တစ်နည်းနည်းနဲ့ တရားမျှတမှုနဲ့ ရင်ဆိုင်စေနိုင်ဖို့ အခွင့်အလမ်း ရှိလာနိုင်ပါတယ်။
"သုံးလအတွင်း တရားခံလွှဲပြောင်းပေးဖို့ တောင်းဆိုမှုတွေ ပေါ်လာရစေ့မယ် .... ပြီးရင် ဒိန်းမတ်မှာ တရားရုံးတင် စစ်ဆေးမှုကြီးတစ်ခု ဖြစ်လာမယ်" စသဖြင့် ... ကျွန်တော်တို့က အမှုသည်တွေကို ကတိပေးထားတာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းတစ်ခုတော့ ဒိန်းမတ်ထဲမှာ ရှိလာနေပြီ ..... ဒီလိုတိုင်ကြား လာနိုင်ပြီ ဆိုတာကို ခံစားနစ်နာသူတွေ သိလာရ ... လက်တွေ့ လုပ်ဆောင် လာရတာကိုက အင်မတန် တန်ဖိုးရှိပါတယ်။ နိုင်ငံအသီးသီးမှာ ဒီလိုတိုင်ကြားမှုတွေ အများအပြား တင်သွင်းလာခြင်းကလည်း အောက်ခြေကနေ စတင်ပြီး တစ်စုံတစ်ရာ ပြောင်းလဲမှု ဖြစ်ပေါ်လာစေနိုင်ပါတယ်။
အကောင်းဆုံးအခြေအနေမှာတော့ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာ၊ အဲဒီနိုင်ငံရဲ့ ပြည်တွင်းတရားစီရင်ရေးစနစ်ကပဲ ကျူးလွန်သူတွေကို တာဝန်ခံစေသင့်တာပါ။ ဒါပေမဲ့ လက်ရှိကမ္ဘာ့အခြေအနေက အဲဒီလို ဖြစ်မနေပါဘူး။
ဘီဘီစီ။ နောက်ဆုံးမေးခွန်းပါ အက်ဒီ။ ဒိန်းမတ်အစိုးရဟာ ဒီနှစ်ကုန်မှာ မြန်မာနိုင်ငံထဲက သူတို့ရဲ့သံရုံးကို ပိတ်ဖို့ စီစဉ်ထားတယ်လို့ ကြေညာထားပါတယ်။ အဲဒီဆုံးဖြတ်ချက်နောက်ကွယ်မှာ နိုင်ငံရေးဆိုင်ရာ အကြောင်းရင်းတွေ ရှိကောင်းရှိနိုင်ပါတယ်။ လက်ရှိမြန်မာစစ်အာဏာပိုင်တွေနဲ့ ဆက်ဆံရေး မလုပ်ချင်တာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သံရုံးတွေကို ဘယ်နိုင်ငံမှာ ဦးစားပေးဖွင့်ထားမလဲဆိုတဲ့ အစိုးရဘတ်ဂျက်နဲ့ အရင်းအမြစ် ခွဲဝေသုံးစွဲရေးဆိုင်ရာ အကြောင်းရင်းတွေလည်း ပါဝင်နိုင်ပါတယ်။
ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကို ဒိန်းမတ်တရားရုံးက လက်ခံ ကြားနာ ပေးမလားဆိုတာ ဆုံးဖြတ်တဲ့အခါ .... ဒိန်းမတ်ရဲ့ တရားရေးအာဏာပိုင်တွေဟာ ဘယ်လောက်အထိ လွတ်လပ်မှုရှိပါသလဲ။ အစိုးရရဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးမှုကနေ ကင်းကင်းလွတ်လွတ် ဆုံးဖြတ်နိုင်ပါသလား။
အက်ဒီအိုမာရိုဇင်ဘာ့ဂ်ခါဝါဂျာ ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဒိန်းမတ် တရားရေး အာဏာပိုင်တွေဟာ ဘက်မလိုက်ဘဲ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးသွားမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
တရားဥပဒေစိုးမိုးရေးကို အခြေခံတဲ့ စနစ်တစ်ခုရဲ့ ကောင်းတဲ့အချက်က နိုင်ငံရေးနဲ့ တရားရေးကို ခွဲခြားထားနိုင်တာပါ။ အစိုးရရှေ့နေတွေ၊ စုံစမ်းစစ်ဆေးရေးအရာရှိတွေနဲ့ နောက်ဆုံးမှာ တရားရုံးတွေဟာ ဒီလို နိုင်ငံရေးဆိုင်ရာ အကြောင်းရင်းတွေကြောင့် သြဇာလွှမ်းမိုးခံရမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုတွေ ဘယ်လောက်အထိ လုပ်ဆောင်နိုင်မလဲဆိုတာမှာ အရင်းအမြစ်နဲ့ ဘတ်ဂျက်ဆိုင်ရာ ကိစ္စတွေ ရှိနေပါတယ်။ အဲဒါကတော့ နိုင်ငံရေးနဲ့လည်း ဆက်စပ်နေပါတယ်။
ဒိန်းမတ်အစိုးရက စုံစမ်းစစ်ဆေးရေးအာဏာပိုင်တွေကို ဘတ်ဂျက်ဘယ်လောက် ခွဲဝေပေးမလဲဆိုတာပေါ့။ ကျွန်တော့်အမြင်အရ သင့်လျော်တဲ့ တိုင်ကြားမှုတွေ အများအပြား တင်သွင်းလာတယ်ဆိုရင် ဒီကဏ္ဍကို ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း ပြသရာရောက်ပါတယ်။
နိုင်ငံတစ်နိုင်ငံက နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေကို ပြည်တွင်းဥပဒေထဲ အပြည့်အဝ ထည့်သွင်းပြဋ္ဌာန်းပြီး၊ ရောမစာချုပ်ပါ တာဝန်တွေကို လက်ခံထားတယ်ဆိုရင် အဲဒီဥပဒေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေ ပံ့ပိုးပေးရမယ်လို့ ကျွန်တော် ယူဆပါတယ်။
ဒါဟာ ဒီမိုကရေစီစနစ်အရ ကြည့်မယ်ဆိုရင်လည်း အရေးကြီးပါတယ်။ အမှုတွေကို တကယ်စုံစမ်းစစ်ဆေးပြီး ဆက်လက်တရားစွဲဆိုနိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ ရှိနေဖို့ လိုပါတယ်။