ထရမ့်နဲ့ ရှီ ထိပ်သီးဆွေးနွေးပွဲ - အရေးအကြီးဆုံးကိစ္စတွေပြောဖြစ်ခဲ့ကြလား

ရှီကျင့်ဖျင်နဲ့ ထရမ့်တို့ ပွဲတစ်ခုမှာ မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေ၊ ရှီက ကော်လာမြင့် အင်္ကျီ အနက်ကို ၀တ်ဆင်ထားပြီး ထရမ့်က အနက်ရောင် အနောက်တိုင်း ကုတ်အင်္ကျီကို ၀တ်ဆင်ထား
ဓာတ်ပုံ ပုံစာ, ဝါရှင်တန်မှာ ကျင်းပခဲ့တဲ့ ထရမ့်နဲ့ ရှီ ဆွေးနွေးပွဲကနေ ပူးတွဲကြေညာချက် မထွက်ခဲ့သလို ထူးခြားသိသာတဲ့တိုးတက်မှု မရှိခဲ့
    • ရေးသားသူ, လော်ရာ ဘစ်ကာ
    • ရာထူးတာဝန်, တရုတ်သတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၆

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက အမေရိကန်သမ္မတ ထရမ့်နဲ့ ထရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကြား ဆွေးနွေးပွဲမှာ သဘောတူခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ နောက်ထပ်အချက်အလက်တွေကို ထပ်ထုတ်ပြန်လာပါတယ်။ ဒီထုတ်ပြန်ချက်ကြောင့် တွေ့ဆုံပွဲကနေ ဘာတွေလုပ်နိုင်ခဲ့လဲဆိုတဲ့အချက်တွေလည်း ရှင်းရှင်းလင်းလင်းဖြစ်လာပါတယ်။

အင်အားကြီး နှစ်နိုင်ငံက သမ္မတတွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသွားပေမဲ့ ပူးတွဲကြေညာချက် တစ်စောင်မှ ထုတ်ပြန်ခဲ့တာ မရှိသလို အရေးပါတဲ့တိုးတက်မှုလည်း အနည်းအကျဉ်းသာ တွေ့ရပါတယ်။

ပူးတွဲကြေညာချက်အစား အစိုးရနှစ်ရပ်စလုံးက တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လို့ သီးခြားစီ သတင်း ထုတ်ပြန်ခဲ့ကြပါတယ်။

အိိမ်ဖြူတော်ကို တရုတ်သမ္မတ သွားလည်ပတ်လို့ ဆက်ဆံရေး ပိုနွေးထွေးလာလိမ့်မယ်လို့ မှတ်ယူနိုင်ပေမဲ့ ဒီလိုကြေညာချက်တွေကို ကြည့်ရင် အမေရိကန်နဲ့ တရုတ်တို့ဟာ တစ်ဖက်နဲ့ တစ်ဖက် သတိထား စောင့်ကြည့်နေဆဲဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။

အခုတော့ အဲဒီဆွေးနွေးပွဲမှာ ဘာများဖြစ်ခဲ့သလဲဆိုတာ သိထားတာနဲ့ မသိထားသေးတဲ့ အချက် လေးချက်ကို အောက်မှာ ဆက်ပြီးရှင်းပြသွားပါမယ်။

AI အရေးနဲ့ ဆက်သွယ်ရေး လမ်းကြောင်းသစ်

တရုတ်အစိုးရဘက်က သူတို့ဟာ အမေရိကန်နဲ့ ဥာဏ်ရည်တု (AI)ဆိုင်ရာဆွေးနွေးမှု ယန္တရားသစ်တစ်ရပ် စတင်ဖို့ သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့ပြီး နောက်ထပ် ဆွေးနွေးပွဲတွေကို နိုဝင်ဘာလကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

နှစ်နိုင်ငံစလုံးက အဆင့်မြင့် ဉာဏ်ရည်တု နည်းပညာ ဖွံ့ဖြိုးတိုးတက်စေဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေပါတယ်။ ဒါကိုကြည့်ရင် စီးပွားရေးနယ်ပယ်အစ စစ်ရေးအစီအစဉ်ရေးဆွဲမှုအဆုံး ကဏ္ဍအမျိုးမျိုးမှာ ပိုသုံးပြုလာနေတဲ့ဒီနည်းပညာအပေါ် စည်းမျဉ်းဘောင်တချို့ ထားရှိိဖို့ လိုအပ်တယ်ဆိုတာကိို ညွှန်ပြနေပါတယ်။

AI နဲ့ဆက်နွှယ်တဲ့ ဖြစ်စဉ်တစ်ခုခုဖြစ်လာရင် နားလည်မှု လွဲမှားပြီး ထိပ်တိုက်တွေ့တာမျိုးကို ရှောင်နိုင်ဖို့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ရပ် ထူထောင်ဖို့လည်း သဘောတူ ထားပါတယ်။

Anthropic လို အမေရိကန်ကုမ္ပဏီကြီးက ဥာဏ်ရည်တု ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို လျှော့ချရန် တိုက်တွန်းတာ၊ ဩစတြေးလျအပါအဝင် အစိုးရအချို့ရဲ့အင်တာနက်စာမျက်နှာတွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်အသုံးပြုနိုင်ခဲ့တယ်လို့ဆိုပြီး ChatGPT ကို ပိုင်တဲ့ OpenAI က ထုတ်ပြောတာတွေ ရှိခဲ့ပါတယ်။

ဒါတွေကြောင့်ပဲ AI နဲ့ပတ်သက်တာ တစ်ခုခု ထွက်ပေါ်လာမလား၊ သဘောတူညီချက်တစ်ခုခု ရရှိမလားဆိုပြီး သမ္မတ နှစ်ယောက်ရဲ့ဆွေးနွေးပွဲကို စိတ်၀င်စားခဲ့ကြပါတယ်။

အခွန်တိုးကောက်မယ့် ကုန်သွယ်စစ် - သဘောတူညီချက်ရတဲ့အချက်နဲ့ မရခဲ့တဲ့အပိုင်းတွေက ဘာတွေလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်နဲ့ တရုတ်တို့ အပြန်အလှန်အခွန်တိုးကောက်ကြမယ့် ကုန်သွယ်စစ်ကို တန့်ထားရေးသဘောတူညီချက် ဇန်န၀ါရီလ ၁၀ ရက်အထိ သက်တမ်းတိုးထားတယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေက တနင်္လာနေ့က ပထမဆုံးအကြိမ် အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုအချိန်တိုတိုပဲ သက်တမ်းတိုးထားလို့ ယခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် အရေးပါတဲ့နိုင်ငံတကာအစည်းအဝေးတွေမှာ တရုတ်နဲ့ အမေရိကန် ခေါင်းဆောင်နှစ်ဦး ထပ်တွေ့ဆုံကြနိုင်ခြေရှိပါတယ်။

ထရမ့်ဟာ နိုဝင်ဘာမှာ ရှင်ကျန်းမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး ရှီကတော့ ဒီဇင်ဘာလရောက်ရင် မိုင်ယာမီမှာ ကျင်းပမယ့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G20) ထိပ်သီးအစည်းအဝေးကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံခေါင်းဆောင်တွေ မကြာခဏ တွေ့ဆုံလေ့ရှိတာမျိုးက ရှားပါးလှပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရက ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲထာားတဲ့သဘောတူညီချက်ကို ပိုပြီးရှည်ကြာသက်တမ်းတိုးနိုင်ရန် မျှော်လင့်ခဲ့တာကြောင့် နှစ်လကြာ သက်တမ်းတိုးမှုဟာ ကြီးမားတဲ့အောင်မြင်မှုဆိုတာထက် အကန့်အသတ် တိုးတက်မှုတစ်ခုပဲဖြစ်ခဲ့ပါတယ်။

တရုတ်ဟာ အမေရိကန်ကို တင်သွင်းတဲ့ ကုန်ပစ္စည်း ဒေါ်လာ ဘီလျံ ၃၀ ကို အကောက်ခွန်နှုန်းတွေ လျှော့ချခွင့်ရခဲ့ပြီး အပြန်အလှန်အနေနနဲ့ တရုတ်ဘက်ကလည်း အလားတူလျှော့ချမှုတွေ လုပ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အရုပ်တွေ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းအသေးစားကစလို့ ခရစ္စမတ်အလှဆင်ပစ္စည်းတွေအဆုံး အမေရိကန် စတိုးဆိုင်တွေကို တင်ပို့မယ့် တရုတ်ကုန်ပစ္စည်းတွေဟာ အခုလိုအကောက်ခွန် လျှော့ချမှုကနေ အကျိုးခံစားရတော့မှာပါ။

၂၀၂၇ နဲ့ ၂၀၂၈ ခုနှစ်တို့မှာ တရုတ်အစိုးရဟာ နှစ်စဉ်ကျောက်မီးသွေး တန်ချိန် ၁၀ သန်းထက်မနည်း ဝယ်ယူလိမ့်မယ်လို့ ထရမ့်အစိုးရအဖွဲ့ကလည်း ပြောကြားခဲ့ပါတယ်။

ထူးခြားတာက ဒီသဘောတူညီချက်မှာ မပါဝင်ခဲ့တဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။

တရုတ်ရဲ့မြေရှားသတ္တုတွေကို အမေရိကန်ကို ပိုမိုတင်ပို့မယ့်ကိစ္စနဲ့ပတ်သက်လို့ ဖော်ပြထားတာ မရှိသလို အမေရိကန်ရဲ့အဆင့်မြင့် ဆီမီကွန်ဒတ်တာတွေ ချစ်ပ်ပြားအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမယ့်အရိပ်အယောင်တစ်စုံတစ်ရာလည်း မတွေ့ရသေးပါဘူး။

ထရမ့်ပုံစံလို ပြင်ဆင်ထားတဲ့ အရုပ် ၅ ရုပ်ကို တန်းစီထားတာ မြင်တွေ့ရ၊ အဲဒီအရုပ်တွေအောက်မှာ အဖြူရောင် ဆိုလာ ပြားလေးတွေ တပ်ထားပြီး အရုပ်လေးတွေဟာ အပြာရောင် အနောက်တိုင်း၀တ်စုံနဲ့ အနီရောင်လည်စည်းကို စည်းထားပါတယ်။ လက်တစ်ဖက်ကို လေထဲ မြှောက်ထားတာလည်း မြင်တွေ့ရ
ဓာတ်ပုံ ပုံစာ, အကောက်ခွန်နှုန်းထား လျှော့ချမှုထဲ အမေရိကန်ဆိုင်တွေဆီ တင်ပို့မယ့်တရုတ်အရုပ်တွေလည်း အကျုံး၀င်

အမေရိကန်က ထိုင်ဝမ်အရေး ချန်လှပ်ပေမဲ့ တရုတ်ဘက်က ထည့်ပြော

အိမ်ဖြူတော်က ထုတ်တဲ့ အချက်အလက်တွေထဲ ထိုင်ဝမ်အကြောင်း ဖော်ပြထားတာ မရှိခဲ့ပေမဲ့ ထိုင်ဝမ် ကိစ္စက ရှီကျင့်ဖျင်အတွက် အရေးပါတဲ့ဦးစားပေးကိစ္စတစ်ရပ်ဖြစ်ခဲ့တာတော့ ထင်ရှားပါတယ်။

တရုတ်ဘက်က ထုတ်ပြန်တဲ့ဆွေးနွေးပွဲမှတ်တမ်းတွေအရ ရှီက ထရမ့်ကို ထိုင်ဝမ်လွတ်လပ်ရေးကိစ္စကို တရားဝင်ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့နဲ့ အဲဒီကိစ္စကို သတိထား ကိုင်တွယ်ဖို့ တိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။

တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ခဲ့ရင် အမေရိကန်က ထိုင်ဝမ်ကို ကာကွယ်ပေ းမလားလို့ ရှီက တိုက်ရိုက် မေးခဲ့ကြောင်း ပြီးခဲ့တဲ့ မေလတုန်းက တွေ့ဆုံမှုအပြီးမှာ ထရမ့်က ဖွင့်ဟပြောကြားခဲ့ပါတယ်။

"အဲဒီအဖြေကို သိတဲ့သူ တစ်ယောက်တည်း ရှိတယ်။ အဲဒါ ကျွန်တော်ပဲ" လို့ ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပြီး ဒီကိစ္စကြောင့် "စစ်တိုက်ဖို့ မိုင် ၉,၅၀၀ ခရီးနှင်ပြီး "အမေရိကန်တပ်ဖွဲ့တွေ သွားရမှာ သင့်တော်ရဲ့လားလို့လည်း မေးခွန်းထုတ်ခဲ့တယ်'' လို့ ဆိုပါတယ်။

အခုတစ်ကြိမ်မှာတော့ သမ္မတထရမ့်က အသေးစိတ်အချက်အလက်တွေကို အနည်းအကျဥ်းသာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"အဲဒီအကြောင်း ကျွန်တော်တို့ အများကြီး မပြောဖြစ်ခဲ့ပါဘူး" လို့ သူက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"လက်ရှိအချိန်မှာတော့ အဆင်ပြေနေပါတယ်။ သူ့ဘာသာသူ အခြေအနေက ဆက်လက် သွားနေပါတယ်" လို့ ထရမ့်ကပြောပြီး "သူက ကျွန်တော့်ရဲ့သဘောထားကို ကောင်းကောင်း နားလည်ပါတယ်" လို့လည်း ဆိုပါတယ်။

သူပြောသလို တိတ်တိတ်ဆိတ်ဆိတ် ဆက်သွားနေတာက အရေးပါတဲ့အဓိပ္ပာယ်တစ်ရပ် ရှိနိုင်ပါတယ်။

ထရမ့်ဟာ အရင်က ထိုင်ဝမ်အတွက် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံ တန်ဖိုးရှိတဲ့လက်နက်ရောင်းချရေးအစီအစဉ်ကို တရုတ်အစိုးရနဲ့ ဆက်ဆံရေးမှာ "အပေးအယူလုပ်ဖို့ အလွန်ကောင်းတဲ့ နှိုင်းရေးကတ်" တစ်ခုအဖြစ် ဖော်ပြခဲ့ဖူးပါတယ်။

ဒီလက်နက်ရောင်းချရေးအစီအစဉ်ဟာ လပေါင်းများစွာ ရပ်တန့်ထားခဲ့ရပါတယ်။

အခြေအနေကို ပိုမိုရှုပ်ထွေးစေတဲ့အချက်ကတော့ အမေရိကန်ရဲ့တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒေးဗစ်ပါဒယူးက ထရမ့်ဟာ ထိပ်သီးဆွေးနွေးပွဲမှာ ရှီကို လက်နက်ရောင်းဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဖောက်စ် သတင်းဌာနကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ဥပဒေအရ တရုတ်နိုင်ငံကိုလက်နက်ရောင်းချဖို့ တားမြစ်ထားကြောင်းနဲ့ အဲဒီလိုဆောင်ရွက်ဖို့ အစီအစဉ်မရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကို တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ထားတာပါ။

အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအများစုက ထိုင်ဝမ်ကို လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်မပြုကြပေမဲ့ ထိုင်ဝမ်ကျွန်းကို အင်အားသုံး သိမ်းယူမယ့် ဘယ်ကြိုးပမ်းမှုမျိုးကိုမဆို အမေရိကန်က ဆန့်ကျင်ပြီး ထိုင်ဝမ်ကို လက်နက်ထောက်ပံ့ပေးဖို့ ကတိကဝတ်ပြုထားတာဖြစ်ပါတယ်။

ညနေစောင်းချိန်မှာ ထိုင်၀မ်အလံကို အလံတိုင်တစ်ဖက်တစ်ချက်စီမှာ ကိုင်ထားတဲ့ ယူနီဖောင်း၀တ် အခမ်းအနားတပ်ဖွဲ့၀င် ၂ ဦး
ဓာတ်ပုံ ပုံစာ, ရှီအတွက်တော့ ထိုင်ဝမ်ကိစ္စဟာ ဦးစားပေးတစ်ရပ်ဖြစ်ခဲ့တာ ရှင်းနေပါတယ်

တရုတ်က ရင်းနှီးမြှုပ်နှံမှု တံခါးတွေကို ဖွင့်ပေးလာနိုင်လား

တရုတ်အစိုးရဟာ အမေရိကန် ကျောထောက်နောက်ခံပြုဘဏ်တွေ၊ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေနဲ့ အာမခံလုပ်ငန်းတွေအပါအဝင် နိုင်ငံခြားဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေကို တရုတ်မှာ စီးပွားရေး လာလုပ်ဖို့၊ ရုံးခန်းတွေ ဖွင့်လှစ်ဖို့ လျှောက်ထားခွင့် ပိုပေးသွားမယ်လို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ ခွင့်ပြုချက်တွေ အားလုံးဟာ တရုတ်ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းသာ ပြုလုပ်ပေးမှာဖြစ်ပါတယ်။

နောက်ဆုံးဖော်ပြထားတဲ့အချက်ကတော့ အရေးကြီးပါတယ်။ တရုတ်နိုင်ငံက လာရင်းနှီးမြုပ်နှံဖို့ တံခါးကို ဖွင့်ပေးနေပေမဲ့ အဲဒီတံခါးကနေ ဘယ်သူ့ကို ၀င်ခွင့်ပြုမယ်ဆိုတာကိုတော့ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

ပြည်ပဘဏ္ဍာရေးလုပ်ငန်းတွေကတော့ စျေးကွက်အရ ခွင့်ပြုထားတယ်ဆိုပေမဲ့ လုပ်ထုံး လုပ်နည်းအကန့်အသတ်တွေ၊ လိုင်စင်လိုအပ်ချက်တွေနဲ့ ထွက်ခွာချင်တဲ့အခါမှာ နိုင်ငံထဲကနေ ထွက်ခွာခွင့်မရှိတဲ့ကန့်သတ်ချက်တွေရှိနေတယ်လို့ ပြောကြပါတယ်။

တရုတ်အစိုးရက နှစ်နိုင်ငံအကြား ပျံသန်းပြေးဆွဲတဲ့လေယာဉ်ခရီးစဉ် အရေအတွက်ကို တိုးမြှင့်နိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးနေတယ်လို့ ပြောကြားပေမဲ့ ဒါကို ဘယ်လိုအကောင် အထည်ဖော်မလဲဆိုတာကို နှစ်ဖက်စလုံးက ရှင်းရှင်းလင်းလင်း မပြောထားပါဘူး။

ပြီးတော့ တရုတ်ဟာ နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်အထိ ဗီဇာ ကင်းလွတ်ခွင့်ပေးထားပေမဲ့ အမေရိကန်ကိုတော့ မပေးသေးပါဘူး။

ဒီအတောအတွင်းမှာပဲ အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာနက တရုတ်ကို ''သတိချပ် သွားဖို့'' ခရီးသွားတွေကို တိုက်တွန်းတဲ့ခရီးသွား သတိပေးချက်အဆင့် ၂ အထိ ထုတ်ထားပါတယ်။ မထင်မှတ်ဘဲ ဖမ်းဆီးခံရတာ၊ ပြည်ပထွက်ခွင့် တားမြစ်ခံရတာနဲ့ ထိန်းသိမ်းခံရနိုင်တဲ့အန္တရာယ်ကြောင့် အခုလိုသတိပေးတာပါ။

ဒါကြောင့် နှစ်ဖက်စလုံးက စီးပွားရေးနဲ့ ခရီးသွားလာရေးအပိုင်းမှာ အားတက်သရော လုပ်နေကြပေမဲ့ အကန့်အသတ်တွေကတော့ ရှိနေဆဲပါ။

ဒါဆို ရှီနဲ့ ထရမ့် တွေ့ဆုံမှုကနေ ဘာတွေ သိထားရပြီးပြီလဲ

ဒီထိပ်သီးဆွေးနွေးပွဲကနေ ထွက်ပေါ်လာခဲ့တာကတော့ ဆွေးနွေးပြောဆိုတာ များလာပြီလို့ ပြောလို့ရပေမဲ့ မူဝါဒပိုင်းဆိုင်ရာအပြောင်းအလဲ ကြီးကြီးမားမား မရှိသေးပါဘူး။

အဆင့်မြင့်နည်းပညာကနေ ထိုင်ဝမ်အရေးအထိ အငြင်းပွားဖွယ် အကောင်းဆုံးကိစ္စရပ်တွေမှာ ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

ဒါပေမဲ့ ခေါင်းဆောင်နှစ်ယောက်စလုံးအတွက် ဒါက ရင်းနှီးပြီးသား ရလဒ်တစ်မျိုး ဖြစ်ပါတယ်။ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိုမိုဖွင့်လှစ်ပေးမယ်လို့ ကတိပြုတာ၊ အကန့်အသတ်ရှိတဲ့ စီးပွားရေးဆိုင်ရာလိုက်လျောပေးမှုတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်စေဖို့ ရည်ရွယ်တဲ့ အကန့်အသတ်ရှိတဲ့အဆိုပြုချက်တွေ ပါဝင်ပါတယ်။

ဒါကြောင့် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့ဟာ အပေးအယူ အတိကျလုပ်တာထက် မလျှော့မတင်း စောင်းကြိုးညင်းဖို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးတာတွေ လုပ်ပြီး ဆက်ဆံရေးကို ဆက်ထိန်းထားချင်ပုံရပါတယ်။