ဇူလိုင် ၁၈ ရက်သတင်းများအနှစ်ချုပ်- ဘန်ကောက်မီးလောင်မှုတစ်ခုမှာ ကြောင်အကောင် ၃၀ ကျော်နဲ့ လူနှစ်ဦးသေဆုံး

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

သုံးထပ်တိုက်နေအိမ် မီးလောင်မှုကြောင့် လူနှစ်ယောက်နဲ့ ကြောင်အကောင် ၃၀ ကျော် သေဆုံးတဲ့ဖြစ်စဉ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ဒီမနက် ဖြစ်ပွါးခဲ့ပါတယ်။

ဘန်ကောက်မြို့တော် ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဌာနရဲ့ Rama 199 ရေဒီယိုစင်တာအဆိုအရ မီးလောင်မှုဟာ ဇူလိုင် ၁၈ ရက် မနက် ၅ နာရီ ၅၀ မိနစ်လောက်က သွန်ဘူရီခရိုင်က ဆမ်ရဲရပ်ကွက်မှာ ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မီးငြှိမ်းသတ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေ ရောက်ရှိလာပြီးနောက် မီးကို ထိန်းချုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အိမ်နှစ်လုံး ပျက်စီးသွားခဲ့ပြီး အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ Rama 199 က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေဟာ အသက် ၆၂ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ပြီး အိမ်ထဲမှာ မွေးမြူထားတဲ့ ကြောင် ၃၀ ကျော်လည်း မီးလောင်သေဆုံးခဲ့တယ်လို့ Matichon နဲ့ Khaosod သတင်းဌာနတွေက ရေးသားထားပါတယ်။

ဒါ့အပြင် ကြောင် ၁၃ ကောင်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို လျှပ်စစ်ရှော့ခ်ဖြစ်မှုကြောင့်လို့ ကနဦးခန့်မှန်းထားပေမဲ့ တာဝန်ရှိသူတွေက အတိအကျ မထုတ်ပြန်သေးဘဲမီးလောင်ရတဲ့အကြောင်းရင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ KNLA ရဲ့ စစ်ဦးစီးချုပ်ဖြစ်လာ

ကရင်အမျိုးသားအစည်းအရုံး- KNU ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA ရဲ့ စစ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲကို ခန့်အပ်လိုက်တယ်လို့ ကရင်စစ်ရေးအရင်းအမြစ်တွေဆီက သိရပါတယ်။

ဇူလိုင် ၁၇ ရက်က ကျင်းပတဲ့ KNU ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

KNLA ရဲ့ ဒုတိယစစ်ဦးစီးချုပ်အဖြစ် နှစ်ပေါင်း ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲဟာ ကရင်တိုင်းရင်းသား လူထုတွေအကြား လူကြိုက်များတဲ့ ခေါင်းဆောင်ဖြစ်သလို နိုင်ငံရေးအမြင် ပြတ်သားသူလည်းဖြစ်တယ်လို့ ကရင်စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီရဲ့ ကျန်းမာရေးအခြေအနေကြောင့် တာဝန်ဆက်မယူနိုင်တဲ့အတွက် အခုလို ခန့်အပ်တာလို့ သိရပါတယ်။

ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲဟာ အသက် ၆၂ နှစ်ရှိနေပြီး စစ်ရေးအတွေ့အကြုံ အနေနဲ့ နှစ်ပေါင်း ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာ KNLA တပ်မဟာ (၅) နယ်မြေဖြစ်တဲ့ ဖာပွန် (မူတြော်) ဒေသမှာ အဓိက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ ကရင်စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

ဘောကျော်ဟဲဟာ ကရင်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးမြရဲ့ လက်အောက်မှာ လေ့ကျင့်သင်ကြားခွင့်ရခဲ့တဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

အဲဒီနောက် KNLA ဗဟိုဌာနချုပ် လက်အောက်ခံ တပ်ရင်း (၂) မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကရင်ဒေသနဲ့ နယ်စပ်တစ်လျှောက် စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၈၅ ခုနှစ်မှာ KNLA ရဲ့ ကွန်မန်ဒို အထူးစစ်ဆင်ရေးသင်တန်းကို တက်ရောက်ခဲ့ပြီး မာနယ်ပလောဒေသမှာ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

တပ်မဟာ (၁)၊ (၂) နဲ့ (၃) တွေမှာ စစ်ဆင်ရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သလို တပ်မဟာ (၅) တပ်မှူးအဖြစ်လည်း အဆင့်ဆင့် တာဝန်ယူခဲ့ပါတယ်။

သူဦးဆောင်ခဲ့တဲ့ KNLA တပ်မဟာ (၅) ဟာ ဖာပွန် (မူတြော်) ဒေသမှာ စစ်တပ်ကို အကြီးအကျယ် ဖိအားပေးနိုင်ခဲ့တဲ့ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

ဆိုက်ဘာလိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်းဖို့ ရည်ရွယ်ပြီး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုတွေကို ပိတ်ဆို့ထားတဲ့အတွက် မြန်မာနိုင်ငံထဲကအရပ်သားတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေကိုပါ ထိခိုက်စေတယ်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၅၅ ဖွဲ့က ပြောလိုက်ပါတယ်။

အဲဒီအဖွဲ့အစည်းတွေက ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာ နယ်စပ်ဖြတ်ကျော် ဆိုက်ဘာလိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံတကာကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ပြောထားပါတယ်။

ဒါ့ပေမဲ့ Starlink စက်တွေကို ဒေသအလိုက် အလုံးစုံပိတ်ပင်တာမျိုးမလုပ်ဘဲ လိမ်လည်မှုစင်တာတွေနဲ့ ဆက်စပ်တဲ့နေရာတွေကိုသာ ပစ်မှတ်ထား အရေးယူဖို့ တောင်းဆိုထားပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ သုံးနေတဲ့စက်တွေကို ခွဲခြားဖို့အတွက်ကိုလည်း မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေက ကူညီပေးနိုင်တယ်လို့လည်း Myanmar Internet Project ရဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူ ဦးသစ်ဉာဏ်က ပြောပါတယ်။

"အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ငွေကြေးတောင့်တင်းတော့ စတားလင့်မသုံးရလည်း တခြားပြောင်းသုံးလို့ရတဲ့ နည်းလမ်းတွေ ရှာကြမှာပဲ။ ဒါပေမဲ့ စစ်အုပ်စုက ဖြတ်တောက်ထားလို့ အင်တာနက်ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဒေသက လူသားချင်းစာနာမှုအကူအညီတွေမှာ အခက်အခဲတွေဖြစ်နေတယ်"လို့ ဦးသစ်ဉာဏ်က ပြောပါတယ်။

Myanmar Internet Project ဟာ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ ဆက်သွယ်ရေးဖြတ်တောက်မှုတွေကြောင့် မြို့နယ် ၃၃၀ အနက် ၈၀ ခန့်မှာ ပုံမှန်အင်တာနက်နဲ့ ဖုန်းလိုင်းဝန်ဆောင်မှုတွေ မရတော့ဘဲ လူဦးရေ ၁၃ သန်းကျော်ဟာ Starlink လို ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုအပေါ် မှီခိုနေရတယ်လို့ သိရပါတယ်။

ဒါကြောင့် Starlink ပိတ်သွားတဲ့အခါ အရေးပေါ်လူနာပို့ဆောင်ရေး၊ ဆေးဘက်ဆိုင်ရာ အကြံပြုကုသရေးဝန်ဆောင်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် ကြိုတင်သတိပေးစနစ်တွေ၊ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေနဲ့ ပညာရေးလုပ်ငန်းတွေကို တိုက်ရိုက်ထိခိုက်စေတယ်လို့ အဆိုပါအဖွဲ့အစည်းတွေက ပြောပါတယ်။

အင်တာနက်လိုင်း ပြတ်တောက်သွားရင် စစ်ဘေးရှောင်စခန်းတွေဆီ အကူအညီရောက်ဖို့နဲ့ ဘာတွေလိုအပ်နေတယ်ဆိုတာတွေ သိရှိဖို့ ခက်ခဲသွားမယ်လို့ ကရင်ပြည်နယ်ထဲက စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး Starlink ကုမ္ပဏီကို ပိုင်ဆိုင်တဲ့ SpaceX အနေနဲ့ အလုံးစုံပိတ်ပင်တာထက် ဆိုက်ဘာလိမ်လည်မှုစင်တာတွေရဲ့ တည်နေရာကိုသာ ပစ်မှတ်ထားပြီး ကန့်သတ်ဖို့၊ ပိတ်ထားတဲ့ ဝန်ဆောင်မှုတွေထဲက လိမ်လည်မှုလုပ်ငန်းတွေနဲ့ မသက်ဆိုင်တဲ့ စက်တွေကို ပြန်ဖွင့်ပေးဖို့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းစိစစ်ရေး ယန္တရားတစ်ခု ဖန်တီးဖို့ တောင်းဆိုထားပါတယ်။

ထုတ်ပြန်ချက်မှာ SpaceX ဟာ ၂၀၂၅ ခုနှစ်အတွင်း ထိုင်း-မြန်မာနယ်စပ်က ဆိုက်ဘာလိမ်လည်မှုစင်တာတွေနဲ့ ဆက်စပ်တယ်လို့ သတ်မှတ်ထားတဲ့ စက်အလုံးပေါင်း ၂,၅၀၀ ကို ပိတ်သိမ်းခဲ့တယ်လို့ ရည်ညွှန်းထားပါတယ်။

မကြာသေးခင်က ပိတ်ပင်မှုတွေ ခံရတဲ့နေရာတွေဟာ လိမ်လည်မှုစင်တာတွေနဲ့ မနီးစပ်တဲ့ မကွေး၊ စစ်ကိုင်းနဲ့ ရခိုင်ဒေသတွေက စက်တွေပါ ပါဝင်ခဲ့တယ်လို့ ဆိုထားပါတယ်။

SpaceX ဘက်ကတော့ အဆိုပါပူးတွဲကြေညာချက်မှာ ပါဝင်တဲ့ စွပ်စွဲချက်တွေနဲ့ တောင်းဆိုချက်တွေအပေါ် လူသိရှင်ကြား တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဒီတောင်းဆိုချက်ကို အမေရိကန်အစိုးရနဲ့ လွှတ်တော်၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ Starlink ကုမ္ပဏီကို ပိုင်ဆိုင်တဲ့ SpaceX တို့ကို ချိတ်ဆက်တောင်းဆိုထားတယ်လို့လည်း Myanmar Internet Project ရဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူ ဦးသစ်ဉာဏ်က ပြောပါတယ်။

ထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေထဲမှာ ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ မီဒီယာနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အများအပြား ပါဝင်နေပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းကွန်ရက်တွေနဲ့ NUG လက်အောက်ခံ အဖွဲ့အစည်းတချို့လည်း ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။

အဲဒီလို ကဏ္ဍပေါင်းစုံက အဖွဲ့အစည်းတွေ တစ်ပြိုင်နက်တည်း ထုတ်ဖော်ပြောဆိုလာတာက Starlink ဝန်ဆောင်မှု ပိတ်ဆို့ခံရခြင်းရဲ့ အကျိုးသက်ရောက်မှုဟာ အင်တာနက်အသုံးပြုသူတွေအပေါ်မှာတင် မဟုတ်ဘဲ ဆေးဝါးကုသရေး၊ ပညာရေးနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ်နေတယ်ဆိုတာကို ပြသနေပါတယ်။