ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေ ၃ ရက် သတင်းအနှစ်ချုပ် - မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုးရွားတဲ့အဆင့်မှာ ဆက်ရှိ
မြန်မာရဲ့စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (Reporters Without Borders - RSF)ရဲ့ အစီရင်ခံစာအရ အလွန်ဆိုးရွားထဲ့ အဆင့်ထဲမှာ ကျရောက်နေတယ်လို့ မြန်မာဆိုင်ရာ ယူကေသံရုံးကနေ ဒီနေ့ မေလ ၃ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်လာပါတယ်။
ကမ္ဘာ့နိုင်ငံ ထက်ဝက်ကျော်ရဲ့စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေဟာ ပထမဆုံးအကြိမ်အဖြစ် အလွန်ခက်ခဲ ဆိုးရွားတဲ့အဆင့်အတွင်းမှာ ရှိနေပြီး နိုင်ငံပေါင်း ၁၈၀ ထဲ မြန်မာက အဆင့် ၁၆၆ မှာရှိနေတာလို့ ယူကေသံရုံးက ပြောပါတယ်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)ရဲ့ အတွင်းရေးမှူး ဦးတိုးဇော်လတ် ကတော့ မြန်မာရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်မှာ ၁၃၉ အဆင့်မှာ ရှိခဲ့တာလို့ ပြောပါတယ်။
"လက်ရှိကတော့ ကမ္ဘာ့အဆိုးဆုံး နိုင်ငံ ၂၀ ထဲမှာ ပါနေပါပြီ"လို့ သူက ဖြည့်ပြောပါတယ်။
အလားတူ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာက သတင်းထောက် ၂၂၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ၄၇ ဦးကတော့ ဒီနေ့အထိ ချုပ်နှောင်ခံထားရဆဲဖြစ်တယ်လို့ ယူကေသံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM ကလည်း မြန်မာဟာ သတင်းထောက်တွေအတွက် အန္တရာယ်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေဆဲဖြစ်တယ်လို့ ဒီနေ့မှာပဲ ထုတ်ပြန်ပါတယ်။
သတင်းသမားတွေဟာ အလုပ်နဲ့ ဆက်စပ်ပြီး တရားလက်လွတ် ဖမ်းဆီးခံရတာ၊ အကျဥ်းချခံရတာ၊ နှိပ်စက်ညှဥ်းပန်းခံရတာ၊ သတ်ဖြတ်ခံရတာအပါအဝင် ပြင်းထန်တဲ့တားမြစ်ချက်တွေနဲ့ ဘေးအန္တရာယ်တွေကို ရင်ဆိုင်နေရတယ်လို့ IIMM က ဆိုပါတယ်။ ဒီအချက်တွေကို နိုင်ငံတကာဥပဒေတွေအရ ကြီးလေးတဲ့ ရာဇဝတ်မှုလို့ သတ်မှတ်နိုင်ပြီး IIMM အနေနဲ့ ဒီရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ပြောထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ကတော့ အမှန်တရားကို တင်ပြဖို့ အရာရာရင်းနှီးထားရတဲ့ သတင်းသမားတွေဟာ စစ်ပွဲတွေမှာ တင်မကဘဲ အာဏာရှိသူတွေရဲ့ စစ်ဆေးတာကို ကြောက်နေရတဲ့နေရာတွေမှာ စတေးခံရတာတွေ ပိုပြီးအဖြစ်များလာတယ်လို့ ဆိုပါတယ်။
ကမ္ဘာအနှံ့မှာရှိတဲ့ သတင်းမီဒီယာသမားတွေဟာ ဆင်ဆာဖြတ်တောက်မှု၊ စောင့်ကြည့်ခံရမှု၊ ဥပဒေအရ နှောင့်ယှက်ဟန့်တားမှုတွေအပြင် အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အထွေထွေအတွင်းရေးမှူးချုပ်က ဆိုပါတယ်။
စစ်မီးတောက်နေတဲ့ ဒေသတချို့မှာလည်း သတင်းထောက်တွေဟာ ပစ်မှတ်ထား သတ်ဖြတ်ခံနေရတယ်လို့ သူကဆက်ပြောပါတယ်။
"ပြစ်မှုတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ စုံစမ်းစစ်ဆေးခံရတာ မရှိသလို အပြစ်ပေးခံရတာလည်း မရှိပါဘူး။ ဒါဟာ လုံးဝလက်ခံနိုင်စရာမရှိတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့အခြေအနေပါ" လို့ သူက ထောက်ပြပါတယ်။
မြန်မာဆိုင်ရာ နယ်သာလန်သံရုံးကတော့ မြန်မာက စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ဖိအားများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းမီဒီယာ ၂ ခု အပါအဝင် လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ထုတ်ဝေခွင့် လိုင်စင်တွေ ရုပ်သိမ်းခံလိုက်ရတဲ့အခြေအနေတွေကိုလည်း မြင်တွေ့ရတဲ့အကြောင်း သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ချင်းပြည်နယ်တွင်း သတင်းများ အဓိကတင်ဆက်နေတဲ့ Chin World သတင်းဌာန၊ Khonumthung Media Group နဲ့ မျက်မှောက်ခေတ်သတင်းဌာနစတဲ့ သတင်းဌာန သုံးခုတို့ရဲ့ ထုတ်ဝေခွင့်လိုင်စင်တွေကို ရုပ်သိမ်းလိုက်တယ်လို့ နေပြည်တော်ကနေ ဧပြီ နောက်ဆုံးအပတ်မှာ ကြေညာထားပါတယ်။
ရန်ကုန်မှာရှိတဲ့ ဩစတေးလျသံရုံးကတော့ လွတ်လပ်တဲ့သတင်း စာပညာဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးတို့ကိုကာကွယ်စောင့်ရှောက်ရာမှာ အခရာကျတာကြောင့် ဒီလွတ်လပ်ခွင့်အတွက်ထားရှိတဲ့ ကတိကဝတ်တွေကို အတည်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။
တစ်ဖက်မှာလည်း အင်တာနက်ပေါ်က သတင်းတု၊ သတင်းမှားများ၊ နိုင်ငံရေးအရ ပြောဆိုခြင်းတွေ အပါအဝင် အွန်လိုင်းပေါ်မှ လုပ်ဆောင်ချက်များကို စောင့်ကြည့်တားမြစ်အရေးယူတာတွေလုပ်ဖို့ဆိုတဲ့အချက်နဲ့ နေပြည်တော် အာဏာပိုင်တွေက ကော်မတီတစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လကတည်းက ဖွဲ့စည်းထားပါတယ်။
အလားတူ လူမှုကွန်ရက်တွေပေါ်မှာ စစ်တပ်နဲ့ အာဏာပိုင်တွေကို ထိုးနှက်တိုက်ခိုက်နေတာတွေကို တုံ့ပြန်ချေဖျက်ဖို့အပါအဝင် အာဏာပိုင်တွေအနေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းတွေကို တန်ပြန်သတင်းဖြန့်ဖို့ဆိုကာ သတင်းလွှာထုတ်ပြန်ရေးနဲ့ တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့ကို ၂၀၂၆ ဇန်နဝါရီလမှာ ဖွဲ့စည်းလိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံး(ကာလုံ)ကနေ ကြေညာခဲ့ပါတယ်။
"မီဒီယာကို လုံခြုံရေးအမြင်နဲ့ စစ်တပ်နဲ့ ရဲအားကို ထည့်လိုက်တဲ့ အခြေအနေတွေကြောင့် မြန်မာရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာ ဆက်ပြီးတော့လည်း ကောင်းလာမယ်မထင်ဘူး" လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)ရဲ့ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု၊ ရှေ့နေတွေနဲ့တွေ့ခွင့်ပေးဖို့ EU တိုက်တွန်း
နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကို အလေးထားတဲ့အနေနဲ့ မိသားစု၊ ရှေ့နေတွေနဲ့ပုံမှန်တွေ့ခွင့်ပေးဖို့ ဥရောပသမဂ္ဂ(အီးယူ)က နေပြည်တော်ကို တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းလိုက်တဲ့သတင်းနဲ့ပတ်သက်ပြီး အီးယူ နိုင်ငံခြားရေးပြောခွင့်ရက မေလ ၂ ရက်မှာ အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ချွင်းချက်မရှိလွှတ်ပေးရေးကိုလည်း ထပ်မံ တိုက်တွန်းတောင်းဆိုတယ်လို့ အီးယူဘက်က ပြောပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးတောင်းဆိုနေချိန်မှာ မိသားစု၊ ရှေ့နေတွေနဲ့ ပုံမှန်တွေ့ခွင့်ပေးဖို့အချက်ကို အီးယူဘက်က ပြောလာတာပါ။
တစ်ချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ရွှေ့ပြောင်းတာနဲ့ပတ်သက်ပြီး ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပါတယ်။
ဖမ်းဆီးအကျဉ်းချခံထားရတဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလကုန်ပိုင်းမှာ တည်နေရာမဖော်ပြဘဲ သတ်မှတ်နေအိမ်ကို အကျယ်ချုပ် ပြောင်းရွှေ့လိုက်တာနဲ့ သမ္မတဦးဝင်းမြင့်ကို လွတ်ငြိမ်းပေးတဲ့အပေါ် စစ်တပ်အနေနဲ့ နိုင်ငံရေးအရ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမဟုတ်ဘဲ လှည့်စားချက်ဖြစ်တယ်လို့ NLD က ဒီနေ့ မေလ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ဒဏ် လျှော့ပေါ့ပေးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းပေးတယ်ဆိုတဲ့ နေပြည်တော်ရဲ့သတင်းထုတ်ပြန်မှုတွေဟာ အသွင်ကူးပြောင်းရေး၊ ပြန်လည်ကုစားနိုင်ရေးအတွက် လုံလောက်တဲ့သက်သေပြချက်မဟုတ်ဘူးလို့လည်း NLD ရဲ့ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
အလားတူ စစ်တပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးအရတရားဝင်မှု ရယူလိုတဲ့ ဟန်ပြလုပ်ရပ်ဖြစ်ပြီး အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆောလျှင်စွာ ထိတွေ့ဆက်မှုတွေပြလုပ်ပြီး မြန်မာကို ပိုမိုနက်ရှိုင်းရှည်လျားတဲ့ ပဋိပက္ခနွံထဲကို တွန်းပို့တာမျိုး မလုပ်ဖို့ကိုလည်း အသိပေးပါတယ်။
ကုလသမဂ္ဂအပါအဝင် တရုတ်နဲ့ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အရေး အလေးထား ပြောဆိုကြတာကိုလည်း ကျေးဇူးတင်ကြောင်း NLD ပါတီဘက်က ပြောပါတယ်။
ဒါပေမဲ့ မြန်မာမှာ ဘက်စုံအကျပ်အတည်းတွေ ဆိုက်ရောက်နေချိန်မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တဲ့သူတွေနဲ့ စီစဥ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လွတ်လပ်တရားမျှတဲ့ရွေးကောက်ပွဲကနေတဆင့် လူထုရွေးချယ်မှုနဲ့တက်တာတဲ့အစိုးရတစ်ရပ်ကသာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဥပဒေနဲ့အညီ အကာအကွယ်ပေးနိုင်သလို ဘုံအကျိုးစီးပွားအတွက်လည်း အာမခံချက်ရှိလိမ့်မယ်လို့ သတိပေးပါတယ်။
မြန်မာမှာရှိတဲ့စီမံကိန်းကြီးတွေကို အရှိန်မြှင့်အကောင်ထည်ဖော်ဖို့ တရုတ်က ပြောလာချိန်၊ နောက် အိမ်နီးချင်းထိုင်းနိုင်ငံကလည်း နေပြည်တော်နဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ ပြောလာချိန်မှာ NLD ပါတီက သူတို့ရဲ့ထုတ်ပြန်ချက်ထဲ အခုလို ပြောလာတာဖြစ်ပါတယ်။
မိုးဗြဲ ပစ်ခတ်မှုအတွင်း LPDF ၉ ဦးသေဆုံးမှုကို ကရင်နီတပ်ပေါင်းစုံ စုဖွဲ့စစ်ဆေး
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယား(ကရင်နီ)အစပ်က မိုးဗြဲဒေသမှာ ဒေသကာကွယ်ရေးတပ်(LPDF)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံတပ်တို့ ပစ်ခတ်မှုအတွင်း လူ ၉ ဦးသေဆုံးတဲ့ဖြစ်ရပ်ကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)နဲ့ ကရင်နီ တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့တို့ ပူးပေါင်းစစ်ဆေးနေပြီလို့ IEC ဘက်ကနေ သိရပါတယ်။
"စစ်ဦးစီးအဖွဲ့ကနေ ဦးအောင်မင်း ဦးဆောင်ခဲ့တဲ့ PDF အဖွဲ့ရဲ့ကိစ္စအဝဝကို စစ်ဆေးနေပါတယ်။ ဖြစ်စဉ်အကုန်လုံးပေါ်ပေါက်မှ အရေးယူးဖို့ ဆက်လုပ်မှာပါ" လို့ IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်အောင်ကပြောပါတယ်။
ဧပြီ ၂၄ ရက်မှာ ဖြစ်ခဲ့တဲ့ဒီပစ်ခတ်မှုအတွက် ကရင်နီတပ်ပေါင်းစုံ ကိုယ်စားလှယ် ၉ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဧပြီ ၂၉ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ဖို့ ကြေညာချက်ထုတ်တဲ့အပေါ် အခြေအနေ သိရဖို့ ဘီဘီစီက ဆက်သွယ်မေးမြန်းချိန် ဗညားခွန်အောင်က စုံစမ်းမှုအခြေအနေကို ဒီနေ့ မေလ ၃ ရက်မှာ ပြောလိုက်တာဖြစ်ပါတယ်။
ပစ်ခတ်မှုမှာ ပါဝင်တဲ့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(Mobye Local PDF) တပ်ဟာ ဒေသအခြေစိုက်တပ်ဖြစ်ပြီး သီးခြားရပ်တည်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီတပ်ကို ဦးဆောင်ခဲ့သူ ဦးအောင်မင်းဟာ အရင်က NUG ရဲ့အမှတ် ၁၀၀၁ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှာ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလို့ NUG ရဲ့မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ကနေ ထုတ်ပြန်ပါတယ်။
ဦးအောင်မင်း ဦးဆောင်တဲ့ ဒေသအခြေစိုက်တပ်ဟာ ပြစ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့စွပ်စွဲချက်တွေကြောင့် ဒီအရေး ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီဝင်တွေနဲ့ ကျေးရွာအုပ်စုမှူးတွေက ဒေသတွင်းတော်လှန်ရေးတပ်တို့နဲ့အတူ အစည်းအဝေးပြုလုပ်ခဲ့ကြတယ်လို့ NUG လက်အောက်က မိုးဗြဲ PDF ရဲ့ထုတ်ပြန်စာထဲမှာ ဖော်ပြပါတယ်။
အစည်းအဝေးရလဒ်အရ ဦးအောင်မင်းတို့အဖွဲ့အနေနဲ့ လူထုထံ လက်နက်အပ်ဖို့နဲ့ ပြစ်မှုတွေကို ဥပဒေအရ တာဝန်ခံဖို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ကြတယ်လို့ စာထဲမှာ ရေးသားထားပါတယ်။
အဲဒီနောက် အမှတ် ၁ အယ်လ်ဖာစစ်ဒေသ(မိုးဗြဲတပ်)နဲ့ NUG ရဲ့ရှမ်းတောင်-ကရင်နီတိုင်းစစ်ဌာန ဗျူဟာ အမှတ် ၁၄ အောက်က အမှတ် ၁၀၀၁ တပ်ရင်းတို့ ပူးပေါင်းပြီး ဧပြီ ၂၄ ရက်ညမှာ ဦးအောင်မင်းအပါအဝင် သူဦးဆောင်တဲ့အဖွဲ့တို့ ဆွေးနွေးမှုတွေပြုလုပ်ရာက ငြင်းခုံမှုဖြစ်ခဲ့နောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ NUG လက်အောက်ခံ မိုးဗြဲ PDF က ပြောပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ဦးအောင်မင်းအပါအဝင် ရဲဘော် ၉ ဦး သေဆုံးပြီး NUG ရဲ့တပ်ရင်းဘက်ကလည်း ရဲဘော် ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့ မိုးဗြဲ PDF က စာထုတ်ပါတယ်။
ဧပြီလ ၂၇ ရက်မှာတော့ ဦးအောင်မင်းဦးဆောင်တဲ့ (Mobye Local PDF) တပ်ဖွဲ့ကို မိုးဗြဲဒေသက လူထုဆန္ဒနဲ့အညီ တပ်ဖွဲ့ဖျက်သိမ်းရေးနဲ့ လက်နက်ဖြုတ်သိမ်းရေးအစီအမံတွေ လုပ်ခဲ့ပြီးဖြစ်တယ်လို့ မိုးဗြဲ PDF က ကြေညာထားပါတယ်။
ရှမ်းတောင်ပိုင်းကနေ ကယား (ကရင်နီ) ပြည်နယ်ကို ဝင်နိုင်တဲ့ ဝင်ပေါက်မြို့လည်းဖြစ်တဲ့ မိုးဗြဲကို ကရင်နီတော်လှန်ရေးတပ်တွေက ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း တစ်နှစ်ကျော်ကြာထိန်းချုပ်ပေမဲ့၂၀၂၅ ခုနှစ် ဇူလိုင်လကစပြီး စစ်တပ်က ပြန်ထိန်းချုပ်ထားပါတယ်။
ပိန်းဇလုတ်မြို့အနီးက ဂိတ်ကို တိုက်ခိုက်မှု စစ်တပ်အရာရှိအပါအဝင် ၅ ဦး သေဆုံး - KNU
ပဲခူး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ပိန်းဇလုတ်မြို့နဲ့ သူဌေးကုန်းရွာကြား ရထားလမ်းပိုင်းက ၁၄၇ တံတားအနီးမှာ တပ်စွဲထားတဲ့စစ်တပ်ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)ရဲ့ အမှတ် ၉ တပ်ရင်းက အထူးတပ်ဖွဲ့ဝင်တွေ ဝင်တိုက်ခိုက်လို့ စစ်တပ်အရာရှိ ၂ ဦးနဲ့ တပ်သား ၃ ဦး စုစုပေါင်း ၅ ဦး သေဆုံးတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကို KNLA က မနေ့ မေ ၂ ရက်ညပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သေနတ် ၅ လက်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ KNU က ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။
စစ်တပ်ဂိတ်စခန်းချထားတဲ့နေရာက တဲ ၃ လုံးကိုလည်း KNLA တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပြန်ဆုတ်ခွာခဲ့တယ်လို့ KNU က ပြောပါတယ်။
ဧပြီလနောက်ဆုံးအပတ်တုန်းကလည်း ပိန်းဇလုတ်မြို့အခြေစိုက် အမှတ် ၂၆၄ ခြေလျင်တပ်ရင်းနဲ့ ၁ မိုင်ဝန်းကျင်အကွာက စစ်တပ်ဂိတ်စခန်းတစ်ခုကို ညောင်လေးပင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဂိတ်ကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။
ဧပြီလနောက်ဆုံးအပတ်ကစလို့ ညောင်လေးပင်ခရိုင်ထဲမှာ စစ်တပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပြီး ညောင်လေးပင်မြို့နယ်ထဲမှာလည်း စစ်တပ်က စစ်ကြောင်းခွဲပြီး ထိုးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပိန်းဇလုတ်မြို့ ရထားလမ်းပိုင်းအနီးက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ဒီနေ့ မေ ၃ ရက်နေ့လယ်ပိုင်းအထိ နေပြည်တော်က သတင်းမထုတ်ပြန်သေးပါဘူး။
နတ်တလင်းမြို့နယ်အရှေ့ခြမ်းရွာတွေ စစ်ကြောင်းထိုးခံရချိန် ဒေသခံ ၃ ဦးသေဆုံး
ပဲခူးတိုင်းထဲ ရန်ကုန်-ပြည်လမ်းပေါ်မှာရှိတဲ့ နတ်တလင်းမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ပြုလုပ်ပြီး စစ်ကြောင်းဆက်ထိုးနေချိန်အတွင်း ဒေသခံ သက်ကြီး ၂ ဦးထက်မနည်း သေဆုံးတယ်လို့ ဒေသခံတချို့နဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းထိုးချိန်အတွင်း သက်ကြီးပိုင်းအရွယ် ဒေသခံ ၃ ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ ဒီအခြေအနေကိုသိတဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"မပြေးနိုင်လို့ ကျန်ခဲ့တဲ့ အဖိုးအဖွားတွေပါ။ စစ်ကြောင်းအင်အားတွေ၊ အခြေအနေတွေ ပြန်ပြောမှာစိုးလို့ သတ်ဖြတ်တာမျိုး ဖြစ်နိုင်တယ်"လို့ ယူဆတဲ့အကြောင်း သူက ဖြည့်ပြောပါတယ်။
ဘီဘီစီကို ပေးပို့လာတဲ့ ဓာတ်ပုံတချို့မှာလည်း အသက် ၆၀ ကျော် အရွယ် သက်ကြီးပိုင်း အမျိုးသား ၁ ဦး ကတုတ်ကျင်းထဲမှာ သေဆုံးနေပြီး အမျိုးသမီး ၂ ဦးကတော့ သူတို့ရဲ့နေအိမ်မှာပဲ သွေးထွက်ဒဏ်ရာတချို့နဲ့ လဲကျသေဆုံးနေတာတွေ့ရပါတယ်။
သတ်ဖြတ်ခံခဲ့ရတဲ့အခြေအနေ အသေးစိတ်ကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဲဒီစစ်ကြောင်းမှာ အင်အား ၄၀၀ ဝန်းကျင်ပါပြီး မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ပြည်သူ့စစ် အရပ်အခေါ် ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်းထိုးလာတဲ့ စစ်ကြောင်းလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဧပြီ ၂၇ ရက်မှာ ဆီဆုံကုန်းရွာကို စစ်ကြောင်းပြန်ထိုးပြီး ဧပြီ ၂၉ ရက်အထိ ရွာသာယာနဲ့ ကွင်းစမ်းကျေးရွာတို့ကိုပါ ၃ ရက်ကြာ စစ်ကြောင်းဆက်ထိုးခဲ့တာလို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။
စစ်ကြောင်းထိုးခံရတဲ့ ရွာ သုံးရွာပေါင်းက နေအိမ် ၄၀ ထက်မနည်းလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်က နတ်တလင်းမြို့နယ်အရှေ့ခြမ်းက ရွာတွေကို သင်္ကြန်မတိုင်ခင် ဧပြီ ဒုတိယအပတ်ကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပြီး ရွာပေါင်း ၈ ရွာထက်မနည်းက အိမ်ခြေ ၂၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံထားရတာလို့ မြေပြင်အခြေအနေသိသူတချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။
စစ်ကြောင်းထိုးခံရတဲ့ရွာတွေဟာ အရင်က နတ်တလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ သွားလာလှုပ်ရှားမှုတွေလုပ်ခဲ့တဲ့ရွာဖြစ်ပြီး စစ်တပ်က ဒီနေရာတွေကို နယ်မြေရှင်းလင်းရေးလုပ်နေတာလို့ နတ်တလင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်တပ်စစ်ကြောင်းဟာ နတ်တလင်း၊ ပျဉ်ပုံရွာက ပြည်သူ့စစ်စခန်းမှာ အထိုင်ချတပ်စွဲထားပြီး အနီးနားက မကျီးပင်ဘုရားကြီးနားမှာ ကတုတ်ကျင်း တူးတာတွေလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
"ရွာထဲမှာ အရပ်သားတွေ လုပ်ထားတဲ့ ဗုံးခိုကျင်းတွေကို မြေပြန်ဖို့ ခိုင်းနေတယ်။ မဖို့ရင် တစ်အိမ်ကို ကျပ် ၃ သိန်းဒဏ်ရိုက်မယ်ပြောတယ်" လို့ စစ်ရှောင်လာတဲ့ ပျဉ်ပုံရွာခံတစ်ဦးက ပြောပါတယ်။
နတ်တလင်းအရှေ့ခြမ်းက ရွာတွေမှာနေထိုင်တဲ့ ဒေသခံ ၇,၀၀၀ ထက်မနည်းဟာ စစ်တပ်စစ်ကြောင်းထိုးတဲ့ ဧပြီ ဒုတိယအပတ်ကစလို့ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ဝါးတင်ကား ချောက်ထဲထိုးကျလို့ ဝါးခုတ်တောင်သူ ၁၆ ဦး သေဆုံး
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်က မိုးစွေ-လွင်သာယာ ကျေးရွာချင်းဆက်လမ်းပေါ်မှာ မနေ့က ဝါးတွေသယ်ဆောင်လာတဲ့ကား ချောက်ထဲပြုတ်ကျလို့ ကားပေါ်ပါလာတဲ့ ဝါးခုတ်တောင်သူ ၁၆ ဦးသေဆုံးတယ်လို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ အဖွဲ့တချို့က ပြောပါတယ်။
ကားမှောက်မှုမှာ နောက်ထပ် လူ ၂၁ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရတဲ့သူတွေကို နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံနဲ့ တောင်ညိုတိုက်နယ်ဆေးရုံတို့ကို ပို့ဆောင်ထားတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုဟာ မနေ့ မေလ ၂ ရက် နေ့လယ်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝါးတင်ဆောင်လာတဲ့ ယာဉ်ဟာ အရှိန်မထိန်းနိုင်တာကြောင့် အကွေ့မှာ မြေကျွံပြီး လမ်းဘေးက ချောက်ထဲ ပြုတ်ကျသွားတာလို့ သူက ရှင်းပြပါတယ်။
"တောင်ပေါ်လမ်းကို အရှိန်တင်မောင်းလာတော့ ကားက ဝိတ်များပြီး မှောက်တာ" လို့ သူက ဖြည့်ပြောပါတယ်။
အဲဒီယာဉ်ပေါ်မှာ စုစုပေါင်း ၃၈ ဦးလိုက်ပါလာခဲ့တာဖြစ်ပြီး ဖောကားအမျိုးအစား ၆ ဘီးယာဉ်ဖြစ်တယ်လို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်လို့ သေဆုံးခဲ့သူတွေဟာ မိုးစွေနဲ့ တောင်ညိုကျေးရွာအုပ်စုတို့မှာနေထိုင်ကြတဲ့ ဒေသခံ တောင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ကျိုက်ထီးရိုးဘုရားဖူးကနေ ပြန်လာတဲ့ ယာဉ်တိမ်းမှောက်လို့ သံဃာ ၉ ပါးပျံလွန်တော်မူပြီး စုစုပေါင်း ၁၃ ဦး သေဆုံးတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။