ရန်ကုန်မှာ နိုင်ငံခြားငွေ တရားမဝင် ရောင်းချနေသူတချို့ ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်
ရန်ကုန်မှာ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်လိုင်စင်မရှိဘဲ တရားမဝင် ရောင်းချနေသူ ၅ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သတင်းရင်းမြစ်တချို့ဆီကနေ သိရသလို စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်လ်တွေကနေလည်း သတင်းရေးနေပါတယ်။
နိုဝင်ဘာလအတွင်း ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းမှုတွေရှိလာချိန်မှာပဲ ပြည်တွင်းထဲက နိုင်ငံခြားငွေ ဟွန်ဒီဈေးကွက်လုပ်ကိုင်နေသူတွေကို ခပ်စိတ်စိတ်ဖမ်းဆီးမှုတွေ ရှိလာတာ ဖြစ်ပါတယ်။
နိုင်ငံခြားငွေကို တရားမ၀င်လဲလှယ်ရောင်းချတယ်ဆိုတဲ့ လူ ၅ ဦးဟာ နိုဝင်ဘာ ၂၁ ရက်ကနေ ၂၄ ရက်အထိ ၃ ရက်အတွင်း ဖမ်းဆီးခံရတာဖြစ်ပါတယ်။
ဒီလူ ၅ ဦးထဲ ၄ ဦးကိုတော့ ပန်းဘဲတန်း၊ မရမ်းကုန်း၊ ကျောက်တံတားမြို့နယ်နဲ့ ရန်ကုန်လေဆိပ် စတဲ့နေရာတွေမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
အဲဒီနောက် နို၀င်ဘာလ ၂၄ မှာ ရန်ကုန်လေဆိပ်မှာ နောက်ထပ် လူ ၁ ဦးကို ထပ်မံဖမ်းဆီးခဲ့တာလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ နိုင်ငံခြားငွေဖြစ်တဲ့အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ်တို့ကို လဲလှယ်ရောင်းချနေတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေကို ထုတ်ပြန်လာတဲ့ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။
ဖမ်းဆီးခံထားရတဲ့သူတွေကို သက်ဆိုင်ရာ မြို့မရဲစခန်းမှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ထားပြီး စစ်ဆေးအရေးယူမယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း နိုဝင်ဘာ ၂၆ ရက်မနက်ပိုင်းအထိ နိုင်ငံခြားငွေ ပြင်ပငွေလဲနှုန်းထားက ဆက်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုးဆက်ပြီး ကျဆင်းနေတာကို တွေ့ရပါတယ်။
နို၀င်ဘာ ၂၆ ရက် ကျပ်ငွေ ပြင်ပငွေလဲနှုန်းအရ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၅,၄၀၀၊ တရုတ်ယွမ်ငွေ ၁ ယွမ်ကို ကျပ် ၈၀၀ အထိ ဈေးပေါက်နေပါတယ်။
ထိုင်းဘတ်ငွေ တစ်ဘတ်ကိုလည်း ငွေလဲနှုန်း ကျပ် ၁၆၀ အထိ စံချိန်တင် မြင့်တက်နေတာဖြစ်ပါတယ်။

