ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယီမင်ဗုံးခွဲမှု စစ်သား ၄၀ကျော်သေ
ယီမင်နိုင်ငံက တောင်ပိုင်းဆိပ်ကမ်းမြို့တမြို့ဖြစ်တဲ့ အာဒန်မြို့မှာ အသေခံဗုံးခွဲသမားတဦးရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး အစိုးရစစ်သား အယောက် လေးဆယ် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
ဒီစစ်သားတွေဟာ လစာထုတ်ဖို့ တန်းစီနေတဲ့အချိန်မှာ အခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
လတ်တလောမှာ ဒီနိုင်ငံအတွင်း စစ်သားတွေကို ပစ်မှတ်ထားလာတဲ့ အစ္စလမ္မစ် နိုင်ငံအဖွဲ့ အိုင်အက်စ်က ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ဝန်ခံလိုက်ပါတယ်။
ပြီးခဲ့တဲ့ တပတ်ကပဲ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရအုပ်ချုပ်နေတဲ့ ဒီမြို့မှာရှိတဲ့ အစိုးရစစ်သား အယောက် ၅၀ကို အိုင်အက်စ်တွေက သတ်ဖြတ်ခဲ့ပါတယ်။
ယီမင်နိုင်ငံမှာ အမေရိကန်နဲ့ ဗြိတိန်တို့က ထောက်ခံမှုပေးထားတဲ့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က သူပုန်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရာမှာ အရပ်သားနေထိုင်တဲ့နေရာတွေကိုလည်း တိုက်ခိုက်တဲ့အတွက် နိုင်ငံတကာက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။