ကလေး-တမူးလမ်းပိုင်းက နေရာအများစုကို စစ်တပ်ပြန်ထိန်းချုပ်

ဓာတ်ပုံ ရင်းမြစ်, MOI
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းအထက်ပိုင်းက ကလေးနဲ့ တမူးမြို့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းက နေရာအများစုကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တချို့က ဘီဘီစီကို ပြောပါတယ်။
လက်ရှိမှာ ကလေး-ခမ်းပတ်လမ်းပိုင်းကို စစ်တပ်ကထိန်းချုပ်လိုက်ပြီလို့ သတင်းရင်းမြစ်က ဆိုပါတယ်။
ခမ်းပတ်နဲ့တမူးကြားက ၃၃ မိုင်ကျော် ရှည်လျားတဲ့ လမ်းပိုင်းမှာတော့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဇွန်လ အိန္ဒိယခရီးစဉ်မှာလည်း အိန္ဒိယ-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းမှာရှိတဲ့ နယ်မြေလုံခြုံရေးကိစ္စတွေနဲ့ပတ်သက်ပြီး အပြီးပြတ်ဆောင်ရွက်သွားမယ်လို့ သူက ထုတ်ပြောထားပါတယ်။
ဇူလိုင် ၂၁ ရက်မှာတော့ အဲဒီလမ်းကြောင်းပေါ်က ကမ္မကြီးကျေးရွာအထိ စစ်တပ်စစ်ကြောင်းတွေ ရောက်ရှိလာပြီး ရွာကို ထိန်းချုပ်လိုက်ပြီလို့ မြန်မာစစ်တပ်က နိုင်ငံပိုင်သတင်းစာကနေ ဒီနေ့ ဇူလိုင် ၂၃ ရက်မှာ ဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။
ကမ္မကြီးကျေးရွာဟာ ခမ်းပတ်နဲ့ တမူးမြို့ကြားမှာရှိတဲ့ရွာဖြစ်ပြီး ခမ်းပတ်မြို့နဲ့ ၃ မိုင်ကျော်ဝေးပြီး တမူးမြို့နဲ့ မိုင် ၃၀ ကျော်ဝေးပါတယ်။
ခမ်းပတ်-တမူးလမ်းပိုင်းမှာ နှစ်ဖက်တပ်တွေကြား တိုက်ပွဲတွေဆက်ရှိနေပေမယ့် တမူးမြို့နဲ့ ၁၇ မိုင်ကျော်ကွာဝေးတဲ့ ဝိတုတ်ရွာအထိကိုတော့ တော်လှန်ရေးတပ်တွေက ဇူလိုင် ၂၃ ရက် မနက်ပိုင်းအထိ ထိန်းချုပ်ထားတယ်လို့ တော်လှန်ရေးတပ်တချို့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
စစ်တပ်က အိန္ဒိယနဲ့နယ်စပ်က ကလေး-ခမ်းပတ်-တမူးလမ်းပိုင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ၂၀၂၆ မေလပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဒီလမ်းပိုင်းပေါ်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ မေလနောက်ပိုင်းကတည်းက ရွာပေါင်း ၅၀ ထက်မနည်းက ဒေသခံထောင်နဲ့ချီဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်အခြေအနေသိသူတွေကပြောပါတယ်။
