ထိုင်းကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ ငါးဖမ်းလှေက မြန်မာ ၆ ယောက် အလောင်းပြန်တွေ့

ဓာတ်ပုံ ရင်းမြစ်, ทีมกู้ภัยทางน้ำ หน่วยกู้ภัยสว่างโรจนฯสัตหีบ
ချွန်ဘူရီ ပင်လယ်ကမ်းလွန်က ထိုင်းငါးဖမ်းစက်လှေ နစ်မြုပ်မှုဖြစ်စဥ်ကနေ ပျောက်ဆုံးနေတဲ့ မြန်မာရေလုပ်သား ၆ ယောက်ရဲ့ ရုပ်အလောင်းတွေကို စက်တင်ဘာ ၃၀ ရက်က ပြန်တွေ့ပြီလို့ သေဆုံးသွားတဲ့ ရေလုပ်သားတွေရဲ့ မိသားစုဝင်တချို့က ပြောပါတယ်။
တွေ့ရှိတဲ့ အလောင်းတွေကို ဘန်ကောက်ဆေးရုံကို ပို့ထားပြီး သေဆုံးသူတွေနဲ့ မိသားစုဝင်တွေရဲ့ DNA တွေကို စစ်ဆေးနေသလို သေမှုသေခင်းဖွင့်တာ စတဲ့ ရဲလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဒီလိုစစ်ဆေးနေရတာကြောင့် လာမယ့်အပတ်လောက်မှသာ သင်္ဂြိုဟ်လို့ရမယ့် အခြေအနေရှိတယ်လို့လည်း မိသားစုဝင်က ပြောပါတယ်။
မြန်မာရေလုပ်သား ၂၀ ဦးနဲ့ ထိုင်း ၂ ဦး လိုက်လာတဲ့ သူတို့ ငါးဖမ်းစက်လှေ "စ.ကန်ချနာဝါရီ 888" ဟာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စတ္တဟီးဘ်မြို့ကမ်းလွန် ပင်လယ်ပြင်မှာ စက်တင်ဘာ ၂၁ ရက်ညက နစ်မြုပ်ခဲ့တာပါ။
စက်လှေနစ်မြုပ်တာနဲ့အတူ ပျောက်ဆုံးနေတဲ့ မြန်မာရေလုပ်သား ၆ ယောက်ကို ရဟတ်ယာဉ်၊ ထိုင်းရေတပ်၊ ရေငုပ်အဖွဲ့တွေအပါအဝင် ထိုင်းအာဏာပိုင်တွေက ရှာဖွေခဲ့ကြတာပါ။
နစ်မြုပ်သွားတဲ့ “စ.ကန်ချနာဝါရီ ၈၈၈ ” ငါးဖမ်းစက်လှေကို စက်တင်ဘာ ၃၀ ရက်မှာ ကမ်းဘက်ကို ဆွဲယူလာပြီးနောက် သင်္ဘောအတွင်း ပိတ်မိနေတယ်လို့ ယူဆရတဲ့ ပျောက်ဆုံးရေလုပ်သားတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေထုတ်ယူခဲ့တာလို့ ထိုင်း ကယ်ဆယ်ရေးအဖွဲ့တွေက ရေးသားထားပါတယ်။
“စက်လှေကို ကမ်းခြေကို ဆွဲယူလာပြီးမှ ရှာတော့ ၆ ယောက်လုံးက သူတို့နေတဲ့အခန်းတွေထဲမှာပဲ ပိတ်မိပြီး သေဆုံးနေတာကိုတွေ့ကြတာ၊ အစပိုင်း ပင်လယ်ထဲမှာ စက်လှေရဲ့ အပြင်ကနေ ပတ်ရှာကြတော့ မတွေ့ခဲ့ကြဘူးလေ”လို့ စက်လှေမှောက်တဲ့အထဲ သေဆုံးသွားတဲ့ ရေလုပ်သား မိသားစုဝင်တစ်ယောက်က ပြောပြပါတယ်။
သေဆုံးသူ ၆ ယောက်အတွက် လျော်ကြေး နစ်နာကြေးတွေ ဘယ်လိုပေးမယ်ဆိုတာကို သေသေချာချာ မသိကြရသေးဘူးလို့လည်း ပြောပါတယ်။


