ကန့်ကွက်မှုတွေနဲ့ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ် စတင်

ကန့်ကွက်မှုတွေနဲ့ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ် စတင်တဲ့သတင်းအပါအဝင် ဩဂုတ် ၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ထိုင်း၊ မဲ‌ဆောက်မှာ မြန်မာတစ်ဦးကိုဖမ်းမိရာကနေ ဘတ်သန်း ၃၆၀ ကျော်ဝင်‌‌‌ငွေရှိတဲ့ TH2.VIP လောင်းကစားဝက်ဘ်ဆိုက်ကို ထိုင်းရဲတွေ ခြေရာခံမိ
  • ဦးမင်းအောင်လှိုင်နဲ့ ထိုင်းအစိုးရတို့ကြား နယ်စပ်ဖြတ်ကျော် မြစ်တွေရဲ့ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ သဘောတူစာချုပ်အပါ နားလည်မှုစာချွန်လွှာ ၄ ခု လက်မှတ်ထိုး
  • ဘန်ကောက်ရောက်နေတဲ့ ဦးမင်းအောင်လှိုင်ကို ထိုင်းရောက် မြန်မာအရေးလှုပ်ရှားတက်ကြွသူတချို့ ဆန္ဒပြ၊ ထိုင်းအရပ်ဘက်အဖွဲ့ ၁၆ ဖွဲ့က စစ်အုပ်စုနဲ့ ပူးပေါင်းမှုကို ရပ်တန့်ပေးဖို့ ထိုင်းအစိုးရကိုတောင်းဆို
  • တာချီလိတ်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေတဲ့ တရုတ် နိုင်ငံသား ၄၁ ဦးကို ဖမ်းဆီး
  • လေးမျက်နှာ‌ရေကြီးမှု လူငယ်တစ်ဦး ရေစီးနဲ့ မျောပါသေဆုံး၊ ရေဘေးအတွင်း သေဆုံးသူ ၂ ဦးအထိရှိလာ
  • ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ကူရာဝီလ်နဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်တို့ ဘန်ကောက်မြို့ အစိုးရအိမ်တော်မှာ တွေ့ဆုံ
  • ကြို့ပင်ကောက်မြို့နယ်ထဲ စစ်တပ် ဗုံးကြဲလို့ ကလေးငယ် ၂ ဦးအပါ ၆ ဦး ဒဏ်ရာရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဩဂုတ် ၆ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံနဲ့ ပေးတွေ့မယ်လို့ မျှော်လင့်ပါတယ်- ထိုင်းနိုင်ငံခြားရေးဝန်ကြီး

    ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖုန်ခက်ကောင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖုန်ခက်ကောင်း

    ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့အရေး အာဆီယံအထူးသံပေးတွေ့မယ်လို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖုန်ခက်ကောင်း က ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဦးမင်းအောင်လှိုင်ဘက်က တစုံတရာကတိကဝတ်ပြုမှု ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးသံကိုတွေ့ဆုံခွင့်ပေးမယ်လို့ ကတိပြုသွားတာမျိုးရှိ မရှိ ဘီဘီစီက သတင်းစာရှင်းလင်းပွဲအပြီး ဝန်ကြီးဆီဟာဆက်ကို လိုက်လံမေးမြန်းချိန်မှာ သူက အဲဒီလိုဖြေကြားခဲ့တာပါ။

    '' သူ ( ဦးမင်းအောင်လှိုင်) က ဒေါ်အောင်ဆန်းစုကြည် ကို အာဆီယံအထူးသံနဲ့ပေးတွေ့မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ပေးတွေ့နိုင်ပါတယ်'' လို့ ဝန်ကြီးဆီဟာဆက်ကပြောပါတယ်။

    ဦးမင်းအောင်လှိုင်က ပေးတွေ့မယ်လို့ ကတိပေးခဲ့တာ မှတ်ချက်ပေးခဲ့တာရှိပါသလားလို့ ဘီဘီစီကထပ်မေးရာမှာတော့ '' သူကတော့ အဲဒီကိစ္စကို ဘာတုံ့ပြန်ချက် မပေးသွားခဲ့ပါဘူး'' လို့ ဝန်ကြီးဆီဟာဆက်က ဆက်ဖြေပါတယ်။

    လာမယ့်လပိုင်းအတွင်း ၂၀၂၆ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် မြန်မာ့အရေးအာဆီယံအထူးသံလည်းဖြစ်တဲ့ မစ္စလာဇရိုဟာ နေပြည်တော်ကို သွားရောက်ဖို့ရှိနေပါတယ်။

    အဲဒီခရီးစဥ်အတွင်းမှာ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်တောင်းထားပါတယ်။ ဒီမတိုင်ခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်တောင်းထားပေမဲ့ နေပြည်တော်က တွေ့ဆုံခွင့်မပြုသေးတာဖြစ်ပါတယ်။

    ဒီကနေ့ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဥ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာဘက်မှာတိုးတက်မှုတချို့မြင်ရကြောင်းမှတ်ချက်ပေးခဲ့ပြီး သမ္မတဦးဝင်းမြင့်ကိုလွှတ်ပေးတာ၊ နိုင်ငံရေးအကျဥ်းသားတချို့လွတ်ငြိမ်းပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ပေးထားသလို နောက်ဆုံးတိုးတက်မှုက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ( ICRC) နဲ့ တွေ့ဆုံခွင့်ပေးထားတာတွေကို ထောက်ပြပါတယ်။

    ဒါပေမဲ့ ဗြိတိန်နဲ့ အီးယူအပါအဝင် အနောက်နိုင်ငံတွေအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်‌ရေးအင်အားစုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ ပေးတွေ့ရုံနဲ့ မလုံလောက်ဘဲ အပြီးပြတ်ပြန်လွှတ်ပေးရမယ်လို့ ပြောဆိုထားကြပါတယ်။

    တချိန်တည်းမှာပဲ ဦးမင်းအောင်လှိုင်ကို တရားဝင်ခေါင်းဆောင်တစ်ဦးလို ဖိတ်ခေါ် ဆက်ဆံခြင်းက သူ့အစိုးရကို တရားဝင်မှု ပေးရာရောက်တယ်ဆိုပြီးဆန့်ကျင်ဆန္ဒပြကန့်ကွက်မှုတွေရှိနေပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ကတော့ ဦးမင်းအောင်လှိုင်ကို တရားဝင်မှုပေးတာလို့ သတ်မှတ်လို့ မရကြောင်း သတင်းစာရှင်းလင်းပွဲမှာတုံ့ပြန်ခဲ့ပါတယ်။

  3. မြန်မာကျောင်းသားတွေ ချီးဗနင်းပညာတော်သင်ဆုလျှောက်ခွင့်မရတော့ပါ

    ယူကေ အလံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ယူကေ အလံ

    ချီးဗနင်းပညာတော်သင်ဆုစတင်လျှောက်နိုင်ပြီဖြစ်လို့ ကမ္ဘာတလွှားက ကျောင်းသားတွေ ပညာရေးအတွက် အပြိုင်အဆိုင် ကြိုးစားကြတော့မှာပါ။ ဒါပေမဲ့ လျှောက်ထားဖို့ နိုင်ငံစာရင်းထဲ "Myanmar" လို့ စာရိုက်လိုက်ရင် "No Results Match" ဆိုတဲ့အချက်အလက်မရှိကြောင်းသာ ဖော်ပြနေပါတယ်။ မြန်မာကျောင်းသားတွေအတွက် မနှစ်က အမေရိကန်ပညာရေးတံခါးပိတ်သွားပြီး ဒီနှစ်မှာတော့ ယူကေရဲ့တံခါးပိတ်သွားတယ်လို့ ပြောနိုင်ပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  4. ထိုင်းမှာ မြန်မာတစ်ဦးကိုဖမ်းမိရာကနေ ဘတ်သန်းရာကျော်ဝင်ငွေရှိတဲ့လောင်းကစားကွန်ရက်ကို ခြေရာခံမိ

    မဲဆောက်မှာ ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာလူငယ်

    ဓာတ်ပုံ ရင်းမြစ်, Khaosod Online

    ဓာတ်ပုံ ပုံစာ, မဲဆောက်မှာ ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာလူငယ်

    ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နှစ်စဉ် ဘတ်သန်း ၃၆၀ ကျော်ဝင်‌‌‌ငွေရှိတဲ့ TH2.VIP လောင်းကစားဝက်ဘ်ဆိုက်မှာ ဝန်ဆောင်မှုပေးသူအဖြစ်လုပ်ကိုင်နေတဲ့ မြန်မာလူငယ်တစ်ဦးကို ထိုင်းဆိုက်ဘာရာဇဝတ်မှုစုံစမ်းရေးဗျူရို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဌာနတချို့က ဖော်ပြပါတယ်။

    အဲဒီလူငယ်ကတဆင့် လောင်းကစားလုပ်တဲ့ အဖွဲ့ဝင် ၃၀,၀၀၀ ကျော်နဲ့ အချိန် ၂ နှစ်ကြာလည်ပတ်နေတဲ့ TH2.VIP ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းမှာ ရေးပါတယ်။

    အဲဒီလောင်းကစားလုပ်ငန်းဟာ ပျမ်းမျှလစဉ်ဝင်ငွေ ဘတ် ၃၀ သန်းကျော် နဲ့ တစ်နှစ်ကို ဘတ်သန်း ၃၆၀ ကျော် ဝင်ငွေရှိတယ်လို့ သိရပါတယ်။

    မဲဆောက်မြို့ ကမ်းနဖူးဘက်ရပ်ကွက်က မြန်မာလူငယ် ငှားရမ်းနေထိုင်နေတဲ့အိမ်ကို အထူးရဲတပ်ဖွဲ့တွေက မနေ့က ဝရမ်းနဲ့ ရှာဖွေ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

    ဖမ်းဆီးခံမြန်မာဆီကနေ လောင်းကစားကြေးသွင်းထားတဲ့ လူစာရင်း၊ ကွန်ပျူတာ ၁ လုံး၊ လက်ပ်တော့ ၂ လုံး မိုဘိုင်းဖုန်း ၂ လုံးနဲ့ ဝိုင်ဖိုင်စက် ၁ လုံးတို့နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။

    ဖမ်းဆီးခံမြန်မာလူငယ်ဟာ အဲဒီလောင်းကစားလုပ်ငန်းမှာ လုပ်ကိုင်နေတာ ၅ လရှိပြီဖြစ်ပြီး တစ်လကို လစာ ဘတ် ၁၅,၀၀၀ (ကျပ်ပြင်ပပေါက်ဈေး သိန်း ၂၀ ဝန်းကျင်) ရတယ်လို့ သိရပါတယ်။

    ဝက်ဘ်ဆိုက်မှာ လာကစားတဲ့သူတွေကို ငွေသွင်း၊ ငွေထုတ်ဝန်ဆောင်မှုပေးရတဲ့လူလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

    အဲဒီလူငယ်ကို ထိုင်းအာဏာပိုင်တွေက တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းမှာ ကစားဖို့ တခြားသူတွေကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကြော်ငြာပေးမှု၊ ဆွဲဆောင်မက်လုံးပေးမှုနဲ့ ပူးပေါင်းကြံစည်မှု စတဲ့ပြစ်မှုတွေနဲ့ အမှုဖွင့်တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

  5. NUG တရားရေးရဲ့ မစီရင်နိုင်သေးတဲ့အမှုတွေ

    NUG ထိန်းချုပ်နယ်ထဲက မုဒိန်းမှုတွေ နှစ်ရှည်ကြာတဲ့တိုင် အမိန့်မချနိုင်သေး

    စစ်ကိုင်းတိုင်းအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာ တရားစီရင်ရေး ခေါင်းစဉ်အောက်မှာ တုံ့ဆိုင်းနေဆဲဖြစ်ပါတယ်။

    မနှစ်တုန်းက ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းက PDF အမျိုးသမီးရဲဘော်တစ်ဦးအဓမ္မပြုကျင့်ခံရမှုကို ၆ လကျော်တဲ့အထိ သေချာ ကိုင်တွယ်မစစ်ဆေးခဲ့ဘူးလို့ အခြေအနေကို သိသူတချို့က ဘီဘီစီကို ပြောပါတယ်။

    NUG ဟာ အစိုးရတစ်ရပ်အနေနဲ့ တရားစီရင်ရေးမှာ အားနည်းနေတာဟာ ပြည်သူတွေကို မလေးစားရာကျတယ်ဆိုပြီး အမျိုးသမီးနဲ့ လူ့အခွင့်အရေး အရပ်ဘက်အင်အားစု တစ်ရာကျော်ကလည်း စာထုတ်တောင်းဆိုထားပါတယ်။

    ကန့်ဘလူခရိုင်နဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့တာဝန်ခံကို သံသယတရားခံအဖြစ် စစ်ဆေးနေတဲ့ မုဒိမ်းမှုတစ်ခုကိုလည်း ၃ နှစ်နီးပါးကြာတဲ့အထိ စီရင်ချက်မချရသေးပါဘူး။

    NUG ထိန်းချုပ်နယ်ထဲက မုဒိမ်းမှုတွေနဲ့ သံသယတရားခံတွေ ဘာဆက်ဖြစ်နေလဲ။ ဒီအမှုတွေကို စစ်ဆေးတဲ့ NUG ရဲ့ ယန္တရားကြန့်ကြာနေတာ ဘာကြောင့်လဲဆိုတာ ဘီဘီစီက ဆန်းစစ်ကြည့်ထားပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  6. ဖိအားပေးခံနေရတဲ့ နယ်စပ်မြစ်တွေညစ်ညမ်းမှုပြဿနာအရေး ဦးမင်းအောင်လှိုင် ထိုင်းခရီးမှာ လက်မှတ်ထိုး

    ဦးမင်းအောင်လှိုင်နဲ့ ထိုင်းအစိုးရတို့အကြားမှာ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၄ ခု လက်မှတ်ထိုး

    ဓာတ်ပုံ ရင်းမြစ်, MFA

    ဓာတ်ပုံ ပုံစာ, ဦးမင်းအောင်လှိုင်နဲ့ ထိုင်းအစိုးရတို့အကြားမှာ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၄ ခု လက်မှတ်ထိုး

    ထိုင်းနိုင်ငံကို ၂ ရက်တာခရီးရောက်နေတဲ့ ဦးမင်းအောင်လှိုင်နဲ့ ထိုင်းအစိုးရတို့အကြားမှာ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၄ ခု လက်မှတ်ထိုးခဲ့ကြပါတယ်။

    အဲဒီထဲမှာ ထိုင်းမြောက်ပိုင်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိုင်းတက်ကြွလှုပ်ရှားသူတွေ ထိုင်းအစိုးရကို ဖိအားပေး‌‌‌တောင်းဆိုနေတဲ့ နယ်နမိတ်နဲ့ နယ်စပ်ဖြတ်ကျော် မြစ်တွေရဲ့ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ သဘောတူစာချုပ်ကိုပါ လက်မှတ်‌ရေးထိုးခဲ့ပါတယ်။

    ဒါအပြင် လုပ်သားများခန့်ထားရေးဆိုင်ရာ သဘောတူညီချက်လည်းပါဝင်ပါတယ်။ နားလည်မှုစာချွန်လွှာ MOU အဆင့်မှာတော့ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ အာကာသနည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနားလည်မှုစာချွန်လွှာတို့ကို လက်မှတ်ထိုးကြပါတယ်။

    နယ်နမိတ်နဲ့ နယ်စပ်ဖြတ်ကျော်မြစ်တွေရဲ့ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ သဘောတူစာချုပ်ကို ထိုင်းအစိုးရနဲ့ နေပြည်တော်က လက်မှတ်‌ရေးထိုးပေမဲ့ တကယ်တမ်း ဒီညစ်ညမ်းရေပြဿနာဟာ ရှမ်းအရှေ့ပိုင်း 'ဝ'ထိန်းချုပ်နယ်မြေတွေထဲကသတ္တုတူးဖော်မှုတွေက မြစ်ဖျားခံတာဖြစ်ပါတယ်။

    နေပြည်တော်အနေနဲ့ သူ့ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲနိုင်တာမရှိတဲ့ ဒေသက ပြဿနာတွေကိုလက်မှတ်ရေးထိုးတာကြောင့် ဒီအရေးကိုကိုင်တွယ်ဖို့ ခက်ခဲတဲ့အခြေအနေလို့နားလည်ရပါတယ်။ လုပ်သားများခန့်ထားရေးဆိုင်ရာ သဘောတူညီချက်မှာတော့ ထိုင်း-မြန်မာ အလုပ်သမားပူးပေါင်းဆောင်ရွက်ရေး MOU (နားလည်မှုစာချွန်လွှာ) အသစ်ကို အတည်ပြုချက်လည်ပါဝင်လာမယ်လို့ ဘီဘီစီ က ထိုင်းအစိုးရဘက်ကသိရှိရပါတယ်။ ၂၀၁၆ ခုနှစ်ကချုပ်ဆိုထားတဲ့ ထိုင်း-မြန်မာ အလုပ်သမားပို့ဆောင်လက်ခံတဲ့ စာချုပ်ကို အသစ်ပြင်ဆင်ချုပ်ဆိုမှာလည်းဖြစ်ပါတယ်။

    ဒါကြောင့် စာချုပ်သစ်ထဲမှာ မြန်မာကနေ ထိုင်းကို MOU စနစ်နဲ့သွားမယ့် လုပ်သားတွေအတွက် စည်းကမ်းသတ်မှတ်ချက်အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။ အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ရှင်းရှင်းလင်းလင်းမသိရဘဲ အစောပိုင်းကတော့ မြန်မာမှာ အာကာသအတွင်း ဂြိုဟ်တုလွှတ်တင်နိုင်ရေးသာမက အာကာသယာဉ်မှူးတွေလည်း စေလွှတ်မယ်လို့ ဦးမင်းအောင်လှိုင်က ပြောထားပါတယ်။

    ဒါပေမဲ့ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေရဲ့ အာကာသစွမ်းရည်နဲ့ ယှဉ်ရင် MAH-1 Ground Station တစ်ခုက ထူးခြားအောင်မြင်တဲ့ အဆင့်ရောက်သွားတယ်လို့ မပြောနိုင်ဘူးလို့ ‌သုံးသပ်ချက်တွေလည်းရှိပါတယ်။

    တဖက်မှာလည်း ဘန်ကောက်မြို့ကို ဦးမင်းအောင်လှိုင်ရောက်ရှိနေချိန်မှာ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ ထိုင်းရောက် မြန်မာအရေးလှုပ်ရှားတက်ကြွသူတချို့ စုဝေးပြီး ဆန္ဒဖော်ထုတ်နေကြပါတယ်။

  7. ဘန်ကောက်ရောက်နေတဲ့ ဦးမင်းအောင်လှိုင်ကို ထိုင်းရောက်မြန်မာတွေ ဆန္ဒပြ

    ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြနေသူတစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြနေသူတစ်ဦး

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ဦးမင်းအောင်လှိုင်ရောက်ရှိလာပြီး နာရီပိုင်းအကြာမှာပဲ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ ထိုင်းရောက် မြန်မာအရေးလှုပ်ရှားတက်ကြွသူတချို့ စုဝေးပြီး ဆန္ဒဖော်ထုတ်နေကြပါတယ်။

    “ပြည်တွင်းစစ်မှာ လေယာဉ်သုံးတာ မရှက်ဘူးလား။ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး၊ တရားသောစစ် အောင်ရမယ်” ဆိုပြီး သံပြိုင်ဟစ်ကြွေး ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပါတယ်။

    ဆန္ဒဖော်ထုတ်နေကြတဲ့ မြန်မာတွေအနီးနားမှာလည်း ထိုင်းရဲတပ်ဖွဲ့ဝင်တွေတချို့က စောင့်ကြပ်ပေးနေတာ တွေ့ရပါတယ်။

    ဦးမင်းအောင်လှိုင်ရဲ့ ဘန်ကောက်ခရီးစဉ် ပထမနေ့မှာပဲ ထိုင်းအရပ်ဘက်အဖွဲ့ ၁၆ ဖွဲ့က စစ်အုပ်စုကို အကျိုးပြုစေမယ့် ပူးပေါင်းမှုတွေကို ရပ်တန့်ပေးဖို့ ထိုင်းအစိုးရကို ပူးတွဲစာထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

    အရပ်သားတွေအပေါ် ၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်ထားတဲ့ အစိုးရတစ်ရပ်ဖြစ်တယ်လို့ အဲဒီစာထဲမှာ ဖော်ပြပါတယ်။

    ဒါကြောင့် ဒီခရီးစဉ်ကို ကန့်ကွက်ပြီး ထိုင်းနိုင်ငံရဲ့ ဒေသတွင်း ငြိမ်းချမ်းရေး စစ်စစ်ဟာ ကိုယ့်ပြည်သူအပေါ် အကြမ်းဖက်တဲ့ အစိုးရကို ထောက်ခံတာမျိုးမဖြစ်ရဘဲ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာကို လေးစားမှု စတဲ့အချက်တွေပေါ်မှာ အခြေတည်သင့်တယ်လို့ စာထဲမှာ ထောက်ပြထားပါတယ်။

    အလားတူ စစ်အုပ်စုထံ စီးဆင်းနေတဲ့ အကျိုးအမြတ်တွေကို ရပ်တန့်ရန်၊ ထိုင်းရောက်မြန်မာတွေရဲ့ တောင်းဆိုချက်ကို နားထောင်ပေးဖို့နဲ့ မြန်မာအစိုးရသစ်အဖွဲ့ရဲ့ တရားဝင်ဖြစ်အောင် ကြိုးပမ်းမှုကို ငြင်းပယ်ဖို့ဆိုပြီး အဲဒီအဖွဲ့တွေက တောင်းဆိုထားကြပါတယ်။

    ဦးမင်းအောင်လှိုင်ကတော့ ဘန်ကောက်မြို့က ထိုင်းအစိုးရအိမ်‌တော်မှာ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ကူရာဝီလ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်နေပါတယ်။

  8. ဦးမင်းအောင်လှိုင်ရဲ့ကိုယ်ရံတော်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေ

    ဦးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေ

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ဦးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေ

    လူတွေကို အယုံအကြည်နည်းတဲ့ ဦးမင်းအောင်လှိုင်ဟာ ပြည်ပခရီးစဥ်တွေမှာ သူ့ရဲ့လုံခြုံရေးကို အထူးဂရုစိုက်တတ်ပါတယ်။

    တပ်မှာကျန်နေခဲ့တဲ့ သူ့ရဲ့ ကိုယ်ရံတော်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေကို ဦးမင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဥ်တွေမှာ တောက်လျှောက်သုံးနေဆဲဖြစ်ပြီး ထိုင်းခရီးစဥ်မှာလည်း ပါလာတာတွေ့ရပါတယ်။

    သူနဲ့ သူ့ကိုယ်ရံတော်ဟောင်းအကြောင်း ဘီဘီစီရဲ့ ၂၀၂၄ ခုနှစ်က ဖော်ပြခဲ့တဲ့ဆောင်းပါးကို ဒီလင့်ခ် မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

  9. ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှု မပြင်နိုင်သေးရင် လေးမျက်နှာရေဘေး ပိုဆိုးလာနိုင်

    ဩဂုတ် ၄ ရက် က ရေလွှမ်းနေတဲ့ လေးမျက်နှာ
    ဓာတ်ပုံ ပုံစာ, ဩဂုတ် ၄ ရက် က ရေလွှမ်းနေတဲ့ လေးမျက်နှာ

    ငဝန်မြစ်ရေကာတာရဲ့ အတွင်းတာဘောင်ကျိုးပေါက်လို့ ဧရာဝတီတိုင်းထဲက လေးမျက်နှာတစ်မြို့လုံး အဆိုးဆုံးရေဖုံးလွှမ်းမှုဖြစ်နေတာ ရက်သတ္တပတ် ၁ ပတ် ရှိလာပါပြီ။

    ဒါပေမဲ့ တာကျိုးပေါက်တဲ့နေရာကို လုံးဝမပြင်ဆင်နိုင်သေးလို့ ရေကျဖို့ နှောင့်နှေးခက်ခဲနေတယ်လို့ တာဘောင်ပြင်ဆင်ရေးလုပ်ငန်းထဲပါဝင်နေတဲ့ အမည်မဖော်လိုတဲ့ အဆင်မြင့်ဝန်ထမ်းတစ်ဦးနဲ့ ဒေသခံအချို့က ဩဂုတ် ၅ ရက်မှာ ဘီဘီစီကို ပြောပါတယ်။

    လက်ရှိမှာ ရေကာတာရဲ့ အပြင်တာဘောင်ကလည်း နိမ့်ဆင်းလာနေသလို ငဝန်မြစ်ရေကလည်း အလုံးအရင်းနဲ့ ဆက်စီးဝင်နေတာကြောင့် တာဘောင် ထပ်မကျိုးဖို့အရေး အားစိုက်ဖြေရှင်းဖို့ကြိုးပမ်းနေကြရပါတယ်။

    ရေကြီးမှုကလည်း လေးမျက်နှာမြို့နယ်တင်မက ငါးသိုင်းချောင်း၊ ရေကြည်နဲ့ ကျုံပျော်မြို့နယ်တွေအထိ ပျံ့နှံ့လာနေပါတယ်။ ဒါကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို စတင်ပြောင်းရွှေ့နေကြရပြီလို့ အဲဒီဒေသမှာ နေထိုင်တဲ့ ဒေသခံ သုံးဦးထက်မနည်းက ဘီဘီစီကို ပြောပါတယ်။

    ငဝန်မြစ်ရေကာတာရဲ့ အတွင်းတာဘောင် ဘာကြောင့် ကျိုးပေါက်ခဲ့တာလဲ။ ကျိုးသွားတဲ့ တာဘောင်ကို ပြန်ပြင်ဆင်မှုအချိန်ကြာလာတာနဲ့ အမျှ လေးမျက်နှာနဲ့ အနီးတဝိုက်က ဒေသတွေ ဘာတွေဆက်ကြုံရနိုင်လဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  10. တာချီလိတ်မှာ တရုတ် ၄၁ ဦးကိုဖမ်းဆီး

    ဖမ်းဆီးခံထားရတဲ့ တရုတ် ၄၁ ဦးထဲက တချို့

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံထားရတဲ့ တရုတ် ၄၁ ဦးထဲက တချို့

    ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်ထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေတဲ့ တရုတ် နိုင်ငံသား ၄၁ ဦးကို ဖမ်းဆီးလိုက်တယ်လို့ နေပြည်တော်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    တာချီလိတ်မြို့နယ် မိုင်းဖုန်း (ခ) အုပ်စု ဝှေလေလန်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးက ရှောင်ကွင်းလမ်းကို စစ်ဆေးခဲ့ရာကနေ တရုတ် ၂ ဦးကို စတင်ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    ဒီ တရုတ် ၂ ဦးကို စစ်မေးရာကနေ ဝမ်ပုံကျေးရွာအနီးတဝိုက် နေရာ ၂ ခုမှာ ခိုအောင်းနေတဲ့ နောက်ထပ် တရုတ်နိုင်ငံသား ၃၉ ဦးကို ဖမ်းမိခဲ့တာလို့သိရပါတယ်။

    မြေပြင်အခြေအနေသိတဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ ဝမ်ပုံကျေးရွာအနီးက နေရာ ၂ ခုမှာ တရုတ်နိုင်ငံသားတချို့ ၂၀၂၅ နှစ်ဝက်ကတည်းက ပြောင်းရွှေ့လာကြတာဖြစ်ပြီး ကျားဖြန့် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေကြတာလို့ ဘီဘီစီကို ပြောပါတယ်။

    နေပြည်တော်ကတော့ နိုင်ငံထဲမှာ အွန်လိုင်းလိမ်လည်(ကျားဖြန့်)နဲ့ လောင်းကစားမှုလုပ်ငန်းတွေ အခြေမချနိုင်အောင် တရားမဝင် ပြည်ပနိုင်ငံသားတွေ နိုင်ငံထဲ ဝင်မလာနိုင်အောင် တင်းကြပ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

    ဒါပေမဲ့ ရှမ်းပြည်နယ်ထဲမှာတော့ တရားမဝင်နယ်စပ်ဖြတ်ကျော်တာနဲ့ ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို ဆက်တိုက်ဖမ်းမိနေတာဖြစ်ပါတယ်။

    လက်ရှိမှာ ဖမ်းထားတဲ့ တရုတ် ၄၁ ဦးကို ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)/ ၁၃(၁) နဲ့ အရေးယူတာတွေ ဆက်လုပ်မယ်လို့ နေပြည်တော်က ကြေညာပါတယ်။

    အဲဒီ ပုဒ်မအရ ခွင့်ပြုထားတဲ့ သက်တမ်းကုန်ဆုံးပြီးနောက် တရားမဝင် ဆက်နေထိုင်ခဲ့တဲ့အတွက် အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ပြီး ပြစ်ဒဏ်ကျခံရပြီးနောက်မှာလည်း ပြည်နှင်ဒဏ်ပေးတာတွေ လုပ်နိုင်ပါတယ်။

  11. လေးမျက်နှာမှာ လူငယ်တစ်ဦး ရေစီးနဲ့ မျောပါသေဆုံး

    ရေစီးနဲ့ မျောပါသေဆုံးသွားတဲ့ လူငယ်အလောင်း

    ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ

    ဓာတ်ပုံ ပုံစာ, ရေစီးနဲ့ မျောပါသေဆုံးသွားတဲ့ လူငယ်အလောင်း

    ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ အောင်မင်္ဂလာရပ်ကွက်မှာ လူငယ်အမျိုးသားတစ်ဦး ရေစီးနဲ့မျောပါနစ်မြုပ်ပြီး သေဆုံးသွားတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတချို့က ဘီဘီစီကိုပြောပါတယ်။

    ဒီရေဘေးအတွင်း သေဆုံးသူ ၂ ဦးရှိလာပြီဖြစ်ပြီး နောက်တစ်ဦးက‌တော့ အမှတ် ၃ ရပ်ကွက်မှာနေထိုင်တဲ့ သက်ကြီးပိုင်းတစ်ဦး ရေစတက်လာတဲ့အချိန် ဘေးလွတ်ရာကို မရွှေ့ဘဲ နေအိမ်ထဲ ကျန်ရစ်ခဲ့ရာကနေ သေဆုံးခဲ့တာဖြစ်ပါတယ်။

    အမည်မဖော်လိုတဲ့ ဒေသဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးကတော့ ရေစီးနဲ့ မျောပါဆုံးတဲ့ ဩဂုတ် ၅ ရက်မှာ အလောင်းကို ဆယ်ယူရရှိထားတယ်လို့ ဘီဘီစီကို ဒီနေ့ ဩဂုတ် ၆ ရက်မှာပြောပါတယ်။

    “အိုင်သပြုမှာ ရေစီးသန်နေတဲ့ တစ်နေရာရှိတယ်။ အဲဒီနေရာကနေပဲ ရေနဲ့ပါသွားတာဖြစ်နိုင်တယ်။ ကျန်တဲ့နေရာက အဲဒီလောက် မဆိုးဘူး” လို့ သူက ဖြည့်‌ပြောပါတယ်။

    သေဆုံးသူ လူငယ်ဟာ အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး ငါးသိုင်းချောင်းဇာတိဖြစ်တယ်လို့ ဝိုင်းဝန်းကယ်ဆယ်ခဲ့ကြတဲ့ အဖွဲ့ထဲက မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

    ထုတ်ပြန်ချက်မှာတော့ အဲဒီလူငယ်ကို ရေစီးနဲ့ မျောပါသွားတာကိုတွေ့တဲ့သူတချို့က ကယ်ဆယ်ရေးအဖွဲ့တွေကို သတင်းပေးခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တချို့က ရှာဖွေခဲ့ကြပေမယ့် ရေစီးကသန်တာကြောင့် အသက်မမီလိုက်တာလို့ ဒီအခြေအနေကို သိတဲ့သူတစ်ဦးက ဆိုပါတယ်။

    “အိုင်သပြုမှာ သူ့အမျိုးတွေရှိတယ်။ အမျိုးတွေဆီကို ထမင်းထုပ်လာဝေရင်းဖြစ်တာ”လို့ သူက ဖြည့်ပြောပါတယ်။ ဒီအခြေအနေပြီးတဲ့နောက် မီးသတ်တပ်ဖွဲ့ရဲ့ အရာရှိတစ်ဦးကတော့ ကယ်ဆယ်ရေးအဖွဲ့တွေကို ကယ်ဆယ်ရေးလုပ်ရာမှာ အသက်ကယ်အင်္ကျီတွေကို မဖြစ်မနေ ဝတ်ဆင်ကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။

    “ရေစီးကသန်တယ်။ ရေကူးတတ်လည်း ဘာမဆိုဖြစ်သွားနိုင်တယ်” လို့ သူက ထပ်ပြောပါတယ်။ လက်ရှိ လေးမျက်နှာမှာ ကျိုးပေါက်သွားတဲ့ ငဝန်မြစ်ရေကာတာ ဘောင်ကို မြေဖို့ပြင်ဆင်တာတွေ လုပ်နေဆဲဖြစ်ပြီး ပြင်ဆင်လို့မပြီးသေးဘူးလို့ ဒီအခြေအနေကိုသိတဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

    အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့လည်း အန္တရာယ်ရှိတဲ့နေရာတွေကိုသွားမယ်ဆိုရင် မီးသတ်နဲ့ အာဏာပိုင်အဖွဲ့တွေကို အသိပေး အကြောင်းကြားပြီး လိုအပ်ရင် အကူအညီပေးဖို့အတွက် ပြောနိုင်တယ်လို့ သူက ဆိုပါတယ်။

    ဒီနေ့ ဩဂုတ် ၆ ရက် မနက်ပိုင်းအထိ မြို့နယ်အနှံ့မှာ ရေကြီးနေဆဲဖြစ်ပြီး မြို့နယ်အရှေ့ဘက်ခြမ်း တလုတ္ထော်ရွာဘက်မှာတော့ ရေအနည်းငယ်ပြန်ကျတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတချို့က ပြောပါတယ်။

  12. ထိုင်းဝန်ကြီးချုပ်နဲ့ ဦးမင်းအောင်လှိုင် ဘန်ကောက်အစိုးရအိမ်တော်မှာတွေ့ဆုံ, နှစ်နိုင်ငံ ပူးတွဲကြေညာချက်လည်းထုတ်ပြန်ဖို့ရှိ

    ထိုင်းအစိုးရအိမ်တော်ရှေ့မှာ ထိုင်းဝန်ကြီးချုပ်အနုတင်နဲ့ ဦးမင်းအောင်လှိုင်တို့ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုခံ
    ဓာတ်ပုံ ပုံစာ, ထိုင်းအစိုးရအိမ်တော်ရှေ့မှာ ထိုင်းဝန်ကြီးချုပ်အနုတင်နဲ့ ဦးမင်းအောင်လှိုင်တို့ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုခံ

    ဝေဖန်မှုတွေကြုံနေရတဲ့ နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်ရဲ့ နှစ်ရက်တာ ထိုင်းခရီးစဥ် ဒီကနေ့ သြဂုတ် ၆ ရက်မှာ စတင်ပါပြီ။

    ဒီကနေ့ မနက်ပိုင်းမှာတော့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ကူရာဝီလ်နဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်တို့ ဘန်ကောက်မြို့ အစိုးရအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

    ထိုင်းဝန်ကြီးချုပ် နဲ့ အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ စီးပွား‌ရေးဝန်ကြီးအပါအဝင် ဝန်ကြီးအချို့တက်ရောက်ကြပါတယ်။

    ကနဦးသတင်းတွေအရ နှစ်နိုင်ငံ ပူးတွဲကြေညာချက်လည်းထုတ်ပြန်ဖို့ရှိပြီး အနည်းဆုံးအချက် ၅ ချက်ထက်မနည်း သဘောတူကြဖို့ ရှိနေပါတယ်။

    ထိုင်း-မြန်မာနယ်စပ်တလျှောက် လက်နက်ကိုင်ပဋိပက္ခတွေ မဖြစ်ပွားစေရေး၊ အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်ဝင်လာစေရေးတို့ကို အဓိကထား ဆွေးနွေးကြမှာပါ။

    အထူးသဖြင့် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ပြဿနာတွေကို ပူးတွဲဖြေရှင်းနိုင်ဖို့ ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရေးအတွက် လုပ်ငန်းတာဝန် သတ်မှတ်ချက် (Terms of Reference - ToR) ကိုလည်း လက်မှတ်ရေးထိုးဖို့ကြဖို့ရှိနေပါတယ်။

    ဦးမင်းအောင်လှိုင်ရဲ့ ဒီခရီးစဉ်ဟာ သူနဲ့ သူ့အစိုးရကို အာဆီယံနဲ့ ပြန်လည် ထိတွေ့ဆက်ဆံနိုင်ရေးအတွက် ထိုင်းအစိုးရက ကြိုးပမ်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ထိုင်းအစိုးရရဲ့ ဖိတ်ခေါ်မှုအပေါ် ဝေဖန်တာတွေလည်းရှိနေပါတယ်။ ဦးမင်းအောင်လှိုင်ဟာ အနောက်နိုင်ငံအချို့ရဲ့ အရေးယူပိတ်ဆို့မှု ချမှတ်ခံထားရသူဖြစ်သလို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အဓိကတာဝန်ခံရမယ့်သူဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြထားပါတယ်။

  13. ကြို့ပင်ကောက်မှာ စစ်တပ်လေကြောင်းဗုံးကြဲလို့ ၆ ဦး ဒဏ်ရာရ

    လေကြောင်းကြဲခံခဲ့ရတဲ့ အင်တိုင်းကျေးရွာက နေအိမ်တစ်အိမ် မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, လေကြောင်းကြဲခံခဲ့ရတဲ့ အင်တိုင်းကျေးရွာက နေအိမ်တစ်အိမ် မြင်ကွင်း

    ပဲခူး၊ ကြို့ပင်ကောက်မြို့နယ်၊ အင်တိုင်းကျေးရွာမှာ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၆ ဦး ဗုံးကျည်ထိမှန် ဒဏ်ရာရသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဒဏ်ရာရသူတွေထဲ အသက် ၁ နှစ်နဲ့ ၁၂ နှစ် ကလေးငယ် ၂ ဦးပါဝင် ပါတယ်။ မနေ့ ဩဂုတ် ၅ ရက်မှာ စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။ “၁ နှစ်ကလေးက မျက်ခုံးထိတာ၊ ၁၂ နှစ်ကလေးမလေးကတော့ ကျောဘက်နဲ့ ရင်ဝမှာထိလို့ အသက်အန္တရာယ်စိုးရိမ်ရတယ်”လို့ သူက ဆိုပါတယ်။ ‌

    နောက်ထပ် အမျိုးသမီးတစ်ဦးလည်း‌ ‌ကျောကို ဗုံးကျည်ထိမှန်ပြီး ဒဏ်ရာ အတော်ပြင်းထန်တယ်လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

    အလားတူ အင်တိုင်းရွာထဲက နေအိမ် ၃ လုံးလည်း ပျက်စီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

    အင်တိုင်းရွာဟာ ပဲခူးရိုးမ အခြေမှာရှိတဲ့ရွာဖြစ်ပြီး ကြို့ပင်ကောက်မြို့နဲ့ ၁၀ မိုင်ဝန်းကျင်ဝေးပါတယ်။

    ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်းကို စစ်တပ်က အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဇူလိုင် ပထမအပတ်ကနေ လက်ရှိအချိန်အထိ တစ်လနီးပါးကြာ စစ်ကြောင်းထိုးနေတာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဇူလိုင် တတိယအပတ်တုန်းကလည်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုတွေကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးထားတယ်လို့ သူက ပြောပါတယ်။

    မြန်မာစစ်တပ်ကတော့ ကြို့ပင်ကောက်မြို့နယ်ထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ ဩဂုတ် ၆ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။

  14. မင်္ဂလာပါ။ ဩဂုတ် ၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။