နိုဝင်ဘာ ၂၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ခရီးစဥ်စတင်
ICJ စီရင်ချက်ချပြီးနောက် ဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံးပြည်ပခရီးစဥ်အဖြစ် ဗီယက်နမ်ခရီးစဥ်စတင်တဲ့သတင်းအပါအဝင် ကမ္ဘာနဲ့ မြန်မာက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- မြန်မာက ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှုနဲ့ အမြတ်ထုတ်ခံရမှုအန္တရာယ်တွေ ပိုကြုံလာရတယ်လို့ ကုလ ပြော။
- အကြမ်းဖက်မှုခံခဲ့ရသူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာအကူအညီနဲ့ တရားမျှတမှုရရှိရေး ဝန်ဆောင်မှုတွေ ရယူဖို့လည်း အခက်အခဲတွေ ရှိနေ။
- မြန်မာနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ထရမ့်အစိုးရရဲ့ မြန်မာ့အရေးမူဝါဒနဲ့ BURMA Act ဥပဒေ အကောင်အထည်ဖော်မှုကို ကန်အောက်လွှတ်တော်အမတ် ရှင်းလင်းချက်တောင်းခံမယ်။
- စစ်မှုထမ်း အဓမ္မဆင့်ခေါ်မှုနဲ့ ငွေကြေးတောင်းခံမှုတွေမရှိစေဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဖို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပြော။
- ဒေါ်အောင်ဆန်းစုကြည် နှစ်ရှည်နေအိမ်အကျယ်ချုပ်ကျတဲ့ ကာလတွေမှာ အစားအသောက်ချက်ပြုတ်ပို့ပေးခဲ့သူ ဦးမြင့်စိုး(ဖိုးလေး) ဒီမနက်ကွယ်လွန်။
- ဝက်သက်ရောဂါကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၈ ဦးရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ဆောင်မှုညွှန်ကြားရေးမှူးချုပ်ရုံးကထုတ်ပြန်။
- မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်က မီနီမတ်တစ်ခုကို ကုန်တင်ကားတစ်စီး ဒီနေ့ မွန်းလွဲပိုင်းတုန်းက ဝင်တိုက်ခဲ့လို့ လူ ၂ ဦး ပွဲချင်းပြီးသေဆုံး။
- အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က စီရင်ချက်ချပြီးနောက် ပထမဆုံး နိုင်ငံတကာခရီးအဖြစ် နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ခရီးစဥ်စတင်။
- မြဝတီမြို့၊ သောင်ရင်းမြစ်အနီးက ကာစီနိုနဲ့ ဟိုတယ်အဆောက်အအုံတွေကို စစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဝင်စီး။
- မယ်ဟောင်ဆောင်၊ ဆော့မိုရွာက ကလေးငယ်တစ်ဦး ချောင်းဆိုး၊ အသက်ရှူကျပ်ပြီး အရေးပေါ်ကုသဖို့ လိုအပ်လာလို့ ထိုင်းစစ်တပ်ရဲ့Bell 212 ရဟတ်ယာဥ်သုံးပြီး ဆေးရုံပို့ပေး။
တိုက်ရိုက် ထုတ်လွှင့်ချက်
ဘီဘီစီနဲ့ အင်တာဗျူးမှာ ထရမ့်နဲ့ ပူတင်တို့ရဲ့ ခင်မင်ရင်းနှီးမှုကို ဇလန်းစကီး ဝေဖန်
ယူကရိန်းသမ္မတ ဇလန်းစကီးက အမေရိကန်အပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း ကိယက်ဗ်မြို့လယ်က သူ့ရုံးခန်းမှာ ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တရုတ်မှာတုန်းက "ကျွန်တော့်မိတ်ဆွေ" လို့ ခေါ်ဆိုတာကို ဝေဖန်ခဲ့တာပါ။ဒုတိယကမ္ဘာစစ်အတွင်း အဒေါ့ဖ် ဟစ်တလာနဲ့ မိတ်ဆွေဖြစ်တယ်လို့ ပြောတာနဲ့ အတူတူပဲလို့လည်း ဇလန်းစကီးက နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ကမ္ဘာတစ်ဝန်း နေရာ ၁၆ ခုမှာ အငတ်ဘေး ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကုလသမဂ္ဂ သတိပေး
လာမယ့် ခြောက်လအတွင်း ကမ္ဘာတစ်ဝန်း အငတ်ဘေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်တဲ့ နေရာ ၁၆ ခုရှိနေတယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေက သတိပေးလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာ၊ လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာနဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ပိုဆိုးရွားလာတဲ့ ပြင်းထန်ရာသီဥတုအခြေအနေတွေဟာ အငတ်ဘေး သင့်စေတဲ့ အဓိက အခြေခံ အကြောင်းတွေ ဖြစ်တယ်လို့လည်း မီးမောင်းထိုး ပြောနေပါတယ်။
ဆူဒန်နဲ့ တောင်ဆူဒန်နိုင်ငံတွေမှာ အငတ်ဘေး ကျရောက်နိုင်ခြေရှိတဲ့အတွက် အထူးစိုးရိမ်ရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO တို့က ပြောပါတယ်။
ဒါ့အပြင်၊ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း၊ ယီမင်နဲ့ ဆိုမာလီယာနိုင်ငံတွေမှာလည်း အခြေအနေ အကြီးအကျယ် ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
“တကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောရရင် ဆာလောင်မွတ်သိပ် နေကြရတဲ့ လူဦးရေရဲ့ ထက်ဝက်ဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဖြစ်ပါတယ်။ စီးပွားရေး ကျတဲ့ ဒဏ် ခံရတာတွေ၊ ကမ္ဘာ့ရာသီဥတု ပြောင်းတဲ့ ဒဏ်ခံရတာတွေကလည်း နောက်ထပ် အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ် ” လို့ FAO အဖွဲ့မှာ အရေးပေါ် အခြေအနေတွေကို ကိုင်တွယ်စီမံဖို့ထားရှိတဲ့ အကြီးတန်း အရာရှိတစ်ယောက်ဖြစ်တဲ့ ကော်နာအိလိယက်ကပြောသွားတာပါ။
အခုဆိုရင် ကမ္ဘာတလွှားမှာ စားနပ်ရိက္ခာ၊ မြေဩဇာနဲ့ စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာနေပြီး၊ အငတ်ဘေးပြဿနာကို ပိုမိုကြီးထွားနေစေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအတွက် ရန်ပုံငွေ အမြောက်အမြား ဖြတ်တောက်ခံရတာကြောင့် အငတ်ဘေးအန္တရာယ်ကို တားဆီးဖို့ ကြိုးပမ်းမှုတွေ အားနည်းလာနေတယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေက သတိပေးပါတယ်။
အသက် ၂ နှစ်ကလေးနေမကောင်းလို့ ထိုင်းစစ်တပ်ရဟတ်ယာဥ်နဲ့ ဆေးရုံပို့ပေး
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ရဲ့တဖက်ခြမ်းမှာရှိတဲ့ ဆော့မိုရွာက ကလေးငယ်တစ်ဦး ချောင်းဆိုး၊ အသက်ရှူကျပ်ပြီး အရေးပေါ်ကုသဖို့ လိုအပ်လာလို့ ထိုင်းစစ်တပ်ရဲ့Bell 212 ရဟတ်ယာဥ်သုံးပြီး ဆေးရုံပို့ပေးခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ဒီနေ့ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
မယ်ဟောင်ဆောင်ခရိုင်ထဲက ဆော့မိုရွာဟာ တောင်ပေါ်ဒေသဖြစ်သလို မယ့်စူရင်းဆေးရုံနဲ့ မိုင် ၅၀ နီးပါး ကွာဝေးတာကြောင့် ကားနဲ့ ၂ နာရီကျော်ခရီးသွားရတာပါ။
အသက်ရှူကျပ်နေတဲ့ ကလေးကို အရေးပေါ်ကုသမှုပေးနိုင်ဖို့ Sky Doctor အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့နဲ့ ထိုင်းစစ်တပ်ရဲ့ စစ်သူနာပြု၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Sky Doctor အဖွဲ့ဟာ သွားလာရခက်ခဲတဲ့ဒေသတွေနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်နေချိန်မှာ လေကြောင်းကနေတဆင့် လူနာတွေကို ခေါ်ထုတ်နေချိန်မှာ တခါတည်း အရေးပေါ်ကုသမှုပေးနိုင် အောင်ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
မယ်ဟောင်ဆောင်လို တောင်တန်းထူထပ်တဲ့ဒေသတွေမှာ သက်ဆိုင်ရာဆေးရုံရဲ့ လေကြောင်းလွှဲ ပို့ဖို့ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး Sky Doctor ကိုအသုံးပြုနေတာဖြစ်တယ်လို့ ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ပြည်သူ့ကျန်းမာရေးဌာနကဦးစီးဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့မှာ ဆေးရုံတွေ၊ ထိုင်းစစ်တပ်နဲ့ လေကြောင်း အာဏာပိုင်တို့က ပူးပေါင်းပါဝင်ထားတာဖြစ်ပါတယ်။
သောင်ရင်းမြစ်အနီးက ကျားဖြန့်အဆောက်အအုံတွေ စစ်တပ်ဝင်စီး
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၊ သောင်ရင်းမြစ်အနီးက ကာစီနိုနဲ့ ဟိုတယ်အဆောက်အအုံတွေကို စစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဝင်စီးတယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။
စစ်တပ်ဝင်စီးတယ်ဆိုတဲ့ ဂရန်းမြဝတီဟိုတယ်နဲ့ ဟိတ်စိန်လောင်းကစားရုံအဆောက်အအုံတွေဟာ ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ ကားနဲ့သွားရင် ၁၀ မိနစ်ခရီးလောက် ရှိတာဖြစ်ပါတယ်။
ဒေသခံတွေကတော့ ဒီအဆောက်အဦတွေမှာ ကျားဖြန့်လုပ်ကိုင်နေတာ သိရှိပေမဲ့ စစ်တပ်က အခုမှ ဝင်စီးတာလို့ ဆိုပါတယ်။
“တခါရွှေကုက္ကိုလ်ဘက်က သူဌေးတစ်ယောက်ကိုဂရန်းမြဝတီကိုသွားပို့ဖူးတယ်။ သူတို့ လူရင်းတွေပဲ လက်ခံတာ။ တရုတ်တွေမဟုတ်ဘဲ အပြင်လူဆိုရင် လက်မခံတာများတယ်” လို့ မြဝတီမြို့ခံကပြောပါတယ်။
ရွှေကုက္ကိုလ်နဲ့ မြဝတီမြို့တကြောမှာ ခရီးသည်ပို့ဆောင်ရေးလုပ်နေသူတစ်ဦးရဲ့ ပြောပြချက်အရ ဟိုတယ်မှာ ရှမ်းပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်သူတွေကနာမည်ခံပေးပြီး ဧည့်နိုင်ငံသားအဖြစ်ဝင်လာတဲ့တရုတ်နိုင်ငံသားတွေတည်းခိုကြတာလို့ ဆိုပါတယ်။
ထိုင်းဘက်က သတင်းဖော်ပြချက်အရ နိုင်ငံခြားသား ၁၀၀ ကျော်ဖမ်းဆီးရမိပြီး ဝင်စီးမယ့်သတင်းကြိုသိလို့ ရှောင်တိမ်းသွားသူတွေလည်းရှိတယ်လို့ သိရပါတယ်။
ထိုင်းဘက်ကရိုက်ယူထားတဲ့ဓာတ်ပုံတွေအရ ကျားဖြန့်လုပ်ကိုင်နေသူတွေဟာ သောင်ရင်းမြစ်ကမ်းနားကို ထွက်ပြေးလာကြတာတွေ့ရပါတယ်။
ထိုင်းစစ်တပ်ကလည်း မဲဆောက်မြို့ဘက်ကနေ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ထိုင်းသတင်းကဖော်ပြပါတယ်။
နေပြည်တော်က အခုလို ကျားဖြန့်လုပ်ကိုင်နေတဲ့ အဆောက်အအုံတွေ ဝင်ရောက်စီးနင်းတာကို နိုင်ငံပိုင်သတင်းတွေကနေ ဆက်တိုက်ထုတ်ပြန်နေပေမဲ့ ကျားဖြန့်လုပ်ငန်းတွေက နေရာပြောင်းရွှေ့လည်ပတ်နေတာကြောင့် ရန်ကုန်မှာလည်း ဖမ်းဆီးရမိတာတွေရှိလာပါတယ်။
အမေရိကန်ကလည်း ကရင်ပြည်နယ်ထဲက တိုက်ချန်ကျားဖြန့်လုပ်ငန်းနဲ့ဆက်စပ်ပြီး သတင်းပေးနိုင်ရင် အမေရိကန်ဒေါ်လာ ၁၀ သန်းဆုကြေးထုတ်ထားပါတယ်။
ဒါ့အပြင် ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာလည်းရှိနေတာဖြစ်ပါတယ်။
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ခရီးစဥ်စတင်
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဥ်ဒီနေ့မွန်းလွဲပိုင်းမှာစတင်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က စီရင်ချက်ချပြီးနောက် ပထမဆုံးပြည်ပခရီးစဥ်ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် (၁၁)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(အက်ခ်မက်) ထိပ်သီးအစည်းအဝေးနဲ့
(၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(စီအယ်လ်အမ်ဗွီ)ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်မှာဖြစ်ပါတယ်။
မြန်မာကိုအာဆီယံအစည်းဝေးတွေမှာနိုင်ငံရေးအရ ကိုယ်စားပြုသူတက်ရောက်ခွင့်ပိတ်ပင်ထားပေမဲ့နှစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ဒီအစည်းအဝေးတွေကိုတော့ဦးမင်းအောင်လှိုင်တက်ရောက်ခွင့်ရနေပါတယ်။
၂၀၂၄ တုန်းက အက်ခ်မက် ထိပ်သီးအစည်းအဝေးကို လာအိုမှာလုပ်ခဲ့တာဖြစ်ပြီး စီအယ်လ်အမ်ဗွီထိပ်သီးအစည်းအဝေးကိုတော့ တရုတ်မှာလုပ်ခဲ့တာပါ။
ဦးမင်းအောင်လှိုင်ဟာ ဗီယက်နမ်ကို စက်တင်ဘာတုန်းကမှ ချစ်ကြည်ရေးခရီးသွားခဲ့သေးတာဖြစ်ပါတယ်။
မော်လမြိုင်မှာ မီနီမတ်ကို ကားအရှိန်လွန်ဝင်တိုက် ၂ ဦးသေဆုံး
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်က မီနီမတ်တစ်ခုကို ကုန်တင်ကားတစ်စီး ဒီနေ့ မွန်းလွဲပိုင်းတုန်းက ဝင်တိုက်ခဲ့လို့ လူ ၂ ဦး ပွဲချင်းပြီးသေဆုံးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သေဆုံးသူတွေက ကုန်တင်ကားမောင်းနှင်လာတဲ့ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တို့ ဖြစ်ပါတယ်။
ဒီနေ့ မွန်းလွဲပိုင်းအထိကယ်ဆယ်ရေးလုပ်နေတုန်းဖြစ်ပါတယ်။
ဘီဘီစီက သတင်းရေးပြီးချိန်အထိ မော်လမြိုင်က ကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီး ကားခေါင်းခန်းမှာ ညှပ်မိနေသူတစ်ဦးကို ဆွဲထုတ်နေဆဲဖြစ်ပါတယ်။
အရှိန်လွန်မောင်းနှင်လာတဲ့ကုန်တင်ကားရဲ့ ခေါင်းခန်းဟာ လန်ကျနေတာတွေ့ရပြီး တိုက်မိတဲ့အရှိန်ကြောင့် လူညှပ်မိသေဆုံးတာဖြစ်ပါတယ်။
ကားဝင်တိုက်လိုက်တဲ့ မီနီမတ်လည်း ပျက်စီးသွားတာကို ကယ်ဆယ်ရေးအဖွဲ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ တွေ့ရပြီး ဆိုင်ထဲကလူတွေတော့ ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။
အာကာသထဲ ဒေတာဂြိုဟ်တုတစ်သန်း စေလွှတ်မယ့် အီလွန်မတ်စ်စီမံကိန်း ခွင့်ပြုချက်ရ
အာကာသထဲမှာ ဒေတာစင်တာတွေ တည်ဆောက်ဖို့အတွက် ကမ္ဘာပတ်လမ်းကို ဂြိုဟ်တုတစ်သန်းလွှတ်တင်ဖို့ SpaceX ကုမ္ပဏီရဲ့ လျှောက်ထားချက်ကို အမေရိကန်က ခွင့်ပြုလိုက်ပါတယ်။
အီလွန်မတ်စ် ပိုင်ဆိုင်တဲ့ SpaceX ဟာ အေအိုင် ဒေတာတွေလည်ပတ်နိုင်ရေးအတွက် ဂြိုဟ်တုတွေလွှတ်တင်မှာဖြစ်ပြီး ဒီဂြိုဟ်တုတွေကို နေရောင်ခြည်နဲ့ အားဖြည့်မှာဖြစ်ပါတယ်။
အေအိုင်ကအာကာသထဲမှာပဲ အလုပ်လုပ်ပြီး ဒေတာသတင်းအချက်အလက်တွေကို ကမ္ဘာကိုပြန်ပို့မှာဖြစ်ပါတယ်။
Starmind လို့ သိထားတဲ့ စီမံကိန်းဟာ အမေရိကန်ရဲ့ တဟုန်ထိုး တိုးတက်နေတဲ့ မဟာဉာဏ်ရည်တုစီးပွားရေးကို အကူအညီပေးနိုင်မယ်လို့ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်(FCC) က ပြောပါတယ်။
ဒါပေမယ့် ပြိုင်ဘက်ဖြစ်တဲ့ Amazon က ဒါဟာ တကယ့်စီမံကိန်းထက် အခြေအမြစ်မရှိတဲ့ ရည်မှန်းချက်သာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုက နက္ခတ္တဗေဒပညာရှင်တွေကတော့ ဒီစီမံကိန်းကြောင့် အများပြည်သူဟာ ညဘက်ကောင်းကင်ပြင်ကို ကြည့်ရှုလေ့လာခွင့် နည်းပါးသွားလိမ့်မယ်လို့ သတိပေးထားပါတယ်။
နယ်မြေပိုင်နက်ဆိုင်ရာကန့်သတ်ချက်တွေရဲ့ အလွန်မှာရှိနေတဲ့ အေအိုင်တွက်ချက်အဖြေရှာနိုင်စွမ်းရည်အတွက် တောင်းဆိုချက်တွေ ပိုမိုများပြားလာတာကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကမ္ဘာပတ်လမ်းက ဒေတာစင်တာတွေဟာ ကုန်ကျစရိတ်အနည်းဆုံးနဲ့ စွမ်းအင်အခြွေတာနိုင်ဆုံးနည်းလမ်းဖြစ်တယ်လို့ SpaceX ကပြောထားပါတယ်။
ဂြိုဟ်တုတွေ လွှတ်တင်တည်ဆောက်တာကို ၂၀၃၃ ခုနှစ် နိုဝင်ဘာလထက် နောက်မကျဘဲ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
SpaceX ဟာ ၂၀၃၅ ခုနှစ် နိုဝင်ဘာရောက်ရှိချိန်မှာ ၁၀ ရာခိုင်နှုန်းကို တပ်ဆင်ပြီးဖြစ်ရမှာဖြစ်ပြီး ၂၀၃၈ ခုနှစ် နိုဝင်ဘာမှာ ရာခိုင်နှုန်း ၅၀ အထိတပ်ဆင်ပြီးထားရမှာဖြစ်ပါတယ်။
ပထမဆုံး Starmind ဂြိုဟ်တုတစ်လုံးကို နောက်နှစ်မှာ လွှတ်တင်ချင်တယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။
ကမ္ဘာမြေပေါ်မှာ ဒေတာစင်တာတွေ တည်ဆောက်တာကို ဆန့်ကျင်မှုတွေတိုးနေပြီး သက်တမ်းဝက်ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလစ်ကန်တို့ အရေးနိမ့်ရခြင်းအကြောင်းရင်းတစ်ခု ဖြစ်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားထားပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ဝက်သက်ရောဂါကြောင့်၂၄ နာရီအတွင်း ၈ ဦးသေဆုံး
ဝက်သက်ရောဂါကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၈ ဦးရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ဆောင်မှုညွှန်ကြားရေးမှူးချုပ်ရုံးက နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီနှစ် မတ်လ ၁၅ ရက်ကစလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ဝက်သက်ရောဂါကူးစက်မှုတွေရှိလာပြီး နိုဝင်ဘာအထိ သေဆုံးသူ ၁၃၇၁ ဦးရှိပြီဖြစ်ပါတယ်။
ဝက်သက်ရောဂါသံသယရှိသူ ၂၆၁,၅၃၅ ဦးရှိပြီး အတည်ပြုလူနာ ၂၆,၄၇၆ ဦးရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ဆောင်မှုညွှန်ကြားရေးမှူးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
ဒီထဲမှာ ဆေးရုံတက်လူနာ ၂၃၄,၂၈၀ ဦးရှိခဲ့ပြီး လူနာ ၂၂၅,၅၆၈ ဦး ဆေးရုံဆင်းပြီလို့ဆိုပါတယ်။
ဝက်သက်ရောဂါဟာ ကာကွယ်ဆေး ၂ လုံးထိုးနှံရုံနဲ့ ကာကွယ်နိုင်ပေမဲ့ ကာကွယ်ဆေးလွှမ်းခြုံမှု အနည်းဆုံး ၉၅ ရာခိုင်နှုန်းရှိမှ ကူးစက်မှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ဒီရောဂါဟာ ရောဂါပိုးရှိသူ နှာချေတာ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့ အမှုန်အစက်တွေနဲ့ တိုက်ရိုက်ထိတွေ့ ရှူသွင်းမိရာက ကူးစက်နိုင်ပါတယ်။
ရောဂါလက္ခဏာမပေါ်မီနဲ့ပေါ်ပြီး ရက်ပေါင်းများစွာအတွင်း ဝက်သက်ရောဂါဟာ အခြားသူတွေကို ရောဂါကူးစက်စေနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာဘက်ခြမ်းက ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့နဲ့ နယ်စပ်ချင်းထိစပ်နေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတစ်သန်းကျော်နေထိုင်တဲ့ ကော့ဆက်ဘဇားက ဒုက္ခသည်ခစန်းတွေမှာ လူနေထူထပ်တာနဲ့ ကာကွယ်ဆေးထိုးနှံနှုန်းနည်းပါးတာကြောင့် ကူးစက်မှုနှုန်းမြင့်မားတဲ့နေရာတွေ မှာပါဝင်တယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF က ဒီနှစ်မေလမှာ ပြောထားပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာမှာတော့ ကော့ဆက်ဘဇားမှာ ဝက်သက်ရောဂါကူးစက်တာကျဆင်းလာပေမဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်တက်နေတယ်လို့ မြို့နယ်ကျန်းမာရေးဌာနကပြောပါတယ်။
မြန်မာမှာလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ကာကွယ်ဆေးလွှမ်းခြုံမှုကျဆင်းတာကြောင့် ကာကွယ်ဆေးနဲ့ကာကွယ်လို့ရတဲ့ ကူးစက်ရောဂါတွေ ပြန်လည်မြင့်တက်လာနိုင်တယ်လို့ ကျန်းမာရေးအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။
မြန်မာအမျိုးသမီးတွေကိုခြိမ်းခြောက်လာတဲ့ Deepfake
သတိပေးချက် - အခုဆောင်းပါးမှာ လိင်ပိုင်းဆိုင်ရာနဲ့ဆက်နွှယ်တဲ့ရေးသားဖော်ပြချက်တွေ ပါ၀င်တဲ့အကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
လူတစ်ယောက်ရဲ့ မျက်နှာဓာတ်ပုံရှိရုံနဲ့ တခြားတစ်ယောက်ရဲ့ခန္ဓာကိုယ်နဲ့တွဲဖက်လိုက်ပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဉာဏ်ရည်တုနည်းပညာ AI နဲ့ဖန်တီးတာကို အလွန်အမင်းပြုပြင်ထားခြင်း(Deepfake)လို့ ခေါ်ပါတယ်။
မတည်ကြည်ရဲ့ညီမ ဖြစ်စဉ်ကတော့ ကာယကံရှင်တောင် မသိလိုက်ရဘဲ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းဗီဒီယို ဖန်တီးခံလိုက်ရတာဖြစ်ပါတယ်။ တနည်းပြောရရင် ဒါက လူတစ်ယောက်ရဲ့မျက်နှာကို ပြုပြင်ပြီး အရပ်အခေါ် အပြာကား "Deepfake Pornography" အဖြစ် ကျူးလွန်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် စားဖိုမှူး ဖိုးလေးကွယ်လွန်
ဒေါ်အောင်ဆန်းစုကြည် နှစ်ရှည်နေအိမ်အကျယ်ချုပ်ကျတဲ့ ကာလတွေမှာ အစားအသောက်ချက်ပြုတ်ပို့ပေးခဲ့သူ ဦးမြင့်စိုး(ဖိုးလေး) ဒီမနက်ကွယ်လွန်ပြီလို့NLD ပါတီဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ရန်ကုန်မြို့၊ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာကိုရောက်နေတဲ့ ဦးဖိုးလေးဟာ အသက် ၇၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ခြံအမှတ် ၅၄ မှာ အကြိမ်ကြိမ် နေအိမ်အကျယ်ချုပ်ကျခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးအဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။
၁၉၉၅ ခုနှစ်ကစပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျတဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ခြံအမှတ် ၅၄ နေအိမ်ကို နေ့စဥ် အစားအသောက်တွေ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ဦးဖိုးလေးဟာ ၁၉၈၈ ခုနှစ် NLD ပါတီပေါ်ပေါက်လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး ထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ ပြန်လွတ်လာခဲ့ပါတယ်။
ဦးမြင့်စိုးဟာ မိုဃ်းလင်းကလောင်နာမည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖြတ်သန်းမှုအကြောင်း ဆောင်းပါးတွေရေးခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံတွင်းအဖြစ်အပျက်တွေကို ရေးသားထားတဲ့ သမီးအောင်ဆန်းနှင့်ခြံထဲမှကျွန်ုပ်၏မှတ်စာများ စာအုပ်ကို ဆောင်းပါး ၂၄ ပုဒ်စုစည်းကာ ထုတ်ဝေခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် တပ်ထိပ်ပိုင်းအပြောင်းအလဲတွေ ဘယ်လိုဖြစ်နေလဲ
ဗိုလ်ချုပ်ကြီးရဲဝင်းဦး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တာ လေးလပတ် နှစ်ခု မပြည့်သေးပေမဲ့ တပ်ထိပ်တန်းအဆင့်တိုင်းမှာ ရာထူးအပြောင်းအလဲတွေဖြစ်ပေါ်နေပါတယ်။
ဧပြီလတုန်းက အရင်တပ်ချုပ်ဆီကနေ ဆက်ခံခဲ့တဲ့ ထိပ်တန်းလူစာရင်းထဲက တစ်ဒါဇင်ကျော်လောက် ရာထူးအပြောင်းအလဲဖြစ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးအဆင့်၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ဗိုလ်ချုပ်အဆင့်တိုင်းမှာ အပြောင်းအလဲတွေဖြစ်ခဲ့တာပါ။
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးလစ်လပ်နေသလို စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ အရာရှိချုပ်တွေနဲ့ တိုင်းမှူးတွေလည်း အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။
ဘီဘီစီရဲ့ အချက်အလက်စုဆောင်းမှုအရ လွန်ခဲ့တဲ့ ၇ လအတွင်းမှာ စစ်တိုင်း ၁၄ ခုမှာ တိုင်းမှူး ၁၀ နေရာအထိ ပြောင်းလဲခဲ့တာကို တွေ့ရပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
စစ်မှုထမ်းအဓမ္မဆင့်ခေါ်မှု အရေးယူဖို့ ကာကွယ်ရေးဝန်ကြီးပြော
စစ်မှုထမ်း အဓမ္မဆင့်ခေါ်မှုနဲ့ ငွေကြေးတောင်းခံမှုတွေမရှိစေဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဖို့ စစ်မှုထမ်းဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောပါတယ်။
မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေးမှာ ပြောသွားတာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးသစ်ရဲ့ ပထမဆုံး စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေးလည်းဖြစ်ပါတယ်။
ဗဟိုအဖွဲ့ကို တိုင်ကြားလာတဲ့ စာတွေကိုလည်း စိစစ်အရေးယူနေတယ်လို့ သူကဆိုပါတယ်။
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးတွေအဆင့်ဆင့်ပြောင်းခဲ့ပေမဲ့ အောက်ခြေမှာတော့ အဓမ္မဆင့်ခေါ်မှုနဲ့ ငွေကြေးတောင်းခံမှုတွေရှိနေဆဲဖြစ်တာကို ဒေသခံတွေရဲ့ပြောကြားချက်နဲ့ ဗဟိုအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
နိုဝင်ဘာ ၂၃ ရက်တုန်းက ဗဟိုအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ဒီနှစ်အောက်တိုဘာအထိ အာဏာပိုင်ဟန်ဆောင်ငွေကြေးကောက်ခံမှု ၄၉ မှုမှာ လူ ၁၀၂ ဦးကို အရေးယူထားတယ်လို့ သိရပါတယ်။
အဓမ္မစစ်မှုထမ်းစေခိုင်းမှုနဲ့ပတ်သက်တဲ့ အမှု ၂၂ မှုမှာလည်း လူ ၉၇ ဦးအရေးယူထားတယ်လို့ ဆိုပါတယ်။
မန္တလေးဘက်မှာတော့”ကျွန်မကသားက စစ်မှုထမ်းဥပဒေအရ ခေါ်ခွင့်မရှိတဲ့ မသန်စွမ်းပါ။ ဒါပေမဲ့ ရပ်ကွက်အုပ်ချုပ်ရေးက စစ်မှုထမ်းမပါချင်ရင် ၅ သိန်းပေးဆိုလို့ပေးနေရတယ်” လို့ ချမ်းမြသာစည် မြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းဗဟိုအဖွဲ့ဥက္ကဋ္ဌက မနေ့က အစည်းအဝေးမှာ စစ်မှုထမ်းအလှည့်ကျ ခေါ်ဖို့အတွက် ပြည်သူ့အင်အားဦးစီးဌာနနဲ့ပေါင်းပြီး စစ်မှုထမ်းအကျုံးဝင်အင်အားကို ကောက်ခံ မှတ်ပုံတင်ထားဖို့ ထပ်ပြောပါတယ်။
မွန်ပြည်နယ်၊ သထုံဘက်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အိမ်ထောင်စု လူဦးရေစာရင်းတွေကို မိတ္တူကူးထားဖို့နဲ့ အိမ်မှာအမှန်တကယ်နေထိုင်တဲ့သူစာရင်းကို ပြန်ပြင်ဆင်ဖို့နိုဝင်ဘာလထဲမှာ ပြောဆိုတာရှိပါတယ်လို့ မြို့ခံတချို့ဆီကသိရပါတယ်။
စစ်မှုထမ်းကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နဲ့ရွှေ့ဆိုင်းခွင့်ရှိသူတွေကို တပ်/သင်တန်းကျောင်းတွေက ပြန်လည်စေလွှတ်တဲ့အခါမှာ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေကိုသာ စနစ်တကျလွှဲပေးတာဖြစ်ပြီး လူတစ်ဦးတစ်ယောက်ချင်းစီကို လွှဲပြောင်းပေးတာမရှိဘူးလို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောပါတယ်။
ဒါ့အပြင် လူမှုကွန်ရက်ပေါ်မှာ တပ်အရာရှိ အယောင်ဆောင်ပြီး ငွေကြေးလိမ်လည်တောင်းခံနေသူတွေကို ဖော်ထုတ်အရေးယူခဲ့ပြီး ဆက်လက် အရေးယူသွားမယ်လို့ သူကပြောပါတယ်။
မြန်မာ့အရေး အမေရိကန်အစိုးရရဲ့ မူဝါဒနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးကို ရှင်းလင်းချက်တောင်းမယ်လို့ အောက်လွှတ်တော်အမတ် ပြော
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း မြန်မာမှာ တာဝန်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆုံးဖြတ်ခဲ့ပြီးနောက် မြန်မာစစ်တပ်အာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ထရမ့်အစိုးရရဲ့ မူဝါဒဟာ အမေရိကန်ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့ ဒီမိုကရက်တစ်ပါတီ အဆင့်မြင့်အဖွဲ့ဝင် ဂရီဂေါ်ရီ မိခ်စ် က ဝေဖန်လိုက်ပါတယ်။
ဒါအပြင် မြန်မာအာဏာပိုင်တွေနဲ့ ထရမ့်အစိုးရက ထိတွေ့ဆက်ဆံနေတဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုထံက ရှင်းလင်းချက် တောင်းခံသွားမယ်လို့ ဂရီဂေါ်ရီ မိခ်စ်က ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အမေရိကန်အစိုးရက ၂၀၂၂ ခုနှစ်မှာ သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သလို၊ ပြီးခဲ့တဲ့သီတင်းပတ်က ICJ ရဲ့ ဆုံးဖြတ်ချက်ကလည်း အဲဒီအချက်ကို အတည်ပြုပေးလိုက်တာဖြစ်ကြောင်း မိခ်စ်က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုမှာ ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတစ်နိုင်ငံမှာ တာဝန်ရှိကြောင်း နိုင်ငံတကာတရားရုံးတစ်ခုက ပထမဆုံးအကြိမ် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။
အဲဒီလို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသူတွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုအပါအဝင် ထရမ့်အစိုးရက ထိတွေ့ဆက်ဆံနေတာဟာ တာဝန်ခံမှုရှိစေရေးအတွက် ရှင်းလင်းတဲ့ မူဝါဒလမ်းကြောင်းမရှိဘဲ လုပ်ဆောင်နေတာဖြစ်တယ်လို့ မိခ်စ်က ဝေဖန်ပါတယ်။
ဒါဟာ ကိုယ်ကျင့်တရားအရ လက်ခံနိုင်စရာမရှိတဲ့အပြင် မဟာဗျူဟာအရလည်း အမြော်အမြင်ကင်းမဲ့ပြီး အမေရိကန်ဥပဒေနဲ့ မကိုက်ညီဘူးလို့ သူက ပြောပါတယ်။
ဒီလိုထိတွေ့ဆက်ဆံခြင်းအားဖြင့် အရပ်သားတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ဘယ်လိုလျှော့ချနိုင်မလဲ၊ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဘယ်လိုအဆုံးသတ်နိုင်မလဲဆိုတဲ့ မဟာဗျူဟာကို ရူဘီယိုက တင်ပြထားခြင်းမရှိဘူးလို့လည်း မိခ်စ်က ထောက်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ BURMA Act ဥပဒေအရ လုပ်ဆောင်ရမယ့် အရေးယူပိတ်ဆို့မှုတွေကို ထရမ့်အစိုးရက အကောင်အထည်ဖော်ခြင်းမရှိသေးသလို၊ မြန်မာ့ဒီမိုကရေစီအင်အားစုတွေကို ထောက်ပံ့ဖို့ ဥပဒေက ခွင့်ပြုထားတဲ့ အစီအစဉ်တွေကိုလည်း အကောင်အထည်ဖော်ခြင်းမရှိသေးဘူးလို့ သူက ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ လက်ရှိမြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေဟာ BURMA Act ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ လုံးဝဆန့်ကျင်နေတယ်လို့ မိခ်စ်က ဝေဖန်ပြီး ဥပဒေကို ဘယ်လိုလိုက်နာဆောင်ရွက်နေသလဲဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနထံက ရှင်းလင်းချက်တွေ တောင်းခံသွားမယ်လို့ ပြောထားပါတယ်။
အမေရိကန်နဲ့ မြန်မာအာဏာပိုင်တွေကြား ဆက်ဆံရေးပြန်လည်စတင်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှု သုံးကြိမ်ရှိခဲ့ပြီလို့ မြန်မာသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက်ကနေပြည်တော်မှာ ပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာတော့ အမေရိကန်နဲ့ မြန်မာတို့ဟာ စင်ကာပူ၊ မြန်မာနဲ့ ဂျပန်နိုင်ငံတွေမှာ တွေ့ဆုံထားကြတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။
တဖက်မှာတော့ မြန်မာနဲ့ပတ်သက်တဲ့ ICJ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက လက်မခံကြောင်း နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီဆုံးဖြတ်ချက်ဟာ တရားသူကြီး ၁၅ ဦးအနက် ကိုးဦးက ထောက်ခံမဲပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး တရားရုံးရဲ့ သက်သေစံနှုန်းနဲ့ပတ်သက်လို့ သဘောထားကွဲလွဲချက်တွေလည်း ရှိခဲ့တယ်လို့ မြန်မာဘက်က တုံ့ပြန်ထားပါတယ်။
မြန်မာက ပဋိပက္ခနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးတွေ အန္တရာယ်ပိုကြုံနေရကြောင်း ကုလသမဂ္ဂ သတိပေး
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှုနဲ့ အမြတ်ထုတ်ခံရမှုအပါအဝင် ကျားမအခြေပြုအကြမ်းဖက်မှု အန္တရာယ်တွေ ပိုမိုကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတိပေးလိုက်ပါတယ်။
နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ပူးတွဲကြေညာချက်မှာမြန်မာနိုင်ငံတစ်ဝန်း အမျိုးသမီးနဲ့ မိန်းကလေး ၈.၄ သန်းဟာ အရေးပေါ် လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။
ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတချို့မှာ ကျန်းမာရေးစောင့်ရှောက်မှု၊ အကာအကွယ်ပေးရေးနဲ့ တရားမျှတမှုရရှိရေး ဝန်ဆောင်မှုတွေ လက်လှမ်းမီနိုင်မှု ပိုမိုကျဆင်းလာတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာက အကျပ်အတည်းတွေ ပိုမိုနက်ရှိုင်းလာတာ ခြောက်နှစ်နီးပါးရှိလာချိန်မှာ အမျိုးသမီးခေါင်းဆောင်တွေနဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းတွေဆီက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ အမြတ်ထုတ်မှုနဲ့ အသက်မပြည့်ခင် လက်ထပ်စေခြင်း၊ အတင်းအကျပ်လက်ထပ်စေခြင်း စတဲ့ ပြဿနာတွေအပေါ် စိုးရိမ်မှုတွေ ပိုမိုကြားသိလာရတယ်လို့ ဆိုပါတယ်။
ပဋိပက္ခတွေ ကြာရှည်လာခြင်း၊ နေရပ်စွန့်ခွာရခြင်း၊ လုံခြုံမှုမရှိခြင်းနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် ကျားမမညီမျှမှု ပိုမိုကြီးမားလာပြီး အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အန္တရာယ်တွေ ပိုတိုးလာတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အကြမ်းဖက်မှုတွေ ကြုံတွေ့ရသူတွေအတွက် အသက်ကယ်တင်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ အကူအညီ၊ အကာအကွယ်ပေးရေးဝန်ဆောင်မှုနဲ့ ကျူးလွန်သူတွေကို တာဝန်ယူစေဖို့ တရားမျှတမှုရရှိရေး လမ်းကြောင်းတွေ ပိုမိုခက်ခဲလာတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ယာယီတာဝန်ခံ ဂွင်းလူးဝစ် က '' ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ အကြမ်းဖက်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုနဲ့ လူမှုအသိုင်းအဝိုင်းက ဖယ်ထုတ်ခံရမှု အန္တရာယ်တွေ ပိုမိုကြုံတွေ့နေရတယ်'' လို့ ပြောပါတယ်။
''အကျပ်အတည်းဖြစ်ပွားနေခြင်းဟာ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုကို လက်ခံနိုင်တဲ့ အကြောင်းပြချက် ဘယ်တော့မှမဖြစ်သင့်သလို အဲဒီအကြမ်းဖက်မှုတွေကို လျစ်လျူရှုထားလို့လည်း မရပါဘူး'' လို့ သူက ပြောပါတယ်။
UNFPA မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂျိုင်မီ နာဒယ်လ် ရွိုက် ကလည်း အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ လုံခြုံစွာ အကူအညီတောင်းခံနိုင်မယ့် နေရာရှိတယ်၊ လိုအပ်တဲ့ စောင့်ရှောက်မှုနဲ့ အကူအညီရရှိနိုင်တယ်ဆိုတာ သိထားဖို့ အရေးကြီးကြောင်း ပြောပါတယ်။
အကြမ်းဖက်ခံရသူတိုင်းဟာ ကြောက်ရွံ့မှု၊ အရှက်ရမှုနဲ့ ခွဲခြားဆက်ဆံခံရမှုတွေ မရှိဘဲ အကူအညီတောင်းခံပိုင်ခွင့်ရှိကြောင်းနဲ့ အဲဒီလိုအကူအညီပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ကြောင်းလည်း သူက တိုက်တွန်းထားပါတယ်။
တစ်ဖက်မှာ မြန်မာနိုင်ငံက အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ရန်ပုံငွေမသေချာမှု၊ ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ အကူအညီလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေဆီ ဆက်လက်ရောက်ရှိနိုင်ရေး စတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အဲဒီအဖွဲ့အစည်းတွေဟာ အကြမ်းဖက်ခံရသူတွေကို ကူညီပေးခြင်း၊ အကြမ်းဖက်မှုကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်း၊ အမျိုးသမီးအခွင့်အရေး ကာကွယ်ခြင်းနဲ့ တရားမျှတမှုရရှိရေး တောင်းဆိုခြင်းတွေကို အန္တရာယ်များတဲ့ အခြေအနေတွေကြားက ဆက်လက်လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
UN Women မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂီတာ ကွတ်တီပါရမ်ဘီ က အမျိုးသမီးတွေကို ကာကွယ်ပေးနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက ဝန်ထမ်းတွေကိုယ်တိုင်လည်း ပဋိပက္ခ၊ ဆုံးရှုံးမှုနဲ့ စိတ်ဒဏ်ရာတွေ ကြုံတွေ့နေရချိန်မှာ အခြားသူတွေကို ကူညီပေးနေရတာဖြစ်ကြောင်း ပြောပါတယ်။
အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှုကို အသိအမှတ်ပြုပြီး သူတို့နဲ့အတူ ခိုင်ခိုင်မာမာရပ်တည်ဖို့ လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ အကျပ်အတည်းတွေ ပြီးဆုံးတဲ့အထိ စောင့်ဆိုင်းနေစရာမလိုဘဲ ကျားမတန်းတူညီမျှမှုနဲ့ အမျိုးသမီးအခွင့်အရေးတွေကို ဆက်လက်မြှင့်တင်သွားရမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
အခုထုတ်ပြန်ချက်ဟာ နိုဝင်ဘာ ၂၅ ရက်မှာ ကျရောက်တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ကို အထိမ်းအမှတ်ပြု ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့ကနေ ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်အရေးနေ့အထိ ၁၆ ရက်တာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုကို ကမ္ဘာတစ်ဝန်း ပြုလုပ်သွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွက် ကုလသမဂ္ဂရဲ့ လှုပ်ရှားမှုမှာ အကြမ်းဖက်ခံရသူတွေကို ကာကွယ်ပေးရေး၊ တရားမျှတမှုရရှိရေးနဲ့ ကျူးလွန်သူတွေ အပြစ်ပေးခံရမှုကင်းလွတ်နေခြင်းကို အဆုံးသတ်ရေးတို့ကို အလေးထားတိုက်တွန်းထားပါတယ်။
မင်္ဂလာပါ။
နို၀င်ဘာ ၂၇ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။