ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ထိုင်းကျောင်းက သေနတ်ပစ်ခတ်မှု သေဆုံးသူ ၈ ဦးရှိလာ

ထိုင်းကျောင်းက သေနတ်ပစ်ခတ်မှု သေဆုံးသူ ၈ ဦးရှိလာ ၊ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့က လူကူးခုံးကျော်တံတားမှာ သပိတ်အင်အားစုတွေက စာတန်းဘန်နာချိတ်ဆွဲကန့်ကွက်တဲ့ လှုပ်ရှားမှုပြုလုပ်တဲ့သတင်းအပါအဝင် ဩဂုတ် ၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဦးမင်းအောင်လှိုင် ထိုင်းရောက်ချိန် သပိတ်အင်အားစုတွေ ဘန်ကောက်၊ မြန်မာသံရုံးရှေ့ ကန့်ကွက်တဲ့ လှုပ်ရှားမှုပြုလုပ်
  • ဘန်ကောက်မြောက်ပိုင်း၊ နွန်ထဘူရီခရိုင်က Debsirin ကျောင်းမှာ ဒီမနက် သေနတ်ပစ်ခတ်မှုဖြစ်ပြီး ၁၀ ဦးထက်မနည်း ထိခိုက်၊ လူသေဆုံးမှုရှိ
  • ထိုင်း-မြန်မာ ပူးတွဲကြေညာချက်မှာ နှစ်နိုင်ငံ စီးပွားရေး၊ နယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်တွေကို အဓိက အလေးပေးထားတာတွေ့ရ
  • ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ခြွင်းချက်မရှိလွှတ်ပေးဖို့ အမေရိကန်က ဒီနေ့မှာ တောင်းဆို
  • Debsirin နွန်ထဘူရီကျောင်းပစ်ခတ်မှု သေနတ်သမား ကိုယ့်ဘာသာပြန်ပစ်ပြီး သေဆုံး
  • ထိုင်းကျောင်းပစ်ခတ်မှုမှာ သေဆုံးသူ ၆ ဦးရှိလာပြီး ဒဏ်ရာရသူ ၁၅ ဦးမှာ ၂ ဦးက စိုးရိမ်ရ
  • ထိုင်းအထက်လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့ လွှတ်တော်အဆောက်အအုံကို ဒီမနက်မှာရောက်လာတဲ့ ဦးမင်းအောင်လှိုင်ကို ပြည်သူ့ပါတီအမတ် အနုဆွန်တမာဟိုင်က အော်ဟစ်ဆန္ဒပြ
  • ကုန်းသားရွာကနေ ဒေါငံခါးရွာဘက်ကို စစ်ရှောင်လာတဲ့ မိသားစုတစ်စုက ဆောက်လုပ်ထားတဲ့ စစ်ရှောင်တဲဟာ သုံးရက်မပြည့်ခင်မှာပဲ လေကြောင်းဗုံးကြဲခံရလို့ အမျိုးသား ၁ဦး သေဆုံး
  • စစ်ကိုင်းတိုင်းထဲက မူးမြစ်တလျှောက်မှာရှိတဲ့ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ကန့်ဘလူနဲ့ ကျွန်းလှအပြင် စစ်ကိုင်း၊ မြင်းမူနဲ့ ဝက်လက်အထိ ရေဘေးကြုံနေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဩဂုတ် ၇ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ထိုင်းလွှတ်တော်ထဲ ဦးမင်းအောင်လှိုင်ဆန္ဒပြခံရတဲ့အပေါ် ဒေါ်ခိုင်ခိုင်စိုးကာကွယ်ပြောကြား

    နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်ကိုထိုင်းအမတ် အနုဆွန်တမာဟိုင်က ဒီမနက်ဆန္ဒပြခဲ့တဲ့အပေါ် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက ကာကွယ်ပြောဆိုလိုက်ပါတယ်။

    “ကြိုဆိုနေတဲ့အဖွဲ့တွေ အများကြီးရှိပါတယ်။ ဆန္ဒပြတဲ့လူသည် တစ်ယောက်တည်းသာဖြစ်ပါတယ်။ အများက လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာကြိုဆိုနေကြသလို မနှစ်သက်တဲ့သူကလည်း သူ့ရဲ့သဘောဆန္ဒကိုဖော်ထုတ်တယ်လို့ မှတ်ယူပါတယ်" လို့ သူက ပြောပါတယ်။

    လွှတ်တော်လုံခြုံရေးတွေက ဆန္ဒပြတဲ့ထိုင်းအမတ်ကို အခမ်းအနားကျင်းပတဲ့နေရာကနေခေါ်ထုတ်သွားတဲ့အချိန်အထိ အော်ဟစ်ဆန္ဒပြနေတာကိုရုပ်သံတွေက အမိအရရိုက်ကူး ဖော်ပြခဲ့ပေမဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဆန္ဒပြမှုကို လျှော့လျှော့ပေါ့ပေါ့ပဲ ပြောသွားပါတယ်။

    ထိုင်းနိုင်ငံက ဒီမိုကရေစီနိုင်ငံဖြစ်လို့သူတို့ရဲ့ဆန္ဒတွေကို လွတ်လပ်စွာ ဖော်ထုတ်တယ်လို့ မှတ်ယူတဲ့အကြောင်းပါ သူက ပြောပါတယ်။

    ဦးမင်းအောင်လှိုင်က ဒီညနေခင်းမှာ နေပြည်တော်ကို ပြန်ရောက်သွားပြီဖြစ်ပြီး အပြန်ခရီးမှာ ပြောရေးဆိုခွင့်ရှိသူက မီဒီယာတွေကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

    ထိုင်းအမတ်အနုဆွန်တမာဟိုင်ကတော့သူ့အနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီအရေးအတွက် အိတ်ဖွင့်ပေးစာပေးဖို့ ကြိုးစားတာဖြစ်သလို မြန်မာပြည်သူတွေနဲ့ အတူရှိနေကြောင်း ဖော်ပြခဲ့တာဖြစ်တယ်လို့ ဆန္ဒပြမှုအပြီးမှာ ဘီဘီစီကိုဖြေဆိုပါတယ်။

    အခုလိုသူ့ရဲ့ ရပ်တည်ချက်ကိုပြသတာကလည်း လွှတ်တော် အမတ်တစ်ဦးအနေနဲ့ ဦးမင်းအောင်လှိုင်ကို လက်မခံနိုင်ကြောင်း ဒီမိုကရေစီနည်းကျဖော်ထုတ်ပြသတာဖြစ်ကြောင်းဘီဘီစီကိုဖြေပါတယ်။

    အာဏာသိမ်းမှုကြောင့်ဒုက္ခအခက်အခဲရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်ရပ်တည်ခဲ့တာလို့ဆိုပြီးထိုင်းအစိုးရအနေနဲ့ ဦးမင်းအောင်လှိုင်နဲ့ ဆက်သွယ်စကားပြောတာကို အမတ်တစ်ဦးအနေနဲ့ လက်ခံပေမယ့် အခုလို တရားဝင်ခေါင်းဆောင်တစ်ဦးလိုအသိအမှတ်ပြု လက်ခံဖို့မလိုကြောင်းလည်းသူက ဖြည့်ပြောပါတယ်။

  3. ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေပိတ်ဆို့မှုက ကမ္ဘာတစ်ဝန်းမှာ ရေနေကျူးကျော်မျိုးစိတ်တွေ ပျံ့နှံ့မှု ဖြစ်နိုင်- သိပ္ပံပညာရှင်များ

    ဟော်မုဇ်ရေလက်ကြား ပိတ်သွားရင် ပင်လယ်ဂေဟစနစ်အတွက် ကြီးမားတဲ့ ''စီးပွားရေးအကျပ်အတည်း'' ဖြစ်လာနိုင်သလို၊ "နိုင်ငံတကာ ဇီဝလုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်" ပါရှိလာနိုင်တယ်လို့ နိုင်ငံတကာ ပင်လယ်ရေဇီဝဗေဒပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ဒီသတိပေးချက်ကိုတော့ Biological Invasions ဂျာနယ်မှာ ဖော်ပြထားတဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

    ရေလက်ကြားမှာ သင်္ဘောတွေ လနဲ့ချီ ရပ်တန့်နေတဲ့အတွက် တခြားဒေသက ရေနေသက်ရှိမျိုးစိတ်တွေ သင်္ဘောကိုယ်ထည်မှာ ကပ်တွယ်ပြီး တခြားဒေသတွေဆီ ပါသွားနိုင်တဲ့ အချိန်အလုံအလောက် ရရှိနေတဲ့ အခြေအနေလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

    အကယ်လို့ ဒီသင်္ဘောတွေ ကမ္ဘာ့နေရာအသီးသီးကို ပြန်လည်ထွက်ခွာတဲ့ အခါ ပင်လယ်ရေကြောင်းလမ်း တလျှောက် မရေတွက်နိုင်တဲ့ ကျူးကျော်မျိုးစိတ် ရေနေသတ္တဝါတွေ ပျံ့ပွားသွားနိုင်ပါတယ်။

    ဒီပြဿနာဘယ်လောက်အန္တရာယ်ကြီးလဲ ဒီဆောင်းပါး မှာဖတ်နိုင်ပါပြီ။

  4. သဖန်းဆိပ်ဆည်ဖောက်ချလို့ စစ်ကိုင်းထဲက ဒေသ ၅ ခုထက်မနည်း ရေဘေးသင့်ကာ လူသေဆုံးမှုရှိ

    စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲက သဖန်းဆိပ်ဆည်ရဲ့ လက်ခံနိုင်တဲ့ ရေပမာဏထက်ကျော်လွန်လာလို့ ဆည်ကြံ့ခိုင်ရေးအတွက် ပိုလျှံဆည်ရေတွေကို လွှတ်ချရာကနေ မူးမြစ်တကြောက ဒေသ ၅ ခုထက်မနည်း ရေဘေးကြုံနေရတယ်လို့ ဒေသတွင်းက တော်လှန်ရေးအင်အားစုနဲ့ ဒေသခံတချို့ရဲ့ ထုတ်ပြန်ပြောပြချက်အရသိရပါတယ်။

    စစ်ကိုင်းတိုင်းထဲက မူးမြစ်တလျှောက်မှာရှိတဲ့ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ကန့်ဘလူနဲ့ ကျွန်းလှအပြင် စစ်ကိုင်း၊ မြင်းမူနဲ့ ဝက်လက်အထိ ရေဘေးကြုံနေရတာပါ။

    တန့်ဆည်ထဲမှာတော့ ရွာပေါင်း ၁၁ ရွာရေဘေးသင့်နေပြီး မြစ်ရေအရှိန်ကြောင့် တံတား ၂ စင်းလည်း ပျက်စီးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

    “သောက်ရေမသန့်လို့ ဝမ်းပျက်ကြတယ်။ စားဖို့လည်း ချက်လို့ပြုတ်လို့မရဘူး။ ရေတက်တော့ မြွေလည်းကြောက်ရတယ်” လို့ တန့်ဆည်‌ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိရေတက်နေတဲ့ မူးမြစ်တလျှောက်ရွာစဉ်တွေဟာ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေဖြစ်တာကြောင့် ကယ်ဆယ်ရေးနဲ့ ကူညီရေးမှာ အကန့်အသတ်တွေရှိနေပါတယ်။

    မနေ့က မွန်းလွဲပိုင်းမှာ ဒီပဲယင်းမြို့နယ်ထဲက ချောင်းရိုးရွာရဲ့မြောက်ဘက်က ချောင်းကို ဖြတ်ကူးကြတဲ့ ကောက်စိုက်သမ ၁၀ ဦးရေနဲ့မျောပါသွားတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ် ။

    ဒီထဲက ၆ ဦးသေဆုံးတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    ဒီလိုရေဘေးကြုံနေရတဲ့ ခင်ဦးဘက်မှာတော့ ဥယျာဥ်၊ ကျွန်းတောကြီး၊ ယာတော် အပါအဝင် ရွာပေါင်း ၁၄ ရွာက ဒီမနက်အစောပိုင်းမှာ မူးမြစ်ရေဝင်လာလို့ အရေးပေါ်‌ရွှေ့ပြောင်းကြရတာပါ။

    ရေဘေးရှောင်ဖို့ အရေးပေါ်ရွှေ့ပြောင်းနေရတဲ့ ခင်ဦးနယ်ထဲမှာလည်း စစ်တပ်ဘက်က အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုရှိတယ်လို့ ဒေသခံရဲ့ ပြောပြချက်အရသိရပါတယ်။

    စစ်ကိုင်းထဲက လေကြောင်းသတိ‌ပေးချက်တွေကြေညာပေးနေတဲ့ ပင်မ သတင်းနဲ့ပြန်ကြားရေးကတော့ သဖန်းဆိပ်ဆည်ရဲ့ရေလွှတ်ချတဲ့အခြေအနေကို ဆက်တိုက်ကြေညာနေပါတယ်။

    ဒီနေ့မနက်ပိုင်းမှာတော့ ဆည်ကနေ ရေထပ်လွှတ်ချတာမရှိဘူးလို့ ကြေညာတာတွေ့ရပါတယ်။

    မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ အခုရေကြီးနေတဲ့ စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ်အားလုံးမှာ သြဂုတ် ၉ ရက်အထိ မိုးရွာပြီး ဒေသတချို့မှာ နေရာ ကွက်ကာ မိုးကြီးမယ်လို့ ဒီမနက်ထုတ်ပြန်ပါတယ်။

    သဖန်းဆိပ်ဆည်ဖောက်ချတဲ့ကိစ္စနဲ့ပတ်သက်လို့ တစုံတရာသိရဖို့ နေပြည်တော်ကို မေးမြန်းနေဆဲဖြစ်ပါတယ်။

  5. စစ်ရှောင်တဲဆောက်ပြီးတာ ၃ ရက်မပြည့်ခင် လေကြောင်းဗုံးကြဲခံရလို့ စစ်ရှောင်အမျိုးသား သေဆုံး

    ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက ဒေါငံခါးရွာဘက်ကို စစ်ရှောင်လာတဲ့ မိသားစုတစ်စုက ဆောက်လုပ်ထားတဲ့ စစ်ရှောင်တဲဟာ သုံးရက်မပြည့်ခင်မှာပဲ လေကြောင်းဗုံးကြဲခံရလို့ အမျိုးသား ၁ဦး သေဆုံးတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့ဖြစ်တဲ့ ထွန်းမြန်မာဒိုနေးရှင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

    မနေ့က ညနေပိုင်းမှာ စစ်တပ်က ဒီရွာပတ်ဝန်းကျင်ကို လေကြောင်းဗုံး ၂ ကြိမ်လာကြဲတာဖြစ်ပြီး တစ်ကြိမ်က စစ်ရှောင်မိသားစုတဲပေါ်ကို ကျရောက်တာလို့ သူကပြောပါတယ်။

    “သူတို့က ကုန်းသာကနေ တိုက်ပွဲပြင်းထန်လို့ စစ်ရှောင်လာကြတဲ့သူတွေပါ။ ဗုံးက စစ်ရှောင်တဲပေါ် ကျတဲ့အချိန် မိသားစု ၅‌ယောက်ရှိတာမှာ ကျန်တဲ့သူတွေက အပြင်သွားနေတော့ အိမ်မှာကျန်တဲ့ ၁ ယောက်က ကံဆိုးသွားတာပေါ့” လို့ ထွန်းမြန်မာဒိုနေးရှင်းတာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    ဒီဖြစ်စဥ်မတိုင်ခင် သြဂုတ် ၄ ရက်တုန်းကလည်း ဖရူဆိုဘက်က စစ်ရှောင်တွေနေထိုင်တဲ့နေရာကို လေကြောင်းဗုံးကြဲခံရလို့ လသားအရွယ်ကလေးအပါအဝင် ၅ ဦးသေဆုံးခဲ့ပါတယ်။

    ဒီလသားအရွယ်ကလေးရဲ့ မိခင်က မီးတွင်းထဲမှာ ဆုံးတာကြောင့် ကျန်ရစ်တဲ့မိသားစုနဲ့ ရပ်ရွာက ဝိုင်းဝန်းစောင့်ရှောက်ထားကြတာဖြစ်ပါတယ်။

    အဲ့ဒီနေ့က လေကြောင်းတိုက်ခိုက်ခံရမှုမှာ လသားအရွယ်ကလေးရဲ့ အဒေါ်၊ ဦးလေးနဲ့ အဖိုးဖြစ်သူတို့လည်း ပါဝင်တယ်လို့ ထွန်းမြန်မာဒိုနေးရှင်းက ထုတ်ပြန်ထားပါတယ်။

  6. ထိုင်းလွှတ်တော်အမတ် ဦးမင်းအောင်လှိုင်ကို အော်ဟစ်ဆန္ဒပြ

    ထိုင်းအထက်လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့ လွှတ်တော်အဆောက်အအုံကို ဒီမနက်မှာရောက်လာတဲ့ နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်ကို ပြည်သူ့ပါတီအမတ် အနုဆွန်တမာဟိုင်က အော်ဟစ်ဆန္ဒပြခဲ့ပါတယ်။

    ထိုင်းသတင်းတွေမှာ ‌ဖော်ပြတဲ့ရုပ်သံအရ ဦးမင်းအောင်လှိုင်နဲ့ အထက်လွှတ်တော်ဥက္ကဋ္ဌတို့ ဓာတ်ပုံရိုက်ကူးဖို့ ရပ်နေချိန်မှာပဲ လွှတ်တော်အမတ်က ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုဆိုတဲ့ စကားရပ်တွေကို ဟစ်ကြွေးလိုက်တာပါ။

    ပြည်သူ့ပါတီအမတ်ဟာ ဦးမင်းအောင်လှိုင်ကို နယ်စပ်ဖြတ်ကျော်ပြဿနာတွေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်အသက်သွင်းဖို့အတွက် ပေးစာတွေ ပေးအပ်ဖို့ ခန်းမအပြင်မှာစောင့်နေခဲ့တာလို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

    ဦးမင်းအောင်လှိုင်ရောက်လာချိန်မှာ အထက်က ဒီမိုကရေစီသတင်းစကား ၂ ခုကို ထုတ်ဖော်ပြောခဲ့တာပါ။

    လွှတ်တော်လုံခြုံရေးတွေကတော့ ထိုင်းလွှတ်တော်အမတ်ကို အခမ်းအနားကျင်းပတဲ့နေရာကနေ ခေါ်ထုတ်သွားတာကို ရုပ်သံမှာတွေ့ရပါတယ်။

    အနုဆွန်တမာဟိုင်က အခုလိုဆန္ဒမပြခင်ကတည်းက ဦးမင်းအောင်လှိုင်ရဲ့ထိုင်းခရီးစဥ်နဲ့ပတ်သက်ပြီး တရားဝင်မှုပေးသလို မဖြစ်စေဖို့ သူ့ရဲ့လူမှုကွန်ရက်မှာ ဝေဖန်ထောက်ပြမှုတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။

    အနာဂတ်မှာလည်း ဦးမင်းအောင်လှိုင်ကို ထိုင်းကို ဖိတ်မယ်ဆိုရင် ပြန်သုံးသပ်ဖို့ ဒါမှမဟုတ် ဆိုင်းငံ့ထားဖို့ တောင်းဆိုနေသူလည်း ဖြစ်ပါတယ်။

  7. ထိုင်းကျောင်းပစ်ခတ်မှု- သေဆုံးသူ ၆ ဦးရှိလာ

    ထိုင်းကျောင်းပစ်ခတ်မှုမှာ သေဆုံးသူ ၆ ဦးရှိလာပြီး ဒဏ်ရာရသူ ၁၅ ဦးမှာ ၂ ဦးက စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    ကျောင်းမှာ သေဆုံးသူ ၆ ဦးက ဆရာ ဆရာမ ၅ ဦးနဲ့ သေနတ်သမားကျောင်းသားတို့ဖြစ်ပါတယ်။

    ဘီဘီစီထိုင်းရဲ့သတင်းပေးပို့ချက်အရ သေနတ်သမားဟာ ကျောင်းမလာခင် အဖိုးနဲ့အဖွားတို့ကိုလည်း ပစ်ခတ်ခဲ့တာကြောင့် အိမ်မှာသေဆုံးလျက်တွေ့ရတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးကပြောပါတယ်။

    ဖြစ်စဥ်ကနေ လွတ်မြောက်လာတဲ့ Grade 7 ကျောင်းသူတစ်ဦးကတော့ သူအခန်းထဲရှိနေချိန်မှာ သေနတ်သမားက တစ်ခန်းဝင် တစ်ခန်းထွက်သွားလာနေတာတွေ့ခဲ့တယ်လို့ ပြန်ပြောပြပါတယ်။

    သေနတ်သမားက အတန်းရှေ့မှာရပ်နေတဲ့ ဆရာမတစ်ဦးကိုလည်း ပစ်လိုက်တယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ကျောင်းသူကပြောပါတယ်။

    ဒီပစ်ခတ်မှုကြောင့် အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျောင်း ၂ ကျောင်းက ကျောင်းသားတွေကို ကျောင်းလွှတ်ချိန်ထက် စောဆင်းပေးပြီး ပိတ်လိုက်တယ်လို့ ဘီဘီစီက သိရပါတယ်။

    ထိုင်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီတုန်းကလည်း နိုင်ငံတောင်ပိုင်းက ကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ခဲ့ပါသေးတယ်။

    ဒီလိုဖြစ်ရပ်တွေကြောင့် ထိုင်းနိုင်ငံမှာ သေနတ်လွယ်လင့်တကူရနိုင်နေတာကို ထိန်းချုပ်ဖို့လိုနေပြီလားဆိုတဲ့အပေါ် မေးခွန်းတွေရှိလာနေပြီဖြစ်ပါတယ်။

  8. ထိုင်းကျောင်းက သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် မြင်ကွင်းများ

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြောက်ပိုင်း၊ နွန်ထဘူရီခရိုင်က Debsirin ကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် ကျောင်းအတွင်းက ကျောင်းသားတွေ ထိတ်လန့်တကြားပြေးထွက်ကြရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

    လူနာတင်ယာဥ်တွေ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ကျောင်းသားတွေဘေးလွတ်ရေးကို ဝိုင်းဝန်းလုပ်ဆောင်နေကြရပါတယ်။

  9. ထိုင်းပစ်ခတ်မှု-သေနတ်သမားကျောင်းသားသေဆုံး

    ဘန်ကောက်မြောက်ပိုင်းက Debsirin နွန်ထဘူရီကျောင်းပစ်ခတ်မှုမှာ ဆရာမ ၁ ဦးအပါအဝင် ၂ ဦးသေဆုံးတယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

    သေဆုံးသူ ၂ ဦးနဲ့ ထိခိုက်သူ ၁၅ ဦးရှိတယ်လို့ ထိုင်းရုပ်သံလိုင်းဖြစ်တဲ့ Thai PBS က ဖော်ပြပါတယ်။

    သေနတ်သမားကတော့ အသက် ၁၄ နှစ်ဝန်းကျင်အရွယ် Grade 9 ကျောင်းသားဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။

    ဒီကျောင်းသားက ကိုယ့်ဘာသာပြန်ပစ်ပြီး သေဆုံးသွားပြီလို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းကဆိုပါတယ်။

  10. ထိုင်းကျောင်းတစ်ခုမှာ သေနတ်ပစ်ခတ်မှုဖြစ်၊ ၁၀ဦးထက်မနည်း ထိခိုက်

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြောက်ပိုင်း၊ နွန်ထဘူရီခရိုင်က Debsirin ကျောင်းမှာ ဒီမနက် သေနတ်ပစ်ခတ်မှုဖြစ်ပြီး ၁၀ ဦးထက်မနည်း ထိခိုက်တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

    လူသေဆုံးမှုရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောတယ်လို့ ရိုက်တာသတင်းကဖော်ပြပေမဲ့ အသေးစိတ်မသိရသေးပါဘူး။

    ကယ်ဆယ်ရေးသမားတွေနဲ့ ရဲအရာရှိတွေကတော့ သေနတ်ပစ်ခတ်မှုဖြစ်တဲ့ကျောင်းက ကျောင်းသားတွေ၊ ဆရာ/ဆရာမတွေနဲ့ ဝန်ထမ်းတွေကို ကယ်ထုတ်နေတယ်လို့လည်း ဆိုပါတယ်။

    သေနတ်သမားဟာ ကျောင်းသားတစ်ဦးဖြစ်တယ်လို့ အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကိုကိုးကားပြီး ရိုက်တာသတင်းကဖော်ပြပါတယ်။

    သေနတ်သမားက ‌ကျောင်းထဲက ကွန်ပြူတာခန်းမှာ ပုန်း‌အောင်နေဆဲဖြစ်ပါတယ်။

    အာဏာပိုင်တွေဘက်က ပစ်ခတ်မှုအတွင်း သေဆုံးမှုနဲ့ တခြားအသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

  11. ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန်တောင်းဆို

    ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ခြွင်းချက်မရှိလွှတ်ပေးဖို့ အမေရိကန်က ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုတွေရရှိဖို့နဲ့ မိသားစုဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခွင့်ရဖို့လည်း အာဏာပိုင်တွေက အာမခံချက်ပေးဖို့ တိုက်တွန်းထားတာပါ။

    အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံတာကို အမေရိကန်ကကြိုဆိုတယ်လို့လည်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရိုထုတ်ပြန်ချက်ကို ရန်ကုန်အမေရိကန်သံရုံးက ထပ်ဆင့်ထုတ်ပြန်ပါတယ်။

    အမေရိကန်ဘက်က ဒေါ်အောင်ဆန်းစုကြည်ကိစ္စအပြင် မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး လွှတ်ပေးဖို့၊ မြန်မာက ပဋိပက္ခတွေ အဆုံးသတ်ဖို့အတွက် စစ်တပ်က သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း တိုက်တွန်းထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ယူကေအစိုးရကလည်း ဒီလိုပေးတွေ့တာဟာ ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်နေ‌သေးတဲ့ သက်သေ အထောက်အထားဖြစ်ပေမဲ့ ဒီအချက်တစ်ခု တည်းနဲ့မလုံလောက်ဘူးလို့ သြဂုတ် ၃ ရက်က ထုတ်ပြန်ပါတယ်။

    ဥရောပသမဂ္ဂကလည်း ဒီခြေလှမ်းက တိုးတက်မှုဖြစ်ပေမဲ့ မိသားစုတွေ၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်အပါအဝင် ဆက်တွေ့ဆုံခွင့် ရဖို့က အလွန်အရေးကြီးနေဆဲဖြစ်တယ်လို့ ပြောထားပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး ကို ခြွင်းချက်မရှိလွှတ်ပေးဖို့ ဆက်လက်တိုက်တွန်းထားပါတယ်။

  12. ထိုင်း-မြန်မာ ပူးတွဲကြေညာချက် ထိုင်းရဲ့ စီးပွားရေးနဲ့လုံခြုံရေးကို အလေးပေး၊ အာဆီယံရဲ့ မြန်မာအရေးစိုးရိမ်မှု မပါဝင်

    ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ကူရာဝီလ်နဲ့ အသွင်ပြောင်း သမ္မတ ဦးမင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ နှစ်နိုင်ငံ စီးပွားရေး၊ နယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်တွေကို အဓိက အလေးပေးထားတာတွေ့ရပါတယ်။

    အဲဒီ ပူးတွဲကြေညာချက်ထဲမှာ မြန်မာအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်မဖော်နိုင်တဲ့ အပေါ် အာဆီယံရဲ့ စိုးရိမ်ပူပန်မှုကို ရှောင်ရှားထားပြီး မြန်မာရဲ့ ပြည်တွင်းစစ်အခြေအနေကိုလည်း အနည်းငယ်ပဲ ထည့်ပြောထားပါတယ်။

    မြန်မာနိုင်ငံတွင်းက လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့ နိုင်ငံရေးပြဿနာရဲ့ဆိုးကျိုးတွေအ‌ပေါ် ထိုင်းရဲ့ စိုးရိမ်ပူပန်မှုကို မတွေ့ရဘဲ၊ နိုင်ငံရေးအကျဉ်းသားတွေအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ပြောဆိုချက်လည်း ပါဝင်တာမရှိပါဘူး။

    ပူးတွဲထုတ်ပြန်ချက်မှာ နယ်စပ်တည်ငြိမ်ရေး၊ အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေးဝါးကွန်ရက်တွေကို ပူးပေါင်းနှိမ်နင်းရေး၊ နှစ်နိုင်ငံလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့လို ထိုင်းအစိုးရဘက်ကလိုလားချက်တွေကို အဓိက အလေးပေးဖော်ပြထားပါတယ်။

    အထူးသဖြင့် ရေညစ်ညမ်းမှုအပါအဝင် နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှု‌တွေ နှစ်နိုင်ငံနယ်စပ်က မူးယစ်ဆေးဝါးမှောင်ခိုလမ်းကြောင်းတွေကို တိုက်ဖျက်ရေး၊ အွန်လိုင်းလိမ်လည်မှုကွန်ရက်တွေကိုအမြစ်ဖြတ်တားဆီးရေး၊တောမီးနဲ့မီးခိုးငွေ့ လေထုညစ်ညမ်းမှုပြဿနာတွေ အရေးဖြစ်ပါတယ်။

    စီးပွားရေးဘက်မှာတော့ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလျံအထိ တိုးမြှင့်ဖို့၊ မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေး ပြန်လည်အားကောင်းလာစေဖို့နဲ့ သဘာဝဓာတ်ငွေ့၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ထိုင်းနဲ့ နေပြည်တော် သဘောတူခဲ့ကြပါတယ်။

    လက်ရှိမှာ ထိုင်းနိုင်ငံဟာ မြန်မာမှာ အများဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲက တတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။ ထိုင်းက မြန်မာမှာ စွမ်းအင်၊ ဟိုတယ်၊ ဘဏ်လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ အဓိက ရင်းနှီးမြှုပ်နှံထားပါတယ်။ အထူးသဖြင့် ထိုင်းအစိုးရထိန်းချုပ်မှုရှိတဲ့ PTTEP သဘာဝဓာတ်ငွေ့ လုပ်ငန်းဟာ မြန်မာက ရတနာနဲ့ ဇောတိက ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ လုပ်ပိုင်ခွင့်အများအပြားရထားပါတယ်။ မြန်မာရဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ ထိုင်းက အများဆုံးရင်းနှီးမြှုပ်နှံထားပါတယ်။

    ထုတ်ပြန်ချက်မှာ မြန်မာက အာဆီယံလုပ်ငန်းစဉ်တွေမှာ ပုံမှန်ပြန်လည်ပါဝင်နိုင်ရေးကို ဆက်လက်ထောက်ခံမယ်လို့ ဖော်ပြထားပြီး၊ မြန်မာဘက်ကလည်း အာဆီယံနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာစေဖို့ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို "မြန်မာကဦးဆောင်တဲ့ လုပ်ငန်းစဉ်'' အဖြစ် ဆက်လက်ဆောင်ရွက်မယ်လို့သာ ဖော်ပြထားပြီး၊ အကြမ်းဖက်မှုရပ်တန့်ရေး ဒါမှမဟုတ် ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးလို အာဆီယံရဲ့ အဓိကတောင်းဆိုချက်တွေကိုတော့ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။

    အထူးသဖြင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးကို ထပ်ခါတလဲလဲ အလေးပေးဖော်ပြထားတာက ထိုင်းနိုင်ငံရဲ့ မြန်မာအရေးမူဝါဒအပေါ် ဩဇာလွှမ်းမိုးမှုကြီးမားသလို ထိုင်းစစ်တပ်ရဲ့ ဦးစားပေးအကျိုးစီးပွားတွေနဲ့လည်း ကိုက်ညီနေတယ်လို့ သုံးသပ်ချက်တွေထွက်လာပါတယ်။

    ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က သတင်းထောက်တွေကို ပြောကြားရာမှတော့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာက အကြမ်းဖက်မှုတွေလျော့နည်းလာစေဖို့ ပဋိပက္ခမှာ ပါဝင်နေတဲ့ နှစ်ဖက်စလုံးက ညှိနှိုင်းဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ပြသစေလိုတယ်လို့ ထည့်ပြောထားပါတယ်။

  13. ဘန်ကောက်မြန်မာသံရုံးအနီးမှာ ဦးမင်းအောင်လှိုင်ခရီးစဥ်ကို ကန့်ကွက်တဲ့လှုပ်ရှားမှုပြုလုပ်

    ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဥ်ကို ကန့်ကွက်တဲ့အနေနဲ့ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့က လူကူးခုံးကျော်တံတားမှာ သပိတ်အင်အားစုတွေက “Myanmar is bleeding. No handshakes with a brutal dictator” စာတန်းဘန်နာချိတ်ဆွဲတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ပါတယ်။

    “ဒီနေ့လုပ်ခဲ့တာပါ။ ထိုင်းရဲတွေရှိပါတယ်။ လုံခြုံရေးတော်တော်ကျပ်ထားပါတယ်။ ခက်ခက်ခဲခဲလုပ်ခဲ့ရတာပါ” လို့ ရန်ကုန်လူထုသပိတ်တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဦးမင်းအောင်လှိုင်က ထိုင်းနိုင်ငံကိုလာရောက်တဲ့ခရီးစဥ်နဲ့ပတ်သက်လို့ ရန်ကုန်လူထုသပိတ်အပါအဝင် တော်လှန်ရေးသပိတ်အင်အားစုတွေက အချက် ၅ ချက်ထုတ်ပြန် ကန့်ကွက်ထားကြပါတယ်။ သံတမန်ရေးအရ တရားဝင်မှုမလုပ်ဖို့၊ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ထိုင်းနဲ့အာဆီယံနိုင်ငံတွေက ဖိအားပေးဖို့အပါအဝင် အချက် ၅ ချက်ကိုထုတ်ပြန်ထားတာပါ။

    ဒီမနက်လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်နဲ့ Burmese Exile Movement တို့က ပူးပေါင်းလုပ်ဆောင်တာလို့ သပိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။ ရန်ကုန်လူထုသပိတ်ဟာ ၈ လေးလုံးလူထုလှုပ်ရှားမှုအထိမ်းအမှတ် ထီးသပိတ်၊ ၂၀၂၁ ခုနှစ်တုန်းက ကားတိုက်ဖြိုခွင်းခံခဲ့ရတဲ့ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းသပိတ်စစ်ကြောင်းအပါအဝင် အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တဲ့ သပိတ်အဖွဲ့ဖြစ်ပါတယ်။

    ထိုင်းသံရုံးကိုဒီမနက် သွားရောက်ခဲ့သူတစ်ဦးကလည်း ဒီစာတန်းချိတ်ဆွဲခဲ့တဲ့ဖြစ်စဥ် မှန်ကန်ကြောင်း ဘီဘီစီကိုအတည်ပြုပါတယ်။

  14. မင်္ဂလာပါ။ ဩဂုတ် ၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။