ဇွန်လ ၁၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ရုရှားနဲ့ အာဆီယံကြား ပူးပေါင်းဆောင်ရွက်မှု တိုးလုပ်ဖို့ ကာဇန်မြို့မှာလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ရုရှားသမ္မတ ပူတင်ပြောတဲ့သတင်းအပါအဝင် ဇွန်လ ၁၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဇွန်လ ၁၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ရုရှားမှာကျင်းပတဲ့ အာဆီယံ- ရုရှား ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်မှု တိုးလုပ်ဖို့ ပြောလာပါတယ်။
အဲဒီအစည်းအဝေးမှာ တရုတ်ရောက်နေတဲ့နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင် မပါဝင်ဘဲ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသာ တက်ရောက်နေပါတယ်။
ရုရှားနိုင်ငံအနောက်တောင်ပိုင်းက ကာဇန်မြို့မှာ ကျင်းပတဲ့ အခုထိပ်သီးဆွေးနွေးပွဲမှာ ရုရှားနဲ့ အာဆီယံကြား မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ဖို့ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။
“အာရှ- ပစိဖိတ် ပထဝီနိုင်ငံရေး မတည်ငြိမ်မှုဖြစ်နေချိန်မှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟာ ဒါကို တည်ငြိမ်အောင်လုပ်ဖို့ရာ အရေးပါတဲ့အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။ ဟန်ချက်ညီတဲ့လုံခြုံရေးအခင်းအကျင်းကို ပုံဖော်ပေးမှာဖြစ်သလို အပြန်အလှန် အကျိုးရှိတဲ့ပူးပေါင်းဆောင်ရွက်မှုလည်းဖြစ်လာပါလိမ့်မယ်” ပူတင်က ထိပ်သီးဆွေးနွေးပွဲမှာပြောပါတယ်။
အခုတစ်ခေါက်ဆွေးနွေးပွဲဟာ ရုရှား - အာဆီယံဆက်ဆံရေး ၃၅ နှစ်မြောက် နှစ်ပတ်လည်အဖြစ် ကျင်းပတာဖြစ်ပါတယ်။
အခုထိပ်သီးဆွေးနွေးပွဲမှာ ကာဇန်ကြေညာချက်လို့ခေါ်တဲ့ ကြေညာချက် တစ်စောင်ကိုလည်း ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာ ရုရှားနဲ့ အာဆီယံကြား နိုင်ငံတကာအရေးကိစ္စတွေကို ချဉ်းကပ်ပုံနဲ့ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အရေးတွေ ပါဝင်တယ်လို့ ရုရှားသတင်းဌာန TASS က ရေးပါတယ်။
အာဆီယံနဲ့ ရုရှားကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့အပြင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအချက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ဒီထိပ်သီးဆွေးနွေးပွဲမှာ နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ သူ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ မတွေ့ရဘဲ အမြဲတမ်းအတွင်းဝန်ကိုပဲ တွေ့ရလို့ အာဆီယံဟာ မြန်မာအပေါ် ထားရှိထားတဲ့ နိုင်ငံရေးရာထူး မယူထားသူတွေကိုပဲ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခွင့်ပေးထားတဲ့ဆုံးဖြတ်ချက် ဆက်ရှိနေတယ်လို့ နားလည်ရပါတယ်။
အာဆီယံဟာ မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီး ၂ လနီးပါးအကြာကတည်းက ချမှတ်ထားပေမဲ့ ဒီဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်တဲ့အပိုင်းမှာ တိုးတက်မှုမရှိဘူးဆိုပြီး အခုလိုဆုံးဖြတ်ထားတာဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးတဲ့နောက် ဦးမင်းအောင်လှိုင်က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်ရာကိုထူးလွှဲပြောင်းကာ စစ်ဘက်အရပ်ဘက်အပြောင်းအလဲတွေ လုပ်ခဲ့ပေမဲ့ အာဆီယံဟာ ထိပ်သီးဆွေးနွေးပွဲတွေကို ဦးမင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပေးဦးမှာ မဟုတ်ဘူးလို့ အာဆီယံ အလှည့်ကျ ဖိလစ်ပိုင်က အစောပိုင်းကတည်းက ပြောထားပါတယ်။
ဦးမင်းအောင်လှိုင်ကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံအတော်များများဟာ နေပြည်တော်က လုပ်နေတဲ့အပြောင်းအလဲတွေကို လိုလိုလားလားရှိပေမဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၊ နှစ်နိုင်ငံလောက်နဲ့ပဲ ဆက်ဆံရေးအဆင်မပြေတာလို့ အိန္ဒိယကို သွားတဲ့သူ့ခရီးစဉ်အတွင်း ပြောထားပါတယ်။

မြန်မာဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ တရုတ်ရဲ့အထောက်အပံ့ကို လိုအပ်နေသလို နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ ဖိအားတွေကို ရှောင်ရှားနိုင်ဖို့အတွက်လည်း ဘေကျင်းရဲ့ရပ်တည်ချက်က အရေးပါနေပါတယ်။
အခုဇွန်လမှာ နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့ (FATF) ရဲ့ ပုံမှန် မျက်နှာစုံညီအစည်းအဝေးကို ပဲရစ်မြို့မှာ ကျင်းပနေပါတယ်။
နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့အမည်ပျက်စာရင်း(Blacklist)ထဲ ရောက်နေတဲ့ မြန်မာအပေါ် နောက်ထပ်အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်၊ မလုပ်သင့်ကို အဲဒီဆွေးနွေးအဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးဆုံးဖြတ်ကြဖို့ ရှိပါတယ်။
FATF ရဲ့အဓိကအဖွဲ့ဝင် ၄၀ နိုင်ငံထဲမှာ တရုတ်နိုင်ငံလည်း ပါဝင်နေတာကြောင့် မြန်မာအနေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ဖိအားတွေ ထပ်မံကြုံတွေ့ရခြင်းကနေ ကာကွယ်နိုင်ရေး ဘေကျင်းရဲ့ထောက်ခံမှုကလည်း တစိတ်တပိုင်းလိုအပ်နေပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်တွေအတွက် ထိုင်းအစိုးရက အထောက်အထားကတ်တွေကို ဇွန်လ ၁၇ ရက်မှာ စထုတ်ပေးနေပြီလို့ ထိုင်းအခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ကနေ ထုတ်ပြန်ပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်တွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအပြင် လူဦးရေစာရင်းအလိုက် ကိုယ်ရေးအချက်အလက် စိစစ်မှုတွေ လုပ်ဖို့လိုလာတာကြောင့် အထောက်အထားကတ် ထုတ်ပေးစနစ်ကို ကျင့်သုံးလိုက်တာလို့ ထိုင်းအာဏာပိုင်တွေက ပြောတဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီအထောက်အထားကတ်တွေကို ထိုင်းအစိုးရဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာလည်း အစိုးရထုတ်ပေးထားတဲ့ တခြားခွင့်ပြုစာရွက်တွေနဲ့ တွဲဖက်အသုံးပြုနိုင်တယ်လို့လည်း ဆိုပါတယ်။
အခုလို ကတ်ထုတ်ပေးလိုက်တာဟာ မြန်မာဒုက္ခသည်တွေအတွက် အထောက်အထားတစ်ခုဆိုတာထက်ပိုသလို ဘဝတည်ငြိမ်မှုနဲ့ အခွင့်အလမ်းတွေအတွက် တံခါးပေါက်ဖြစ်တယ်လို့ UNHCR ရဲ့လက်ထောက်မဟာမင်းကြီး Raouf Mazou က ပြောပါတယ်။
“ဒုက္ခသည်တွေအတွက် အနာဂတ်တည်ဆောက်ဖို့ လမ်းစဖြစ်တယ်”လို့ သူက ထပ်ပြောပါတယ်။
ဒီအထောက်အထားကတ်မှာ ဇီဝအချက်အလက် မှတ်ပုံတင်စနစ်အပြင် QR ဖတ်တဲ့ စနစ်ကိုလည်း ထည့်သွင်းထားတယ်လို့ UNHCR က ဖော်ပြပါတယ်။
ဒီလိုစနစ်တွေကြောင့် ကိုယ်ရေးအချက်အလက် လိမ်လည်ခံရတာအပြင် လူကုန်ကူးမှုနဲ့ လိင်အမြတ်ထုတ်မှုအန္တရာယ်တွေကို လျှော့ချနိုင်မှာဖြစ်သလို ဘဏ်လုပ်ငန်း၊ တယ်လီဖုန်းဆင်းကတ် ဝယ်ယူမှုတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ဝန်ဆောင်မှုတွေကို ရယူအသုံးပြုနိုင်တော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tin Nyunt
အမျိုးသားစာပေဆုရှင် စာရေးဆရာ ဦးတင်ညွန့်နဲ့ သားအငယ်ဖြစ်သူတို့ကို ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတချို့ဆီက သိရှိရပါတယ်။
ပုဒ်မ ၅၀၀-က ဆိုတာဟာ "အများပြည်သူနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်နဲ့လုပ်ဆောင်မှု" ဆိုတဲ့ ရာဇသတ်ကြီးပုဒ်မအဖြစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ထက်က ပြဋ္ဌာန်းထားပါတယ်။
ဆရာဦးတင်ညွန့်နဲ့ သားဖြစ်သူကို ဧပြီ ၂၃ ရက်မှာ အာဏာပိုင်တွေက သန်လျင်မှာရှိတဲ့ သူတို့ရဲ့နေအိမ်အထိလာပြီး ဖမ်းဆီးသွားခဲ့တာလို့ နီးစပ်သူတစ်ဦးက အဲဒီအချိန်တုန်းက ဘီဘီစီကို ပြောထားပါတယ်။
အရပ်သားအစိုးရလက်ထက်တွေမှာ စာရေးဆရာ ဦးတင်ညွန့် ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တချို့နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတာလို့ နီးစပ်သူတချို့က ပြောထားပါတယ်။
ဖမ်းဆီးမခံရခင် ဦးတင်ညွန့်ဟာ “ပညာတတ် အောက်တန်းစား” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကိုလည်း ရေးသားခဲ့ပြီး အဖမ်းခံရတာဟာ ဒီဆောင်းပါးနဲ့ဆက်စပ်နိုင်တယ်လို့ ဦးတင်ညွန့်နဲ့ နီးစပ်သူတစ်ဦးက အဲဒီအချိန်က ပြောခဲ့ပါတယ်။
ဘီဘီစီက တရားစွဲဆိုခံရမှုအတိအကျကို သိရဖို့ မိသားစုကို ဆက်သွယ်ခဲ့ပေမယ့် ဖြေကြားဖို့ အဆင်မပြေသေးကြောင်း တုံ့ပြန်ပါတယ်။
ဦးတင်ညွန့်ဟာ နိုင်ငံရေးအပြင် သုတ၊ ရသစာပေတွေကို ရေးသားသူဖြစ်ပြီး သူ့စာအုပ်အများစုကို သားအငယ်ဖြစ်သူပိုင်တဲ့ မောက္ခစာအုပ်တိုက်ကနေ ထုတ်ဝေတာဖြစ်ပါတယ်။ ကျောင်းဆရာဟောင်းလည်းဖြစ်တဲ့ ဦးတင်ညွန့်ဟာ ရိုးမပေါ်ကျတဲ့မျက်ရည်၀တ္ထုနဲ့ နာမည်ကြီးသူဖြစ်ပြီး ၂၀၁၇ ခုနှစ် အမျိုးသားစာပေဆုရှင်ဖြစ်ပါတယ်။ The Voice နေ့စဉ်သတင်းစာရဲ့အယ်ဒီတာဟောင်းလည်းဖြစ်ပါတယ်။
လက်ရှိမှာ သုတရသစာတွေရေးသားနေသူဖြစ်ပြီး စေတနာရှင်တွေက ပေးပို့တဲ့ငွေကြေးတွေကို စုစည်းပြီး ကျောင်းဆရာ /ဆရာမဟောင်းတွေကို ငွေကြေးထောက်ပံ့တဲ့ပရဟိတအလုပ်ကိုလည်း လုပ်နေတာကို ဦးတင်ညွန့်ရဲ့ လူမှုကွန်ရက်ပေါ်မှာတင်တဲ့ ပို့စ်တွေအရ တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက သစ်ကတေကျေးရွာအနီးမှာ အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းတွေ ပြန်လည်ပတ်နေပြီလို့ မြေပြင်သတင်းရင်းမြစ် ဒေသခံ ၂ ဦးထက်မနည်းက ပြောပါတယ်။
မြဝတီ-ကြက်ဥတောင်လမ်းပိုင်းတကြောက သစ်ကတေရွာတဝိုက်မှာ တရုတ်ဆိုက်(ကျားဖြန့်ဝင်း) ၃ ခုလောက် အခိုင်အမာဆောက်ထားတယ်ဆိုပြီး မြဝတီမြို့ခံတစ်ဦးက ဒီနေ့ ဇွန်လ ၁၈ ရက်မှာ ဆိုပါတယ်။
“သစ်ကတေဘက်စရွှေတုန်းက တဲတွေပေါ့။ အခုတော့ တိုက်တွေ တန်းစီဆောက်ထားတာ” လို့ သူက မြင်တွေ့ရတဲ့ပုံစံကို ရှင်းပြပါတယ်။
အဲဒီဆိုက်တွေထဲမှာ တရုတ်နဲ့ မြန်မာနိုင်ငံသားတွေအပြင် နီပေါနဲ့ တခြားနိုင်ငံသားတွေလည်း လုပ်ကိုင်နေတယ်လို့ သူက ဖြည့်ပြောပါတယ်။
မြဝတီမြို့တောင်ဘက်က KK park ကျားဖြန့်ဆိုက်ကို စစ်တပ်စီးနင်းခဲ့သလို ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်အဆောက်အအုံတွေတချို့ကို ချိပ်ပိတ်တာတွေ လုပ်ခဲ့ပြီးနောက်မှာ အဲဒီက ကျားဖြန့်လုပ်ငန်းအများစုဟာ သစ်ကတေကျေးရွာဘက်ကို ပြောင်းရွှေ့သွားကြတာလို့ သတင်းရင်းမြစ်တချို့က ၂၀၂၅ နှောင်းပိုင်းကတည်းက ပြောထားပါတယ်။
လက်ရှိ သစ်ကတေကျေးရွာအနီးက လုပ်ငန်းပြန်လည်ပတ်နေပြီဆိုတဲ့ ကျားဖြန့်ဝင်း ၃ခု ရဲ့ပတ်ပတ်လည်မှာလည်း လုံခြုံရေးတွေ စောင့်ကြပ်တင်းကြပ်ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပြပါတယ်။
သစ်ကတေဒေသဟာ နယ်ခြားစောင့်တပ်အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော်(BGF/ KNA)ရဲ့ ဗိုလ်မှူးချုပ် စောတင်ဝင်း ထိန်းချုပ်မှုအောက်မှာရှိတဲ့နယ်မြေဖြစ်ပြီး မြဝတီမြို့မြောက်ဘက် ဒေါနတောင်ခြေမှာရှိပါတယ်။
ဒါကြောင့် အဲဒီဒေသထဲမှာ ကျားဖြန့်လုပ်ငန်းတွေ ပြန်လည်ပတ်နေတယ်ဆိုတဲ့အခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီက ဗိုလ်မှူးချုပ် စောတင်ဝင်းကို ဖုန်းကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Supplier
"ည"(Night)၊ ပြစ်မှုနှင့်ပြစ်ဒဏ်(Crime and Punishment)နဲ့ "ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့သလဲ"(Who Moved My Cheese?) ဘာသာပြန်စာပေတွေနဲ့ ထင်ရှားတဲ့စာရေးဆရာတင်မောင်မြင့်ဟာ ဒီကနေ့ ဇွန် ၁၈ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ ပင်လုံဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ စာရေးဆရာ အသိုင်းအဝိုင်းနဲ့ မိသားစုနဲ့နီးစပ်သူတချို့ဆီကနေ သိရပါတယ်။
သူဟာ ကွယ်လွန်ချိန်မှာ အသက် ၉၀ ရှိပြီဖြစ်ပြီး ကျောက်ကပ်ရောဂါကြောင့် ကျောက်ကပ်ကို မကြာခဏဆေးနေရသူဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။
"ပြီးခဲ့တဲ့ဧပြီက ဆရာ့ရဲ့မြောက်ဒဂုံအိမ်ကို ရောက်သေးတယ်။ အေးအေးဆေးဆေးပဲ။ စကားလည်း ပြောနိုင်တယ်။ အပြန်ကျတော့ သူ့ ခြံဝအထိတောင် လိုက်ပို့ပေးသေးတယ်။ ဆရာက ကျောက်ကပ်လည်း ဆေးနေရတယ်"လို့ စာပေမိတ်ဆွေတစ်ဦးက ပြောပါတယ်။
စာရေးဆရာတင်မောင်မြင့်ဟာ သူ တစ်ဦးတည်း ရေးသားဘာသာပြန်တဲ့စာအုပ်တွေနဲ့ နာမည်ကြီးသလို တက္ကသိုလ်နန္ဒမိတ်၊ မြတ်ငြိမ်းတို့နဲ့ ပေါင်းရေးတဲ့ တသိမ့်သိမ့်ဒွန်(ပေါင်းချုပ်) စာအုပ်နဲ့လည်း ထင်ရှားပါတယ်။
စာပေလောကမှာ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၅ ခုနှစ်မှာ “သည်းဦးပန်း” မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ်မှာ “အထောက်တော်လှအောင်” သတင်းမဂ္ဂဇင်းတို့မှာ ဒုတိယအယ်ဒီတာချုပ်အဖြစ်တာဝန်ယူခဲ့ပါတယ်။
ဘာသာပြန်စာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာတင်မောင်မြင့်ဟာ ၁၉၈၃ ခုနှစ်မှာ “ငွေကျွန် (World Rapers by Jonathan Black)” ကို စတင်ဘာသာပြန်ခဲ့ပါတယ်။ အဲဒီနောက် “သံယောဇဉ်ကမ်းခြေ (Man on Fire)”၊ “အချစ်၏အခြားသောမျက်နှာစာ (Rendezvous)”၊ “သံမဏိလိပ်ပြာ”၊ “မဒမ်ကျူရီ”၊ “အင်နာကာရနီနာ” အပါအဝင် နိုင်ငံတကာဝတ္ထုတွေကို ဘာသာပြန်ခဲ့ပြီး ဘာသာပြန်စာအုပ်ပေါင်း ၁၁၇ အုပ်ကျော် ထုတ်ဝေခဲ့ပါတယ်။
သူ့စာရေးသက်တမ်းတစ်လျှောက် သုတနဲ့ ရသပိုင်းဆိုင်ရာ ဘာသာပြန်စာပေတွေ အများအပြားရေးခဲ့ပြီး အမျိုးသားစာပေဆု ငါးကြိမ်နဲ့ ၂၀၁၈ ခုနှစ်မှာ အမျိုးသားစာပေ တစ်သက်တာဆု ရရှိခဲ့ပါတယ်။
စာရေးဆရာတင်မောင်မြင့်ဟာ ဘာသာပြန်တွေအပြင် ပင်ကိုယ်ရေးစာများစာအုပ်ကို ၂၀၂၀ ပြည့်နှစ်မှာထုတ်ဝေခဲ့ပြီး မဂ္ဂဇင်းတွေမှာ ဖော်ပြခံခဲ့ရတဲ့ ဘာသာပြန်မဟုတ်တဲ့ ပင်ကိုယ်ရေး ၀တ္ထု၊ ဆောင်းပါးတွေကို စုစည်းထုတ်ဝေခဲ့တာဖြစ်ပါတယ်။
နာရေးစျာပနအစီအစဥ်ကို စနေနေ့မှာ ပြုလုပ်မယ်လို့ဆိုပြီး မိသားစုနဲ့ စာပေအသိုင်းအဝိုင်းက မိတ်ဆွေတွေက အသေးစိတ်ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အညာမြေတပ်ပေါင်းစု
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး နေရာတချို့မှာ နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ဘီဘီစီကိုပြောပါတယ်။
ဒီနေ့ ဇွန်လ ၁၈ ရက်နေ့လယ်ပိုင်းမှာလည်း မြိုင်ဒေသထဲမှာ စစ်တပ်က ဝေဟင်ကနေ လေယာဉ်တွေနဲ့ ကင်းထောက်စောင့်ကြည့်တာတွေ လုပ်နေတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
မြိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ မြိုင်ဒေသထဲက ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး)အဖွဲ့ဝင်တွေ အားကောင်းတဲ့ ရွာတချို့က စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးတဲ့နောက် နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာမှု ပိုတိုးလာတာလို့ ဆိုပါတယ်။
မနေ့ ဇွန်လ ၁၇ ရက်မှာလည်း မြိုင်ဒေသထဲက ညောင်ရွာတောင်ဘက်ပိုင်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ မြိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
တစ်ရက်တည်းမှာပဲ မြိုင်တောင်ပိုင်းက ဇီးတော၊ ပန်းတိုင်းတော၊ စိုတောအပါအဝင် ရွာပေါင်း ၅ ရွာထက်မနည်းမှာ စစ်တပ်က လေကြောင်းကနေ အကြိမ်ရေ ၂ ဒါဇင်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ဒီအခြေအနေကို သိတဲ့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
အဲဒီရွာတွေမှာ စစ်တပ်က တစ်ပတ်ကျော်ကြာ စစ်ကြောင်းထိုးနေတာဖြစ်သလို စစ်တပ်စစ်ကြောင်း ဖြတ်သန်းသွားတဲ့ နေရာတကြောမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်နေတာကြောင့် နှစ်ဖက်ထိတွေ့မှုတွေ ဆက်ရှိနေတယ်လို့ သူကဆိုပါတယ်။
မနေ့ ဇွန်လ ၁၇ ရက်တုန်းကလည်း မြိုင်မြို့နယ်တောင်ပိုင်းက မြဇီးတောင်ရွာက ဘုန်းကြီးကျောင်းဆောင်တွေအပါအဝင် နေအိမ် ၂၀ ကျော်နဲ့ ဆိုင်ကယ် ၁၇ စီး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
သူ့အပြောအရ စစ်တပ်စစ်ကြောင်းဟာ မြဇီးတောင်ရွာထဲကို ဇွန် ၁၆ ရက်ညမှာ စီးနင်းပြီးနောက် စစ်ကြောင်းပြန်မထွက်ခင် မီးရှို့ခဲ့တာလို့ သိရပါတယ်။
ပခုက္ကူအခြေစိုက်ပူးပေါင်းတပ်တွေဟာ မြိုင်မြို့နယ်ထဲက ပုသိမ်-မုံရွာကားလမ်းမကြီးဘေး သရက်ကန်ရွာမှာရှိတဲ့ ပြည်သူ့စစ်စခန်းကို မေလကုန်ပိုင်းမှာ တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
အလားတူ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်ရဲ့ရေပြာရဲစခန်းနဲ့ အဲဒီအနီးက ကုက္ကိုစုရွာတွေကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လဒုတိယအပတ်ထဲမှာပဲ ထိန်းချုပ်လိုက်ပါတယ်။
စစ်တပ်ကတော့ မြိုင်ဒေသက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ ဇွန်လ ၁၈ ရက် နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ပြည်ထောင်စု၊ ဟူစတန်အားကစားရုံမှာ ယှဉ်ပြိုင်သွားတဲ့ ပေါ်တူဂီနဲ့ ဒီအာရ်ကွန်ဂိုတို့ရဲ့ ကမ္ဘာ့ဖလား အုပ်စု(ကေ) အဖွင့်ပွဲဟာ ၁ ဂိုးသရေနဲ့ ပွဲပြီးခဲ့ပါတယ်။
ပေါ်တူဂီဟာ ယာအို နဗက်ဇ်ရဲ့သွင်းဂိုးနဲ့ အစောပိုင်းမှာ ဦးဆောင်နေပေမဲ့ နယူးကာဆယ်အသင်းမှာ တိုက်စစ်မှူးအဖြစ်ကစားနေတဲ့ ယိုအန် ဝစ်ဆာက ဒီအာရ်ကွန်ဂိုအတွက် ဂိုးပြန်သွင်းပေးခဲ့ပြီးနောက် ၁ ဂိုးသရေနဲ့ ပွဲပြီးခဲ့တာဖြစ်ပါတယ်။
အသက် ၄၁ နှစ်အရွယ် ခရစ္စတီယာနို ရော်နယ်ဒိုကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ၆ ကြိမ်မြောက် အဖွင့်ပွဲကစားတဲ့ဒီပွဲမှာ ဂိုးတဲ့အထိ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
အင်္ဂလန် ၄ -၂ ခရိုအေးရှား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်္ဂလန်ကလည်း ကမ္ဘာ့ဖလား အုပ်စု(အယ်လ်) အဖွင့်ပွဲကို ခရိုအေးရှားနဲ့ ကစားခဲ့တာဖြစ်ပြီး ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဒါးလက်စ်ကွင်းမှာကစားတဲ့ ဒီပွဲမှာ ဟယ်ရီ ကိန်းက အင်္ဂလန်အတွက် ၂ ဂိုး၊ ဒုတိယပိုင်းမှာ ဘယ်လင်ဟမ်နဲ့ ရက်ရှ်ဖို့ဒ်တို့က ၁ ဂိုးစီသွင်းခဲ့လို့ အင်္ဂလန်အသင်းဟာ အဖွင့်ပွဲမှာ ၃ မှတ်အထိရရှိထားပါတယ်။
သြစတြီးယား ၃ - ၁ ဂျော်ဒန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အုပ်စု ဂျေ အဖြစ်ကစားခဲ့တဲ့ သြစတြီးယားနဲ့ ဂျော်ဒန်တို့ပွဲမှာတော့ သြစတြီးယားက ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲရပါတယ်။
ပွဲအစမှာတော့ သြစတြီးယားဟာ ရိုမာနို ရှမစ်ရဲ့ တိုက်စစ်နဲ့ ဦးဆောင်ခဲ့တာပါတယ်။
ဒါပေမဲ့ ဂျော်ဒန်ဘက်ကလည်း ဒုတိယပိုင်း စကန်ပြီး မကြာခင်မှာပဲ အလီ အိုဝမ်က အ၀ိုက်ကန်ချက်နဲ့ ဂျော်ဒန်အတွက် ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံး ဂိုးကို သွင်းပေးခဲ့ပါတယ်။
ဂါနာ ၁ - ၀ ပနားမား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့ဖလား အုပ်စု အယ်လ် အဖွင့်ပွဲအဖြစ် ဂါနာနဲ့ ပနားမားအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာမှာ ဂါနာက နောက်ဆုံးမိနစ်မှ ဂိုးသွင်းနိုင်ခဲ့လို့ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ပနားမားဟာ ပွဲကစားချိန် ပြီးခါနီး စက္ကန့်ပိုင်းရောက်မှာ ပထမဆုံးကမ္ဘာ့ဖလားအမှတ်ရဖို့ အခွင့်အရေးနဲ့ ကပ်သီလေး လွဲခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့ နှစ်သင်းစလုံးဟာ အုပ်စု အယ်လ်မှာ အင်္ဂလန်အသင်းနဲ့ရော၊ ခရိုအေးရှားအသင်းနဲ့ပါ ကစားရဖို့ရှိနေပါတယ်။
ဥဇဘတ်ကစ္စတန် ၁ - ၃ ကိုလံဘီယာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မက္ကဆီကို စီးတီးအသင်းမှာ ကစားခဲ့တဲ့ ဥဘတ်ကစ္စတန်နဲ့ ကိုလံဘီယာအသင်းတို့ အုပ်စုအဆင့် ကေ အဆင့်ပွဲမှာတော့ ကိုလံဘီယာက ၃ ဂိုး ၁ ဂိုးနဲ့နိုင်ပါတယ်။
ကိုလံဘီယာကစားသမား လူဝီ ဒီယာ့ဇ်က ကိုယ်တိုင်လည်း တစ်ဂိုးသွင်းသလို အသင်းဖော် ဒါနီယယ် မူနို့ဇ် ဂိုးသွင်းနိုင်ဖို့လည်း ဘောလုံးကူပေးခဲ့ပါတယ်။
ဒါပေမဲ့ ဥဇဘတ်ကစားသမား ဖာဇူလာယက်က အနီးကပ် ခေါင်းတိုက် ဂိုးတစ်လုံးကို အသင်းအတွက် သွင်းပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမ္မတရာထူးယူထားတဲ့ နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဉ်အပြီး ၁၀ ရက်ကျော်အကြာမှာ တရုတ်နိုင်ငံကို သွားရောက်နေပါတယ်။
သမ္မတရှီက မြန်မာက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းတွေကို လုံခြုံရေးအာမခံချက်နဲ့ အကောင်အထည်ဖော်ဖို့ တွန်းအားပေးခဲ့ပြီး ဦးမင်းအောင်လှိုင်က တရုတ်ရဲ့ အကျိုးစီးပွားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးသွားမယ်လို့ အာမခံခဲ့ပါတယ်။
ဇွန် ၁၆ ရက်က ဘေကျင်းမြို့ ပြည်သူ့ခန်းမဆောင်က တွေ့ဆုံမှုအတွင်း မြန်မာမြောက်ပိုင်းတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) နှိမ်နင်းရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူပြီးတဲ့နောက် တရုတ်ကို ပထမဆုံးသွားရောက်တဲ့ ခရီးစဉ်မှာ နေပြည်တော်ရဲ့ တရုတ်ကို ကတိပြုချက်တွေက ဘာတွေပါလဲ။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း
မကွေး၊ ဆိပ်ဖြူမြို့နယ်က စစ်တပ်ရဲ့ အမှတ် ၃၀၃၆ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ စစ်ယာဉ်တန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ပူးပေါင်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၁၀ ဦး သေဆုံးတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ပခုက္ကူအမှတ် ၁၇ တပ်ရင်းအပါအဝင် ပူးပေါင်းတပ်တွေက သတင်းထုတ်ပါတယ်။
ဒီယာဉ်တန်းဟာ ဆိပ်ဖြူက အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ကို သွားမယ့် စစ်ယာဉ်တန်းလို့ဆိုပြီး Operation Su စစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ရဲ့တပ်ဖွဲ့ဝင်စုစုပေါင်း ၁၅ ဦးလိုက်ပါလာတဲ့အဲဒီ စစ်ယာဉ်တန်းကို ဆိပ်ဖြူမြို့အထွက် လမ်းပိုင်းတစ်နေရာမှာ ဇွန်လ ၁၆ ရက်က တိုက်ခိုက်ခဲ့တာလို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (NSP)ရဲ့ ပြန်ကြားရေးတာ၀န်ခံ ကိုသူရိန်က ပြောပါတယ်။
ဒီကနေ့ ဇွန် ၁၈ ရက်အထိ ဆိပ်ဖြူမြို့အပါအဝင် အနီးနားကျေးရွာတွေမှာ စစ်တပ်က အင်အားတွေထပ်ဖြန့်ကြက်ထားတယ်လို့ မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ဆိပ်ဖြူမြို့ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး မြို့နဲ့ ကပစ ၂၁ ဟာ မိုင် ၄၀ နီးပါးကွာဝေးပါတယ်။
“ဆိပ်ဖြူကနေ ကပစ-၂၁ ကိုသွားတဲ့ လမ်းပိုင်းမှာ စစ်ရေးတင်းမာမှုရှိနေတယ်” လို့ ကိုသူရိန်က ပြောပါတယ်။
တိုက်ပွဲအတွင်း သေနတ် ၅ လက်၊ ကျည်နဲ့ လက်ပစ်ဗုံးတွေအပါအဝင် ငွေသားတချို့နဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ကတော့ ဆိပ်ဖြူမြို့နယ်ထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ ရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, မကွေးဖက်ဒရယ်ယူနစ်
၂၀၂၆ ခုနှစ် နှစ်ဝက်ကျိုးလာချိန် မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၁၅ ရုံအထိရှိတဲ့ မကွေးတိုင်းမှာ စစ်ရေးတင်းမာနေပြီး အပြန်အလှန်ထိုးစစ်ဆင်မှုတွေ အရှိန်ကောင်းနေပါတယ်။
ဧရာဝတီမြစ်အနောက်ခြမ်းဒေသဖြစ်တဲ့ မကွေးတိုင်းဟာ ချင်းတောင်တန်း၊ ရခိုင်ရိုးမ၊ စစ်ကိုင်းအညာနဲ့ ပဲခူးအထိပါ နယ်နိမိတ်ထိစပ်နေလို့ စစ်တပ်ရော တော်လှန်ရေးအတွက်ပါ ဆက်သွယ်ရေး ဗဟိုချက်တစ်ခု ဖြစ်ပါတယ်။
"တော်လှန်ရေးတပ်တွေရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ထားလာနိုင်တဲ့ စစ်တပ်က စစ်ကိုင်း၊ မကွေးလို အညာမြေပြန့်ဒေသမှာ တော်လှန်ရေးတပ်တွေ ခြေကုပ်မယူနိုင်အောင် နယ်မြေ ရှင်းလင်းရေးတွေကို အလုံးအရင်းလိုက်လုပ်တဲ့အခြေအနေပါ" လို့ မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးက ပြောပါတယ်။
အထူးသဖြင့် ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ မင်းဘူးခရိုင်တို့မှာ စစ်ရေးအလှုပ်အခတ်အများဆုံးဖြစ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကလည်း သိရပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DSI
ထိုင်းမှာ ဘန်ကောက်နဲ့ အနီးနား ခရိုင်တွေမှာ ပြုလုပ်ခဲ့တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး နှိမ်နင်းမှုတွေအတွင်း ဘတ်ငွေ ၆၅ သန်းကျော်၊ ဇိမ်ခံကားတွေနဲ့ လက်ဝတ်ရတနာတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအထူးစုံစမ်းရေးဌာန(DSI) က သတင်းထုတ်ပါတယ်။
ပြည်ပငွေလဲစျေးကွက် (Forex)ကို ရင်းနှီးမြှုပ်နှံမှုလုပ်တယ်လို့ဆိုတဲ့ မသင်္ကာစရာကွန်ရက်ကို တိုက်ဖျက်ဖို့ ထိုင်းနိုင်ငံတလွှားလုပ်နေတဲ့ ခဝါချမှုတိုက်ဖျက်ရေး စီမံချက်အတွင်း အခုလို ဖမ်းဆီးခဲ့တာလို့ DSI က ဇွန်လ ၁၆ ရက်မှာ သတင်းထုတ်ပါတယ်။
စုံစမ်းစစ်ဆေးသူတွကတော့ အဲဒီကွန်ရက်မှာ နိုင်ငံရေးသမားတွေနဲ့ ဖျော်ဖြေရေးနယ်ပယ်က လူပုဂ္ဂိုလ်တွေပါဝင်တယ်လို့ ကနဦး ယူဆထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပြီလို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
လက်ရှိမှာ ဒီကွန်ရက်နဲ့ဆက်စပ်ပြီး လူပုဂ္ဂိုလ် ၇၀ နဲ့ လုပ်ငန်းတွေရဲ့ဘဏ်အကောင့်တွေကို ငွေအဝင်အထွက် လုပ်လို့မရအောင် ပိတ်သိမ်းထားလိုက်ပြီလို့လည်း ဆိုပါတယ်။
ထိုင်း DSI ကတော့ လက်ရှိမှာ သက်သေအဖြစ်ဖမ်းဆီးရထားတွေကို စိစစ်နေပြီး တွေ့ရှိချက်တွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ဒီ Forex နဲ့ဆက်စပ်ပြီး အင်တာနက်စာမျက်နှာတွေ၊ အက်ပလီကေးရှင်းနဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေအောက်မှာ လိမ်လည်ခံရသူတွေရှိရင်လည်း လာရောက် တိုင်တန်းကြဖို့ နှိုးဆော်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wai Hun Aung
ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စစ်တပ်ဗုံးကြဲမှုမှာ အသက် ၅ နှစ်အောက်ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ စုစုပေါင်း ၈ ဦးအထိ ရှိလာပြီး သေဆုံးအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ မြေပြင်မှာရှိတဲ့ စာရေးဆရာ ကိုဝေဟင်အောင်က ဘီဘီစီကို ဒီနေ့ ဇွန် ၁၈ ရက်မှာ ပြောပါတယ်။
ဗုံးကြဲမှုကြောင့် ဒဏ်ရာရသူ ၁၇ ဦးရှိပြီး အဲဒီထဲက ၅ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သူက ဖြည့်ပြောပါတယ်။
ကျောက်တော်မြို့နယ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက နေရာ ၉ နေရာလောက်ကို စစ်တပ်က မနေ့ညနေပိုင်းမှာ တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာလို့ အဲဒီအချိန်ကတည်းက သူကဆိုပါတယ်။
“မြို့ပေါ်က လူနေရပ်ကွက်တွေ ကစ္စပနဒီမြစ် ကျောက်တော်ဘက်က ကမ်းနဲ့ တဖက်ကမ်းက လမ်းမတော်ရွာဘက်တွေ ကြဲခံလိုက်ရတာ” လို့ သူက ဖြည့်ပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ကျောက်တော်မြို့အနီးက အေအေရဲ့ တပ်စခန်းကို လေကြောင်းကနေ ဗုံးကြဲပြီး ရှင်းလင်းခဲ့တယ်လို့ ရေးသားဖြန့်ဝေနေကြပါတယ်။
မြေပြင်မှာ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကတော့ ဗုံးကြဲခံလိုက်ရတဲ့ နေရာတွေဟာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ ဒေသခံတွေ နေထိုင်လှုပ်ရှားနေကြတဲ့နေရာတွေအနီးမှာ ဗုံးတွေ ကျကွဲခဲ့တာကြောင့် အရပ်သားတွေကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်က ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် စတဲ့ မြို့ ၃မြို့ကို ထိန်းချုပ်ထားပြီး ကျန်တဲ့မြို့တွေကို အေအေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်တပ်ကတော့ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို (Rules of Engagement ROE)နဲ့ အညီ လိုအပ်သလို ဆက်လုပ်သွားမယ်လို့ ၂၀၂၅ နှောင်းပိုင်းမှာ ပြောထားပါတယ်။
တစ်ဖက်မှာလည်း ရခိုင်ဒေသထဲမှာ ပြီးခဲ့တဲ့ လတွေအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ အေအေက အကြိမ်ကြိမ်ထုတ်ပြောထားပါတယ်။
ကျောက်တော်မြို့ ဗုံးကြဲခံရမှုနဲ့ပတ်သက်လို့ မြန်မာစစ်တပ်က ဒီနေ့ ဇွန်လ ၁၈ ရက် မနက်ပိုင်းအထိ သတင်းထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။
မင်္ဂလာပါ။ ဇွန်လ ၁၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။