မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းကို ကျည်ကျမှုနဲ့ ထိုင်းဒေသခံတွေ ဆန္ဒပြ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက မင်းလက်ပံနဲ့ ဖလူးဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ထိုင်းဘက်ခြမ်းကို ကျည်ကျရောက်မှုကြောင့် နယ်စပ်က ထိုင်းဒေသခံတွေ ဒီနေ့မနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ထိုင်းဘက်ခြမ်း၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲက မဲ့ကို့ကင်းရွာခံတချို့စုဝေးပြီး ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြတဲ့နေရာကို ထိုင်းစစ်တပ်အရာရှိတချို့လည်း တက်ရောက်ခဲ့တယ်လို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်းစစ်တပ်က လက်နက်ကျည်ထပ်ကျရင် ပစ်တဲ့နေရာနဲ့အဖွဲ့အစည်းကို တုံ့ပြန်မယ်လို့ ကြေညာပြီးတဲ့နောက် ထိုင်းဒေသခံတွေကလည်း အခုလို ဆန္ဒထုတ်ဖော်လာကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေတုန်းကလည်း ထိုင်းဘက်ခြမ်းကို မြန်မာဘက်ခြမ်း တိုက်ပွဲကနေ လက်နက်ကြီးကျည် ကျရောက်မှုတွေရှိခဲ့လို့ ထိုင်းဘက်က နေအိမ်တချို့နဲ့ ဒေသခံထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
ထိုင်းဘက်ခြမ်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှု မကြာခဏဖြစ်နေတဲ့ဖြစ်စဉ်တွေကို ဖြေရှင်းဖို့ဆိုပြီး ထိုင်းစစ်တပ်က အဆင့်ဆင့်လုပ်မယ့် အစီအမံ ၄ ရပ် ကိုလည်းချမှတ်ထားပြီးဖြစ်ပါတယ်။
မြန်မာဘက်က ကျည် ထပ်ကျလာရင် ထိုင်းစစ်တပ်အနေနဲ့ စစ်ဖက်ဆိုင်ရာလုပ်ထုံးလုပ်နည်း(Rules of Engagment) အတိုင်းတုံ့ပြန်သွားမယ်လို့ ထိုင်းစစ်တပ်က ကြေညာထားတာပါ။
သတိပေးချက်အနေနဲ့ မီးခိုးဗုံးတွေနဲ့ အရင်ပစ်ခတ်သွားမယ်လို့ ထိုင်းစစ်တပ်ကဆိုပါတယ်။
ထိုင်းနိုင်ငံသားတွေရဲ့အသက်၊ အိုးအိမ်စည်းစိမ်တွေကို ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ပစ်ခတ်လာရင်တော့ သင့်တော်တဲ့တန်ပြန်အစီအမံတွေနဲ့ တိုက်ပွဲရပ်ဖို့ ဖိအားပေးသွားမယ်လို့လည်း ထိုင်းစစ်တပ်က ပြောထားပါတယ်။
ဒီအစီအမံထဲမှာ လုံခြုံရေးအင်အားတိုးချဲ့တာတွေ၊ စစ်ဆေးရေးဂိတ်တွေ ပိုချတာ၊ မိုအိ(သောင်ရင်း) မြစ်တလျှောက် မြေပြင်နဲ့ ရေပြင်မှာ ကင်းလှည့်တာတွေ လုပ်မယ့်အပြင် အခြေအနေတွေကို ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ အနီးကပ်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
တစ်ဖက် သံတမန်ရေးအရဆိုရင်လည်း ဒီလိုဖြစ်စဉ်တွေထပ်ဖြစ်တာနဲ့ မြန်မာ စစ်တပ်ဘက်ကို နှစ်နိုင်နယ်စပ်ကော်မတီကတဆင့် ချက်ချင်းဆက်သွယ်မယ်လို့ ဆိုပါတယ်။
ထိုင်းစစ်တပ် နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် ဆန့်ကျင်ကန့်ကွက်ကြောင်း နဲ့ ထိခိုက်မှုတွေအတွက် မြန်မာအစိုးရဘက်က တာဝန်ယူဖို့ တောင်းဆိုသွားမယ်လို့ ထိုင်းစစ်တပ်က ပြောထားပါတယ်။