ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ICJ စီရင်ချက် မမျှတဘူးလို့ နေပြည်တော်ပြော

ICJ စီရင်ချက် မမျှတဘူးလို့ နေပြည်တော်ပြော၊ မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း မဖြစ်မနေပြန်လွှဲခိုင်းမှု ထိုင်းအလုပ်သမားဝန်ကြီး ကန့်ကွက်တဲ့သတင်းအပါအဝင်နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ICJ ရဲ့ စီရင်ချက်မှာပါတဲ့ တာဝန်ဝတ္တရားတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ မြန်မာအာဏာပိုင်တွေကို ဘင်္ဂလား‌ဒေ့ရှ်တောင်းဆို
  • ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ်ပဲမူတည်တယ်လို့ သမ္မတရုံးပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးပြော
  • ICJ ရဲ့ မြန်မာအပေါ် စီရင်ချက်က မမျှတဘူးလို့ နေပြည်တော်ပြော
  • ရိုဟင်ဂျာတွေကို လူသားစာနာကူညီရေးမှာ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်တွေကို အေအေနဲ့ ချိတ်ဆက်ဖို့ KNU တောင်းဆို
  • စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းကျင့်သုံးဖို့ မလိုအပ်ပေမယ့် အရွယ်ရောက်သူတိုင်း စစ်ပညာသင်ဖို့ လိုအပ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော
  • ကုလက အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို နေပြည်တော် ကန့်ကွက်
  • ပဲခူးနဲ့ မွန်က NUG နဲ့ KNU လက်အောက်ခံ တပ်စခန်းတွေအပါ ပူးပေါင်းအဖွဲ့တွေရဲ့ တပ်စခန်း ၂၈ ခုကို သိမ်းခဲ့တယ်လို့ နေပြည်တော်ပြော
  • ထိုင်းကိုသွားမယ့် မြန်မာလုပ်သားတွေကို လစာ ၂၅ ရာခိုင်နှုန်းလွှဲဖို့ မြို့နယ်ရုံးတွေမှာ ကတိဝန်ခံချက်လက်မှတ်ရေးထိုးခိုင်း
  • မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ၂၅ ရာခိုင်နှုန်းကို မြန်မာကိုမဖြစ်မနေ ပြန်လွှဲပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ထိုင်းအလုပ်သမားဝန်ကြီးက ကန့်ကွက်
  • ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ရဲ့ ခေါင်းဆောင်နှစ်ဦးကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး အမေရိကန်က ပိတ်ဆို့အရေးယူ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နို၀င်ဘာ ၂၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. တရုတ်သံရုံးက နေပြည်တော်မှာရုံးသစ်ဖွင့်

    မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ နေပြည်တော်ဆက်သွယ်ရေးရုံးသစ်ကို နိုဝင်ဘာလ ၂၀ ရက် မနက်ပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။

    တရုတ်သံအမတ်ကြီး မစ္စမာကျားနဲ့ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးကိုကိုကျော်တို့က ဆက်သွယ်ရေးရုံးသစ်ကို ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

    နေပြည်တော်ဆက်သွယ်ရေးရုံးသစ်ကို ဖွင့်လှစ်လိုက်တဲ့အတွက် တရုတ်နဲ့ နေပြည်တော်ကဝန်ကြီးဌာနတွေကြား ဆက်သွယ်မှု ပိုမို အားကောင်းစေမယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

    အရင်အစိုးရတွေလက်ထက်ကတည်းက ရန်ကုန်မြို့က သံရုံးတွေကို နေပြည်တော်ကိုရွှေ့ဖို့တိုက်တွန်းခဲ့ပေမဲ့ သံရုံးအများစုကတော့ ရွှေ့ဖို့ဆန္ဒမရှိခဲ့ကြပါဘူး။

    အာဏာသိမ်းပြီးတဲ့နောက် အနောက်နိုင်ငံကသံရုံးတချို့မြန်မာနိုင်ငံထဲကနေထွက်ခွာခဲ့ကြပေမဲ့ တရုတ်ကတော့ နေပြည်တော်မှာပါ ဆက်ဆံရေးရုံးသစ်လာဖွင့်ခဲ့တာဖြစ်ပါတယ်။

    တရုတ်က ရန်ကုန်မြို့မှာသံရုံးဖွင့်ထားတဲ့အပြင် မန္တလေးမြို့မှာလည်း တရုတ်ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်ထားပါတယ်။

  3. အာဆီယံသေနတ်ပစ်ပြိုင်ပွဲ မြန်မာစစ်တပ် အဆင့် ၄ ရ

    မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြုလုပ်တဲ့ ၃၄ ကြိမ်မြောက် အာဆီယံ ကြည်းတပ်သေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာစစ်တပ်က အမှတ်ပေးဇယားမှာ အဆင့် ၄ ရခဲ့ပါတယ်။

    မြန်မာစစ်တပ်ရဲ့အထက်မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့က ရပ်တည်ခဲ့ပါတယ်။

    မြန်မာကအသင်းလိုက်အမှတ်ပေး ပြိုင်ပွဲမှာ ရွှေတံဆိပ် ၁ ခုနဲ့ ကြေးတံဆိပ်၂ ခု၊ တစ်ဦးချင်းပြိုင်ပွဲမှာရွှေတံဆိပ် ၂ ခုရခဲ့တာဖြစ်ပါတယ်။

    မလက္ကာမြို့ကတီရန်ဒတ် လေ့ကျင့်ရေးစခန်းမှာ ကျင်းပခဲ့တဲ့ပြိုင်ပွဲကို ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်း ဦးဆောင်သွားရောက်ခဲ့တာဖြစ်ပါတယ်။

    အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာကို နိုင်ငံရေးအရကိုယ်စားပြုသူတွေတက်ရောက်ခွင့်ကန့်သတ်ခံထားရပေမဲ့ အာဆီယံတပ်မတော်အဆင့်အစည်းအဝေးတွေကိုတော့ ပုံမှန်တက်ရောက်ခွင့်ရနေပါတယ်။

    ဒီခရီးစဥ်အတွင်း (၂၇)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး ကိုပါ ဒုချုပ်က တက်ရောက်ခဲ့ပါတယ်။

    အစည်းအဝေးကာလအတွင်း နိုဝင်ဘာ ၁၆ ရက်က ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါနာ ကလာ အူပလော့တွတ်နဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ တွေ့ဆုံခဲ့ကြပြီး နယ်စပ်ဒေသလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်ပိုင်းက မြန်မာဘက်ကလက်နက်ကြီးကျည်တစ်လုံးထိုင်းဘက်ခြမ်းကို ကျရောက် ပေါက်ကွဲလို့ ထိုင်းစစ်တပ်က သတိပေးတဲ့အနေနဲ့ပြန်လည်ပစ်ခတ်တာအပြင်ထိုင်း- မြန်မာနယ်စပ်တလျှောက်မှာလည်းလုံခြုံရေးတိုးမြှင့်ခဲ့ပါတယ်။

    ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်နဲ့ဆက်နေတဲ့မြဝတီမြို့နယ်တကြောမှာပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ထိုင်းစစ်ဦးစီးချုပ်ကဘန်ကောက်မြို့က မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းသူလင်းကိုနိုဝင်ဘာလဆန်း မှာ ခေါ်ယူသတိပေးခဲ့ပါတယ်။

  4. ICJ ရဲ့ မြန်မာအပေါ် စီရင်ချက် ကျယ်ပြန့်တဲ့ သက်ရောက်မှုတွေရှိလာနိုင်

    ၁၉၄၅ခုနှစ်နောက်ပိုင်း ချမှတ်ခဲ့တဲ့ နိုင်ငံတကာစည်းမျဉ်းတွေနဲ့ သဘောတူစာချုပ်တွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ ခေတ်ကာလမှာ အရင်က မကြုံဖူးတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

    သူတို့သုံးဦး တရုတ်နိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပတဲ့နေ့မှာပဲ ICJ က နိုင်ငံတကာဥပဒေဟာ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။ အရပ်သားတွေအပေါ် အင်အားသုံးတိုက်ခိုက်မှုတွေမှာလည်းအကျိုးဆက်တွေ ရှိလာနိုင်ကြောင်း ပြသနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

    ၁၉၄၈ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်ဟာ နာဇီတွေ မရှုံးနိမ့်ခင် နှစ်တွေက ဖြစ်ပွားခဲ့တဲ့ အကန့်အသတ်မဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ စစ်ပွဲတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ထပ်မံမဖြစ်ပွားစေဖို့ ကုလသမဂ္ဂကို ဗဟိုပြုပြီး တည်ဆောက်ခဲ့တဲ့ နိုင်ငံတကာစနစ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. ICJ ရဲ့စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ မြန်မာအာဏာပိုင်တွေကို ဘင်္ဂလားဒေ့ရှ်တောင်းဆို

    ရိုဟင်ဂျာအရေး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ရဲ့ စီရင်ချက်ကို ကြိုဆိုလက်ခံသလို စီရင်ချက်မှာပါတဲ့ တာဝန်ဝတ္တရားတွေကို ထိထိရောက်ရောက် စနစ်တကျအကောင်အထည်ဖော်လုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကို ဘင်္ဂလား‌ဒေ့ရှ်အစိုးရက စာထုတ်တောင်းဆိုလိုက်ပါတယ်။

    နိုင်ငံတကာအနေနဲ့လည်း ရိုဟင်ဂျာတွေအပေါ် ပြန်လည်ကုစားရေးမှာ အကူအညီပေးကြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီနေ့ ထုတ်ပြန်တဲ့စာထဲမှာ တိုက်တွန်းထားပါတယ်။

    ကုစားရေးမှာလည်း ရိုဟင်ဂျာတွေကို မူလနေရပ်ကို ပြန်လည်ပို့ဆောင်ရေးကသာ အကျပ်အတည်းအတွက် တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်က ထုတ်ပြောပါတယ်။

    ICJ ရဲ့ စီရင်ချက်ဟာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက် အဓိကကျတဲ့ တွန်းအားတစ်ခုဖြစ်လာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

    အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရိုဟင်ဂျာတွေ မြန်မာကနေရပ်မပြန်နိုင်ခင် အချိန်ကာလစပ်ကြားမှာလည်း လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို ပိုတိုးပေးဖို့ ကုလနဲ့ နိုင်ငံတကာမိတ်ဖက်တွေကို ဘင်္ဂလားဒေ့ရှ်ကတောင်းဆိုပါတယ်။

    တစ်ဖက်မှာလည်း ICJ ရဲ့ စီရင်ချပြီး နောက်တစ်နေ့မှာပဲ ကုလရဲ့ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ(UGNA)ရဲ့ သဘာပတိဖြစ်သူ ဒေါက်တာ ကာလစ်လာ ရေမန်ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းကို ရောက်ရှိလာတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးကော်မရှင်(RRRC)ကနေ ထုတ်ပြန်ပါတယ်။

    သဘာပတိအနေနဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခဝေဒနာများကို မေ့လျော့ထားတာမဟုတ်ကြောင်းနဲ့ တရားမျှတမှုကိုရှာဖွေဖို့ လက်တွေ့လုပ်ဆောင်ရမယ့်အချက်တွေကိုလည်း ပြောကြားခဲ့တယ်လို့ RRRC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    အလားတူ တူရကီနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မICJ ရဲ့ စီရင်ချက်ပါ အချက်တွေကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေကို စာထုတ်ပြီး တောင်းဆိုပါတယ်။

    ရိုဟင်ဂျာတွေရဲ့ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို အာမခံချက်ပေးနိုင်မယ့်လုပ်‌ဆောင်ချက်တွေ စတင်ဖို့ စာထဲမှာ တိုက်တွန်းထားပါတယ်။

  6. ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရေး နေပြည်တော်သဘောထား

    ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ်ပဲမူတည်တယ် လို့ ဒီနေ့ပြုလုပ်နေတဲ့သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

    “ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာပဲမူတည်ပြီး အခွင့်အရေးတွေရလာနိုင်ပါတယ်” လို့ သူက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးမပေး ကိစ္စနဲ့ပတ်သက်ပြီး Time မဂ္ဂဇင်းနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာနေပြည်တော်သမ္မတဦးမင်းအောင်လှိုင်ရဲ့ ပြောကြားချက်ကို ပြန်ကိုးကားပြီး ဒေါ်ခိုင်ခိုင်စိုးက ဖြေခဲ့တာပါ။

    အနာဂတ်ဆိုတာကြိုမမြင်နိုင်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ဆောင်ချက်တွေအပေါ်မူတည်ပြီး လျှော့ပေါ့စဥ်းစားရမယ့်အချက်တွေပေါ်လာရင် စဥ်းစားပေးမယ်လို့ ဦးမင်းအောင်လှိုင်ကဖြေခဲ့ဖူးပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ ဖုန်းပေးပြောတာ၊ နေအိမ်အကျယ်ချုပ်ပြောင်းပေးထားတာစတဲ့ဖြေလျှော့ပေးမှုတွေကိုလည်း ပြောရေးဆိုခွင့်ရှိသူက ထည့်ပြောသွားပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကအာဆီယံထိပ်သီးဆွေးနွေးပွဲမှာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နဲ့အာဆီယံအပါအဝင် နိုင်ငံတကာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလွှတ်ပေးရေး တောင်းဆိုထားပါတယ်။

  7. ICJ စီရင်ချက် မမျှတဘူးလို့ နေပြည်တော်ပြော

    အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ရဲ့ မြန်မာအပေါ်စီရင်ချက်က မမျှတဘူးလို့ ဒီနေ့ပြုလုပ်နေတဲ့သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောလိုက်ပါတယ်။

    လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ပါ တာဝန်တွေကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့တယ်လို့ ICJ က မနေ့က ဆုံးဖြတ်ခဲ့တာပါ။

    “တရားသူကြီး ၁၅ ယောက်လုံးက သဘောတူခဲ့တာမဟုတ်ပါဘူး။ ၉ ယောက်က ဒီဆုံးဖြတ်ချက်ကို သဘောတူတယ်။ ခြောက်ယောက်က သဘောမတူဘူး။ ဆိုတော့ ဒါသည် အားလုံးတစ်ညီတစ်ညာတည်း ဆုံးဖြတ်ချက်မဟုတ်ဘူး။ Fair မဖြစ်ဘူး"လို့ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

    မြန်မာနိုင်ငံဟာရခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာလူမျိုးစုအပေါ်လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း တရားရုံးက ၉ မဲ၊ ၆မဲနဲ့ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

    မြန်မာနိုင်ငံအနေနဲ့မတရားစွပ်စွဲခံရသလို ဖြေရှင်းစရာရှိတာတွေကို သေချာဖြေရှင်းလိုက်နာခဲ့တယ်လို့ သူကပြောပါတယ်။

  8. အေအေနဲ့ ချိတ်ဆက်ဖို့ နိုင်ငံတကာကို KNU တောင်းဆို

    အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ရဲ့ စီရင်ချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ထောက်ခံလိုက်ပြီး အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်တွေကို အာရက္ခတပ်တော်(အေအေ)နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့တောင်းဆိုလိုက်ပါတယ်။

    ရိုဟင်ဂျာအသိုင်းအဝိုင်းတွေ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ပါ ချိတ်ဆက်လုပ်ဆောင်ဖို့ KNU ရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

    KNU အနေနဲ့ တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ကို မြှင့်တင်ဖို့အတွက် အမျိုးသမီးတွေနဲ့ နေရပ်ရွှေ့ပြောင်းခံရတဲ့အသိုင်းအဝိုင်းတွေအပြင် ရိုဟင်ဂျာ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက် လုပ်ဆောင်ဖို့ အသင့်ရှိနေတယ်လို့ စာထဲမှာ ဖော်ပြပါတယ်။

    တစ်ဖက်မှာလည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ်က နိုင်ငံအနှံ့က လူထုတွေအပေါ်မှာလည်း ရာဇဝတ်မှုတွေကို ဆက်ကျူးလွန်နေဆဲဖြစ်တယ်လို့ KNU က ပြောပါတယ်။

    ရာဇဝတ်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ မြန်မာပြည်သူတွေ တရားမျှတမှုပြန်ရရေးအတွက် အာဆီယံအဖွဲ့တွေအပြင် နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ ဆက်ကြိုးပမ်းဖို့ လိုအပ်တယ်လို့ KNU က ထောက်ပြထားပါတယ်။

  9. အရွယ်ရောက်သူတိုင်း စစ်ပညာသင်ဖို့ လိုအပ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော

    စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းကျင့်သုံးဖို့ မလိုအပ်ပေမယ့် အရွယ်ရောက်သူတိုင်း စစ်ပညာမသင်မနေရ ဥပဒေမျိုး ပြဋ္ဌာန်းကျင့်သုံးဖို့ လိုအပ်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောလိုက်ပါတယ်။

    စစ်ပညာ၊ စစ်အင်အားကို လူအုပ်စုတစ်စုက လက်ဝါးကြီးအုပ်ထားခြင်း မပြုနိုင်တဲ့ စနစ်တစ်ခုဖြစ်အောင် ပြည်သူတိုင်း စစ်ပညာတတ်မြောက်ဖို့ လိုအပ်တယ်လို့လည်း NUG ဝန်ကြီးက ပြောပါတယ်။

    တစ်ဖက်မှာလည်း ၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါအဝင် ရခိုင်ပြည်နယ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တချို့ကလည်း ဒေသခံလူထုတွေကို စစ်သင်တန်းတက်ဖို့ ဖိအားပေးတာ၊ စည်းရုံးသိမ်းသွင်းတာတွေ လုပ်လာတယ်လို့ အဲဒီနေရာတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။

    စစ်တပ်နဲ့ တိုက်ပွဲတွေဖော်ဆောင်နေတဲ့ အာရက္ခတပ်တော်(အေအေ)ကလည်း သူထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ စစ်သားစုဆောင်းပြီး စစ်သင်တန်းပေးနေတယ်လို့ ရခိုင်ဒေသခံတချို့က ပြောပါတယ်။

    အေအေဟာ ရခိုင်ပြည်နယ်ထဲက စစ်မှုထမ်းသက်နဲ့ အကျုံးဝင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေကိုလည်း ပြည်နယ်ထဲက ထွက်ခွာခွင့်ပိတ်ထားပါတယ်။

    အလားတူ ရှမ်းမြောက် ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာလည်း မြို့နဲ့ ရပ်ရွာကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လူစု‌ဆောင်းပြီး စစ်သင်တန်းပေးတာတွေလုပ်နေတယ်လို့ ဒေသခံတချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။

    မြန်မာစစ်တပ်ကလည်း စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်ကတည်းက အသက်သွင်းခဲ့ပြီး စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့တန်းစစ်မျက်နှာတွေအထိ စေလွှတ်ပြီး တိုက်ပွဲဖော်နေတာဖြစ်ပါတယ်။

    လက်ရှိမှာ တပ်က စစ်မှုထမ်းအပတ်စဉ် ၃၀ အထိ လူစုဆောင်းပြီး စစ်သင်တန်းလေ့ကျင့်‌ပေးနေပြီဖြစ်ပါတယ်။

  10. ICJ အမှု - ရက်စွဲမှတ်တမ်း

    ၂၀၁၉ ခုနှစ်မှာ မြန်မာအပေါ် အာဖရိကတိုက်က နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတရားရုံး ICJ မှာ အကြီးလေးဆုံးပြစ်မှုတစ်ခုဖြစ်တဲ့ Genocide လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့ပါတယ်။

    ၂၀၂၆ ခုနှစ်၊ နို၀င်ဘာ ၁၉ မှာတော့ နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့က ICJ တရားရုံးဟာ မြန်မာဟာ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်ကျူးလွန်တယ်လို့ အမိန့်ချဆုံးဖြတ်လိုက်ပါတယ်။

    ဒီအမှု ဘယ်လိုစတင်ဖြစ်ပေါ်ပြီး ဘယ်လိုဆက်လက်ကြားနာစစ်ဆေးခဲ့ကြလဲဆိုတာ နေ့စွဲအလိုက် ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  11. ကုလရဲ့ ရိုဟင်ဂျာအခွင့်အရေးမူကြမ်း နေပြည်တော်ပယ်ချ

    ကုလသမဂ္ဂကနေ အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်တယ်လို့ နေပြည်တော်ရဲ့ နိုင်ငံခြား‌ရေးဝန်ကြီးဌာနကနေ ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

    အဲဒီဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာ ၁၈ ရက် နယူးယောက်မြို့မှာလုပ်တဲ့ ကုလအထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်းအဝေးမှာ ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက်မဲ ၆ မဲ၊ ကြားနေမဲ ၃၀ တို့နဲ့ အတည်ပြုခဲ့တာပါ။

    ဘယ်လာရုစ်၊ တရုတ်၊ မြောက်ကိုရီးယား၊ နီကာရာဂွါ၊ ရုရှားနဲ့ ဗီယက်နမ် စတဲ့ ၆ နိုင်ငံက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

    နေပြည်တော်ကတော့ ဒီဆုံးဖြတ်ချက်အဆိုဟာ မြေပြင်အခြေအနေကို ထင်ဟပ်ခြင်းမရှိဘူးလို့ပြောပြီး သက်ဆိုင်ရာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ် တက်ရောက်ခြင်းမရှိတဲ့အခြေအနေမှာ အတည်ပြုခဲ့တာကြောင့် ပယ်ချတာလို့ ဆိုပါတယ်။

    ကုလရဲ့အဲဒီအစည်းအဝေးကို မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းတက်ရောက်ခဲ့တာဖြစ်ပြီး မူကြမ်းကိုလည်း ထောက်ခံထားပါတယ်။

    ဒီဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာနိုင်ငံတဝန်း အပစ်အခတ်ရပ်စဲဖို့၊ လေကြောင်းတိုက်ခိုက်မှုအားလုံး ချက်ချင်းရပ်ဖို့နဲ့ စစ်တပ်ကို လက်နက်နဲ့ လေယာဉ်ဆီ လွှဲပြောင်းရောင်းချတာတွေ ရပ်တန့်ဖို့ တိုက်ရိုက်တောင်းဆိုချက်တွေ အားနည်းနေတယ်လို့ သူက ထောက်ပြထားပါတယ်။

    နေပြည်တော်ကတော့ ကုလအဖွဲ့ဝင် နိုင်ငံတချို့ဟာ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်ကို နိုင်ငံရေးအရ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုတာကြောင့် တဖက်သတ်သတင်းတွေပေါ် မူတည်ပြီး ကာယကံရှင်နိုင်ငံရဲ့ သဘောဆန္ဒမပါဘဲ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်တဲ့ ဆုံးဖြတ်ချက်‌အဆိုတွေ ချမှတ်ဖို့ ဆောင်ရွက်နေကြတယ်လို့ ထုတ်‌ပြောပါတယ်။

    အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကတော့ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ နိုဝင်ဘာ ၁၉ ရက် နယ်သာလန်၊ သည်ဟိတ်မြို့က ICJ ရုံးချုပ်ကနေ စီရင်ချက်ချလိုက်ပါတယ်။

    မြန်မာနိုင်ငံရဲ့လုပ်ရပ်တွေအတွက် ရိုဟင်ဂျာတွေကို ပြန်လည်ကုစားပေးဖို့ တာဝန်ရှိသလို ပြန်လည်ကုစားပေးမှုဟာ နစ်နာဆုံးရှုံးမှုနဲ့ အချိုးညီရမှာဖြစ်ပြီး လျော်ကြေးပမာဏနဲ့ ပေးအပ်မယ့် နည်းလမ်းတွေကိုတော့ တရားစွဲဆိုမှုရဲ့ နောက်ထပ်အဆင့်တစ်ခုမှာ ဆုံးဖြတ်သတ်မှတ်သွားမှာဖြစ်ပါတယ်။

  12. ပဲခူးနဲ့ မွန်က တပ်စခန်း ၂၈ ခု သိမ်းခဲ့တယ်လို့ နေပြည်တော်ပြော

    ပဲခူး၊ ‌ရွှေကျင်နဲ့ မွန်၊ သိမ်ဇရပ်မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) အပါအဝင် ပူးပေါင်းအဖွဲ့တွေရဲ့ တပ်စခန်း ၂၈ ခုကို နိုဝင်ဘာလအတွင်း စစ်တပ်က သိမ်းလိုက်တယ်လို့ နေပြည်တော်က ဒီနေ့ နိုဝင်ဘာ ၂၀ ရက် သတင်းစာကနေ ထုတ်ပြန်ပါတယ်။

    တပ်စခန်း ၂၈ ခုထဲ ၁၁ ခုကတော့ ပဲခူး၊ ရွှေကျင်မြို့နယ်ထဲက တပ်စခန်းတွေဖြစ်ပြီး စခန်း ၁၇ ခုက‌တော့ မွန်၊ သိမ်ဇရပ်က တပ်စခန်းတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးပါတယ်။

    ဒါ့အပြင် NUG ရဲ့ အထူးတိုင်းစစ်ဌာနတစ်ခုကိုလည်း သိမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

    နိုဝင်ဘာလ ၃ ရက်ကနေ ၁၉ ရက်အထိ သီတင်းပတ် ၂ ပတ်ကျော်အတွင်း စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ နေပြည်တော်က ပြောပါတယ်။

    ရွှေကျင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်တပ်သိမ်းလိုက်တဲ့ စခန်းအများစုက ယာယီတပ်စခန်းတွေသာဖြစ်ပြီး စစ်ဗျူဟာအရ ဆုတ်လိုက်တဲ့ စခန်းတွေလို့ ဘီဘီစီကို ပြောပါတယ်။

    “ရန်သူတိုးရင် ဆုတ်မယ်။ ရန်သူဆုတ်ရင် တိုးမယ်။ ပြောက်ကျားဗျူဟာအရ ယာယီတပ်စခန်းတွေ အရွှေ့အပြောင်းလုပ်ရတာ အထူးအဆန်းမဟုတ်ဘူး” လို့ သူက ဆက်ပြောပါတယ်။

    မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ စစ်တပ်ဘက်က အင်အားသာလွန်နေတာကြောင့် တော်လှန်‌ရေးနဲ့ပူးပေါင်းတပ်တွေဘက် အင်အားကို ချွေတာပြီး လိုသလိုဆောင်ရွက်နေရတဲ့သဘောလို့ ဆိုပါတယ်။

    နေပြည်‌တော်ကတော့ နိုဝင်ဘာလထဲ ပဲခူးနဲ့ မွန်ဒေသမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း တော်လှန်‌ရေးတပ်တွေဘက်က ခေါင်းဆောင် ၂ ဦးအပါ ရုပ်အလောင်း ၇ လောင်းနဲ့ လက်နက် ၃၇ လက်အပြင် စစ်အသုံးအဆောင်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

  13. မြန်မာလုပ်သားတွေ လစာ ၂၅ ရာခိုင်နှုန်းလွှဲဖို့ မိသားစုကိုပါ အာမခံခိုင်း

    ထိုင်းကိုသွားမယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကနေ နိုင်ငံထဲက မိသားစုဆီ လွှဲပို့မယ်ဆိုတဲ့ ကတိဝန်ခံချက်ကို လက်မှတ်ရေးထိုးခိုင်းနေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

    “အရင်က လုပ်သားစာချုပ်ထဲမှာပဲထိုးရတာ၊ အခုက အလုပ်သမားမိသားစုရော အလုပ်သမားရော အေဂျင်စီဘက်ကလူရော မြို့နယ်ရုံးမှာ ဝန်ခံချက်သွားထိုးရတော့မှာ”လို့ သူက ရှင်းပြပါတယ်။

    ထိုင်းကိုအလုပ်သွားလုပ်မယ့်သူတွေ ကတိဝန်ခံချက်ထိုးစေဖို့ကို နေပြည်တော် အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက်မှာ ညွှန်ကြားလိုက်တာလို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “အလုပ်သမားနေထိုင်တဲ့ သက်ဆိုင်ရာ မြို့နယ်ရုံးမှာ လက်မှတ်ထိုးရမယ်။ ပြီးရင် အေဂျင်စီကတဆင့် ဝန်ကြီးဌာနကိုတင်ပြရမယ့်သဘောပေါ့” လို့ သူက ဆက်ပြောပါတယ်။

    သတင်းရင်းမြစ်ပြောပြတဲ့ အချက်အလက်တွေအရ အေဂျင်စီတွေဘက်ကလည်း အလုပ်သမားဘက်က တရားဝင်လမ်းကြောင်းနဲ့ လုပ်ခ ၂၅ ရာခိုင်နှုန်းငွေလွှဲရေးအတွက် တာဝန်ယူဆောင်ရွက်ပေးရမယ့်သူအဖြစ် ကတိဝန်ခံချက်မှာ လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။

    “အေဂျင်စီတွေကိုပါ ထပ်ကျပ်လိုက်တာပေါ့။ လုပ်သားဘက်က မလွှဲရင် အေဂျင်စီက စိုက်လျော်ရတာ၊ လိုင်စင်ပိတ်သိမ်းခံရတာတွေ ဖြစ်လာမှာ” လို့ အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာတော့ ထိုင်းကိုသွားမယ့်လုပ်သားတွေသာ ကတိဝန်ခံချက်ထိုးရဦးမှာဖြစ်တယ်လို့ သူက ဖြည့်ပြောပါတယ်။

    “ထိုင်းကတော့ လုပ်သားပိုများလို့ အလုပ်သမားများတဲ့နိုင်ငံကို အရင်တင်းကြပ်လိုက်တာလို့ သူက ထပ်ပြောပါတယ်။

    တစ်ဖက်မှာလည်း ထိုင်းအလုပ်သမားဝန်ကြီးက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံကို မဖြစ်မနေ ပြန်လွှဲပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ကန့်ကွက်တယ်လို့ ပြောထားပါတယ်။

    နေပြည်တော်အနေနဲ့ ဒီလိုမဖြစ်မနေလွှဲဖို့ဖိအားပေးနေတာဟာ နိုင်ငံတကာ အလုပ်သမားရေးရာ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့လည်း ထိုင်းအလုပ်သမားဝန်ကြီးက ထောက်ပြထားပါတယ်။

  14. ဗုဒ္ဓနဲ့ အစ္စလာမ် ရပ်ဝန်းဆုံရာက ရခိုင်နဲ့ ရိုဟင်ဂျာ

    ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်စွန်းက ရခိုင်ပြည်ဟာ တချိန်က ဘင်္ဂလား ၁၂ မြို့နဲ့ မြန်မာပြည်အောက်ပိုင်းထိ သြဇာလွှမ်းမိုးခဲ့တဲ့ ပဒေသရာဇ်နိုင်ငံတခု ဖြစ်ခဲ့ပါတယ်။ ၁၈ ရာစုနှောင်းမှာ မြန်မာလက်အောက် ကျရောက်ရာကနေ အနှစ် ၂၄ဝ ကျော်အတွင်း မြန်မာ၊ ဗြိတိသျှနဲ့ ဂျပန်လက်နက်နိုင်ငံတွေအောက်ကို ကျရောက်ခဲ့သလို ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်ထောင်စုအဝင် ရခိုင်တိုင်းအဖြစ်ကနေ ၁၉၇၄ က စပြီး ပြည်နယ်တခုအဖြစ် ပြောင်းလဲရပ်တည်လာခဲ့ပါတယ်။

    ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရခိုင်ဟာ မြန်မာစကားပြော မျိုးနွယ်စုတခုအဖြစ် သတ်မှတ်ခံရတဲ့အခြေအနေကနေ သီးခြားလူမျိုးနဲ့ ဒေသအဖြစ် ရပ်တည်နိုင်အောင် ကြိုးပမ်းတဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေကို တွေ့ခဲ့ရသလို ဒေသတွင်းနေ ရိုဟင်ဂျာမျိုးနွယ်တွေနဲ့ လူမျိုးရေး အဓိကရုဏ်းတွေ အကြိမ်ကြိမ် ဖြစ်လို့ ကမ္ဘာထိ ရိုက်ခတ်ခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  15. ကျားဖြန့်လုပ်ငန်းကြောင့် DKBA ခေါင်းဆောင်နှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

    ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ရဲ့ ခေါင်းဆောင်နှစ်ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦး၊ သူနဲ့ဆက်စပ်တဲ့ ကုမ္ပဏီနှစ်ခုကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး အမေရိကန်က ပိတ်ဆို့အရေးယူလိုက်ပါတယ်။

    အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်အရ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝနဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူဒေသမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ဗိုလ်မှူးကြီး စောအေဝမ်းတို့ကို ပိတ်ဆို့အရေးယူခဲ့တာ ဖြစ်ပါတယ်။

    အဲဒီနှစ်ဦးဟာ အွန်လိုင်းငွေလိမ်စင်တာတွေကို လုံခြုံရေးနဲ့ အကာအကွယ်ပေးနေသလို လူကုန်ကူးခံရပြီး အဲဒီစင်တာတွေမှာ အတင်းအကျပ် အလုပ်လုပ်ခိုင်းခံရသူတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်ရာမှာလည်း ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။

    စောအေဝမ်းဟာ ထိုင်း-မြန်မာနယ်စပ်အနီး ဘုရားသုံးဆူဒေသမှာ လုံခြုံရေးကို ကြီးကြပ်နေသူဖြစ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့လည်း အမေရိကန်ဘက်က ပြောပါတယ်။

    အဲဒီဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအတွက် အဆောက်အအုံအသစ်တွေ တိုးချဲ့ဆောက်လုပ်လာပြီး အဲဒီလုပ်ငန်းတွေလုပ်ကိုင်သူတွေကို DKBA က ကူညီပေးနော့ အမေရိကန်က ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ပိတ်ဆို့အရေးယူခဲ့ပါတယ်။

    အခုအရေးယူမှုမှာ ကမ္ဘောဒီးယားနိုင်ငံသား ကျောက်ဟွေ့ နဲ့ သူပိုင်ဆိုင်တဲ့ ကမ္ဘောဒီးယားအခြေစိုက် ကုမ္ပဏီနှစ်ခုလည်း ပါဝင်ပါတယ်။ ကျောက်ဟွေ့ဟာ အွန်လိုင်းငွေလိမ်စင်တာတစ်ခုကို ကိုယ်တိုင်ပိုင်ဆိုင်လုပ်ကိုင်ခဲ့သလို အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက လူတွေကို ပစ်မှတ်ထားပြီး ဒစ်ဂျစ်တယ်ငွေကြေးရင်းနှီးမြှုပ်နှံမှု အယောင်ဆောင်ငွေလိမ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။

    သူဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုခံထားရတဲ့ Prince Group ရဲ့ ငွေလိမ်စင်တာတစ်ခုကိုလည်း ငှားရမ်းအသုံးပြုခဲ့ပြီး အဲဒီအဖွဲ့ခေါင်းဆောင် ချန်ကျိကို လုံခြုံရေးအကာအကွယ်အတွက် ငွေပေးခဲ့တယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းငွေလိမ်စင်တာတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားတွေ ဒေါ်လာ ၁၈ ဒသမ ၂ ဘီလျံ ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီငွေပမာဏဟာ အခုအရေးယူခံရသူတွေကြောင့်သာ ဆုံးရှုံးခဲ့တာမဟုတ်ဘဲ ဒေသတွင်း ငွေလိမ်လုပ်ငန်းအားလုံးနဲ့ ဆက်စပ်တဲ့ ခန့်မှန်းချက်ဖြစ်ပါတယ်။

    အရေးယူမှုအရ သတ်မှတ်ခံရသူတွေရဲ့ အမေရိကန်ပိုင်နက်အတွင်းရှိ ပိုင်ဆိုင်မှုတွေနဲ့ အမေရိကန်နိုင်ငံသားတွေ ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်ဘဏ္ဍာရေးစနစ်ကို အသုံးပြုပြီး သူတို့နဲ့ ငွေကြေးဆိုင်ရာ အရောင်းအဝယ်လုပ်ဆောင်တာတွေကိုလည်း တားမြစ်ထားပါတယ်။

    အရှေ့တောင်အာရှနိုင်ငံတွေကိုလည်း ငွေလိမ်လုပ်ငန်းတွေ ပိတ်သိမ်းဖို့၊ အဲဒီလုပ်ငန်းတွေကို ဦးဆောင်သူတွေနဲ့ ကာကွယ်ပေးသူတွေကို တရားစွဲဆိုဖို့၊ လူကုန်ကူးခံရသူတွေကို ရှာဖွေကူညီပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

  16. မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း မဖြစ်မနေ လွှဲခိုင်းမှု ထိုင်းအလုပ်သမားဝန်ကြီး ကန့်ကွက်

    ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံကို မဖြစ်မနေ ပြန်လွှဲပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ထိုင်းအလုပ်သမားဝန်ကြီးက ကန့်ကွက်လိုက်ပါတယ်။

    အလုပ်သမားတွေရဲ့ လုပ်ခလစာဟာ သူတို့ကိုယ်တိုင် ရရှိပိုင်ဆိုင်တဲ့ ဝင်ငွေဖြစ်တဲ့အတွက် အဲဒီထဲက ငွေပမာဏတစ်ခုကို မဖြစ်မနေ ပြန်လွှဲခိုင်းတာဟာ နိုင်ငံတကာ အလုပ်သမားရေးရာ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ထိုင်းအလုပ်သမားဝန်ကြီး ဂျူလဖန် အမော်န်ဝီဝတ် က နိုဝင်ဘာ ၁၈ ရက်က ပြောပါတယ်။

    ဒီကိစ္စအပြင် မြန်မာအလုပ်သမားတွေအတွက် နိုင်ငံသားဖြစ်မှု အထောက်အထားလက်မှတ် (CI) ထုတ်ပေးနေတဲ့ စင်တာတွေရဲ့ လုပ်ငန်းစဉ်တွေမှာ မသမာတဲ့ ငွေကြေးကောက်ခံမှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ထံ တရားဝင်စာပေးပို့ကာ ဆွေးနွေးသွားမယ်လို့လည်း သူက ပြောပါတယ်။

    CI လုပ်ငန်းစဉ်တွေအတွင်း သတ်မှတ်ထားတဲ့ အခကြေးငွေထက် ပိုမိုကောက်ခံတာ၊ ပွဲစားခနဲ့ အခြားအပိုကြေးတွေ တောင်းခံတာ ရှိမရှိ စစ်ဆေးသွားမှာဖြစ်ပြီး ထိုင်းအရာရှိတွေ ပါဝင်ပတ်သက်မှုရှိမရှိကိုလည်း စုံစမ်းသွားမယ်လို့ ဆိုပါတယ်။

    စစ်ဆေးမှုတွေအတွင်း ဥပဒေချိုးဖောက်မှုတွေ တွေ့ရှိရင် ပါဝင်ပတ်သက်သူတွေကို နိုင်ငံသားဖြစ်မှုမရွေး ဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။

    မြန်မာဘက်ကတော့ CI လက်မှတ်လျှောက်ထားသူတွေအတွက် အနည်းဆုံး တစ်နှစ်စာ ဝင်ငွေခွန်ပေးဆောင်ထားကြောင်းနဲ့ သုံးလစာ ငွေလွှဲထားကြောင်း အထောက်အထား တင်ပြဖို့လည်း သတ်မှတ်ထားပါတယ်။ အဲဒီသတ်မှတ်ချက်တွေအရ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံကို ပြန်လွှဲပေးရပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရပါတယ်။

    ဒီသတ်မှတ်ချက်တွေကြောင့် CI လက်မှတ်ရဖို့ အခက်အခဲရှိနေတဲ့ မြန်မာအလုပ်သမား အများအပြားရှိနေပြီး ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ကိုယ်စားလှယ်အဖွဲ့ရဲ့ စစ်တမ်းအရ အလုပ်သမား ၂၀ သိန်းကျော်က CI လုပ်ငန်းစဉ်ကို မလိုက်နာလိုကြောင်း သိရပါတယ်။

    ထိုင်းအလုပ်သမားအခွင့်အရေးအဖွဲ့တွေနဲ့ အလုပ်သမားကိုယ်စားလှယ်တွေကလည်း CI လုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းဖို့နဲ့ ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ ပန်းရောင်ကတ်ကို အသုံးပြုခွင့်ပေးဖို့ တောင်းဆိုထားကြပါတယ်။

    ဒါပေမဲ့ ထိုင်းအလုပ်သမားဝန်ကြီးကတော့ အလုပ်သမားတွေရဲ့ နိုင်ငံသားဖြစ်မှုကို အတည်ပြုဖို့ လိုအပ်တာကြောင့် CI စင်တာတွေကို ဖျက်သိမ်းမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

    မြန်မာအာဏာပိုင်တွေက ထိုင်းနိုင်ငံမှာ အထောက်အထားမပြည့်စုံဘဲ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၇ သိန်းဝန်းကျင်ကို CI လက်မှတ်ထုတ်ပေးဖို့ဆိုပေမဲ့ နိုဝင်ဘာလဆန်းအထိ CI လျှောက်ထားသူ ၁၅,၀၀၀ ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။

  17. မင်္ဂလာပါ။

    နိုဝင်ဘာ ၂၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှုစတင်ပြီဖြစ်ပါတယ်။ တစ်နေ့တာသတင်းတွေကို ဒီစာမျက်နှာမှာ တစ်စုတစ်စည်းတည်း ဖတ်နိုင်ပါပြီ။