ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဖိလစ်ပိုင်က မြန်မာ့အရေးဆွေးနွေးပွဲ SECF၊ NUG၊ EROs နဲ့ စင်ကာပူ တက်ရောက်

ကမ္ဘာမှာ မြန်မာက မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ၃ နှစ်ဆက် ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံဖြစ်လာတဲ့သတင်းနဲ့အတူ နို၀င်ဘာ ၂၅ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေတာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ကမ္ဘာမှာ မြန်မာက မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ၃ နှစ်ဆက် ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံဖြစ်လာတယ်လို့ မိုင်းစောင့်ကြည့်အဖွဲ့ပြော
  • ရိုဟင်ဂျာအရေး ICJ တရားရုံးဆုံးဖြတ်ချက်ကို လေးစားလိုက်နာမယ်လို့ ၂၀၂၇ မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် စင်ကာပူထုတ်ပြော
  • ရခိုင်နဲ့ မကွေးအစပ် မင်းတုန်းမြို့နယ်ထဲက နတ်ရေကန်စခန်းနဲ့ အမ်း-ပဒါန်းလမ်းပေါ်တို့မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအ)တို့ တိုက်ပွဲပြင်းထန်နေ
  • မြန်မာက သတ္ထုတူးဖော်မှုတွေ ၆ လ ရပ်ပေးဖို့ဆိုပြီး တရုတ်ကို ထိုင်းအကူအညီတောင်းထား
  • စစ်တပ်ရဲ့ ဖိအားကြောင့် ဖလူးတိုက်ပွဲမှာ DKBA တပ်ဖွဲ့ဝင်တွေ ဝင်မပါဖို့ သတိပေးခဲ့တာလို့ DKBA ပြော
  • CLMV ဆွေးနွေးပွဲတက်ဖို့ ဦးမင်းအောင်လှိုင် ဗီယက်နမ်ကို သွားဖို့ရှိ
  • အသက် ၂၇ နှစ်အရွယ် ပေါ်တိုရီကို အလှမယ် မယ်စကြဝဠာသမိုင်းမှာ မိခင်တစ်ဦးအဖြစ် ပထမဆုံး သရဖူဆွတ်ခူး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နိုဝင်ဘာ ၂၅ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ဖိလစ်ပိုင်ဦးဆောင်တဲ့မြန်မာ့အရေးဆွေးနွေးပွဲ တော်လှန်ရေးအင်အားစုတွေနဲ့ စင်ကာပူကိုယ်စားလှယ်တွေ တက်ရောက်

    ဖိလစ်ပိုင်နိုင်ငံ၊ တာဂေးတေးမြို့မှာ ဖိလစ်ပိုင်အစိုးရက ဦးဆောင်ကျင်းပတဲ့ နှစ်ရက်တာ မြန်မာ့အရေးဆွေးနွေးပွဲကို SCEF၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EROs) တချို့အပါအဝင် မြန်မာတော်လှန်ရေးအင်အားစုတွေ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့သူတချို့ဆီကနေ ဘီဘီစီက သိရပါတယ်။

    ဆွေးနွေးပွဲကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာ့အရေး အထူးသံတမန် မာရီယာ ထရီဇာ လာဇရိုနဲ့ ဖိလစ်ပိုင်အစိုးရတာဝန်ရှိသူတချို့ တက်ရောက်ခဲ့သလို ၂၀၂၇ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် စင်ကာပူနိုင်ငံက ကိုယ်စားလှယ်တချို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

    “ဖိလစ်ပိုင်က တော်လှန်ရေးအစုအဖွဲ့တွေနဲ့ တွေ့ထားတော့ စင်ကာပူကို မလွှဲခင်မှာ မြန်မာအဖွဲ့တွေကို စင်ကာပူဘက်က ကိုယ်စားလှယ်တချို့နဲ့ ပေးတွေ့ပြီး သူ့ သက်တမ်းမှာ လုပ်ဆောင်ချက်တွေကို အစီရင်ခံစာပေးဖို့လည်း ဖြစ်တယ်” လို့ အစည်းအဝေးအကြောင်း သိရှိထားသူ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

    ဒါပေမဲ့ စင်ကာပူအစိုးရအဖွဲ့အနေနဲ့ တရားဝင်လာရောက်တွေ့ဆုံတာမျိုးမဟုတ်ဘဲ ကိုယ်စားလှယ်တချို့က လေ့လာသူအနေနဲ့ တက်ရောက်ခဲ့တာလို့ စင်ကာပူအခြေစိုက် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “စင်ကာပူဘက်က သဘောထားကတော့ တိုးတိုးတိတ်တိတ် သံခင်းတမန်ခင်း သုံးမယ့်သဘော တွေ့ရပါတယ်။ အရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတွေလို တော်လှန်ရေးအဖွဲ့တွေကို ခေါ်တွေ့တာ၊ တွေ့ဆုံပွဲတွေ လုပ်ပြီး နားထောင်တာမျိုးထက် သူတို့က မြန်မာပြဿနာကို ဖြေရှင်းတဲ့အခါ တစ်ဖက်တည်းနဲ့ ပြောဆိုတာထက် ပြည်တွင်းအဖွဲ့တွေနဲ့လည်း ချဉ်းကပ်ဖို့၊ နေပြည်တော်နဲ့လည်း စကားပြောဖို့ စိတ်ဝင်စားဟန်ပြတယ်” လို့ အစည်းအဝေးအကြောင်း သိရှိသူက ပြောပါတယ်။

    နှစ်ရက်တာ ဆွေးနွေးပွဲအတွင်း SCEF က မြန်မာ့နိုင်ငံရေးအကူးအပြောင်းအတွက် လိုက်နာအကဲဖြတ်သင့်တဲ့အချက်ငါးချက်ကို စံနှုန်းအဖြစ် သတ်မှတ်ပြီး ဖိလစ်ပိုင်နဲ့ စင်ကာပူ ကိုယ်စားလှယ်အဖွဲ့တွေထံ အဆိုပြုတင်ပြခဲ့တယ်လို့ သိရပါတယ်။

    အဲဒီစံနှုန်းတွေမှာ နေပြည်တော်အာဏာပိုင်တွေရဲ့အပြောင်းအလဲကို ကြေညာချက်တွေအပေါ်မှာသာ အခြေခံပြီး ဆုံးဖြတ်တာမျိုးမလုပ်ဘဲ မြေပြင်မှာ လက်တွေ့အကောင်အထည်ဖော်မှု ရှိ၊ မရှိနဲ့ အတည်ပြုနိုင်တဲ့အချက်အလက်တွေအပေါ် အခြေခံအကဲဖြတ်ဖို့ ဖော်ပြထားပါတယ်။

    အဓိကအချက်တွေကတော့ အရပ်သားတွေနဲ့ အရပ်သားနေရာတွေကို တိုက်ခိုက်မှုရပ်တန့်ရေး၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ကာကွယ်ရေး၊ စစ်တပ်ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ ဒေသတွေကိုပါ လူသားချင်းစာနာမှုအကူအညီ ပေးပို့နိုင်ရေး၊ နိုင်ငံရေးအရ ဖမ်းဆီးတရားစွဲဆိုမှုတွေ အဆုံးသတ်ရေးနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်ရေးတို့ ဖြစ်ပါတယ်။

    စာတမ်းမှာ စစ်ကိုင်းဒေသကို ဥပမာပေးပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားတွေနဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်နေကြောင်း ဖော်ပြထားပါတယ်။ ဒေသခံအဖွဲ့အစည်းတွေကနေတဆင့် လူသားချင်းစာနာမှုအကူအညီ ပေးပို့နိုင်ရေးကိုလည်း အလေးထားတင်ပြခဲ့တယ်လို့ သိရပါတယ်။

    ဆွေးနွေးပွဲကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့အပြင် မွန်၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးဒေသတွေက ဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

    NLD ပါတီဝင်တစ်ဦးလည်း တက်ရောက်ခဲ့တယ်လို့ ဘီဘီစီက သိရပါတယ်။

  3. ထိုင်းလေတပ်နေ့မှာ မြန်မာလေတပ်ရဲ့ Su- 30 ဂျက်ဖိုက်တာ ခင်းကျင်းပြသမယ်

    ထိုင်းတပ်မတော် (လေ) တည်ထောင်မှု နှစ် ၉၀ ပြည့်အခမ်းအနားမှာ မြန်မာလေတပ်ပိုင် ရုရှားထုတ် Su-30 ဂျက်ဖိုက်တာလေယာဉ်တစ်စင်းခင်းကျင်းပြသသွားဖို့ရှိတယ်လို့ ထိုင်းလေတပ်ဦးစီးချုပ်က ဒီကနေ့မှာပဲ ပြောလိုက်ပါတယ်။

    ထိုင်းလေတပ်ပြတိုက်မှာ ရောက်နေချိန် လေတပ်ဦးစီးချုပ် ဆက်ဆန် ခံသာ က အခုလို ပြောခဲ့တာပါ။

    ဒါဟာ ထိုင်းလေတပ်နေ့အခမ်းအနားမှာ မြန်မာလေတပ်က ပထမဆုံးအကြိမ်ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

    ထိုင်းလေတပ်ဟာ မြန်မာလေတပ်နဲ့ ဆက်ဆံမှု အမြဲရှိနေပြီး နှစ်နိုင်ငံကြား အပြန်အလှန် ခြိမ်းခြောက်မှုတွေကို ရှောင်လွှဲဖို့လည်း ကတိကဝတ်တွေရှိကြတယ်လို့ ထိုင်းလေတပ်ဦးစီးချုပ်က ပြောပါတယ်။

    ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းမှာတော့ မြန်မာဘက်က တိုက်ပွဲနဲ့ လေယာဉ်ပျံသန်းမှုတွေကြောင့် ထိုင်းစစ်တပ်ဟာ နယ်စပ်မှာ တိုက်လေယာဉ်တွေ ပျံတက်စေတာနဲ့ ကင်းလှည့်တာတွေကို ၃ ကြိမ်ထက်မနည်း ပြုလုပ်ထားရပါတယ်။

    မြန်မာလေတပ်က တိုက်လေယာဉ်ပါ၀င်ပြသမယ့် ထိုင်းလေတပ်နေ့ အခမ်းအနားကိုတော့ ဇန်နဝါရီ ၂၂ ရက်ကနေ ၂၄ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

    အခမ်းအနားမှာ မြန်မာအပြင် လာအိုလေတပ်လည်း ပါဝင်လာမယ်လို့ ထိုင်းလေတပ်ဦးစီးချုပ်ပြောပေမဲ့ ဘယ်လိုပါ၀င်မယ်ဆိုတာ သူက အတိအကျ မပြောခဲ့ပါဘူး။

    မြန်မာစစ်တပ်ဟာ Su-30 တိုက်လေယာဉ်တွေကို ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ရုရှားဆီကနေ ၀ယ်ယူခဲ့တာဖြစ်ပါတယ်။

    Su-30 လေယာဉ်နှစ်စင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ တပ်တော်ဝင်ခဲ့ပြီး နောက်ထပ်နှစ်စင်းကတော့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ မှာ တပ်တော်ဝင်ခဲ့ပါတယ်။

    Su-30 ဟာ ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး လေကြောင်း အရေးသာမှုနဲ့ မြေပြင်တိုက်ခိုက်ရေးကို လုပ်နိုင်လို့ နာမည်ကျော်တဲ့ တိုက်လေယာဉ်အမျိုးအစားပါ။

    မြန်မာစစ်တပ်ဟာ သူတို့ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးစားမှုတွေမှာလည်း ဂျက်ဖိုက်တာတွေဟာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

    နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ အစီရင်ခံစာအရ အောက်တိုဘာလအတွင်းမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၁၆၁ ခု၊ အကြိမ်ရေ ၃၄၇ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

    ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၄၅ ယောက် သေဆုံးပြီး ၃၁၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၇၅ ရာခိုင်နှုန်းသော ပစ်မှတ်တွေဟာ အရပ်သားတွေဖြစ်တယ်လို့ လည်း အဲ့ဒီအဖွဲ့က ထောက်ပြပါတယ်။

  4. မြန်မာမှာ ၁ လ အတွင်း နိုင်ငံတကာ ကုမ္ပဏီကြီး ၄ ခု လုပ်ငန်းရပ်ဆိုင်း

    မလေးရှားအခြေစိုက် ပင်လယ်စာစားသောက်ဆိုင် The Manhattan Fish Market က မြန်မာက ဆိုင်ခွဲအားလုံးကို အပြီးတိုင်ပိတ်သိမ်းသွားမယ်လို့ဒီကနေ့မှာပဲ ကြေညာလာပါတယ်။

    အခုဆို နိုဝင်ဘာလ တစ်လအတွင်း မြန်မာနိုင်ငံက လုပ်ငန်းတစ်ခုလုံး အပြီးတိုင်ရပ်ဆိုင်းတာ၊ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းမယ်လို့ ကြေညာလာတဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီး ၄ ခု ရှိလာပြီဖြစ်ပါတယ်။

    ဆွစ်ဇာလန်အခြေစိုက် DKSH၊ ဂျပန်ကားကုမ္ပဏီ ISUZU၊ ဗြိတိန်အခြေစိုက် လူသုံးကုန်ပစ္စည်းဖြန့်ဖြူးတဲ့ ကုမ္ပဏီ UNILEVER ၊ နဲ့ The Manhattan Fish Market စတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။

    ဒီကနေ့ ကြေညာလာတဲ့ The Manhattan Fish Market ကတော့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ်းနားလမ်းက M.G.M Tower နဲ့ Myanmar Plaza တွေ မှာ ဆိုင်ခွဲတွေဖွင့်လှစ်ပြီး နှစ်ပေါင်း ၁၂ နှစ်ကျော် ကြာ လည်ပတ်ခဲ့တာပါ။

    ကမ်းနားလမ်းက ဆိုင်ခွဲကို အပြီးတိုင်ပိတ်သိမ်းတော့မယ်လို့ စက်တင်ဘာလ ၂၂ ရက်ကကြေညာခဲ့ပြီး အခုအခါမှာတော့ Myanmar Plaza ကဆိုင်ခွဲကိုပါ ပိတ်သိမ်းပြီး ဆိုင်ခွဲအားလုံးကို အပြီးတိုင်ပိတ်သိမ်းသွားတော့မယ်လို့ ကြေညာလာတာပါ။

    ဆွစ်ဇာလန်အခြေစိုက် DKSH ကတော့ မြန်မာမှာ လူသုံးများတဲ့ အိုဗာတင်းအမှတ်တံဆိပ် ပစ္စည်းကို ဖြန့်ဖြူးရောင်းချမှုတွေ ကို ရပ်ဆိုင်းလိုက်တယ်လို့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

    DKSH က အခုလို ရပ်ဆိုင်းဖို့ ကြေညာခဲ့ပေမဲ့ အိုဗာတင်း ပစ္စည်းဖြန့်ဖြူးမှုတွေကိုတော့ ပြည်တွင်းက Mega ကုမ္ပဏီက လက်လွှဲယူပြီး ဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

    ဂျပန်အခြေစိုက် ISUZU ကုမ္ပဏီကလည်း အဖွဲ့ဝင်တွေရဲ့ ဆန္ဒအလျောက် ကုမ္ပဏီဖျက်သိမ်းမယ့် နောက်ဆုံးအစည်းအဝေးကို နိုဝင်ဘာ ၁၃ ရက်မှာ ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

    နောက်ပြီးမြန်မာနိုင်ငံ မှာ ၁၆ နှစ်ကြာလည်ပတ်ခဲ့တဲ့ ဗြိတိန်အခြေစိုက် လူသုံးကုန်ဖြန့်ချီရေးကုမ္ပဏီ UNILEVER ကလည်း သူတို့ရဲ့ ရှယ်ယာတွေကို ပြည်တွင်းမိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ Europe and Asia Commercial(EAC)ကုမ္ပဏီလီမိတက်လက်အောက်ခံ Centig Holding ကုမ္ပဏီဆီ ရောင်းချသွားမယ်လို့ ရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။

    ဒီရှယ်ယာရောင်းချမှုကို ၂၀၂၇ ခုနှစ်ထဲမှာ အပြီးသတ်ဖို့လည်း UNILEVER က မျှော်မှန်းထားတယ်လို့ဆိုပါတယ်။

  5. ပေါ်တိုရီကို အလှမယ် မယ်စကြဝဠာသမိုင်းမှာ မိခင်တစ်ဦးအဖြစ် ပထမဆုံးသရဖူဆွတ်ခူး

    ပေါ်တိုရီကိုအလှမယ် ဂျနီဖာ ဘာရက်တိုဟာ ၂၀၂၆ ခုနှစ် မယ်စကြဝဠာ (Miss Universe) အလှမယ်ပြိုင်ပွဲမှာ သရဖူဆွတ်ခူးသွားပါတယ်။

    အသက် ၂၇ နှစ်အရွယ် ဘာရက်တိုဟာ နိုဝင်ဘာ ၂၄ ရက်က ပေါ်တိုရီကိုနိုင်ငံ၊ ဆန်ဟွမ်မြို့မှာ ကျင်းပတဲ့ ၇၅ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲမှာ နိုင်ငံနဲ့ နယ်မြေ ၁၁၆ ခုကိုယ်စားပြု အလှမယ်တွေနဲ့ ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။

    ဘာရက်တိုဟာ စိတ်ပညာဘွဲ့နဲ့ လူမှုရေးလုပ်ငန်းဆိုင်ရာ မဟာဘွဲ့ ရရှိထားသူဖြစ်ပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနဲ့ စိတ်ဒဏ်ရာကုသရေးဆိုင်ရာလုပ်ငန်းတွေမှာလည်း ပါဝင်လုပ်ကိုင်နေသူဖြစ်ပါတယ်။

    သူဟာ မယ်စကြဝဠာသမိုင်းမှာ မိခင်တစ်ဦးအဖြစ် သရဖူဆွတ်ခူးနိုင်တဲ့ ပထမဆုံးအလှမယ်လည်း ဖြစ်လာပါတယ်။

    အလှမယ်ပြိုင်ပွဲမှာ အိမ်ထောင်ရှိသူနဲ့ သားသမီးရှိသူတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်ထားတဲ့စည်းမျဉ်းကို ၂၀၂၃ ခုနှစ်မှာ ဖယ်ရှားခဲ့ပြီးနောက် သူ အခုလို သရဖူရခဲ့တာပါ။

    သူဟာ အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီး ယန် ကားလို့စ် ဘာရက်တိုနဲ့ အိမ်ထောင်ပြုထားပြီး အသက် ၇ နှစ်အရွယ် သမီးတစ်ဦးရှိပါတယ်။

    ပေါ်တိုရီကိုအတွက်တော့ မယ်စကြဝဠာသရဖူကို ခြောက်ကြိမ်မြောက် ရရှိတာဖြစ်ပါတယ်။

    တခြားဆုရရှိသူတွေထဲမှာ ဒိုမီနီကန်သမ္မတနိုင်ငံကိုယ်စားပြု မယ်လစ်ဆာ နူညက်ဇ်က 1st Runner-up၊ ဗင်နီဇွဲလားကိုယ်စားပြု ကလာရာ ဗေးဂတ်စ်က 2nd Runner-up၊ ဖိလစ်ပိုင်ကိုယ်စားပြု ဘီယာ မီလန်-ဝင်ဒေါစကီးက 3rd Runner-up နဲ့ နယူးဇီလန်ကိုယ်စားပြု ဂျော်ဂျီယာ ဝါဒင်တန်က စတုတ္ထဆု ဒုတိယ 4th Runner-up ရရှိခဲ့ပါတယ်။

    ဒီနှစ် မယ်စကြဝဠာပြိုင်ပွဲမှာ ထိပ်တန်းဆု သုံးဆုစလုံးကို လက်တင်အမေရိကနိုင်ငံတွေ ကိုယ်စားပြု အလှမယ်တွေက ရရှိခဲ့တာလည်း ထူးခြားပါတယ်။ ၂၀၂၆ ခုနှစ်ပြိုင်ပွဲဟာ မယ်စကြဝဠာပြိုင်ပွဲ ကျင်းပလာတဲ့ ၇၅ နှစ်ပြည့် အထိမ်းအမှတ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

  6. ဦးမင်းအောင်လှိုင် CLMV ထိပ်သီးဆွေးနွေးပွဲတက်ဖို့ ဗီယက်နမ်သွားမယ်

    အာဆီယံဆွေးနွေးပွဲတွေတက်ရောက်ခွင့် ကန့်သတ်ခံထားရတဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ အာဆီယံအဖွဲ့၀င် ၄ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ CLMV ထိပ်သီးဆွေးနွေးပွဲ တက်ဖို့ ဗီယက်နမ်နိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။

    လာမယ့် နိုဝင်ဘာ ၂၈ ရက် ဟနွိုင်းမြို့မှာ ကျင်းပမယ့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် လေးနိုင်ငံပါတဲ့ (CLMV) ထိပ်သီးအစည်းအဝေးကို ဦးမင်းအောင်လှိုင်တက်ရောက်မှာလို့ ဗီယက်နမ်နိုင်ငံခြားရေး၀န်ကြီးဌာနကို ကိုးကားပြီး ဗီယက်နမ်အစိုးရပိုင် သတင်းတွေက ဖော်ပြပါတယ်။

    ဒီ CLMV ၄ နိုင်ငံထဲမှာ နိုဝင်ဘာ ၂၄ ရက်ကပဲ လာအို ဟာ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ (Least Developed Countries - LDC) စာရင်းကနေလွတ်မြောက်ကြောင်းကြေညာခံထားရပါတယ်။

    တဖက်မှာလည်း ဒီနိုင်ငံတွေဟာ ဦးမင်းအောင်လှိုင်အတွက် ဧပြီလမှာ သမ္မတရာထူးယူပြီးနောက်ပိုင်း သွားခဲ့တဲ့အာဆီယံအဖွဲ့၀င်နိုင်ငံတွေလည်း ဖြစ်နေပါတယ်။

    ဒါဟာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က မြန်မာဟာ ရိုဟင်ဂျာအပေါ် ကျူးလွန်တဲ့လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖို့၊ တားဆီးဖို့ ပျက်ကွယ်ခဲ့တယ်လို့ အမိန့်ချပြီးတဲ့နောက် ဦးမင်းအောင်လှိုင်ရဲ့ပထမဆုံးပြည်ပနိုင်ငံခရီးစဉ်ဖြစ်လာတာပါ။

    ဗီယက်နမ်နိုင်ငံဟာ CLMV ရဲ့အလှည့်ကျဥက္ကဋ္ဌ အဖြစ် ၁၂ ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးကို ဟနွိုင်းမြို့မှာ ကျင်းပသွားဖို့ရှိနေတာပါ။ နောက်ပြီး ၁၁ ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ကိုလည်း တချိန်တည်းကျင်းပသွားဖို့ရှိနေပါတယ်။ACMECS ကို အလှည့်ကျတာဝန်ယူထားတာ မြန်မာ ဖြစ်ပေမဲ့ ဒီအစည်းအဝေးကို ဗီယက်နမ်က မြန်မာနဲ့ ပူးတွဲကျင်းပသွားမှာဖြစ်ပါတယ်။

    ဒီထိပ်သီးအစည်းအ‌ဝေးတွေကို ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နိုင်ငံရဲ့ဝန်ကြီးချုပ်တွေ အပြင် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင်၊ အာဆီယံအထွေထွေ အတွင်းရေးမှူး ခေါက်ကင်ဟွန် လည်း တက်ရောက်ဖို့ ရှိနေပါတယ်။

    အာဆီယံဟာ သူ့ရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ ဦးမင်းအောင်လှိုင်ရဲ့ သူရဲ့ နိုင်ငံခြား‌ရေးဝန်ကြီးရဲ့ မြန်မာကိုယ်စားပြုခွင့် ကို ဆက်ပြီး ချန်လှပ်ထားဆဲဖြစ်ပါတယ်။

    စင်ကာပူနိုင်ငံဟာ အာဆီယံအလှည့်ကျတာဝန်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ လွှဲပြောင်းယူခဲ့ပါတယ်။နောက်တစ်နေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့မိန့်ခွန်းမှာတော့ ဦးမင်းအောင်လှိုင်က အာဆီယံဟာ ကူညီပေးတာထက် ကန့်သတ်မှုတွေပဲလုပ်နေပြီး အာဆီယံနဲ့ ဆက်ဆံရေး ပြန်သုံးသပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

  7. မြန်မာ့ အရေးကုလလုံခြုံရေးကောင်စီအစည်းအ၀ေး ဒီနေ့ ကျင်းပနိုင်ခြေရှိ

    အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအ၀ေးမှာတော့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့အစည်းအ၀ေးတစ်ရပ်ကို ဒီနေ့မှာပြုလုပ်နိုင်ခြေရှိနေတယ်လို့ နယူးယောက်ကနေလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

    မြန်မာဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ဆိုတဲ့အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ဆုံးဖြတ်ချက်ကြောင့် ဒီဆုံးဖြတ်ချက် အကောင်အထည်ဖော်မှုအပိုင်းအတွက် လုံခြုံရေးကောင်စီအစည်းအ၀ေးပွဲကို အခုတစ်ပတ်အတွင်းခေါ်မယ်လို့ ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး ကိုယ်တိုင်အစောပိုင်းကတည်းက ပြောထားပါတယ်။

    ဗြိတိန်ဟာ မြန်မာနိုင်ငံဆိုင်ရာကိစ္စရပ်တွေအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မူကြမ်းရေးဆွဲမှုကို ဦးဆောင်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

    လုံခြုံရေးကောင်စီအစည်းအ၀ေးပွဲတွေကို စောင့်ကြည့်တဲ့အဖွဲ့တွေကတော့ ဗြိတိန်ဟာ ဒီနေ့ လုံခြုံရေးကောင်စီ အစည်းအ၀ေးကျင်းပတဲ့အခါ မြန်မာ့အရေးကို ကောင်စီရဲ့‘‘အခြားတင်ပြဆွေးနွေးဖို့ကိစ္စတွေ’’ အဖြစ် ကျင်းပဖို့ တောင်းဆိုနိုင်ခြေရှိတယ်လို့ ပြောပါတယ်။

    မြန်မာအရေးနဲ့ပတ်သက်ပြီး ICJ ရဲ့ဆုံးဖြတ်ကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်ဟာ လန်ဒန်မှာရှိတဲ့မြန်မာစစ်သံမှူးကို နိုင်ငံထဲကနေ ထွက်ခွာခိုင်းခဲ့ပြီး မနေ့ တုန်းကလည်း မြန်မာစစ်ဗိုလ်ချုပ် ၅ ဦးကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။

  8. စစ်တပ်ဖိအားကြောင့် ဖလူးတိုက်ပွဲမှာ ဝင်မပါဖို့ သတိပေးခဲ့တာလို့ DKBA ပြော

    ကရင်ပြည်နယ်၊ ဖလူးဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာပြီး ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အပေါ် စစ်တပ်က ပစ်မှတ်ထားလာနိုင်တဲ့ ဖိအားကြောင့် တိုက်ပွဲတွေအတွင်း တပ်ဖွဲ့ဝင်တွေ ဝင်မပါဖို့ အမိန့်ထုတ်ခဲ့တာလို့ DKBA ထိပ်ပိုင်းအရာရှိတစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အထိပြင်းထန်ခဲ့တဲ့ ဖလူးတိုက်ပွဲမှာ တပ်ဖွဲ့၀င်တွေ မပါ၀င်ကြဖို့ DKBA က နို၀င်ဘာ ၂၀ ရက်မှာ စာထုတ်ခဲ့တာဖြစ်ပါတယ်။

    “စစ်အရှိန်က ကြာလေမြင့်လေဖြစ်နေတယ်။ ဟိုဘက်ကို ပါသွားသူ တချို့ရှိတယ်။ ကျွန်တ်ောတို့ကို အဘက်ဘက်က ဖိအားပေးလာခဲ့ရင် လူကြီးတွေလည်း တာဝန်မယူနိုင်မှာကြောက်လို့ ကြိုပြီး တရားဝင်တားထားတဲ့သဘောပေါ့” လို့ အမည်မဖော်လိုတဲ့ DKBA ထိပ်ပိုင်းအရာရှိတစ်ဦးက ပြောပါတယ်။

    DKBA ဗဟိုအလုပ်အမှုဆောင်ကော်မတီက နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဖလူးဒေသက စစ်ရေးပဋိပက္ခမှာ မပါ၀င်ဖို့နဲ့ ပါ၀င်တာတွေ့ရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ပြောထားပါတယ်။

    “ကျွန်တော်တို့ ဌာနချုပ်က ဖိအားပေးခံရတယ်လေ။ အဓိကကတော့ ကျွန်တော်တို့လူတွေ KNU ဘက်ကြိုကြား၊ ကြိုကြား ပါတာ သတင်းထွက်လို့နေမှာပေါ့။ ကျွန်တော်တို့ DKBA နဲ့ KNU က နယ်မြေဆက်စပ်မှု ရှိတယ်လေ။ ရောနှောနေတာတွေ ရှိတယ်။ အဲဒါကြောင့်လည်း အခုလို ထုတ်လိုက်တာ” လို့ DKBA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    လက်ရှိမှာလည်း ထိုင်း- မြန်မာနယ်စပ်၊ မြဝတီမြို့နယ်တောင်ပိုင်းက ဖလူး၊ သဲဖြူချောင်းနဲ့ မင်းလက်ပံရွာတွေမှာ စစ်တပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNLA)တို့နဲ့ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒီတိုက်ပွဲတွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးမှာ ဖြစ်နေပြီး လနဲ့ချီကြာမြင့်လာနေတာလည်း ဖြစ်ပါတယ်။

    DKBA ရဲ့ အခုထုတ်ပြန်ချက်ဟာ လပိုင်းအတွင်း ဒုတိအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ဇူလိုင်လတုန်းကလည်း အလားတူ ကြေညာချက်တစ်ခုကို ထုတ်ခဲ့ပါသေးတယ်။

    ဇူလိုင်လ ၉ ရက် နေ့ က DKBA အရာရှိတစ်ဦးရဲ့အိမ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရပြီးတဲ့အချိန်မှာ DKBA က အဲဒီထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာပါ။

    ကရင်လက်နက်ကိုင်အဖွဲ့တွေထဲ DKBA ဟာ နေပြည်တော်နဲ့ အဆက်အသွယ်မပြတ်ဘဲ ငြိမ်းချမ်းရေးစကားပြောနေတဲ့အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

    ဒါပေမဲ့ စစ်တပ်ဖိအားနဲ့ပတ်သက်ပြီး DKBA ဘက်က အသံထွက်လာချိန်မှာပဲ စစ်တပ်ဟာ အပစ်ရပ်ထားပြီး နေပြည်တော်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာတွေဆက်လုပ်နေတဲ့ မွန်ပြည်သစ်ပါတီ (NMSP/ MNLA) ထိန်းချုပ်ထားတဲ့ ရေးမြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ထားပါတယ်။

    စစ်တပ်ဟာ နိုဝင်ဘာ ၁၅ နဲ့ ၁၆ ရက်မှာ မွန်ပြည်သစ်ပါတီထိန်းချုပ်ထားတဲ့ ရေးမြို့နယ်၊ ရေချောင်းဖျားဒေသ၊ ဖလံချောင်းဝ ကျေးရွာကို ဗုံးကြဲခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။

    အဲဒီနယ်မြေဟာ တော်လှန်‌ရေးအင်အားစုတွေ အခြေစိုက်တဲ့ နေရာမဟုတ်ပေမဲ့ ဖြတ်သန်းသွားလာတဲ့ နေရာဖြစ်တယ်လို့ စစ်‌ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအပြီး NMSP တာဝန်ရှိသူတွေက နေပြည်တော်ကို သွားရောက်တွေ့ဆုံမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    တဖက်မှာလည်း DKBA ထိန်းချုပ်ထားတဲ့နယ်မြေဟာလည်း စစ်တပ်ကို တိုက်ပွဲဖြစ်နေတဲ့ KNLA နဲ့ ပူးပေါင်းတပ်တွေ အသွားအလာရှိတဲ့နေရာလည်းဖြစ်ပါတယ်။

  9. ရုပ်သံ - ဗြိတိန် ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့ မြန်မာစစ်ဗိုလ်ချုပ် ၅ ဦးက ဘယ်သူတွေလဲ

    မြန်မာဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ဆိုပြီး အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) က အမိန့်ချမှတ်လိုက်ပြီးနောက်မှာပဲ မြန်မာစစ်ဗိုလ်ချုပ် ၅ ဦးကို ဒဏ်ခတ်ပိတ်ဆို့လိုက်တယ်လို့ ဗြိတိန်နိုင်ငံက ကြေညာပါတယ်။

    ဗြိတိန်ဟာ ICJ တရားရုံးက နို၀င်ဘာ ၁၉ ရက်မှာ အမိန့်ချချပြီးချင်းမှာပဲ ဒီအမိန့်ကို တုံ့ပြန်တဲ့အနေနဲ့ လန်ဒန်မှာရှိတဲ့ မြန်မာစစ်သံမှူးကို နိုင်ငံထဲကနေ ထွက်ခိုင်းတယ်လို့ သတင်းထုတ်ခဲ့ပါတယ်။ ဒါကြောင့် ဗြိတိန်ဟာ ICJ အမိန့်ကို ပထမဆုံးတုံ့ပြန်လိုက်တဲ့နိုင်ငံလည်း ဖြစ်လာပါတယ်။

    ဗြိတိန်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့မူကြမ်းတွေ၊ ထုတ်ပြန်ချက်တွေထွက်လာအောင် ဦးဆောင်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

    နို၀င်ဘာ ၂၃ ရက်စွဲနဲ့ ဗြိတိန်ဘက်က ကြေညာလာတဲ့ ဒဏ်ခတ်ပိတ်ဆို့ခံ မြန်မာစစ်ဗိုလ်ချုပ် ၅ ဦးက ဘယ်သူတွေပါလဲ။

    သူတို့ကို ဘာကြောင့် ဒဏ်ခတ်ပိတ်ဆို့တာပါလဲ။ ရုပ်သံ ရှင်းပြချက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

  10. မြန်မာက သတ္ထုတူးဖော်မှုတွေ ၆ လ ရပ်ပေးဖို့ဆိုပြီး တရုတ်ကို ထိုင်းအကူအညီတောင်း

    ထိုင်း - မြန်မာနှစ်နိုင်ငံနယ်စပ်ကို ဖြတ်စီးတဲ့ ထိုင်းဘက်ခြမ်းက မြစ်တွေ ရေညစ်ညမ်းမှုကို ထိန်းချုပ်နိုင်အောင် မြန်မာနိုင်ငံက သတ္တုတူးဖော်မှုတွေ ခြောက်လကြာရပ်ပေးဖို့ တရုတ်ကို ထိုင်းက အကူအညီတောင်းခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ရေးပါတယ်။

    မနေ့ကထိုင်း၊ မြန်မာ၊ တရုတ် သုံးနိုင်ငံအစိုးရတာဝန်ရှိသူတွေပါတဲ့အစည်းအဝေးမှာ တောင်းဆိုခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက အစည်းအဝေးအပြီးထုတ်ပြောပါတယ်။

    မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ထဲက သတ္တုတူးဖော်မှုတွေမှာ တရုတ်ကုမ္ပဏီတွေပါဝင်နေတာကြောင့် တရုတ်အစိုးရကို အခုလိုအကူအညီတောင်းရတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်နဲ့ သိပ္ပံနဲ့ သုတေသနဝန်ကြီး ရော့ချနန် ဝန်ဆဝပ်က ပြောပါတယ်။

    “ဒီပြဿနာက နှစ်အနည်းငယ်ကြာလာပြီးတဲ့နောက် ထိုင်းအစိုးရက အခုလိုအသိအမှတ်ပြုလာတာ၊ တခြားနိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ လုပ်လာတာက ကောင်းတဲ့လက္ခဏာပါ” လို့ တက်ကြွလှုပ်ရှားတဲ့အဖွဲ့ Rivers Group ရဲ့အလုပ်အမှုဆောင်ညွှန်ကြားရေးမှု ပိုင်ဒိတက်စ်က ဘီဘီစီကိုပြောပါတယ်။

    တရုတ်အစိုးရနဲ့ နေပြည်တော်ဘက်ကတော့ မနေ့က ဆွေးနွေးမှုနဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြောလာတာ မရှိသေးပါဘူး။

    “နေပြည်တော်ကိုလည်း သတ္တုတူးဖော်မှုတွေ ချက်ချင်းရပ်ပါ၊ ကောင်းကောင်းမွန်မွန်တုံ့ပြန်ပါ၊ တာဝန်ခံပါလို့ တောင်းဆိုချင်တယ်” လို့ ပိုင်ဒိတက်စ်က ပြောပါတယ်။

    ထိုင်းနိုင်ငံမြောက်ပိုင်းကိုလည်း ဖြတ်စီးတဲ့ မယ်ဆိုင်ချောင်းနဲ့ နမ့်ခုတ်ချောင်းတို့က ရေထုညစ်ညမ်းမှုတွေဟာ မြန်မာဘက်ခြမ်း၊ ရှမ်းပြည်နယ်ထဲက သတ္ထုတူးဖော်မှုတွေကြောင့် ဖြစ်တယ်ဆိုတာကိုလည်း သုံးနိုင်ငံလုံးက သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီက သတ္ထုလုပ်ငန်းတွေမှာ တရုတ်လုပ်ငန်းတွေ လည်ပတ်နေတာကိုလည်း တရုတ်အစိုးရက အသိအမှတ်ပြုထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောပါတယ်။

    မြန်မာနိုင်ငံက သတ္တုတူးဖော်မှုတွေမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေရဲ့ စုစုပေါင်း ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံကနေလာတာလို့ ထိုင်းအစိုးရရဲ့အချက်အလက်တွေအရ သိရပါတယ်။

    အခုတော့ ထိုင်းဘက်က ဒီဓာတုပစ္စည်းတင်ပို့မှုတွေကိုလည်း တရားဝင်ပိတ်ဆို့လိုက်ပြီလည်းဖြစ်ပါတယ်။

    လက်ရှိ မြန်မာနိုင်ငံက သတ္တုလုပ်ငန်းတွေကနေ စွန့်ပစ်လိုက်တဲ့ဓာတုပစ္စည်းတွေကြောင့် ထိုင်းနိုင်ငံကိုဖြတ်သန်းစီးဆင်းတဲ့ မယ်ဆိုင်ချောင်း၊ နမ့်ခုတ်နဲ့ သံလွင်မြစ်အပါအဝင် မြစ် ၆ စင်းဟာ အဆိပ်သင့်နေပြီလို့ ထိုင်းသဘာဝ ပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    မြစ်ထဲမှာရှိတဲ့ ဓာတုအဆိပ်အတောက်တွေဟာ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ဘေးကင်းလုံခြုံတဲ့ပမာဏ ထက် အဆ ၃၀ လောက်ကျော်လွန်နေတယ်လို့ ထိုင်းအစိုးရဘက်ကပြောပါတယ်။

    ဒါဟာ သန်းနဲ့ချီတဲ့ ထိုင်းပြည်သူတွေ၊ ငါးဖမ်းသမားတွေ၊ လယ်သမားတွေ အပေါ်မှာလည်း သက်ရောက်မှုကြီးနေတယ်လို့ ထိုင်းတက်ကြွလှုပ်ရှားသူတွေက ပြောဆိုထားပါတယ်။

  11. မင်းတုန်းနဲ့ ငဖဲမြို့နယ်တို့မှာ အေအေနဲ့ စစ်တပ် တိုက်ပွဲပြင်းထန်နေ

    ရခိုင်ပြည်နယ်နဲ့အစပ် မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ငကုန်းကျေးရွာနဲ့ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းအနီးမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (အေအေ) တို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အေအေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

    မနေ့တုန်းကတော့ စစ်တပ်ဟာ မင်းတုန်းမြို့နယ်၊ ငကုန်းကျေးရွာနေရာပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်တာတွေလည်း ဆက်တိုက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    “မနေ့ညနေက အဲဒီမှာ စစ်တပ်က တစ်နေကုန် ဗုံးကြဲနေတာ” လို့ အေအေ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    အဲဒီရွာအနီးက စစ်တပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့သတင်းတွေထွက်နေပေမဲ့ ဘီဘီစီအနေနဲ့ ဒီအချက်ကို အတည်မပြုနိုင်သေးပါဘူး။

    ရခိုင်ရိုးမကို ဖြတ်ဖောက်လုပ်ထားတဲ့ အမ်း-ပဒါန်း လမ်းဟောင်းပေါ်မှာရှိတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက ကမ္ဘာလုံးစခန်းခေါ် နတ်ရေကန်ဗျူဟာစခန်းအနီးမှာလည်း အေအေ နဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အေအေ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “မနေ့က နတ်ရေကန်မှာလည်း တစ်နေ့လုံး တိုက်ပွဲဖြစ်တယ်” လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    စစ်တပ်ဟာ ရခိုင်ပြည်နယ်ထဲက သူ့လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ မကွေး-ရခိုင်အဆက် ရခိုင်ရိုးမ လမ်းကြောင်းကနေတဆင့် အခုလို ထိုးစစ်ဆင်နေတာလို့ အေအေ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းနဲ့ အောက်တိုဘာအတွင်းကလည်း မင်းတုန်းမြို့နယ် သဖန်ရောင်နဲ့ ကံကြိုးရွာအနီးမှာစစ်တပ် နဲ့ အေအေ တို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပါသေးတယ်။

    စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်ယူဖို့ဆိုပြီး စက်တင်ဘာလ ၄ ရက်နေ့ကစလို့ ထိုးစစ်ဆင်နေတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ စစ်တပ်ထောက်ခံသူတွေက တယ်လီဂရမ်မှာ ရေးသားပြောဆိုကြပါတယ်။

    AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာနဲ့ အောင်ဖြူပြင်ကျေးရွာတွေကို စစ်တပ်က နို၀င်ဘာ ၂၃ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ အေအေ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

  12. ကာကွယ်ဆေးတွေ ဘေးကင်းတယ်ဆိုတာ ဘယ်လိုသိနိုင်လဲ၊ ဘယ်လိုစမ်းသပ်လဲ

    အမေရိကန်နိုင်ငံဟာ ဝက်သက်ရောဂါ ကင်းစင်တဲ့နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာကနေ ၂၅ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဆုံးရှုံးလိုက်ရပါတယ်။ ကမ္ဘာတဝန်းမှာလည်း ကူးစက်မြန်တဲ့ဝက်သက်ရောဂါ ပြန်လည်ပျံ့နှံ့လာနေပါတယ်။

    ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ ယူကရိန်း၊ နိုင်ဂျီးရီးယားနဲ့ အီသီယိုးပီးယားအပါအဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ ဝက်သက်ရောဂါ အကြီးအကျယ် ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ခဲ့ပါတယ်။

    ရောဂါကူးစက်မှုတွေပြန်မြင့်လာတာဟာ ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းလာတာနဲ့ အဓိကဆက်စပ်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

    ကာကွယ်ဆေးရဲ့ဘေးကင်းမှု၊ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေအပေါ် စိုးရိမ်မှုတွေကိုလည်း အွန်လိုင်းပေါ်က သတင်းမှားတွေက ပိုပြီး ပျံ့နှံ့စေပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  13. ICJ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့စင်ကာပူပြော

    ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တဲ့အမှုမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က ချမှတ်ခဲ့တဲ့စီရင်ချက်ကို လေးစားလိုက်နာတယ်လို့ လာမယ့်နှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် စင်ကာပူနိုင်ငံက ပြောပါတယ်။

    ဒါအပြင် အဲဒီစီရင်ချက်က ဘာသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကိုလည်း လေ့လာသုံးသပ်နေတယ်လို့လည်း စင်ကာပူနိုင်ငံခြားရေး၀န်ကြီးဌာနက နို၀င်ဘာ ၂၄ ရက်မှာ သတင်းထုတ် ပါတယ်။

    မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေ၊ အထူးသဖြင့် ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့အခက်အခဲကို စိုးရိမ်မိတယ်လို့လည်း ဆိုပါတယ်။

    ဒုက္ခသည်တွေ အန္တရာယ်ကင်းကင်း၊ ကိုယ့်သဘောဆန္ဒနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေကို ဖန်တီးပေးဖို့ကိုလည်း ထပ်တိုက်တွန်းတယ်လို့ ဆိုပါတယ်။

    နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေကို အာဆီယံနဲ့ တခြားနိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

  14. မြန်မာဟာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ သုံးနှစ်ဆက် ကမ္ဘာ့အများဆုံးဖြစ်

    ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် လူ ၁,၈၉၁ ဦး သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့ပြီး ကမ္ဘာပေါ်မှာ ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံအဖြစ် သုံးနှစ်ဆက်တိုက် ရပ်တည်နေတယ်လို့ ၂၀၂၆ Landmine Monitor အစီရင်ခံစာမှာ ဖော်ပြပါတယ်။

    ဒီအရေအတွက်ဟာ တစ်ရက်ကို ပျမ်းမျှ လူငါးဦးကျော်နှုန်း မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးနေတာဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ မြို့နယ်တွေရဲ့ သုံးပုံ နှစ်ပုံနီးပါးမှာ မိုင်းအန္တရာယ်ရှိနေပြီး စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့လက်နက်ကိုင်အဖွဲ့တွေ နှစ်ဖက်စလုံးက မြေမြှုပ်မိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    ကမ္ဘာတဝန်းမှာတော့ ၂၀၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် လူ ၆,၉၂၉ ဦး သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့ပြီး အဲဒီထဲမှာ အရပ်သား ၈၄ ရာခိုင်နှုန်း ပါဝင်ပါတယ်။

    အရပ်သားထိခိုက်သေဆုံးမှုတွေထဲမှာ ကလေးငယ်တွေက ထက်ဝက်ခန့်ရှိပြီး မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ကလေးငယ်တွေ အန္တရာယ်ကြုံနေရတဲ့ အခြေအနေကိုလည်း အစီရင်ခံစာက အလေးပေးဖော်ပြထားပါတယ်။

    ကမ္ဘာတဝန်း မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်းဟာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ငါးနှစ်အတွင်း အများဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ မိုင်းအန္တရာယ်အခြေအနေဟာ အကျပ်အတည်းအဆင့်ကို ကျော်လွန်ပြီး ကပ်ဘေးအဆင့် ရောက်ရှိနေပြီလို့ Landmine Monitor 2026 အစီရင်ခံစာ ပူးတွဲရေးသားသူ Yeshua Moser-Puangsuwan က ပြောပါတယ်။

    Landmine Monitor 2026 အစီရင်ခံစာကို လူသတ်နိုင်တဲ့မြေမြှုပ်မိုင်းတွေ တားမြစ်ရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ (ICBL) က နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

  15. မင်္ဂလာပါ။

    နို၀င်ဘာ ၂၅ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။