တိုက်ရိုက်ထုတ်လွှင့်မှု, စက်သုံးဆီနဲ့ စားသုံးဆီအတွက် နိုင်ငံခြားငွေသုံးရလို့ တင်သွင်းမှုလျှော့ချမယ်လို့ ဦးမင်းအောင်လှိုင် ပြော

ကုန်ဈေးနှုန်း ကြီးမြင့်နေတာဟာ အသွင်ပြောင်းထားတဲ့ နေပြည်တော်အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်ကြောင်းထုတ်ပြောတဲ့သတင်းအပါအဝင် ဇူလိုင် ၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • လျှပ်စစ်အတွက် စက်သုံးဆီသုံးစွဲနေတာကိုလျှော့ဖို့ ပြည်ပကိုတင်သွင်းဖို့မလိုတဲ့ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတွေတည်ဆောက်မယ်
  • ဖွဲနုဆီထုတ်ကာ စားသုံးဆီအဖြစ် အသုံးပြုဖို့အတွက် ဦးမင်းအောင်လှိုင် ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထိုင်းမှာ တက္ကဆီသမားရဲ့မျက်စိတစ်ဖက်အမြင်ကွယ်အောင် ထိုးမှုနဲ့ မြန်မာ ၁ ဦးအဖမ်းခံရ

    ကားသမား၊ အမှုကို ကူညီပေးခဲ့သူအရပ်ဘက်အဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ရဲ့ သတင်းစာရှင်းလင်းပွဲ

    ဓာတ်ပုံ ရင်းမြစ်, สถานีตำรวจภูธรบางแก้ว สมุทรปราการ

    ဓာတ်ပုံ ပုံစာ, ကားသမား၊ အမှုကို ကူညီပေးခဲ့သူအရပ်ဘက်အဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ရဲ့ သတင်းစာရှင်းလင်းပွဲ

    ထိုင်းနိုင်ငံ၊ ဆမွတ်ပရာကန် ခရိုင်ထဲမှာ မြန်မာအမျိုးသားတစ်ဦးဟာ အသက် ၆၁ နှစ်အရွယ် ထိုင်းအငှားယာဉ်မောင်းတစ်ဦး မျက်စိတစ်ဖက် အမြင်ကွယ်စေတဲ့အထိထိုးနှက်မှုနဲ့ စွပ်စွဲခံရပြီး ဖမ်းဆီးခံလိုက်ရပါတယ်။

    ဖမ်းဆီးခံရသူ မြန်မာအမျိုးသားဟာ အသက် ၂၆ နှစ်အရွယ် ကိုဝင်းဝင်းဆိုသူဖြစ်ပြီး သူ့ကို ဘန်ကောက်မြို့အပြင်ပိုင်း ဆမွတ်ပရာကန်ခရိုင်ထဲက ဘန်ကူးရဲစခန်းကနေ ဇူလိုင် ၃ ရက်မှာ ဖမ်းဆီးလိုက်တာလို့ ရဲစခန်းက လူမှုကွန်ရက်ကနေ မနေ့တုန်းက သတင်းထုတ်ပြန်ပါတယ်။

    ထိုင်းရဲတပ်ဖွဲ့နဲ့ သတင်းဌာနတွေ ထုတ်ပြန်ဖော်ပြချက်တွေအရ ယာဉ်မောင်းနဲ့ မြန်မာအချို့ ကားခ ပေးချေရာကနေ အငြင်းပွားဖြစ်ခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ ဧပြီလ ကတည်းက ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

    ဖမ်းဆီးခံရသူ ကိုဝင်းဝင်းအပါအဝင် နောက်ထပ်မြန်မာအမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၅ ဦးဟာ ဧပြီလ ၁၂ ရက်တုန်းက ဘန်ကောက်မြို့၊ မိုချစ်ကားဂိတ်ကနေ ဆမွန် ပရာကန်ကို ကားငှားခဲ့ပြီးတဲ့နောက် ကားခ ပေးချေချိန်မှာ စျေးပို တောင်းခံရတယ်ဆိုပြီး ကတောက်ကဆ ဖြစ်ခဲ့ကြတာလို့ သတင်းတွေက ဆိုပါတယ်။

    ဒီဖြစ်စဉ်ကို ကားသမားက ရဲကို တိုင်ကြားခဲ့ပေမဲ့ တိုးတက်မှု မရှိလို့ အရပ်ဘက်အဖွဲ့ တစ်ဖွဲ့ဆီ အကူအညီတောင်းခဲ့ပြီးတဲ့နောက် ရဲနဲ့ အရပ်ဘက်အဖွဲ့ ပူးပေါင်းစုံစမ်းပြီး ကိုဝင်းဝင်းကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    ရဲအပြောအရ ကိုဝင်းဝင်းဟာ ကားသမားကို လက်သီးနဲ့ ထိုးနှက်ခဲ့တယ်လို့ စွပ်စွဲခံထားရတာကြောင့် အပြင်းအထန်ဒဏ်ရာရစေမှုနဲ့ ကိုဝင်းဝင်းကို အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

    ကားသမားကတော့ သူ့ကို ထိုးခဲ့သူဟာ ကိုဝင်းဝင်းတစ်ယောက်တည်းဖြစ်ပြီး ကားပေါ် လိုက်ခဲ့တဲ့ကျန်ခရီးသည်တွေ ပါဝင်တာ မရှိခဲ့ဘူးလို့ ဆိုပေမဲ့ ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်စဉ်မှာ ကျန်တဲ့ခရီးသည်တွေ ပါဝင်မှု ရှိ မရှိ ဆက်ပြီး စုံစမ်းမယ်လို့ သတင်းထုတ်ထားပါတယ်။

  2. ရက် ၁၀၀ - မြန်မာ့စီးပွားရေးနာလန်ထူဖို့ နေပြည်တော်အစိုးရဘာလုပ်မလဲ

    စပါးစိုက်ပျိုးရေးလုပ်ငန်းခွင်မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စပါးစိုက်ပျိုးရေးလုပ်ငန်းခွင်မြင်ကွင်း

    ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေး ၃ ရာခိုင်နှုန်း တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်က ကနဦးခန့်မှန်းခဲ့ပေမဲ့ နှစ်လယ်ရောက်ချိန်မှာတော့ အပြောင်းအလဲဖြစ်လာပါတယ်။ စီးပွားရေးကန့်သတ်ချက်တွေနဲ့ ပြင်ပသက်ရောက်မှုတွေကြောင့် စီးပွားရေး ၂ ရာခိုင်နှုန်းသာ တိုးတက်မယ်လို့ လျှော့ချ ခန့်မှန်းလိုက်တာပါ။

    အထူးသဖြင့် အရှေ့အလယ်ပိုင်းမှာဖြစ်တဲ့ အီရန်စစ်ပွဲဟာ မြန်မာ့စီးပွားရေးကို ထပ်ချိနဲ့ စေတယ်လို့ ကမ္ဘာ့ဘဏ်က ဇွန် ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    "လောင်စာဆီဈေးတွေတက်တာက လယ်သမားတွေအတွက် ပက်ကြားအက်ထဲမှာ စပါးပက်ကြဲရတဲ့ အခြေအနေဖြစ်နေပြီ" လို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာရဲ့နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းမှာ ကျေးလက်နေပြည်သူ လယ်သမားတွေအပေါ်လည်း သက်ရောက်မှုကြီးခဲ့ပြီး အခုအီရန်ပဋိပက္ခကြောင့် လောင်စာဆီဈေးတက်တာက နောက်ထပ်အခက်အခဲကြီးဖြစ်လာပါတယ်။

    ပညာရှင်တွေထောက်ပြတဲ့ မြန်မာ့စီးပွားရေးအတွက် အချက် ၃ ချက်အကြောင်း ဒီလင့်ခ်ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  3. စက်ဆီနဲ့ စားဆီတွေ ပြည်ပကနေ သွင်းရတာ လျှော့ချနိုင်မယ့် နည်းလမ်းရှာဖို့ ဦးမင်းအောင်လှိုင်ပြော

    စားသုံးဆီအသင်းကလာရောင်းတဲ့ ဆီကိုဝယ်ဖို့အတွက် ပြည်သူတွေ တန်းစီစောင့်ဆိုင်းနေကြတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီးနောက် စားသုံးဆီသတ်မှတ်ဈေးနဲ့ ပြင်ပပေါက်ဈေးဆိုပြီး ၂ မျိုးရှိလာ

    ပြည်တွင်းမှာ စက်သုံးဆီနဲ့ စားသုံးဆီ ခွဲတမ်းရောင်းချတာတွေကို ကန့်သတ်ထားချိန်မှာပဲ ဒီဆီတွေကို ပြည်ပကနေ နှစ်စဉ် တင်သွင်းရပြီး နိုင်ငံခြားငွေအများအပြား သုံးစွဲရတာကြောင့် တင်သွင်းမှု လျှော့ချရေး နည်းလမ်းရှာဖွေဖို့ ဦးမင်းအောင်လှိုင်က ပြောလာပါတယ်။

    ဒါကြောင့် လျှပ်စစ်အတွက် စက်သုံးဆီ သုံးနေတာကို လျှော့ဖို့ ပြည်ပကနေ တင်သွင်းဖို့မလိုတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်မယ်လို့ မနေ့တုန်းကလုပ်တဲ့နေပြည်တော်အစိုးရအဖွဲ့အစည်းအဝေးမှာ သူက အခုလိုပြောလိုက်တာပါ။

    ဦးမင်းအောင်လှိုင်ကတော့ ကုန်ဈေးနှုန်း ကြီးမြင့်နေတာဟာ သူ့အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီး ဒါဟာ ရောင်းလိုအားနဲ့ ဝယ်လိုအားများ မမျှတဘဲ ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားနေတာကြောင့်လို့ သူက ထည့်ပြောပါတယ်။

    ကုန်ထုတ်စရိတ်များတာက ငွေကြေးတန်ဖိုးပြောင်းလဲမှုရဲ့အကျိုးဆက်ဖြစ်လို့ ပြည်တွင်းထုတ်ကုန် တိုးထုတ်ကာ ပို့ကုန်တွေကရတဲ့နိုင်ငံခြားငွေနဲ့မှ သွင်းကုန်သွင်းမယ်လို့ဆိုပါတယ်။

    သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ပြည်နယ်တွေအလိုက် ကျောက်မီးသွေးအပြင် နေရောင်ခြည်သုံးပြီး လျှပ်စစ်ဓာတ်အားထုတ်နိုင်အောင်လုပ်ဖို့လည်း သူက ထည့်ပြောခဲ့တာပါ။

    လက်တွေ့မှာတော့ အီရန်ပဋိပက္ခနောက်ဆက်တွဲ စက်သုံးဆီရှားပါးမှုကို စုံ/မ စနစ်နဲ့ ကားတွေ အလှည့်ကျအသုံးပြုဖို့ ညွှန်ကြားခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

    ဒါအပြင် ရန်ကုန်တိုင်းအတွက် ဖြန့်ဝေပေးနေတဲ့ စားသုံးဆီခွဲတမ်းကို ဇူလိုင်လကုန်ကစပြီး ၆၀ ရာခိုင်နှုန်းခန့် လျှော့ချဖို့ရှိတယ်လို့ စားသုံးဆီလုပ်ငန်းရှင်တချို့က ဇွန်လကုန်ပိုင်းမှာ ထုတ်ပြောထားကြပါတယ်။

    မနေ့ကလုပ်တဲ့ နေပြည်တော်အစိုးရအစည်းအဝေးမှာတော့ စပါးအဓိကစိုက်ပျိုးတဲ့နိုင်ငံဖြစ်လို့ ဆန်စပါးကြိတ်ခွဲရာကနေ ထွက်လာတဲ့ ဖွဲနုတွေနဲ့ ဖွဲနုဆီထုတ်ကာ စားသုံးဆီအဖြစ် အသုံးပြုဖို့အတွက် ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    ပြည်တွင်းဖွဲနုဆီထုတ်နိုင်အောင် ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ဖို့ရှိနေပါတယ်။ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီအုန်းလို ဆီထွက်သီးနှံတွေကိုလည်း ပိုတိုးထုတ်ဖို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    မြန်မာမှာ အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေစီးဆင်းမှုကို ထိန်းချုပ်ကာ ငွေလဲလှယ်နှုန်း ကန့်သတ်ခဲ့သလို ပို့ကုန်သွင်းကုန်လိုင်စင်စနစ်ကိုလည်း တင်းကျပ်ထားတာကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်ကာ စီးပွားရေးအကျပ်ရိုက်စေတယ်လို့ ပြည်တွင်းရော နိုင်ငံတကာပညာရှင်တွေကပါ ထောက်ပြထားပါတယ်။

  4. မင်္ဂလာပါ။ ဇူလိုင် ၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။