တိုက်ရိုက်ထုတ်လွှင့်မှု, အားပြင်းကိုလံဘီယာငလျင်မှာ သေဆုံးသူ ၁၃၀ ကျော်ရှိလာ

အားပြင်းကိုလံဘီယာငလျင်မှာ သေဆုံးသူ ၁၃၀ ကျော်ရှိလာတဲ့သတင်းအပါအဝင် ဩဂုတ် ၁၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ကိုလံဘီယာ သမ္မတ ဒီ လာ အက်စ်ပရီယဲလာအတွက် ငလျင်ဟာ သမ္မတသက်တမ်းအစမှာ အကြီးမားဆုံး အကျပ်အတည်းတစ်ခု ဖြစ်လာ
  • အင်အားပြင်း ကိုလံဘီယာငလျင်မှာ သေဆုံးသူ ၁၃၀ ကျော်လာပြီး ၇ ဒါဇင်ကျော်ထိခိုက်ဒဏ်ရာရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သမ္မတ တာဝန်ယူတာ သုံးရက်ပဲရှိသေးတဲ့ သမ္မတသစ်အတွက် အကြီးမားဆုံး အကျပ်အတည်းဖြစ်လာ

    ကိုလံဘီယာငလျင်မှာ ပြိုကျခဲ့တဲ့အဆောက်အအုံတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကိုလံဘီယာငလျင်မှာ ပြိုကျခဲ့တဲ့အဆောက်အအုံတစ်ခု

    ဥရောပသမဂ္ဂ(EU) ရဲ့ အကြီးအကဲကလည်း ကိုလံဘီယာ ငလျင်နောက်ဆက်တွဲရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပံ့ပိုးကူညီဖို့ အသင့်ရှိနေပြီလို့ ပြောကြားလိုက်ပါတယ်။

    ကိုလံဘီယာသမ္မတ အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာက ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ အရေးပေါ်အခြေအနေကို တုံ့ပြန်နိုင်ဖို့ နိုင်ငံအဆင့် ဘေးအန္တရာယ်အခြေအနေ ကြေညာလိုက်ပါတယ်။

    အဲဒီလို ကြေညာလိုက်တာကြောင့် အရေးပေါ်အခြေအနေအတွက် ဘတ်ဂျက်တွေကို လိုအပ်သလို ပြန်လည်ခွဲဝေသုံးစွဲနိုင်မယ့် အထူးအာဏာတွေလည်း အစိုးရက ရရှိမှာဖြစ်ပါတယ်။

    သမ္မတအဖြစ် တာဝန်စယူတာ သုံးရက်ပဲရှိသေးတဲ့ သမ္မတ ဒီ လာ အက်စ်ပရီယဲလာအတွက်တော့ ဒီငလျင်ဟာ သူ့ရဲ့ သမ္မတသက်တမ်းအစမှာ ချက်ချင်းရင်ဆိုင်ရတဲ့ အကြီးမားဆုံး အကျပ်အတည်းတစ်ခု ဖြစ်လာပြီး သူ့ရဲ့ အုပ်ချုပ်ရေးသမိုင်းကို သတ်မှတ်ပေးနိုင်လောက်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

  2. အားပြင်းကိုလံဘီယာငလျင်မှာ သေဆုံးသူ ၁၃၀ ကျော်ရှိလာ၊ ဒါဇင်‌နဲ့ချီ ဒဏ်ရာရ

    ကိုလံဘီယာငလျင်လှုပ်ခတ်ပြီးနောက် အ‌ဆောက်အဦထဲပိတ်မိနေတဲ့ မြို့ခံတွေကို ကယ်ဆယ်နေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကိုလံဘီယာငလျင်လှုပ်ခတ်ပြီးနောက် အ‌ဆောက်အဦထဲပိတ်မိနေတဲ့ မြို့ခံတွေကို ကယ်ဆယ်နေတဲ့မြင်ကွင်း

    ကိုလံဘီယာအနောက်ပိုင်း ဆန်ဟိုဆေး ဒယ်လ်ပါးမားဒေသ ကာလီမြို့မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၄ ရှိတဲ့ အားပြင်းထန်ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၃၂ ဦးအထိရှိလာပြီလို့ ကိုလံဘီယာ သမ္မတ က ကြေညာလိုက်ပါတယ်။

    ဒေသစံတော်ချိန် မနေ့ ဩဂုတ် ၁၀ ရက်က လှုပ်ခတ်ခဲ့တဲ့ ဒီငလျင်မှာ လူပေါင်း ၉၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ငလျင်တစ်ခုကြောင့် ကာလီမြို့တွင်းမှာလည်း ပျက်စီးဆုံးရှုံးမှု များပြားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    လက်ရှိ ကိုလံဘီယာမှာ ငလျင်ကြောင့် အ‌ရေးပေါ်အခြေအနေကြေညာပြီး ကယ်ဆယ်ရေးတွေ ဆက်တိုက် ဆက်လုပ်နေတယ်လို့ ကိုလံဘီယာ ဒုသမ္မတက ပြောပါတယ်။ ကိုလံဘီယာမှာ လူ ၁၃၀ ကျော် သေဆုံးထားတဲ့ ငလျင်ကြောင့် လူဦးရေ ၁ ဒသမ ၅ သန်းလောက်ဟာ အရမ်းပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန USGS က ပြောပါတယ်။

    အဲဒီငလျင်ဟာ အင်အား ၇ ဒသမ ၄ မဂ္ဂနီကျုဒ်ရှိပြီး မြေအောက်အနက် ကီလိုမီတာ ၁၀၀ လောက်မှာ ဖြစ်ခဲ့တာပါ။ တောင်အမေရိကတိုက်အောက်ကို နစ်ဝင်နေတဲ့ ပင်လယ်ကြမ်းပြင်အလွှာထဲမှာ ငလျင်လှုပ်ခဲ့တာလို့ USGS က ဆိုပါတယ်။

    ဒီလို မြေအောက်အနက်မှာ ဖြစ်တဲ့ ငလျင်တွေဟာ မြေမျက်နှာပြင်နဲ့ ပိုနီးတဲ့နေရာမှာ ဖြစ်တဲ့ ငလျင်တွေလောက် အန္တရာယ်မများတတ်ပါဘူး။ ဒါပေမဲ့ ဒီငလျင်ဖြစ်ခဲ့တဲ့ ပြတ်ရွေ့ကြောရဲ့ သဘောသဘာဝကြောင့် ထွက်လာတဲ့ ငလျင်စွမ်းအင်ဟာ အဆောက်အအုံတွေကို ပျက်စီးစေနိုင်တဲ့ ကြိမ်နှုန်းနဲ့ ထွက်ပေါ်ခဲ့တာကြောင့် ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်လို့ USGS က ပြောပါတယ်။

    လက်ရှိ ငလျင်လှုပ်ခတ်ခဲ့တဲ့ဒေသမှာ ၁၉၉၀ ပြည့်နှစ်လွန်တုန်းကလည်း အင်အားပြင်းငလျင်တွေ လှုပ်ခတ်ခဲ့တာကြောင့် အဲဒီနောက်ပိုင်းကစလို့ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံဆောက်လုပ်ရေးဆိုင်ရာ စည်းကမ်းတွေ တင်းကျပ်ထားတာမျိုးရှိတယ်လို့ ကိုလံဘီယာနိုင်ငံသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါပေမဲ့ ငလျင်လှုပ်ခတ်နေချိန်မှာပဲ လူနေအိမ်အဆောက်အအုံ ၃၂ လုံးထက်မနည်း ပြိုကျပျက်စီးခဲ့တယ်လို့ ကာလီမြို့တော်ဝန်ကပြောပါတယ်။ ကာလီမြို့ရဲ့ မြို့လယ်ခေါင် ဗိုလီဘာရင်ပြင်နားမှာလည်း အဆောက်အဦတစ်ခုပြိုကျခဲ့ပါတယ်။

    ဒီငလျင်ပြီးတဲ့နောက် ပြင်သစ်၊ အီတလီ၊ စပိန်နဲ့ ယူကရိန်းစတဲ့ နိုင်ငံတွေကနေ ကိုလံဘီယာနဲ့အတူရပ်တည်ပြီး အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ပေးပြီး အကူအညီတောင်းခံတာတွေ လုပ်နိုင်တယ်လို့ အသီးသီးထုတ်ပြောထားကြပါတယ်။

  3. မင်္ဂလာပါ။ ဩဂုတ် ၁၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။