
ဓာတ်ပုံ ရင်းမြစ်, မလေးရှားလွှတ်တော်
ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၆ ရက် မလေးရှားလွှတ်တော် အစည်းအ၀ေးပွဲမှာ မြင်တွေ့ရတဲ့ မလေးရှား၀န်ကြီးချုပ် အန်နဝါနေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ ‘‘လာမယ့်ရက်ပိုင်းအတွင်း’’ မလေးရှားကို လာဖို့ရှိတယ်လို့ မလေးရှား၀န်ကြီးချုပ် အန်နဝါ အေဘရာဟင်က ဒီနေ့မှာ ထုတ်ပြောပါတယ်။
မလေးရှားနိုင်ငံထဲက ဒုက္ခသည်တွေနဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းသူတွေအရေး အမတ် တစ်ဦးရဲ့မေးခွန်းကို ဖြေဆိုချိန် ၀န်ကြီးချုပ် အန်နဝါက ဒီနေ့ပြုလုပ်တဲ့ မလေးရှားလွှတ်တော်ထဲမှာ ပြောခဲ့တာဖြစ်ပါတယ်။
မလေးရှားနိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ် ရေးဆွေးနွေးဖို့ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်ကို ဖိတ်ကြားမယ်လို့ ၀န်ကြီးချုပ် အန်န၀ါက အစောပိုင်းကတည်းက ပြောထားပါတယ်။
မလေးရှားဟာ လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်နေတဲ့ မြန်မာတွေကို နေပြည်တော်နဲ့ စိစစ်ပြီး နေရပ်ပြန်ပို့နေပါတယ်။
အခုနောက်ဆုံး ဒီလိုစိစစ်ပြီးလူထဲက ၁,၅၀၀ နီးပါးကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်မှာ မလေးရှားဘက်က လွှဲပေးလို့ နေပြည်တော်က ရေတပ်သင်္ဘောတွေနဲ့သွားခေါ်ထားပါတယ်။
မြန်မာပြည်တွင်းမှာ စစ်တပ်ရဲ့လူခွင့်အရေးချိုးဖောက်မှုတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေဖြစ်နေချိန်မှာ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ဖို့ နေပြည်တော်နဲ့ဆွေးနွေးမယ့် မလေးရှားကို ကုလသမဂ္ဂကရော၊ လူ့အခွင့်အရေးအဖွဲ့တွေကပါ ၀ေဖန်ထောက်ပြနေပါတယ်။
တဖက်မှာလည်း မလေးရှား၀န်ကြီးချုပ်ဟာ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေး ပြည်တွင်းမှာ တောင်းဆိုသံမြင့်နေချိန်မှာ ဦးမင်းအောင်လှိုင်ကို ကွာလာလမ်ပူကို ဖိတ်ကြားပြီး ရိုဟင်ဂျာအရေးဆွေးနွေးတာဟာ လာမယ့်ပြည်တွင်းရွေးကောက်ပွဲအတွက် လူထု ထောက်ခံမှုရအောင် နိုင်ငံရေးအသုံးချတာဆိုတဲ့အမြင်တွေလည်း ရှိနေပါတယ်။
လာမယ့်ရက်ပိုင်းအတွင်းသွားမယ့် ဦးမင်းအောင်လှိုင်ရဲ့မလေးရှားခရီးစဉ်ကို ဆန္ဒပြဖို့ စီစဉ်နေတယ်လို့ မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့အခုခရီးစဉ်ဟာ အာဆီယံအဖွဲ့၀င်နိုင်ငံတွေထဲ ၅ နိုင်ငံအထိ ခြေဆန့်တဲ့ခရီးစဉ်ဖြစ်လာမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာတရားရေးလုပ်ငန်းစဉ်တွေမှာ စွပ်စွဲတိုင်ကြားခံထားရတဲ့ ဦးမင်းအောင်လှိုင်ကို ရိုဟင်ဂျာအရေး ဆွေးနွေးဖို့ ဖိတ်ကြားတာဟာ မလေးရှားအစိုးရအနေနဲ့ မှားယွင်းတဲ့ ချဉ်းကပ်မှုဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။