မေ ၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ လက်နက်ကိုင်တပ်တွေ မရှိရေး နေပြည်တော်နဲ့ ဒေလီဆွေးနွေး
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ လက်နက်ကိုင်တပ်တွေ မရှိရေး နေပြည်တော်နဲ့ ဒေလီဆွေးနွေးတဲ့သတင်းအပါအဝင် မေ ၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ်(ကျားဖြန့်)စင်တာတစ်ခုမှာ တရုတ်စစ်သားဟောင်းတစ်ဦး လူကုန်ကူးခံခဲ့ရတယ်လို့ တရုတ်မီဒီယာကနေ ဖော်ပြ
- နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)အသစ်လုပ်ရာမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ပြုလုပ်ပေးနေတဲ့ တစ်တော့လူမှုကွန်ရက်က အကောင့် ၆ ခုကို လ.ဝ.က တရားစွဲအမှုဖွင့်
- ၂ နှစ်ကျော်ကြာ လက်လွှတ်ထားရတဲ့ မော်လူးမြို့ကို စစ်တပ်ပြန်ထိန်းချုပ်
- နယ်မြေလက်လွှတ်ဆုံးရှုံးရမှုတွေ ခပ်စိပ်စိပ်ကြုံတွေ့နေရတယ်လို့ NUG ယာယီသမ္မတက PDF ၅ နှစ်ပြည့်မိန့်ခွန်းမှာ ထုတ်ပြော
- အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ လက်နက်ကိုင်တပ်တွေ မရှိရေး နှစ်နိုင်ငံတပ်တွေ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုလုပ်မယ်လို့ နေပြည်တော်ပြော
တိုက်ရိုက် ထုတ်လွှင့်ချက်
ဒေသတချို့မှာ လူထုယုံကြည်မှုကို ထိခိုက်စေခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တည်ထောင်ခဲ့တဲ့ ၅ နှစ်တာအတွင်း စစ်ရေးအတွေ့အကြုံအပြင် ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ထိန်းကျောင်းကွပ်ကဲမှု လိုအပ်ချက်၊ အမှားအယွင်းနဲ့ ဟာကွက်တွေ ရှိခဲ့တယ်လို့ NUGရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဝန်ခံပြောကြားလာပါတယ်။
ဒီနေ့ မေ ၅ ရက်မှာ ကျရောက်တဲ့ PDF တည်ထောင်ခြင်း ၅ နှစ်ပြည့်အတွက် တော်လှန်လူထုကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဝန်ကြီး ဦးရည်မွန်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။
ဒီလို လိုအပ်ချက်တွေကြောင့် နေရာဒေသအချို့မှာ လူထုရဲ့ ယုံကြည်မှုကို ထိခိုက်စေတယ်လို့ဆိုပြီး အဲဒီလိုအပ်ချက်နဲ့ အမှားအယွင်းတွေကို မျက်ကွယ်မပြုဘဲ MOD အနေနဲ့ ဆန်းစစ်နေပြီး ထိရောက်တဲ့ အရေးယူဖြေရှင်းမှုတွေလုပ်နေတယ်လို့ NUG ဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။
ဒါ့အပြင် သိမ်းပိုက်ရရှိထားတဲ့ မြို့တချို့ကို လက်လွှတ်ခဲ့ရတာနဲ့ မြေပြင်မှာ အတက်အကျတွေရှိနေတာတွေကိုတော့ စစ်မက်ရေးရာရဲ့ သဘာဝဖြစ်တယ်လို့ သူက ခုခံပြောဆိုပါတယ်။
တစ်ဖက်မှာလည်း ဧပြီ ၃၀ ရက်ကနေ မေလ ၅ ရက်အထိ သီတင်းပတ် တစ်ပတ်အတွင်း စစ်ကိုင်းအထက်ပိုင်းက NUG ထိန်းချုပ်ထားတဲ့ အင်းတော်နဲ့ မော်လူး စတဲ့မြို့ ၂ မြို့ကို စစ်တပ်က ပြန်ထိန်းချုပ်ထားပါတယ်။
ပြီးခဲ့တဲ့ လတွေတုန်းကလည်း စစ်ကိုင်းထဲက ကသာ၊ ထီးချိုင့်နဲ့ တကောင်းမြို့တို့ကို စစ်တပ်က အလုံးစုံ ပြန်ရခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်စင်တာမှာ လူကုန်ကူးခံခဲ့ရတယ်လို့ တရုတ်စစ်သားဟောင်းတစ်ဦးဖွင့်ချ
တရုတ်စစ်သားဟောင်းတစ်ဦးဖြစ်တဲ့ မစ္စတာ ရန်လိမ့်ဆိုသူဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ်(ကျားဖြန့်)စင်တာတစ်ခုမှာ လူကုန်ကူးခံခဲ့ရတဲ့ အခြေအနေအပါအဝင် ထွက်ပြေးလွတ်မြောက်လာပုံအဆင့်ဆင့်ကို တရုတ်မီဒီယာတစ်ခုဖြစ်တဲ့ South China Morning Post ကနေ ဒီနေ့ မတ် ၅ ရက်မှာ ဖော်ပြလာပါတယ်။
မစ္စတာ ရန်လိမ့်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံကို လူ ၁၀ ဦးပါတဲ့ အဖွဲ့ကို ဦးဆောင်ပြီး အလည်အပတ်ရောက်လာခဲ့ရာကနေ ကျားဖြန့်စင်တာတစ်ခုဆီ လူကုန်ကူးခံခဲ့ရတာလို့ တရုတ်မီဒီယာက ဆိုပါတယ်။
မစ္စတာ ရန်လိမ်တို့ ငှားရမ်းခဲ့တဲ့ ဒေသခံ ဧည့်လမ်းညွှန်ကတဆင့် နယ်စပ်ကို တရားမဝင်လမ်းကြောင်းကနေ ဖြတ်ကျော်ဖို့ ကြိုးပမ်းရာကနေ ကျားဖြန့်စင်တာထဲကို တစ်ယောက်ကို ကန်ဒေါ်လာ ၂၀,၀၀၀ နဲ့ ရောင်းချခံခဲ့ရတာလို့ ဖော်ပြပါတယ်။
ကျားဖြန့်စင်တာထဲ ရောက်ပြီးတဲ့နောက် ထွက်ပြေးဖို့ ကြံဆနေတဲ့ မစ္စတာ ရန်ဟာ ကျားဖြန့်စင်တာရဲ့ ၆ မီတာအမြင့်ပေရှိတဲ့ တံတိုင်းကိုကျော်တက်တာ၊ ကင်းလှည့်နေတဲ့ လက်နက်ကိုင်တစ်ဦးကိုလည်း ကျောအနောက်ဘက်ကနေ ချဉ်းကပ်နှိမ်နင်းတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အနံ့ခံခွေးတွေ မရိပ်မိအောင်လည်း တောင်ကြားထဲပြေးဝင်ပြီး မြက်တောထဲမှာတွေ့တဲ့ နွားချေးကို ခန္ဓာကိုယ်မှာ သုတ်လိမ်းတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် နယ်စပ်ကတဆင့် ထိုင်းဘက်ကို စွန့်စွန့်စားစားထွက်ပြေးခဲ့ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မစ္စတာ ရန်ဟာ တရုတ်သံရုံးမှာ နိုင်ငံကူးလက်မှတ်အသစ်ပြန်ထုတ်ပေးဖို့ လဝက်လောက်စောင့်ဆိုင်းပြီးမှ တရုတ်နိုင်ငံကို ပြန်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
မစ္စတာ ရန်ရှိခဲ့တယ်ဆိုတဲ့ KK Park တူးပွိုင့်ဇီးရိုးနယ်မြေထဲက လက်နက်ကိုင်တပ်တာဝန်ရှိသူတစ်ဦးကတော့ တရုတ်မီဒီယာဘက်ကဖော်ပြလာတဲ့ တရုတ်စစ်သားဟောင်းတစ်ဦး လူကုန်ကူးခံရမှုနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ အခြေအနေတွေဟာ ရုပ်ရှင်ဆန်ဆန်ပြောဆိုချက်တွေ ဖြစ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
မြဝတီကျားဖြန့်ဆိုက်တွေကို ရောက်လာတဲ့သူအများစုဟာ လိမ်လည်တဲ့အလုပ် လုပ်ရမယ်မှန်း သိလျက်နဲ့ လာရောက်လုပ်ကိုင်နေကြတာလို့ သူက ဆက်ပြောပါတယ်။
“တရုတ်အစိုးရကလည်း ကျားဖြန့်တွေကို နှိမ်နင်းတင်းကျပ်တာတွေလုပ်နေလို့ တရုတ်နိုင်ငံသားတွေ နိုင်ငံထဲပြန်ဝင်မယ်ဆိုရင် အကြောင်းပြချက်နဲ့ ဇာတ်လမ်းကောင်းကောင်းတော့ လိုကြတာပေါ့” လို့ သူက ဖြည့်ပြောပါတယ်။
တရုတ်မီဒီယာကတော့ မစ္စတာရန်ဟာ ဘုရားသုံးဆူမြို့အနီး မြဝတီ မယ်ထော်သလေးဒေသထဲက KK Park တူးပွိုင့်ဇီးရိုးလို့ခေါ်တဲ့ ကျားဖြန့်ဆိုက်အသစ်ကို လူကုန်ကူးခံလိုက်ရတာလို့ ဖော်ပြပါတယ်။
KK Park တူးပွိုင့်ဇီးရိုး ကျားဖြန့်ဆိုက်အသစ်ဟာ ရဲ့ မြန်မာစစ်တပ်ဖြိုချရှင်းလင်းရေးတွေလုပ်ခဲ့တဲ့ မူလ ကျားဖြန့်ဆိုက် KK Park ရဲ့ အနောက်ဘက်ခြမ်း ၁၀ မိုင်ဝန်းကျင် အကွာ၊ မေတ္တာလင်းမြိုင်ရွာမှာ ရှိတယ်လို့ ဒေသခံတွေက ဘီဘီစီကို အစောပိုင်းကတည်းက အတည်ပြုထားပါတယ်။
အလားတူ ဟောင်ကောင်အခြေစိုက် The Standard သတင်းဌာနကလည်း ဖေဖော်ဝါရီလတုန်းက ကျားဖြန့် တူးပွိုင့်ဇီးရိုးခွင်အသစ်အကြောင်းကို မလေးရှားနိုင်ငံက တက်ကြွလှုပ်ရှားသူတစ်ဦး ရှာဖွေတွေ့ရှိခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းများနဲ့ ဖော်ထုတ်တင်ပြထားပါတယ်။
မြင်းခြံခရိုင်ထဲက စစ်ရေး မကွေး၊ စစ်ကိုင်းအထိ ဦးတည်နေလား
အာဏာဗဟိုချက် နေပြည်တော် နောက်ကျောလုံဖို့ မိတ္ထီလာလွင်ပြင်မှာ ကြည်းနဲ့ လေ အင်အား အခိုင်အမာ တည်ဆောက်ထားတဲ့ မြန်မာစစ်တပ်ဟာ ဒီလွင်ပြင်နဲ့ကပ်လျက်က မြင်းခြံခရိုင်ထဲကို စစ်ကြောင်းတွေ ဖြန့်နေပါတယ်။
တော်လှန်ရေးအဖွဲ့တွေဟာ မြင်းခြံခရိုင်ထဲမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းပြုလုပ်ခဲ့တဲ့ ခရိုင်အထူးစစ်ဆင်ရေးကြောင့် နယ်မြေထိန်းချုပ်မှု ဖြန့်ကြက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ နေပြည်တော် အာဏာဗဟိုချက်မှာ စစ်ဘက်အရပ်ဘက် အာဏာအလွှဲအပြောင်းနဲ့အတူ မြို့တွေ၊ ရွာတွေ ပြန်သိမ်းနေတဲ့စစ်တပ်ဟာ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေကို စစ်ကြောင်းဖြန့်နေပါတယ်။
မြင်းခြံမြို့နယ်ထဲမှာတင် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ရေးဖိအားကို အရှိန်မြှင့်လာနေတယ်လို့ အဲဒီက တော်လှန်ရေးအင်အားစုတွေက ဘီဘီစီကို ပြောပါတယ်။
မြင်းခြံမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတလျှောက် ကျေးရွာတွေကို ထိုးစစ်ဆင်တာဟာ မြင်းခြံနဲ့ဆက်စပ်နေတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေထဲက တော်လှန်ရေးတပ်တွေရဲ့စစ်ရေးအချိတ်အဆက်ကို ဖြတ်တောက်ဖို့ ရည်ရွယ်နေတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။
မြင်းခြံခရိုင်ထဲက စစ်ရေးအခြေအနေတွေ ဘယ်လိုရှိနေပါသလဲ။ ဒီလင်ခ့် မှာ ဆက်ပြီးဖတ်ရှုနိုင်ပါတယ်။
TikTok(တစ်တော့) မှာ မှတ်ပုံတင်ပွဲစားလုပ်သူတချို့ကို တရားစွဲထားတယ်လို့ဆို, အွန်လိုင်းက ပွဲစားတွေကိုမယုံဖို့ လဝက သတိပေးထုတ်ပြန်
နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)အသစ်လုပ်ရာမှာ လိုအပ်တဲ့ သန်းခေါင်စာရင်းဆိုင်ရာ စာရွက်စာတမ်းတွေကို ပြုလုပ်ပေးနေတဲ့ တစ်တော့လူမှုကွန်ရက်က အကောင့် ၆ ခုကို တရားစွဲအမှုဖွင့်ထားတယ်လို့ နေပြည်တော်က အဲဒီအကောင့်ဓာတ်ပုံတွေနဲ့အတူ ကြေညာလာပါတယ်။
ဒါပေမဲ့ တရားစွဲဆိုခံရတဲ့အကောင့်တွေက သူတို့ရဲ့ အကောင့်တွေမှာ ဘယ်သူဘယ်ဝါဖော်ပြထားခြင်းမရှိလို့ လဝက ဘက်က ဘယ်လိုပုံစံနဲ့ဆက်လက်တရားစွဲဆိုမလဲဆိုတာတော့ တိတိကျကျသိရတာမရှိပါဘူး။
အသက်ပြည့်ပြီးလို့ မှတ်ပုံတင်မရသေးတဲ့သူတွေအပါအဝင် ကတ်ပျက်စီး/ ပျောက်ဆုံးတာတွေကို သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရုံးတွေမှာ ဥပဒေနဲ့အညီ နိုင်ငံသားကတ်ပြားထုတ်ပေးတာနဲ့ UID ကတ် (အရပ်အခေါ် စမတ်ကတ်)အတွက် အချက်အလက်ကောက်ယူတာတွေကို အရပ်ဘက်အသွင်ပြောင်းအစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ ပြုလုပ်ပေးနေတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။
နေပြည်တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ဆိုင်ရာ စာရွက်စာတမ်းတွေကို ပွဲစား အပြင် လူမှုကွန်ရက်က အကောင့်တုတွေကဆင့် ဆက်သွယ်ဆောင်ရွက်တာတွေကို မလုပ်ဖို့ဆိုတဲ့ အချက်လည်း ပါဝင်နေတာ တွေ့ရပါတယ်။
တစ်ဖက် လူထုတွေကြားမှာလည်း မြို့နယ်တချို့မှာ သန်းခေါင်စာရင်းအချက်အလက်ပြောင်းလဲတာနဲ့ မှတ်ပုံတင်အသစ်လုပ်ဖို့ အခက်အခဲတွေရှိနေတယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်နေပါတယ်။
မန္တလေးမြို့ခံတစ်ဦးကတော့ မှတ်ပုံတင်ကတ်အသစ်အတွက် ၂၀၂၄ ခုနှစ်က လဝကရုံးမှာ လျှောက်ထားခဲ့ပြီး လက်ရှိအချိန်အထိ ကတ်မရသေးဘူးလို့ ဆိုပါတယ်။
စစ်ကိုင်း၊ ကလေးဝမြို့မှာ နေထိုင်သူတစ်ဦးကလည်း မှတ်ပုံတင်ပျောက်လို့ ကတ်အသစ်လျှောက်ဖို့ လဝက ရုံးကို အချက်အလက်အပြည့်အစုံနဲ့ သွားလျှောက်ထားပေမယ့် ကတ်ရဖို့စောင့်ဆိုင်းရတာ ၃ လထက်မနည်းရှိနေပြီလို့ ဘီဘီစီကို ဒီနေ့ မေ ၅ ရက်မှာပြောပါတယ်။
အလားတူ ရန်ကုန်မြို့ခံတစ်ဦးကလည်း သန်းခေါင်စာရင်းထဲက အချက်အလက်ပြင်ဆင်တာအတွက် ငွေကျပ် ၅ သိန်း လဝကရုံးဘက်ကို ပေးဆောင်ခဲ့ရတယ်လို့ ဘီဘီစီကို ဖွင့်ပြောပါတယ်။
နေပြည်တော်ကတော့ လဝကရုံးတွေမှာ အထောက်အထားပြည့်စုံတယ်ဆိုရင် နေ့ချင်းအပြီးနဲ့ အချက်အလက်မစုံတဲ့သူတွေကိုလည်း သက်ဆိုင်ရာ လဝကမြို့နယ်ရုံးအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပေးမယ်လို့ ကြေညာထားပါတယ်။
မော်လူးမြို့ကို စစ်တပ် ပြန်ထိန်းချုပ်
စစ်ကိုင်းအထက်ပိုင်းက စစ်တပ် ပြန်အုပ်စိုးနေတဲ့ အင်းတော်မြို့ရဲ့မြို့နယ်ခွဲဖြစ်တဲ့ မော်လူးမြို့ကို မြန်မာစစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ NUG ရဲ့ ကသာခရိုင်တပ်ရင်း ၂ နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ဒီနေ့ မေလ ၅ ရက်မှာ အတည်ပြုပြောပါတယ်။
“ဒီနေ့ မနက် (မေ ၅ ရက်)ပဲ စစ်တပ်က မြို့ထဲ ဝင်သွားတာ” လို့ သူက ဖြည့်ပြောပါတယ်။
စစ်တပ်က အင်းတော်မြို့ကို ဧပြီလကုန်ပိုင်းမှာ ထိန်းချုပ်ခဲ့တာဖြစ်ပြီး သီတင်းပတ် တစ်ပတ်အတွင်းမှာပဲ မော်လူးမြို့ကို စစ်ကြောင်းချီတက်ပြီး ထိန်းချုပ်လိုက်တာလို့ သူက ဖြည့်ပြောပါတယ်။
“ပစ်ခတ်မှုဖြစ်ပြီးတော့မှ တော်လှန်ရေးတပ်တွေဘက်က ဆုတ်ခွာသွားတာ” လို့ သူက ထပ်ပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန် ချန်နယ်တွေမှာလည်း စစ်တပ်က မော်လူးမြို့ကို ပြန်ထိန်းချုပ်လိုက်ပြီလို့ ဒီနေ့ မနက်မှာပဲ သတင်းတွေ ဖော်ပြနေကြပါတယ်။
အလားတူ စစ်တပ်က မော်လူးမြို့ထဲမှာ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ သတင်းထဲမှာ ရေးသားထားတာ တွေ့ရပါတယ်။
မော်လူးမြို့ဟာ အင်းတော်မြို့မြောက်ဘက်မှာရှိပြီး ၂၁ မိုင်ကျော်ကွာဝေးပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေက မော်လူးမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်ခဲ့တာဖြစ်ပြီး ၂ နှစ်ကျော်ကြာတဲ့အချိန်မှာ ပြန်ပြီးလက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ကတော့ မော်လူးမြို့က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
နိုင်ငံရေးစိန်ခေါ်ချက်တွေရှိနေပြီး လက်လွှတ်ဆုံးရှုံးရမှုတွေ ခပ်စိပ်စိပ်ကြုံတွေ့နေရတယ်လို့ NUG ယာယီသမ္မတပြော
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ လက်ရှိမှာ နိုင်ငံရေးစိန်ခေါ်ချက်တွေရှိနေပြီး နယ်မြေလက်လွှတ်ဆုံးရှုံးရတာတွေ ခပ်စိပ်စိပ်ကြုံနေရတယ်လို့ NUG ရဲ့ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားလာပါတယ်။
ဒီနေ့ မေလ ၅ ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တည်ထောင်တဲ့ ၅ နှစ်ပြည့်မှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။
“ရဲဘော်တွေအားလုံး တော်လှန်ရေးကာလအတွင်း အသိဉာဏ်ပညာ၊ ကိုယ်ခံအားတွေကို ဖြည့်တင်းပြီး ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ကြဖို့ကို လေးနက်စွာ တိုက်တွန်းလိုပါတယ်” လို့ သူက ဖြည့်ပြောပါတယ်။
PDF ပေါ်ပေါက်လာတဲ့ နှစ်တွေအတွင်း လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ အောင်မြင်မှုအထွဋ်အထိပ်တွေ ရရှိခဲ့တဲ့အကြောင်းကိုလည်း သူက ထည့်ပြောပြီး လူထုလိုလားတဲ့ ခရီးဆုံးပန်းတိုင် မရောက်သေးတဲ့အချက်ကိုလည်း သတိပြုဖို့ သမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။
NUG လက်အောက်မှာ တိုင်းစစ်ဌာန ၁၀ ခု၊ တပ်မ ၁ ခု၊ တပ်ရင်းပေါင်း ၃၆၀ ရင်းထားရှိပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ကနေ ကွပ်ကဲနေတယ်လို့ MOD က ထုတ်ပြန်ထားပါတယ်။
တစ်ဖက်မှာလည်း မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ကနေ အခြေပြုပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနဲ့ ၂၀၂၄ နှစ်ဝက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ ဒုတိယပိုင်း ရှမ်း-မန်းစစ်ဆင်ရေးတွေမှာ NUG လက်အောက်ခံတပ်တွေပါ တိုင်းရင်းသားတပ်တွေနဲ့အတူ ပူးပေါင်းပါဝင်ပြီး တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။
နိုင်ငံအနှံ့ မြို့အများအပြား သိမ်းပိုက်ရရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာပဲ မြောက်ပိုင်းညီနောင် ၂ ဖွဲ့နဲ့ မြန်မာစစ်တပ်တို့ အပစ်ရပ်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အလုံးစုံနဲ့ တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ရရှိခဲ့တဲ့ မန္တလေးတိုင်းထဲက သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာမြို့တို့အပါအဝင် စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေကို တော်လှန်ရေးတပ်တွေဘက်က လက်လွှတ်ထားရတဲ့အခြေအနေဖြစ်နေပါတယ်။
ဧပြီ ၃၀ ရက်မှာပဲ NUG ထိန်းချုပ်ထားတဲ့ ကသုံးလုံးဒေသဖြစ်တဲ့ အမှတ် ၁ စစ်ဒေသထဲက အင်းတော်မြို့ကို စစ်တပ်က ပြန်ပြီးထိန်းချုပ်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ်အတွင်းမှာပဲ NUG ထိန်းချုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းထဲက ကသာ၊ ဗန်းမောက်၊ ထီးချိုင့်နဲ့ တကောင်း စတဲ့မြို့ ၄ မြို့တို့ကိုလည်း စစ်တပ်က ပြန်ထိန်းချုပ်ထားပါတယ်။
အတ္တလန္တိတ် အပျော်စီးသင်္ဘောပေါ်မှာ ကူးစက်ခဲ့တဲ့ ဟန်တာဗိုင်းရပ်စ် ဆိုတာ ဘာလဲ
အတ္တလန္တိတ် သမုဒ္ဒရာမှာ ရွက်လွှင့်သွားနေတဲ့ အပျော်စီး သင်္ဘောတစ်စင်းပေါ်မှာ ဟန်တာဗိုင်းရပ်စ်လို့ ယူဆရတဲ့ ရောဂါပိုး ကူးစက်ဖြစ်ပွားခဲ့အပြီး လူ သုံးဦး သေဆုံးခဲ့တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
လူတစ်ဦးမှာ ဟန်တာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း အတည်ပြုနိုင်ခဲ့ပြီး နောက်ထပ် ငါးဦးကို စစ်ဆေးနေဆဲပဲ လို့ ဆိုပါတယ်။
ဟန်တာဗိုင်းရပ်စ် လို့ ယူဆရတဲ့ ကူးစက်ဖြစ်ပွားမှုတွေနဲ့ ပတ်သက်လို့ နောက်ထပ် ဓာတ်ခွဲစစ်ဆေး စမ်းသပ်မှုအပါအဝင် အသေးစိတ် စစ်ဆေးမှုတွေ လုပ်နေဆဲ ဖြစ်တယ်လို့ WHO က ဘီဘီစီကို ပြောပါတယ်။
အာဂျင်တီးနားကနေ ကိတ်ပ် ဗာဒ် ဆီ သွားနေတဲ့ MV Hondius အပျော်စီးသင်္ဘောပေါ်မှာ ဒီရောဂါကူးစက်ဖြစ်ပွားမှုခဲ့တာလို့ သတင်းတွေအရ သိရပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ လက်နက်ကိုင်တပ်တွေ မရှိရေး နေပြည်တော်နဲ့ ဒေလီဆွေးနွေး
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း လက်နက်ကိုင်တပ်တွေ မရှိဖို့ နှစ်နိုင်ငံကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ ဆွေးနွေးထားတယ်လို့ အိန္ဒိယရေတပ်ဦးစီးချုပ်နဲ့ မြန်မာစစ်ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ ဆွေးနွေးထားတယ်လို့ နေပြည်တော်ဘက်က သတင်းထုတ်ပါတယ်။
အိန္ဒိယရေတပ် ဗိုလ်ချုပ်ကြီး ဒီနေရှ် ကေ တရီပါသီနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ မနေ့ မေ ၄ ရက်က နေပြည်တော်မှာ တွေ့ဆုံချိန် ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။ အိန္ဒိယရေတပ်ရဲ့ထုတ်ပြန်ချက်မှာတော့ နယ်စပ်က လက်နက်ကိုင်တပ်တွေအကြောင်း ထည့်သွင်းဖော်ပြထားတာမျိုး မရှိပေမဲ့ ဒေသတွင်းတည်ငြိမ်မှုနဲ့ လုံခြုံရေးကို မြှင့်တင်ဖို့ နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို မဟာဗျူဟာအဆင့်အထိ သက်ရောက်မှုရှိရေး ဆွေးနွေးခဲ့ကြတယ်လို့ ကြေညာထားပါတယ်။
တရီပါသီရဲ့မြန်မာပြည်ခရီးစဉ်ဟာ မေ ၂ ရက်ကနေ ၅ ရက်အထိဖြစ်ပြီး အဲဒီအချိန်အတွင်း မြန်မာရေတပ် ဗဟိုကွပ်ကဲမှုဌာနက အရာရှိတွေနဲ့လည်း တွေ့ဆုံထားတယ်လို့ အိန္ဒိယရေတပ်ဘက်က ပြောထားပါတယ်။
နှစ်နိုင်ငံနယ်စပ်ဒေသမှာ မြန်မာဘက်ခြမ်း စစ်ကိုင်းအနောက်ဘက်က တမူးအပါအဝင် ချင်းပြည်နယ်အနောက်ခြမ်းက တီးတိန်နဲ့ ဖလမ်းစတဲ့ဒေသတွေမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့၊ အာရက္ခတပ်တော်(အေအေ)အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။
အလားတူ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ နာဂနဲ့ ကသည်းလက်နက်ကိုင်အဖွဲ့တချို့လည်း မြန်မာ-အိန္ဒိယနယ်စပ်တကြောမှာ ပျံ့နှံ့အခြေစိုက်ထားကြတာဖြစ်ပါတယ်။
အိန္ဒိယစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက နယ်စပ်က အဲဒီလက်နက်ကိုင်တပ်တွေကို နှိမ်နင်းတဲ့စစ်ဆင်ရေးလုပ်တယ်လို့ဆိုပြီး ဒရုန်းနဲ့ တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ လူသိရှင်ကြားကြေညာပြီး အဲဒီစစ်ဆင်ရေးကို ဉီးဆောင်ခဲ့သူ အရာရှိကိုလည်း ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ မြန်မာနယ်စပ်မှာ အိန္ဒိယရဲ့ စစ်ရေးလုပ်ဆောင်ချက်တွေကို နေပြည်တော် ဘက်က တိတ်ဆိတ်နေခဲ့ပြီး အိန္ဒိယရေချုပ်ရဲ့ အခုခရီးစဉ်ရောက်မှ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးလုပ်ဆောင်မယ်လို့ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောလာတာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ နာဂနဲ့ ကသည်းလက်နက်ကိုင်အဖွဲ့အချို့ဟာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို တိုက်ခိုက်တာတွေရှိနေတယ်လို့ အစောပိုင်းကတည်းက ထုတ်ပြန်ထားပါတယ်။
အိန္ဒိယရေချုပ်နဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ နေပြည်တော် တွေ့ဆုံမှုကနေ ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်တွေအပြင် နှစ်နိုင်ငံရေတပ်ကြား စစ်ရေးလေ့ကျင့်ရေးတွေကိုလည်း ပူးပေါင်းလုပ်သွားတယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
အိန္ဒိယရေတပ်ချုပ်ရဲ့ ခရီးစဉ်အတွင်း အိန္ဒိယအစိုးရက ပံ့ပိုးပေးထားတဲ့ စစ်ဘက်ဆိုင်ရာ ကိရိယာတွေကို မြန်မာ ရေတပ်ဘက်ကို လွှဲပြောင်းပေးထားသလို အဲဒီထဲမှာ သင်္ဘောအသုံးအဆောင်ပစ္စည်းတွေ၊ ကမ်းရိုးတန်းလုံခြုံရေးအတွက် အသုံးပြုနိုင်တဲ့ကိရိယာတွေ ပါဝင်တယ်လို့ အိန္ဒိယဘက်က ဆိုပါတယ်။
အိန္ဒိယရေတပ်ရဲ့ စစ်ရေယာဉ် ၂ စင်းဟာ ချစ်ကြည်ရေးခရီးလည်ပတ်ဖို့ဆိုပြီး မနေ့ ဧပြီ ၄ ရက် ညနေပိုင်းမှာပဲ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။
မင်္ဂလာပါ။ မေ ၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။