ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ဗင်နီဇွဲလားမှာ အားပြင်း ငလျင် ၂ ခု စက္ကန့်ပိုင်းအတွင်း လှုပ်ခတ်လို့ သေဆုံးသူ ၁၆၄ ဦးအထိမြင့်တက်

ဗင်နီဇွဲလားနိုင်ငံ၊ မြို့တော်ကာရာကတ်စ်ကို ဗဟိုပြုပြီး အင်အားပြင်းငလျင် ၂ ခု မိနစ်ပိုင်းသာခြားပြီး လှုပ်ခတ်တဲ့သတင်းအပါအဝင် ဇွန် ၂၅ ရက် ကမ္အာ့နဲ့ နိုင်ငံတဝန်းထူးခြားသတင်းများကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ပြင်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းလိုနေရာတွေအပြင် ရေး- ထားဝယ်- ဘုတ်ပြင်း - ကော့သောင်း လမ်းကြောင်းမှာ နှိမ်နင်းရေးလုပ်ဖို့ဆိုပြီး စစ်တပ် ဒုခေါင်းဆောင်က ပြောလာပါတယ်
  • ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်မှာတော့ ပြင်းအား ၇ မဂ္ဂနီကျုကျော်တဲ့ ငလျင်ကြီး ၂ ကြိမ် လှုပ်ခတ်ခဲ့လို့ လူတွေ အပျက်အစီးတွေကြား ပိတ်မိနေပါတယ်
  • အိန္ဒိယ အကူအညီနဲ့အဆင့်မြှင့်နေတဲ့ မုံရွာ-ယာကြီးလမ်းပိုင်းက ရွာ ၁၂ ရွာကို စစ်တပ် ပြန်ထိန်းချုပ်လိုက်တယ်လို့သိရပါတယ်
  • မြန်မာက ထိပ်တန်းပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်တဲ့ AYA Bank သုံးစွဲသူတွေရဲ့အချက်အလက်တွေကို ဟက်ကာအဖွဲ့ ဖောက်ထွင်းပြီး ငွေညှစ်
  • အရာတော်တိုက်ပွဲမှာ PDF ၁၀ ဦးသေဆုံး၊ တိုက်ပွဲဖြစ်ရာနေရာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဆို

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လေကြောင်းသတိပေးချက် မိုဘိုင်း App တစ်ခုထွက်ရှိ

    မြန်မာမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ရာနဲ့ချီ သေဆုံးတယ်လို့ ကုလသမဂ္ဂက ထောက်ပြနေချိန်မှာပဲ ဒီအခြေအနေကို လျှော့ချဖို့ရည်ရွယ်တဲ့ လေကြောင်းသတိပေးချက် Application တစ်ခုကို ထွက်လာပါတယ်။

    ဒီ App ကို နွေဦးလေကြောင်းကင်းထောက်အဖွဲ့က ဖန်တီးခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတာတွေကြောင့် ထိခိုက်သေဆုံးတာတွေ လျော့နည်းအောင် ရည်ရွယ်တယ်လို့ အဲဒီအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    App ကို ဖုန်းထဲထည့်ထားမယ်ဆိုရင် ကိုယ်နေထိုင်တဲ့မြို့ရဲ့ကီလိုမီတာ ၁၀၀ ဝန်းကျင်မှာ လေကြောင်းဖြတ်သန်းလာတာနဲ့ သတိပေးချက်အသံ ထွက်ပေါ်လာမှာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

    ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်၊ ဂျိုင်ရိုကော်ပတာ၊ စက်တပ်လေထီး(ပါရာမော်တာ)အပြင် ကာမီကာဇေ အသေခံဒရုန်းတွေ တက်လာတာကိုပါ App က သတိပေးမယ်လို့ သူက ပြောပါတယ်။

    စစ်တပ်ရဲ့လေကြောင်းပျံသန်းမှု အချက်အလက်ကို App မှာ သိရှိနိုင်ဖို့ လေကြောင်းလှုပ်ရှားမှု မြင်တွေ့ရတဲ့ မြို့နယ်ဒေသခံတွေဟာ နွေဦးလေကြောင်းကင်းထောက်အဖွဲ့ကို ချက်ချင်းသတင်းပို့ပေးဖို့လည်း လိုအပ်မယ်လို့ သူက ပြောပါတယ်။

    ဒီ Application ကို အသုံးပြုဖို့ အင်တာနက်လိုအပ်တာကြောင့် အင်တာနက် လက်လှမ်းမမီနိုင်တဲ့အချိန်တွေမှာ သတိပေးချက်တွေရပ်တန့်နေမယ့်အားနည်းချက်တော့ ရှိနေပါတယ်။

    လက်ရှိမှာ လေကြောင်းသတိပေး Application ကို ကချင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းနဲ့ ပြည်နယ်တွေက သုံးစွဲသူ ၂,၈၀၀ ကျော် ရှိနေပြီလို့ နွေဦးလေကြောင်းကင်းထောက်အဖွဲ့ကနေ သိရပါတယ်။

  2. ဗင်နီဇွဲလားငလျင် - ငလျင်ရိုက်ခတ်မှုက လှုပ်သွားတဲ့မြေအနက်ပေါ် မူတည်

    အစ္စမီ စတယ်လာ

    ဘီဘီစီ သိပ္ပံနဲ့ရာသီဥတုဆိုင်ရာသတင်းထောက်

    ဗင်နီဇွဲလားဟာ အားပြင်းငလျင် ၂ ခုကို စက္ကန့်ပိုင်းပဲခြားပြီး ဆက်တိုက်လှုပ်ခတ်တာကို ကြုံခဲ့ရတာဖြစ်ပါတယ်။ ပြီးတော့ ဒီငလျင်၂ ခုစလုံးဟာ မြေအောက် အနက် ကီလိုမီတာ ၃၀ တောင်မပြည့်တဲ့အနက်တိမ်တိမ်ကို ဗဟိုပြုလှုပ်ခတ်သွားတာဖြစ်ပါတယ်။

    ငလျင်တစ်ခု လှုပ်ခတ်တဲ့အခါ အဲဒီငလျင်ရဲ့ရိုက်ခတ်မှုကို ငလျင်ဟာ ကမ္ဘာ့မြေပြင်ရဲ့မြေအောက်အနက် ဘယ်လောက်မှာ လှုပ်ခတ်သွားတယ်ဆိုတာနဲ့လည်း ချင့်တွက်ပါတယ်။

    ကမ္ဘာ့မြေလွှာချက်ကြီးနှစ်ခု ရုတ်တရက် တစ်ခုနဲ့တစ်ခု ရွေ့သွားတဲ့အခါ အင်အားအများကြီးကို ထုတ်လွှတ်ပါတယ်။ အဲဒီအင်အားဟာ ကမ္ဘာ့မျက်နှာပြင်ကို ရောက်တဲ့အခါ မြေဟာ တုန်ခါသွားပါတယ်။

    အဲဒီအားဟာ မျက်နှာပြင်နဲ့ပိုနီးတယ်ဆိုရင် လှုပ်ခါမှုနဲ့ ပျက်စီးနိုင်ခြေလည်း ပိုပြီးဖြစ်နိုင်ပါတယ်။

  3. ရွှေဈေး - စျေးကျပြီး ၉၄ သိန်းရောက်

    မြန်မာ့ရွှေဈေးက ဒီနေ့ ဇွန်လ ၂၅ ရက်မှာ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် ၉၅ သိန်းဝန်းကျင်အထိ စျေးထပ်မံ ကျဆင်းလာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်တုန်းက တစ်ကျပ်သားကို ကျပ် ၉၆ သိန်း ၃ သောင်းကျော်ရှိရာကနေ တစ်ပတ်‌ကျော်အကြာမှာ ၉၄ သိန်းဖြစ်နေတာကြောင့် ကျပ် ၂ သိန်းဝန်းကျင် ဈေးကျလာတာလို့ သိရပါတယ်။

    ၁၆ ပဲရည်ကို စနစ်သစ်ဈေးနဲ့ဆိုရင်တော့ တစ်ကျပ်သားကို ၉၃ သိန်း ၅ သောင်းဝန်းကျင် ရှိတယ်လို့ ရွှေဆိုင်ဖွင့်ထားသူတစ်ဦးက ပြောပါတယ်။

    ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းကတော့ ၁၆ ပဲရည် တစ်ကျပ်သားကို တရားဝင်ဈေး ကျပ် ၆၉ သိန်းရှိတယ်လို့ ကြေညာထားပါတယ်။

    ကမ္ဘာ့ရွှေစျေးကျဆင်းမှုကြောင့် မြန်မာ့ရွှေဈေးကျဆင်းလာတာဖြစ်ပါတယ်။

    ကမ္ဘာ့ရွှေဈေးဟာ အမေရိကန် ငွေဖောင်းပွမှုမြင့်တက်လာပြီး Fed က အတိုးနှုန်းကို အချိန်ကြာကြာမြှင့် ထားနိုင်တယ်လို့ ဈေးကွက်က ယူဆလာတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ရွှေကို ရောင်းချပြီး အတိုးရတဲ့ပိုင်ဆိုင်မှုတွေဘက် ပြောင်းရွှေ့လာရာက ကမ္ဘာ့ရွှေဈေး ကျဆင်းနေတာဖြစ်ပါတယ်။

  4. ထောင်ထဲမှာ ဘာသာစကားသင်နေကြတဲ့ ဝင်းနဲ့ ဇော်

    လွန်ခဲ့တဲ့ ၁၂ နှစ်က ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းမှာ ဗြိတိန်စုံတွဲသတ်ဖြတ်ခံရမှုနဲ့ ထောင်ကျခဲ့တဲ့ ဝင်းနဲ့ ဇော် ကို မြန်မာပြည်သူတွေ အများစုမှတ်မိကြမှာပါ။

    နိုင်ငံတကာကပါ စိတ်ဝင်စားခဲ့ကြတဲ့ အဲဒီအမှုကို ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းထွန်းတို့ရဲ့ အမည်တွေကို အတိုကောက်ခေါ်ပြီး ဝင်းနဲ့ ဇော် အမှုလို့ လူသိများပါတယ်။

    ဘန်ကောက်မြို့ ဘန်ခွန် အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ သူတို့ နှစ်ဦးကို မြန်မာသံရုံးနဲ့ ရှေ့နေအဖွဲ့က အခုသီတင်းပတ်ထဲ ထောင်ဝင်စာ သွားတွေ့ဖို့ ရှိနေပါတယ်။

    ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့ပေမဲ့ ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် တသက်တကျွန်းဖြစ်သွားခဲ့တဲ့ ဝင်းနဲ့ ဇော် အမှု နောက်ဆက်တွဲအခြေအနေ ဘယ်လိုရှိနေပါသလဲ။

    အပြည့်စုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  5. သတင်းထူး, ဗင်နီဇွဲလားငလျင် - သေဆုံးသူ ၁၆၄ ဦးရှိတယ်လို့ ယာယီသမ္မတပြော

    ဗင်နီဇွဲလားနိုင်ငံမှာ မနေ့ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူ ၁၆၄ ဦးအထိရှိတယ်လို့ နိုင်ငံ့ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီးဂတ်ဇ်က ပြောတယ်လို့ ရိုက်တာနဲ့ အေအက်ဖ်ပီသတင်းဌာနတွေက သတင်းဖော်ပြပါတယ်။

    ဒါဟာ ပြီးခဲ့တဲ့ ၅ နာရီကျော်ကြာတုန်းက ယာယီသမ္မတ ပထမဆုံးထုတ်ပြောခဲ့တဲ့ လူသေဆုံးမှုနှုန်းထက် ၅ ဆကျော် တိုးလာတာဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ ၅ နာရီကျော်တုန်းကတော့ ငလျင်ကြောင့်သေဆုံးသူ ၃၂ ဦးရှိပြီး ဒဏ်ရာရသူ လူ ၇၀၀ ရှိတယ်လို့ ယာယီသမ္မတက ပြောခဲ့ပါတယ်။

  6. ကျောက်ဖြူက တောင်မော်ဦးရေတပ်စခန်း အေအေနဲ့ စစ်တပ်အတွက် ဘာကြောင့်အရေးပါလဲ

    ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ)သိမ်းထားတဲ့ ရမ်းဗြဲနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ ကျောက်ဖြူမြို့နယ်ကြားက စစ်တပ်ရဲ့တောင်မော်ဦး ရေတပ်စခန်းအနီးမှာ စစ်တပ်နဲ့ အေအေတို့ကြားက တိုက်ပွဲ တစ်လကျော်ကြာလာပြီဖြစ်ပါတယ်။

    ဒီတိုက်ပွဲ တစ်လကျော်အတွင်း ရေတပ်ကာကင်းစခန်း ၄ ခု ထက်မနည်းကို အေအေက သိမ်းထားတယ်လို့ ဘီဘီစီရဲ့မြေပြင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။

    စစ်တပ်ကလည်း စစ်ကြောင်း အကြိမ်ကြိမ်ပို့ပြီး ပြန်လည်တုံ့ပြန်နေတာကြောင့် ရေတပ်စခန်းအနီး မိုင်အနည်းငယ်အကွာက စနဲမြို့အထိ တိုက်ပွဲအရှိန် ရိုက်ခတ်လို့ စနဲမြို့က ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရပါတယ်။

    တဖက်မှာလည်း စနဲမြို့နဲ့ကပ်လျက်က ဒီရေတပ်စခန်းဟာ တရုတ်ရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ တရုတ်ကို ရေနံတင်ပို့နေတဲ့မဒေးကျွန်းတို့လို စီမံကိန်းကြီးတွေကို အေအေက ရေကြောင်းအရပါ ထိန်းချုပ်ဖို့ ဗျူဟာမြောက်စခန်းဖြစ်နေတယ်လို့ ရခိုင်စစ်ရေးအကဲခတ်တချို့က ထောက်ပြပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါပြီ။

  7. အကျပ်အတည်းတွေကြောင့် ၄ လအတွင်း ထိုင်းကိုဝင်တဲ့မြန်မာ ၇ သိန်းနီးပါးရှိ - IOM

    ပဋိပက္ခ၊ စစ်မှုထမ်းနဲ့ မနှစ်က လှုပ်ခဲ့တဲ့ငလျင်နောက်ဆက်တွဲ အကျပ်အတည်းတွေကြောင့် အခုနှစ် ပထမ ၄ လမှာတင် ထိုင်းကို ဝင်ရောက်တဲ့ မြန်မာ ၇ သိန်းနီးပါးရှိတယ်လို့ ကုလသမဂ္ဂရဲ့ နိုင်ငံရွှေ့ပြောင်းသူများ ဆိုင်ရာ နိုင်ငံတကာအဖွဲ့(IOM)ရဲ့ အချက်အလက်အရ သိရပါတယ်။

    IOM က အခုနှစ် ၁ လပိုင်းကနေ ၄ လပိုင်းအထိ စုဆောင်းခဲ့တဲ့စစ်တမ်းအရ ထိုင်းကို ဝင်ရောက်တဲ့ မြန်မာ ၇ သိန်းနီးပါးထဲ ၃ သိန်းနီးပါးဟာ အထောက်အထားမရှိဘဲ တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်ခဲ့ကြတာလို့ IOM က ဆိုပါတယ်။

    တဖက်မှာလည်း ထိုင်းဟာ တရားမဝင် ဝင်ရောက်တဲ့မြန်မာတွေအတွက် ခရီးတစ်ထောက်နားရာဖြစ်နေပြီး မြန်မာတွေဟာ ထိုင်းကတဆင့် မလေးရှားနိုင်ငံထဲ ထပ်မံခရီးဆက် ပြောင်းရွှေ့နေတာတွေလည်းရှိတယ်လို့ IOM က ဇူလိုင် ၂၃ ရက်မှာထုတ်ပြန်ပါတယ်။

    ဒါပေမဲ့ IOM အနေနဲ့ မလေးရှားအထိ ပြောင်းရွှေ့နေကြတဲ့ မြန်မာအရေအတွက် အသေးစိတ်ကို စောင့်ကြည့်ဖို့ရာ ခက်ခဲနေသေးတယ်လို့ IOM ကဆိုပါတယ်။

    တစ်ဖက် မလေးရှားအာဏာပိုင်တွေရဲ့ ၂၀၂၆ ဇန်နဝါရီကနေ မေလဆန်းအထိ ၄ လကျော်ကာလအတွင်း နိုင်ငံထဲ တရားမဝင်ဝင်ရောက်လာတဲ့လူ ၃၁၈ ဦးရှိပြီး တရားမဝင်ခိုးဝင်မှုကတော့ ၅၁ မှုရှိခဲ့တယ်လို့ ဖော်ပြထားတဲ့အကြောင်း IOM ကဆိုပါတယ်။

    တစ်ဖက်မှာလည်း မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေဟာလည်း ပင်လယ်ရေကြောင်းကို အဓိကသုံးပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေထဲ တရားမဝင် ဝင်ရောက်နေတယ်လို့ IOM က ဖော်ပါတယ်။

    ၂၀၂၆ ပထမနှစ်ဝက် ၄ လအတွင်း ဒီနှစ်နိုင်ငံကနေ ထွက်ခွာလာတဲ့ ဒုက္ခသည်အရေအတွက် ၄,၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်က အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

    နှစ်နိုင်ငံကနေ မလေးရှားနဲ့ အင်ဒိုနီးရှားဆီ ရွှေ့ပြောင်းရောက်လာတဲ့ အရေအတွက်ဟာ ၂၀၂၅ ခုနှစ်နဲ့ ယှဉ်ရင် တရားမဝင်နိုင်ငံဖြတ်ကျော်မှု ၉၀ ရာခိုင်နှုန်း‌ကျော်မြင့်လာတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ထွက်ခွာတဲ့နှုန်းကလည်း မနှစ်ကထက်စာရင် ၃ ဆ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

    မြန်မာမှာ စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်တဲ့ ၂၀၂၄ ခုနှစ်ကစပြီး စစ်မှုထမ်းသက် အကျုံးဝင်သူတွေဟာ အသက်အန္တရာယ်စိုးရိမ်ချက်နဲ့ အလုပ်အကိုင်အခွင့်လမ်းတွေအတွက် အိမ်နီးချင်းနိုင်ငံတွေကို ရရာနည်းလမ်းနဲ့ ထွက်ခွာနေကြတာဖြစ်ပါတယ်။

    IOM ကလည်း မြန်မာမှာ ဖြစ်နေတဲ့ စစ်မက်ဒဏ်တွေနဲ့ အာဏာပိုင်တွေရဲ့အတင်းအကြပ်စစ်မှုထမ်းခိုင်းတဲ့အချက်တွေက မြန်မာတွေကို အသက်မွေးဝမ်း‌ကျောင်းအတွက် အိမ်နီးချင်းနိုင်ငံတွေကို ပြောင်းရွှေ့ကြဖို့ တွန်းအားပေးနေသလိုဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

  8. ရုရှားရင်းနှီးမြှုပ်နှံမယ့် ထားဝယ်အထူးစီးပွားရေးဇုန် ဘယ်လောက်လက်တွေ့ကျနိုင်လဲ

    ၁၈ နှစ်ကြာ စီမံကိန်းအဖြစ်သာ ရှိနေသေးတဲ့ တနင်္သာရီတိုင်းက ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှားနဲ့ ပူးပေါင်းအကောင်အထည်ဖော်ဖို့ နေပြည်တော်က ထပ်မံကြိုးပမ်းလာပါတယ်။

    ရုရှားရဲ့ Inter RAO ကုမ္ပဏီနဲ့ မြန်မာဘက်က လောင်းလုံးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်တို့ ရုရှားနိုင်ငံမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဒီစီမံကိန်းကို တနင်္သာရီတိုင်းအတွင်း နယ်မြေထိန်းချုပ်မှုရှိတဲ့ KNU အာဏာပိုင်တွေက ကန့်ကွက်ပါတယ်။

    ရုရှားခြေလှမ်းပြင်တဲ့ ဒီစီမံကိန်းကို ‌‌ဒေသခံတွေ ဘာပြောလဲ။

    အပြည့်အစုံ‌ဆောင်းပါးကို ဒီလင်ခ့် မှာ ဆက်ပြးဖတ်နိုင်ပါတယ်။

  9. ဗင်နီဇွဲလားငလျင် - ရုပ်သံကနေ ပြသတဲ့ငလျင်ပျက်စီးမှုအတိုင်းအဆ

    မနေ့ညပိုင်းတုန်းက ဗင်နီဇွဲလားနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ဗင်နီဇွဲလားမှာ ၁၉၀၀ ပြည့်နှစ်ကစလို့ လှုပ်ခတ်ခဲ့ဖူးသမျှ ငလျင်တွေထဲ အပြင်းထန်ဆုံး ငလျင်တွေထဲက တစ်ခုဖြစ်တယ်လို့ အမေရိကန်ဘူမိဗေဒဌာန (USGS)က အချက်အလက်အရ သိရပါတယ်။

    ငလျင်ဟာ ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကတ်စ်ကို ဗဟိုပြုပြီး ပြင်းအား ၇ မဂ္ဂနီကျုကျော်နဲ့ မိနစ်ပိုင်းပဲခြားပြီး လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ USGS ရဲ့အချက်အလက်အရ ဗင်နီဇွဲလားနိုင်ငံမှာ လှုပ်ခတ်ဖူးသမျှ ငလျင်တွေထဲ အင်အားအပြင်းဆုံး မဟုတ်သေးပါဘူး။

    လွန်ခဲ့တဲ့နှစ် ၁၉၀၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၉ တုန်းက ဗင်နီဇွဲလားကမ်းခြေမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ မဂ္ဂနီကျုရှိတဲ့ငလျင်ဖြစ်ပြီး ဆန် နာစီကို ငလျင်ဖြစ်ပါတယ်။

  10. , အရာတော်မြို့နယ်တိုက်ပွဲမှာ စစ်တပ်နဲ့ တော်လှန်ရေး နှစ်ဘက်လုံး သေဆုံးမှုရှိ

    စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တချို့ကြား ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ၁၀ ဦး သေဆုံးတယ်လို့ ဒီအခြေအနေကို သိတဲ့မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “သေဆုံးသွားတဲ့ စစ်တပ်တပ်ဖွဲ့ဝင် ၅ ဦးရဲ့လက်နက်ကို ကောက်တဲ့အချိန် နောက်တက်လာတဲ့စစ်ကြောင်းက ပစ်လိုက်လို့ PDF ၁၀ ဦး ထိသွားတာ” လို့ သူက ဖြည့်ပြောပါတယ်။

    အဲဒီတိုက်ပွဲမှာ မုံရွာခရိုင် တပ်ရင်း ၂၄ ဘက်က တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ လက်နက်ကောက်ပြီး ပြန်ဆုတ်တဲ့လမ်းမှာလည်း စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

    ဇွန်လ ၂၄ ရက်တုန်းက အရာတော်မြို့နယ်က တိုက်ငွေတွင်းကျေးရွာနဲ့ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ - ၁၀) ကြားလမ်းပိုင်းပေါ် အင်အား၄၀ ကျော်နဲ့ တက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    လက်ရှိ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာအပြင် အနီးတဝိုက်နေရာတွေကို စစ်တပ်ရဲ့ စခတ ၁၀ တပ်ထဲကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် တော်လှန်ရေးတပ်တချို့ တပ်စွဲထားတဲ့ နေရာတွေကနေ ပြန်ဆုတ်ခွာထားရတယ်လို့ အရာတော်အခြေစိုက် တပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ဒီနေ့ ဇွန် ၂၅ ရက်မှာပြောပါတယ်။

    စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်လို့ PDF ဘက်က ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးဆောင်ပစ္စည်းတချို့ စစ်တပ်ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

    မြန်မာစစ်တပ်ကတော့ အရာတော်မြို့နယ်ထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

  11. အစ္စရေးက ဂါဇာမှာကလေးတွေကိုပစ်မှတ်ထား လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေ - ကုလစုံစမ်းရေးကော်မရှင်

    အစ္စရေးဟာ ပါလက်စတိုင်း ကလေးငယ်တွေကို တမင် ပစ်မှတ်ထားခဲ့တဲ့အတွက် ဂါဇာဒေသမှာ လူမျိုးတုံး သတ်ဖြတ်မှု၊ လူမဆန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာ ရောက်သလို ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသမှာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

    သိန်းသောင်းချီတဲ့ ပါလက်စတိုင်း ကလေးငယ်တွေကို သေဆုံးအောင်၊ ခန္ဓာကိုယ် အကြီးအကျယ်ထိခိုက်အောင်၊ စိတ်ဒဏ်ရာရအောင် အစ္စရေး အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တမင် လုပ်ခဲ့ကြပြီး ဂါဇာဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ အပစ်ရပ်ခဲ့ပြီးတာတောင် သတ်ဖြတ်မှုတွေ ဆက်လုပ်နေတယ်လို့ အဲဒီအစီရင်ခံစာသစ်မှာ စွပ်စွဲဖော်ပြထားပါတယ်။

    ကလေးတွေကို ပစ်မှတ်ထားတဲ့ဒီလုပ်ရပ်တွေဟာ ဂါဇာဒေသက ပါလက်စတိုင်းလူမျိုးတွေရဲ့ အနာဂတ်ကို ဖျက်ဆီးဖို့ တမင်လုပ် နည်းဗျူဟာတစ်ခုရဲ့ တစ်စိတ်တပိုင်း ဖြစ်ကြောင်း ကောက်ချက်ချဖို့ ခိုင်လုံတဲ့အကြောင်းရင်းခံတွေ ရှာတွေ့ထားတယ်လို့ ကော်မရှင်က ဆိုပါတယ်။

    ကော်မရှင်ရဲ့အစီရင်ခံစာကို လုံးဝ လက်မခံဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီအစီရင်ခံစာဟာ အတုအယောင် အသရေဖျက်မှုတစ်ခုဖြစ်ပြီး အရင်ထုတ်ခဲ့တဲ့ အစီရင်ခံစာလိုပဲ မဟုတ်မမှန် ဝါဒဖြန့်မှုတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ကော်မရှင်က ဘယ်အချက်တွေကို ကိုင်စွဲပြီး အခုလို ပြောလိုက်တာပါလဲ။

    အပြည့်အစုံအကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  12. သုံးစွဲသူတွေအချက်အလက်ကိုင်ပြီး AYA Bank ကို ဟက်ကာအဖွဲ့ ငွေညှစ်မှုဖြစ်

    Lapsus$ ဆိုတဲ့ ဟက်ကာအဖွဲ့က သူတို့ဟာ မြန်မာက ထိပ်တန်းပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်တဲ့ AYA Bank သုံးစွဲသူတွေရဲ့အချက်အလက်တွေကို ဖောက်ထွင်းရယူထားပြီး သတ်မှတ်ရက်အတွင်း ငွေပေး မရွေးရင် အချက်အလက်တွေကို ရောင်းစားမယ့်အကြောင်း ခြိမ်းခြောက်လိုက်ပါတယ်။

    အဲဒီဟက်ကာအဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို ဘဏ်ဘက်က သိရှိထားတယ်လို့ AYA ဘဏ်အရာရှိတစ်ဦးနဲ့ နီးစပ်သူတစ်ဦးက အတည်ပြု ပြောပါတယ်။

    AYA Bangk ဘက်က ထုတ်ပြန်ချက်တွေအရ ဘဏ်ကို အသုံးပြုနေသူ ၃ သန်းကျော်အထိရှိနေပါတယ်။

    Lapsus$ ဟက်ကာအဖွဲ့ကတော့ AYA Bank အနေနဲ့ သုံးစွဲသူတွေရဲ့အချက်အလက်တွေကို သတ်မှတ်ရက်အတွင်း ပြန်လည် ရွေးယူတာမျိုးမလုပ်ရင် အချက်အလက်တွေကို ရာဇဝတ်မှုနဲ့ မကင်းတာတွေအကုန်လုပ်လို့ရတဲ့ အမှောင် အင်တာနက် (Dark Web) လောကမှာ ရောင်းချမယ်လို့ ပြောထားပါတယ်။

    Lapsus$ ဟက်ကာအဖွဲ့က အဲဒီလိုအချိန်သတ်မှတ်ထားတဲ့အကြောင်းကို ကမ္ဘာတလွှား ဆိုက်ဘာရာဇဝတ်မှုတွေ၊ အချက်အလက်ကျိုးပေါက်မှုတွေ၊ Dark Web စျေးကွက်နဲ့ ခြိမ်းခြောက်မှုတွေကို စောင့်ကြည့်တဲ့ Dark Web Informer(သတင်းပေး)က သူ့ရဲ့ X လူမှုကွန်ရက်မှာ ဇွန်လ ၂၄ ရက်က တင်ခဲ့တာဖြစ်ပါတယ်။

    AYA ဘဏ်ရဲ့ပင်မစနစ်မှာရှိတဲ့ လူတစ်ဦးချင်းစီရဲ့ကိုယ်ရေးအချက်အလက် (PII - Personally Identifiable Information)တွေ အကုန်လုံး ရထားတယ်ဆိုပြီး ဟက်ကာအဖွဲ့က AYA ဘဏ်ဘက်ကို အသိပေးထားတဲ့အကြောင်း AYA ဘဏ်နဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။

    ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာကျွမ်းကျင်သူတစ်ဦးကတော့ ဟက်ကာအဖွဲ့ ထုတ်ပြထားတဲ့ ဖိုင်တချို့အရ ဘဏ်ဝန်ထမ်းတွေရဲ့လစာငွေစာရင်းအပါအဝင် သုံးစွဲသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ ငွေပေးချေမှုမှတ်တမ်းတွေ ရယူသွားနိုင်တယ်လို့ ရှင်းပြပါတယ်။

    ဘီဘီစီအနေနဲ့ AYA ဘဏ်ရဲ့အချက်အလက်ကို ဟက်ကာအဖွဲ့က ဖောက်ထွင်းရယူထားတယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေနဲ့ ပတ်သက်ပြီးမေးမြန်းဖို့ AYA ဘဏ်ကို အရေးပေါ်ဖုန်းခေါ်ဆိုနိုင်တဲ့ဖုန်းလိုင်းကို ၂ ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းမအားသေးဘူးလို့သာ ပြန်လည်ဖြေကြားပါတယ်။

    ဒီနေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်မှာတော့ AYA ဘဏ်ကနေ ဘဏ်ပိုင်းဆိုင်ရာ အချက်အလက်တချို့ ပြင်ပကို ပေါက်ကြားခဲ့တဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ ဝန်ခံထားပြီး ငွေကြေးဆိုင်ရာ မပါဝင်တဲ့ လျှောက်လွှာပေါ်က အချက်အလက်တချို့ပေါက်ကြားခဲ့တာလို့ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။

    AYA ဘဏ်ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အကြွေးဝယ်ကတ်လို့ ခေါ်တဲ့ (Credit Card) အမျိုးအစားနဲ့ပတ်သက်ပြီး အချက်အလက်ပေါက်ကြားမှုဖြစ်ခဲ့တယ်လို့ ဒီအကြောင်းကို သိတဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

    ဒါ‌ကြောင့် ဘဏ်သုံးစွဲသူတွေအနေနဲ့ အကောင့်ထဲက ငွေစာရင်းလှုပ်ရှားမှုတွေကို သေချာစောင့်ကြည့်ဖို့ လိုတယ်လို့ ဘဏ်လုပ်ငန်းဆိုင်ရာနည်းပညာကျွမ်းကျင်သူက သတိပေးပါတယ်။

    နောက် “Credit Card ကတ်တွေကို ယာယီပိတ်ထားဖို့ လိုမယ်။ ဘဏ်အယောင်ဆောင်ပြီး ဖုန်းခေါ်ဆိုကာ OTP ကုတ်တောင်းခံတာနဲ့ လင့်ခ်အတုပို့တာတွေ မဝင်ဖို့ ၊ Password လျှို့ဝှက်ကုတ်ပြောင်းခိုင်းတဲ့ စာတိုတွေဝင်လာရင် မပြောင်းမိဖို့လိုတယ်” လို့ သူက ထပ်‌ပြောပါတယ်။

  13. သတင်းထူး, ဗင်နီဇွဲလားငလျင် - သေဆုံးသူ ၃၂ ဦးအထိရှိတယ်လို့ ယာယီသမ္မတပြော

    ဗင်နီဇွဲလားမှာ ဇွန်လ ၂၄ ရက်ညနေပိုင်းတုန်းက စက္ကန့်ပိုင်းသာခြားပြီး လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင် ၂ ခုကြောင့် သေဆုံးသူ အနည်းဆုံး ၃၂ ဦးအထိ ရှိလာပြီး နောက်ထပ် လူ ၇၀၀ နီးပါး ဒဏ်ရာရရှိတယ်လို့ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီးဂတ်ဇ်က ပြောပါတယ်။

    ဒါဟာ ငလျင်ကြောင့် လူသေဆုံးနှုန်းကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးက ပထမဆုံးထုတ်ပြောလာတဲ့အရေအတွက်လည်း ဖြစ်ပါတယ်။

    ဗင်နီဇွဲလားငလျင် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ ဆက်လက်ဖြည့်စွက်ဖော်ပြပေးသွားပါမယ်။

  14. ဗင်နီဇွဲလားငလျင် - ကာရာကတ်စ်မြို့ခံတွေ ငလျင်အလွန်ပထမညကို လမ်းပေါ်မှာ ဖြတ်ကျော်နေကြရ

    ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်မှာတော့ ဒေသစံတော်ချိန်အရ အခုဆိုညသန်းခေါင်ကျော်သွားပြီဖြစ်ပြီး ငလျင်ကြီးကြောင့် အထိတ်အလန့်ဖြစ်ကြရတဲ့ဒေသခံတွေဟာ ငလျင်အလွန် ပထမညကို လမ်းပေါ်မှာပဲ ကုန်ဆုံးဖြတ်ကျော်နေကြရပါတယ်။

    နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်မှာနဲ့ ငလျင်ကြောင့် ပျက်သွားတဲ့အဆောက်အအုံတွေ ရုတ်တရက်ပြိုကျမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

    အများစုကတော့ ကိုယ်ချစ်ခင်ရသူတွေရဲ့သတင်းကို လမ်းပေါ်မှာပဲ မျှော်တလင့်လင့် စောင့်ဆိုင်းနေကြပါတယ်။

    အာဏာပိုင်တွေကတော့ ငလျင်ကြောင့် အပျက်အစီးအတိုင်းအဆကို ဆန်းစစ်နေတုန်းဖြစ်လို့ အိမ်ထဲမှာ မနေကြဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ ငလျင်ဒဏ်သင့်သူ အများစုဟာ ငလျင်အလွန် နားခိုဖို့ရာနေရာတစ်နေရာကိုတောင် ရှာဖွေဖို့ ခက်နေပါတယ်။

    ဒါပေမဲ့ ငလျင်ကြောင့် အပျက်အစီးအတိုင်းအဆကို သိအောင်ကြိုးပမ်းနေတုန်းဖြစ်ပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေကြားထဲမှာ ပိတ်မိနေသူတွေကို ရှာဖွေနေတဲ့နေရာကိုရောက်နေတဲ့ ဘီဘီစီ မွန်ဒိုဘာသာစကားဌာနအတွက် သတင်းပေးပို့သူ နစ်ကိုး ကိုလ်စတာကတော့ လူတွေ အကူအညီ အော်ဟစ် တောင်းဆိုသံကို ကြားခဲ့ရတယ်လို့ ပြောပါတယ်။

    လက်ရှိမှာ ဗင်နီဇွဲလားရဲ့ယာယီသမ္မတအဖြစ် တာဝန်ထမ်းနေသူ ဒယ်လ်စီ ရိုဒရီးဂတ်စ်ကတော့ နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာထားပြီး ထိခိုက်ရသူတွေအတွက်လည်း ဝမ်းနည်းကြောင်း ပြောထားပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် လက်တင်အမေရိကတလွှားက နိုင်ငံခေါင်းဆောင်တွေကလည်း ငလျင်အတွက် အကူအညီတွေပေးမယ်လို့ပြောပြီး ငလျင်ဒဏ်သင့် ဗင်နီဇွဲလားပြည်သူ့တွေနဲ့အတူ ရှိနေတဲ့အကြောင်း အားပေးပါတယ်။

  15. အိန္ဒိယက ဒေါ်လာသန်းချီကူညီထားတဲ့ မုံရွာ-ကလေးဝလမ်းစီမံကိန်း ရွာတွေကို စစ်တပ်ပြန်ထိန်းချုပ်

    စစ်ကိုင်းတိုင်းအလယ်ပိုင်းနဲ့ အထက်ပိုင်းကို ဆက်သွယ်ထားတဲ့ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းပေါ်က ရွာပေါင်း ၁၂ ရွာကို မြန်မာစစ်တပ်က သိမ်းပိုက်ထိန်းချုပ်ခဲ့တယ်လို့ နေပြည်တော်က ဇွန် ၂၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာကနေ သတင်းထုတ်ပြန်ပါတယ်။

    မိုင် ၁၂၀ ကျော်ရှည်တဲ့ မုံရွာ -ယာကြီး- ကလေးဝ လမ်းပိုင်းဟာ အိန္ဒိယရဲ့ ဒေါ်လာသန်းရာချီအကူအညီနဲ့အဆင့်မြှင့်တင်နေတဲ့စီမံကိန်းလမ်းပိုင်းဖြစ်ပြီး ဒီလမ်းပိုင်းဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေရဲ့ထိန်းချုပ်အောက်က ကျေးရွာတွေကိုဖြတ်သန်းပါတယ်။

    လမ်းပိုင်းဖြတ်တဲ့ ကနီမြို့နယ်ထဲကို စစ်တပ်က သီတင်း ၃ ပတ်ကြာ စစ်ကြောင်းထိုးအပြီးမှာ လမ်းပိုင်းပေါ်က ရွာ ၁၂ ရွာကို ပြန်ထိန်းချုပ်လိုက်ပြီလို့ ကြေညာလာတာဖြစ်ပါတယ်။

    စစ်တပ်ကတော့ ဇွန်လ ၅ ရက်ကနေ ၂၂ ရက်အထိ ၃ ပတ်နီးပါးအတွင်းမှာ ထိန်းချုပ်ခဲ့တာဖြစ်ပြီး ဒီလမ်းပိုင်းတစ်ခုလုံးကို ထိန်းချုပ်ဖို့ စစ်တပ်က နယ်မြေလုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    စစ်တပ်ထိန်းချုပ်ခဲ့တဲ့ ရွာတွေကတော့ ချောင်းမ၊ ယာကြီး၊ ‌‌ကျောက်လုံးကြီး၊ တဲစု၊ အောင်မင်္ဂလာ၊ သစ်ရာပင်၊ ဝင်းကုန်း၊ ညောင်ပင်လယ်၊ ကွမ်းပင်ရေ၊ လာပို့၊ စစ်လင်းချောင်းနဲ့ ထုံးကြီး စတဲ့ရွာတွေဖြစ်ပါတယ်။

    စစ်တပ်က ဒီလမ်းပိုင်းကို အာဏာသိမ်းကာလတွေမှာ လက်လွှတ်ထားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ နေပြည်တော်မှာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်က သူ့ရဲ့အိန္ဒိယခရီးစဉ်မှာ ယာကြီး - ကလေးဝ လမ်းပိုင်းကို အကောင်အထည်ဖော်နိုင်ရေးဆက်လုပ်မယ်လို့ ကတိပေးခဲ့အပြီးမှာ ဒီလမ်းပိုင်းပေါ်မှာ စစ်တပ်က စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

    စစ်တပ်ကတော့ လက်ရှိ မင်းကင်းမြို့နယ်ထဲက ကျော်ကျေးရွာမှာ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ ဆိုထားပါတယ်။

    တစ်ဖက်မှာလည်း အဲဒီလမ်းပိုင်းတလျှောက်လှုပ်ရှားတဲ့ အညာအခြေစိုက် တော်လှန်ရေးတပ်တချို့ကလည်း လမ်းပိုင်း တစ်ခုလုံး လက်မလွှတ်ရအောင် စစ်တပ်စစ်ကြောင်းတွေကို ပြောက်ကျားထိုးစစ်ဖော်တာနဲ့ မိုင်းခွဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့ အစောပိုင်းမှာပြောထားပါတယ်။

    စစ်တပ်က ဒီလမ်းပိုင်းပြန်ရရေးအတွက် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) ကနေ စစ်တပ်ထိန်းချုပ်ထားတဲ့ ချောင်းမရွာကို စစ်ကူအင်အားတွေကို ပို့ပြီး စစ်ကြောင်းထိုးတာတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းဟာ အိန္ဒိယရဲ့ သုံးနိုင်ငံအဝေးပြေးလမ်းမ စီမံကိန်း (အိန္ဒိယ-မြန်မာ-ထိုင်း)ထဲမှာပါတဲ့ အရေးပါတဲ့ ကုန်းတွင်းလမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။

    ဒီလမ်းပိုင်းဟာ စစ်ကိုင်း၊ ယင်းမာပင်ခရိုင်ထဲက တရုတ်ရဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုအကောင်အထည်ဖော်ပေးနေတဲ့ တရုတ်ကုမ္ပဏီ ဝမ်ပေါင်၊ ယန်စီတို့ရဲ့ စက်ရုံတွင်းလမ်းတွေနဲ့လည်း ဆက်စပ်နေတာဖြစ်ပါတယ်။

    စစ်ရေးအကဲခတ်တချို့ကတော့ ဒီလမ်းပိုင်းတစ်ခုလုံး စစ်တပ်ပြန်ထိန်းချုပ်နိုင်ရင် စစ်ကိုင်းတိုင်းတစ်ခုလုံးမှာ တော်လှန်ရေးတပ်တွေအနေနဲ့ ဖြန့်ကြက်လှုပ်ရှားသွားလာမှုတွေကို ပိတ်ဆို့ဖြတ်တောက်ခံရမယ့် ခြိမ်းခြောက်မှုရှိလာနိုင်တယ်လို့ ထောက်ပြပါတယ်။

    ဒီလမ်းပိုင်းအဆုံးသတ်ရာမြို့တစ်မြို့ဖြစ်တဲ့ ကလေးဝမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ကလေး-တမူးလမ်းပိုင်းတစ်ခုလုံးပြန်ထိန်းချုပ်နိုင်ဖို့ကိုလည်း စစ်တပ်က ၂၀၂၆ ပထမနှစ်ဝက်ထဲမှာ လုံးပန်းနေပါတယ်။

  16. ဗင်နီဇွဲလားငလျင် - ကယ်ဆယ်ရေးအဖွဲ့တွေ အပျက်အစီးပုံအောက်မှာ ပိတ်မိနေသူတွေကိုရှာဖွေ(ရုပ်သံ)

    ဘီဘီစီသတင်းထောက် ဗနက်ဆာ ဆေးလ်ဗာ ပေးပို့လာတဲ့ မြေပြင်က ရုပ်သံမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးတွေကြားမှာ ပိတ်မိနေသူတွေကို ရှာဖွေရေး ဆက်လုပ်နေကြပါတယ်။

    ငလျင်ဗဟိုချက်ဖြစ်တဲ့ မြို့တော် ကာရာကတ်စ်က ဆန် ဘာနာဒီနို ဆင်ခြေဖုံးမှာရှိတဲ့ အထပ်မြင့်အဆောက်အုံပြိုကျမှု အပျက်အစီးအောက်မှာ ရှာဖွေရေးလုပ်နေတာဖြစ်ပါတယ်။

    သတင်းတွေမှာတော့ အဲဒီအရပ်မှာ လူသေဆုံးမှုရှိတယ်လို့ ဖော်ပြနေပေမဲ့ ဘီဘီစီအနေနဲ့သီးခြား အတည်မပြုနိုင်သေးပါဘူး။

    ဗင်နီဇွဲလားမှာ မြို့တော် ကာရာကတ်စ်မှာ ပြင်းအား ၇ မဂ္ဂနီကျုကျော်တဲ့ငလျင် ၂ ခု စက္ကန့်ပိုင်းပဲခြားပြီး လှုပ်ခတ်ခဲ့တာကြောင့် အဆောက်အဦတွေ ပြိုကျခဲ့တာဖြစ်ပါတယ်။

  17. ဗင်နီဇွဲလားမှာ ပြင်းအား ၇ မဂ္ဂနီကျုအထက်ရှိတဲ့ငလျင်ကြီး ၂ ကြိမ်လှုပ်

    ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်မှာ ပြင်းအား ၇.၂ နဲ့ ၇.၅ မဂ္ဂနီကျုရှိတဲ့အားပြင်းငလျင်ကြီး ၂ ခု စက္ကန့်ပိုင်းပဲခြားပြီး လှုပ်ခတ်ခဲ့လို့ မြို့က တိုက်တာအိုးအိမ်တွေ ပြိုကျကုန်ပါတယ်။

    အဆောက်အဦတွေ ပြိုကျလို့ မြို့ခံတွေ လမ်းပေါ်ကို ထွက်ပြေးတာ မြင်တွေ့ရပြီး ပြည်ထဲရေးဝန်ကြီးကလည်း လူထုကို အိမ်ထဲမှာ မနေကြတော့ဖို့ ပြောထားပါတယ်။

    ဒီငလျင်ကြီးတွေကြောင့် ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှု အတိုင်းအဆ ကြီးမားနိုင်ခြေရှိပြီး ငလျင်စောင့်ကြည့်တဲ့ အမေရိကန်ဘူမိလေ့လာရေးဌာန (USGS)ကတော့ သေဆုံးအရေအတွက် လူပေါင်း ၁ သောင်းကျော်နိုင်ခြေဟာ ၄၄ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

    ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီကျော်မှာ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး ဗင်နီဇွဲလားမှာ မနေ့က အမျိုးသားနေ့ ပိတ်ရက်ဖြစ်လို့ မိသားစုတွေ အိမ်မှာ စုဝေးနေကြချိန်လည်းဖြစ်ပါတယ်။

    ငလျင်ဟာ မြို့တော် ကာရာကတ်စ်အနောက်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားတာဖြစ်ပြီး ငလျင်အရှိန်ကို တစ်နိုင်ငံလုံး ခံစားခဲ့ရသလို အဝေးက ကိုလံဘီယာနိုင်ငံ၊ ဘိုကိုတာမြို့အထိ ငလျင်အရှိန်ရောက်ခဲ့ပါတယ်။

  18. ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းစစ်ရေးလုံခြုံမှု အာမခံချက်ကို စစ်တပ်ဒုချုပ်ပြော

    ထားဝယ်ရေနက်ဆိပ်ကမ်းလို မဟာဗျူဟာမြောက် စီမံကိန်းတွေနဲ့ ရေး-ထားဝယ်- မြိတ်- ဘုတ်ပြင်း-ကော့သောင်း လမ်းကြောင်းတွေ စစ်ရေးလုံခြုံမှုအာမခံချက်ကို မြန်မာစစ်တပ်ရဲ့ ဒုချုပ်ဗိုလ်ချုပ်ကြီးကျော်စွာလင်း က ပြောလာပါတယ်။

    ဇွန် ၂၄ ရက်က တနင်္သာရီ၊ မြိတ်နဲ့ ကျွန်းစုတပ်နယ်က စစ်တပ်မိသားစုတွေနဲ့ တွေ့ဆုံချိန် သူကအဲဒီလိုထည့်ပြောခဲ့တာပါ။

    သူ့အ‌ပြောအရ ထားဝယ်ရေနက်ဆိပ်ကမ်းလို မဟာဗျူဟာမြောက် စီမံကိန်းတွေနဲ့ ရေး-ထားဝယ်- မြိတ်- ဘုတ်ပြင်း-ကော့သောင်း လမ်းကြောင်းကို နှောင့်ယှက်ဖျက်ဆီးသူတွေကို ထိထိရောက်ရောက် ချေမှုန်းဖို့လို့ဆိုပါတယ်။

    ၁၈ နှစ်နီးပါး ရုပ်လုံးမပေါ် နိုင်သေးတဲ့ တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ နဘုလယ်တိုက်နယ်ထဲက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးအားကောင်းတဲ့ ရုရှားနိုင်ငံက လုပ်ဆောင်ဖို့ ၂၀၂၆ ဇွန်လ ပထမပတ်ထဲမှာ MoU အဆင့် လက်မှတ်ထိုးထားပါတယ်။

    မြန်မာစစ်တပ်ဒုချုပ်ရဲ့ရုရှားစီမံကိန်းကို ကာကွယ်ဖို့ ပြောဆိုချက်ကြောင့် စီမံကိန်းဒေသထဲမှာ စစ်ရေးဖိအားပေးတာတွေ ပိုလုပ်လာနိုင်တယ်လို့ ထားဝယ်အခြေစိုက်မြေပြင်အခြေအနေ သိရှိသူက ပြောပါတယ်။

    ''သူတို့(စစ်တပ်)ဘက်က ဒီလိုပြောလာလို့ ဆိုတာအပြင် မူလကတည်းက စီမံကိန်းဒေသထဲမှာ စစ်တပ်ဘက်က တပ်အင်အားကောင်းကောင်းနဲ့ တပ်စွဲထားတယ်။ နောက်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း လွှမ်းမိုးထိန်းချုပ်ထားတဲ့အပိုင်းတွေလည်းရှိတယ်။ ရုရှားစီမံကိန်းဖြစ်တော့ စစ်တပ်ဘက်က မဖြစ်ဖြစ်အောင်ဒါကို တွန်းလုပ်လာမယ်လို့ ကျွန်တော်တို့ မြင်ပါတယ်'' လို့ ထားဝယ်အခြေစိုက်မြေပြင်အခြေအနေ သိရှိသူက ဆိုပါတယ်။

    တဆက်တည်းမှာပဲ စစ်ရေးတင်းမာမှုတွေကြောင့် စီမံကိန်းဒေသ၊ ရေဖြူမြို့နယ်နဲ့ စီမံကိန်းဒေသနဲ့ဆက်နွယ်ဖြတ်သန်းသွားတဲ့ ရေး-ထားဝယ်- မြိတ်- ဘုတ်ပြင်း-ကော့သောင်း လမ်းကြောင်းမှာလည်း စစ်ရေးဖိအားပေးတာတွေပိုလုပ်လာနိုင်တယ်လို့ နောက်ထပ်ထားဝယ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဇွန်ပထမပတ်က စီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကို ရုရှားရဲ့ Inter RAO ကုမ္ပဏီနဲ့ မြန်မာဘက်က လောင်းလုံးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်တို့ ရုရှားနိုင်ငံမှာ လက်မှတ်ရေးထိုးခဲ့တာပါ။

    စီမံကိန်းဒေသဖြစ်တဲ့ ရေဖြူမြို့နယ်၊ နဘုလယ်တိုက်နယ်နဲ့ စီမံကိန်းဧရိယာထဲမှာ မြန်မာစစ်တပ်ရဲ့ တပ်ရင်း ၄ ဖွဲ့လောက်က အင်အားအများအပြားနဲ့ ဖြန့်ကြက်တပ်စွဲထားသလို စီမံကိန်းနေရာနဲ့ မောရဝတီရေတပ်စခန်းဌာနချုပ်နဲ့လည်း ၁၀ မိုင်ခန့်ပဲဝေးတယ်လို့ ထားဝယ်အခြေစိုက်မြေပြင်အခြေအနေ သိရှိသူကပြောပါတယ်။

    တဖက်မှာတော့ စီမံကိန်းကို အလုံးစုံအကောင်အထည်ဖော်နေတာမရှိသေးပေမဲ့ အတင်းအကျပ် နေရပ်ရွှေ့ပြောင်းခံရတာတွေ၊ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ၊ မြေယာသိမ်းဆည်းခံရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်တာဝန်ရှိသူက ဒေသတွင်းသတင်း Dawei Watch ရဲ့ သတင်းမှာ ပြောထားပါတယ်။

    ရေနက်ဆိပ်ကမ်းစီမံကိန်းရှိတဲ့ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ထဲမှာ တော်လှန်ရေးအင်အားစုတပ်တွေဘက်က ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ ဗထူးတပ်မတော်(BHA)က နေရာယူထားသလို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အပါအဝင် အခြားဒေသကာကွယ်ရေးတပ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

  19. မင်္ဂလာပါ။ ဇွန်လ ၂၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။