ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, တပိုင်တနိုင်တင်သွင်းခွင့် ပိတ်ခံထားရတဲ့ တာချီလိတ်မှာ စားသောက်ကုန်တွေ ဈေး ၂ ဆနီးပါးမြင့်

မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်တံတားကနေ ကုန်ပစ္စည်းတင်သွင်းခွင့်တွေ ပိတ်ထားတာကြောင့် တာချီလိတ်မြို့မှာ စားသောက်ကုန်ပစ္စည်းတွေ ၂ ဆနီးပါး ဈေးမြင့်တက်နေတဲ့သတင်းအပါအဝင် စက်တင်ဘာ ၂၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

တာချီလိတ်မြို့ကို တင်သွင်းနေတဲ့ ထိုင်းဘက်က ကုန်ပစ္စည်းတွေအပြင် စားသုံးကုန် တပိုင်တနိုင်တင်သွင်းနေတာကိုပါ မြန်မာဘက်က ပိတ်လိုက်တာကြောင့် စားသောက်ကုန်ဈေးတွေ ၂ ဆနီးပါး မြင့်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တပိုင်တနိုင်တင်သွင်းခွင့် ပိတ်ခံထားရတဲ့ တာချီလိတ်မှာ စားသောက်ကုန်တွေ ဈေး ၂ ဆနီးပါးမြင့်

    မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ကို တင်သွင်းနေတဲ့ ထိုင်းဘက်က ကုန်ပစ္စည်းတွေအပြင် စားသုံးကုန် တပိုင်တနိုင်တင်သွင်းနေတာကိုပါ မြန်မာဘက်က ပိတ်လိုက်တာကြောင့် စားသောက်ကုန်ဈေးတွေ ၂ ဆနီးပါး မြင့်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

    သုံးဘီးကား၊ ဆိုင်ကယ်အပါအဝင် ယာဉ်တွေနဲ သယ်ဆောင်တဲ့ စားသောက်ကုန် ပစ္စည်းတွေကို စက်တင်ဘာ ၁၉ ရက်ကစပြီး ပိတ်လိုက်တာဖြစ်သလို လက်ဆွဲဝယ်ယူခွင့်လောက်သာ ရနေတယ်လို့လည်း ပြောပါတယ်။

    လက်ရှိအချိန်မှာတော့ ကြက်သား ၁ ကီလိုကို အရင်က ဘတ် ၈၀ (၁၀,၄၀၀ ကျပ်) ကနေ အခု ၁၅၀ ဘတ် (၁၉,၅၀၀ ကျပ်)၊ ကြက်သွန်နီ တစ်ကီလို ၂၅ ဘတ် (၃၂၅၀ ကျပ်) ကနေ ၅၀ ဘတ် (၆,၅၀၀ကျပ်) ခရမ်းချဉ်သီး ၁ ကီလို ၃၀ ဘတ် (၃,၉၀၀ကျပ်) ကနေ အခု ၅၀ ဘတ် (၆,၅၀၀) ဘတ် တွေအထိ ဈေးမြင့်တက်နေတာလို့ သိရပါတယ်။

    “ဈေးတက်လည်း ဝယ်ရတာပဲ မစားလို့မှမရတာကိုး။ တခြား ကိုယ့်ပြည်တွင်းကနေ သွင်းဖို့ကလည်း စက်သုံးဆီဖိုးနဲ့ မကိုက်ဘူးလေ။ ထိုင်းဘက်ကနေပဲ မှီခိုနေရတာ၊ ဘယ်တော့ ပြန်ဖွင့်ပေးမလဲတော့ မသိရသေးဘူး”လို့ တာချီလိတ်မြို့ခံတစ်ယောက်က ပြောပါတယ်။

    မြန်မာဘက်ဌာနဆိုင်ရာတွေဟာ စက်တင်ဘာ ၁၅ ရက်က တာချီလိတ်မြို့မှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံဘက်ကနေ တင်သွင်းလာတယ်လို့ဆိုတဲ့ အေးခဲအသား၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် တန်ချိန် ၁၂ တန်ကျော်ကို ဖမ်းဆီးသိမ်းဆည်းခဲ့ပြီးနောက် ကားငယ်၊ သုံးဘီးဆိုင်ကယ်နဲ့ ဆိုင်ကယ်ဘေးတွဲတွေ အသုံးပြုပြီး မယ်ဆိုင်-တာချီလိတ် အမှတ်(၁) ချစ်ကြည်ရေးတံတားကနေ ကုန်ပစ္စည်းတင်သွင်းမှုကို ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

    မြန်မာဘက်ကတော့ အရည်အသွေးစံနှုန်း စစ်ဆေးမှုမပြီးသေးတာနဲ့ အခွန်အခ ပေးဆောင်ထားခြင်း မရှိတာတွေကြောင့် အခုလို ကန့်သတ်ရတာလို့ ထုတ်ဖော်ပြောဆိုထားကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

    စက်တင်ဘာ ၁၀ ရက်ကတော့ တာချီလိတ်-မယ်ဆိုင် နယ်စပ်မှာ မြန်မာဘက်ကနေ ထိုင်းနိုင်ငံက အလိုရှိနေတဲ့ ထိုင်းနိုင်ငံသား ၉ ယောက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

    အဲဒီထဲက အများစုက မူးယစ်ဆေးဝါးအမှုတွေနဲ့ အလိုရှိနေသူတွေဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ လုပ်ဆောင်တာလို့ နေ့စဉ်ထုတ်သတင်းစာကနေ ထုတ်ပြန်ပါတယ်။

    လက်ရှိ နယ်စပ်အခြေအနေတွေနဲ့ ပတ်သက်လို့ မယ်ဆိုင်-တာချီလိတ် နယ်စပ်မှာ Township Border Committee (TBC) ကို ဘီဘီစီက ဆက်သွယ်ပေမဲ့ မရသေးပါဘူး။

  2. မင်္ဂလာပါ။

    စက်တင်ဘာ ၂၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။