အောက်တိုဘာ ၁၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဗြိတိန်ချားလ်စ်ဘုရင်လက်ဆောင်ပေးတဲ့စာအုပ်တွေ ဒေါ်အောင်ဆန်းစုကြည်ထံသွားပေးခဲ့တယ်လို့ နေပြည်တော်ပြော တဲ့သတင်းအပါအဝင် အောက်တိုဘာ ၁၉ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အောက်တိုဘာ ၁၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thames & Hudson
ဗြိတိန် ချားလ်စ်ဘုရင်ကြီးက ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့ စာအုပ်နှစ်အုပ်ကတော့ Soil to Table: The Land Gardeners နဲ့ SOIL: The World at Our Feet တို့ ဖြစ်ပါတယ်။
Soil to Table: The Land Gardeners စာအုပ်ကို ဗြိတိန်စာရေးဆရာနဲ့ ဥယျာဉ်ဒီဇိုင်းပညာရှင် Bridget Elworthy နဲ့ Henrietta Courtauld တို့ က ပူးတွဲရေးသားထားတာပါ။ ဒီစာအုပ်မှာ မြေဆီလွှာကြံ့ခိုင်ရေး၊ လူတွေစားသုံးတဲ့ အစားအစာတို့ရဲ့ ဆက်စပ်မှု၊ သဘာဝနည်းလမ်းတွေနဲ့ စိုက်ပျိုးရေးနဲ့ ကျန်းမာတဲ့ အစားအစာတွေ ထုတ်လုပ်နိုင်ရေးတို့ကို အဓိကထား ဖော်ပြထားပါတယ်။
ဒုတိယစာအုပ်ဖြစ်တဲ့ SOIL: The World at Our Feet မှာတော့ မြေဆီလွှာနဲ့ လူသားတွေအပါအဝင် သက်ရှိတွေရဲ့ ဆက်နွယ်မှု၊ မြေဆီလွှာကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာတွေ ပါဝင်ပါတယ်။
စာအုပ်မှာ The Land Gardeners နဲ့ May Rosenthal Sloan တို့ရဲ့ ရေးသားချက်တွေအပြင် Jennifer Kabat၊ Nicole Masters၊ Dave Goulson နဲ့ Claire Ratinon တို့ရဲ့ ရေးသားချက်တွေလည်း ပါဝင်ပါတယ်။
ဒီစာအုပ်ဟာ ၂၀၂၅ ခုနှစ်က လန်ဒန်မြို့ရှိ Somerset House မှာ ကျင်းပခဲ့တဲ့ မြေဆီလွှာဆိုင်ရာ အနုပညာနဲ့ သိပ္ပံပြပွဲအတွက် ထုတ်ဝေခဲ့တဲ့ ကတ်တလောက်စာအုပ်လည်း ဖြစ်ပါတယ်။
ဒီစာအုပ်အမည်နဲ့ပဲ လန်ဒန်မြို့ရှိ Somerset House မှာ ၂၀၂၅ ခုနှစ်က မြေဆီလွှာဆိုင်ရာ အနုပညာနဲ့ သိပ္ပံပြပွဲတစ်ခုလည်း ကျင်းပခဲ့ပြီးထုတ်ဝေခဲ့တဲ့ ကတ်တလောက်စာအုပ်လည်း ဖြစ်ပါတယ်။
စာအုပ်နှစ်အုပ်လုံးမှာ မြေဆီလွှာရဲ့ အရေးပါမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာတွေ ပါဝင်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOIL: The World at Our Feet

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
နေပြည်တော်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချားလ်စ် ဘုရင်က လက်ဆောင်ပေးထားတဲ့ စာအုပ် ၂ အုပ်ကို သွားပေးခဲ့တယ်လို့ဆိုပြီး သတင်းထုတ်လာပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန၊ တာဝန်ရှိသူတွေက ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကို ဒီနေ့မနက်ပိုင်းမှာ စာအုပ်တွေ သွားပို့တာလို့ဆိုပါတယ်။
စာအုပ် ၂ အုပ်က The Land Garderners – Soil to Table နဲ့ Soil The World at Our Feet တို့ ဖြစ်ပြီး အိတ်ပိတ်စာအိတ် ၁ အိတ်နဲ့ သံတမန်အိတ်ပိတ်စာတို့ကို ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အခုတကြိမ်မှာ ဓာတ်ပုံ ၂ ပုံ ထုတ်ပြန်ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ၂၀၂၁ ခုနှစ် ဖမ်းဆီးထိန်းသိမ်းခံရပြီးကတည်းက လေးကြိမ်မြောက်ထွက်ပေါ်လာတဲ့ ဓာတ်ပုံမှတ်တမ်းလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မှော်ဘီတို့က အထည်ချုပ်စက်ရုံ ၆ ရုံက တရားဝင်ပိတ်သိမ်းဖို့ အကြောင်းကြားစာပေးပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) ကနေ သိရပါတယ်။
အဲဒီထဲက စက်ရုံတစ်ရုံမှာ အယောက် ၅,၀၀၀ ဝန်းကျင်ရှိပြီး ကျန်တဲ့စက်ရုံတွေမှာတော့ လူဦးရေ ၁,၀၀၀ ဝန်းကျင်ရှိလို့ စုစုပေါင်း အလုပ်သမားဦးရေ တစ်သောင်းခန့်အလုပ်လက်မဲ့ ဖြစ်နိုင်တယ်လို့ MICS ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က တွက်ချက်ပြပါတယ်။
“တချို့စက်ရုံတွေက အခုထဲက လူအင်အား လျော့နေပြီ။ ကျွန်တော်တို့ဘက်ကတော့ အလုပ်ထုတ် နစ်နာကြေးတွေ အပြည့်အဝရအောင် ၁ လကြိုပြီး အသိမပေးဘူးဆိုရင် Notice ကြေး တစ်လစာ ပေးဖို့တွေ၊ ဥပဒေနဲ့အညီဆောင်ရွက်ပေးဖို့လုပ်နေပါတယ်” လို့ သူက ပြောပါတယ်။
အဲဒီထဲက စက်ရုံအများစုဟာ အောက်တိုဘာလကုန်ပိုင်းမှာ ပိတ်သိမ်းဖို့ရှိနေပြီး အလုပ်သမား အခွင့်အရေးမဆုံးရှုံးအောင် အလုပ်သမားအဖွဲ့အစည်းဘက်က လိုက်ပါဆောင်ရွက်နေတဲ့အခြေအနေလို့ နားလည်ရပါတယ်။
ပြည်ပက အထည်အော်ဒါတွေ မရတော့တာကြောင့် စက်ရုံပိတ်သိမ်းတယ်လို့အကြောင်း ပြကြပေမဲ့ လျှပ်စစ်မီး မလုံလောက်တာ၊ သွင်းကုန်ကန့်သတ်တဲ့မူဝါဒကြောင့် ကုန်ကြမ်းမရတာအပါအဝင် မြန်မာကို နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေကလည်း ပိတ်သိမ်းရတဲ့အကြောင်းအရင်းတွေလို့ သိရပါတယ်။
မြန်မာဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ လုပ်သားစံနှုန်းတွေအပေါ် အကြိမ်ကြိမ် ပြင်းပြင်းထန်ထန်အခွင့်အရေးချိုးဖောက်တဲ့အခါ အရေးယူနိုင်ဖို့ကျင့်သုံးတဲ့ ပုဒ်မ ၃၃ နဲ့ ကိုင်တွယ်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခံထားရပါတယ်။
ဒါပေမဲ့ အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းတဲ့အခါ ပြည်တွင်းမှာ အလုပ်သမားလိုအပ်ချက် ရှိနေတာကြောင့် နောက်အလုပ်ခွင်တွေကို အလုပ်သမားတချို့ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်ကြောင်း ပြောဆိုသူတချို့လည်း ရှိပါတယ်။
“ရှေ့မှာလည်း စက်ရုံတွေ ပိတ်ခဲ့ကြတယ်။ ပိတ်ရင် နောက်ထပ်ရုံတွေကို ဝင်လုပ်ကြတယ်၊ ရွှေပြည်သာနဲ့ လှိုင်သာယာမှာ အထည်ချုပ်နဲ့ လူသုံးကုန်စက်ရုံအသစ်တွေလည်း ထပ်ဖွင့်တာ ရှိပါတယ်” လို့ အမည်မဖော်လိုတဲ့ ပြည်တွင်းအထည်ချုပ်အလုပ်သမားအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ပိတ်သွားတဲ့စက်ရုံတွေက အလုပ်သမား ထောင်ချီဟာ တခြားလုပ်ငန်းခွင်တွေကို ဘယ်လောက်အထိ ပြန်လည် ၀င်ရောက်နိုင်တယ်ဆိုတာကတော့ အချက်အလက် မဲ့နေပါတယ်။
အောက်တိုဘာလဆန်းကမှ အလုပ်သမားဝန်ကြီးအသစ်အဖြစ် တာ၀န်ယူတဲ့ ဦးမောင်မြင့်ဟာ ဒီနေ့မှာလည်း ရန်ကုန်မြို့က မင်္ဂလာဒုန်စက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေကို သွားရောက် ကြည့်ရှုနေတယ်လို့ ဝန်ကြီးဌာနက သတင်းဖော်ပြပါတယ်။
အထည်ချုပ်စက်ရုံတွေပိတ်သိမ်းတာနဲ့ပတ်သက်လို့တော့ ဒီနေ့ ညနေပိုင်းအထိ နေပြည်တော်ဘက်က တစုံတရာထုတ်ပြောတာ မရှိသေးပါဘူး။

ယူကရိန်းထောက်လှမ်းရေးအဖွဲ့တွေအတွက် လျှို့ဝှက်လုပ်ကိုင်ပေးနေတဲ့ ရုရှားအမျိုးသားနှစ်ဦးဟာ ရုရှားနိုင်ငံအတွင်းက စစ်ရေးပစ်မှတ်တွေနဲ့ စစ်ဘက်ဝန်ထမ်းတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေမှာ သူတို့ပါဝင်ခဲ့တဲ့အတွေ့အကြုံတွေကို ရှားရှားပါးပါး ထုတ်ဖော်ပြောဆိုလာပါတယ်။
အဲဒီအမျိုးသားနှစ်ဦးထဲက တစ်ဦးကို အမည်ရင်းမဟုတ်တဲ့ အိုင်ဗန်လို့ ခေါ်ထားပါတယ်။ သူဟာ ရုရှားနိုင်ငံအတွင်းမှာ နေထိုင်ရင်း မဟာဗျူဟာအရ အရေးပါတဲ့ ဗုံးကြဲလေယာဉ်တွေနဲ့ လက်နက်ခဲယမ်းစက်ရုံတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့စစ်ဆင်ရေးတွေမှာ ပါဝင်ကူညီခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ရုရှားနိုင်ငံအတွင်း လျှို့ဝှက်ဖျက်ဆီးရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူတွေရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဘီဘီစီကမ္ဘာတလွှား မှတ်တမ်းရုပ်ရှင်မှာ ပါဝင်ထားပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးလည်ပတ်နေတဲ့ ချီဖွေမြို့မှာ ရွှေတူးဖော်မှုတွေနဲ့ ပတ်သက်လို့ ဒေသခံပြည်သူတွေက သဘောမတူရင် သက်ဆိုင်ရာဌာနတွေဆီ တရားဝင်တိုင်ကြားနိုင်တယ်လို့ဆိုပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
မေခမြစ်နဲ့ ချီဖွေချောင်းဆုံရာ ဘောလုံးကွင်းနဲ့ ကျောင်းဝန်းအတွင်းမှာ စက်တင်ဘာလဆန်းကစလို့ ရွှေတူးဖော်မယ့်စက်ယန္တရားတွေ ရောက်ရှိလာခဲ့ပြီး အခုလထဲမှာ ရွှေမျောစလုပ်ကိုင်နေပြီလို့ ချီဖွေ ဒေသခံတချို့ဆီကနေ သိပါတယ်။
ချီဖွေက ရစ်လော်၊ ကျောင်းဝန်းနဲ့ ဉဣပ်ရပ်ကွက်တကြောမှာ ရွှေတူးဖော်မှုအသစ်တွေရှိလာတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
“KIO/ KIA က လူကြီးတွေ လာပြီးတော့ လမ်းပြင်မယ့်အကြောင်းပြောပြီး ကျွန်တော်တို့ဆီက သဘောတူ လက်မှတ်ယူသွားပါတယ်၊ တကယ်တမ်းတော့ ရွှေတူးတာဖြစ်တယ်။ တရုတ်ကုမ္ပဏီတွေ ရောက်လာတယ်။ ဘယ်ကုမ္ပဏီတွေလဲတော့ သေချာမသိဘူး” လို့ ချီဖွေဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီနေရာတွေဟာ ရေမြှုပ်ဧရိယာတွေဖြစ်ပြီး ချောင်းတကြောမှာပါရွှေတူးရင် သဘာဝ ပတ်ဝန်းကျင် ပိုမိုပျက်စီးလာမှာကို စိုးရိမ်ကြောင်း သူက ဆက်ပြောပါတယ်။
အထူးသဖြင့် မေခမြစ်တကြောမှာ ရွှေတူးဖော်မှုတွေများလာကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့ (KHRW) ဆီကနေ သိရပါတယ်။
KIO/ KIA ရဲ့ မူဝါဒအရ ပြည်သူရဲ့လယ်ယာခြံမြေ အပါအဝင် အသက်မွေးလမ်းကြောင်း လုပ်တဲ့နေရာတွေ၊ သမိုင်းဝင် အထင်ကရနေရာတွေမှာ ရွှေတူးဖော်ခွင့်မပြုသလို ပြည်သူ သဘောမတူရင် ရွှေမှော်ဖွင့်တာ မလုပ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ချီဖွေမှာလည်း ဒီလိုပါပဲ၊ ရွှေတူးဖော်ဖို့လုပ်ပြီဆိုရင်တော့ ပြည်သူတွေသဘောတူညီတဲ့ နေရာမှာသာ လုပ်မှာပါ။ တကယ်လို့များ ပြည်သူလူထု သဘောမတူညီဘူးဆိုရင် ကျွန်တော်တို့ စစ်ဆေးပြီးအရေးယူရမှာဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူကဆက်ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်ကစလို့ ချီဖွေကို KIO/ KIA က သိမ်းပိုက်ပြီးနောက်ပိုင်း လုပ်ကိုင်ခွင့်ပေးထားတဲ့ ရွှေလုပ်ကွက်စာရင်းအတိအကျကို သူမရှိထားဘဲ သက်ဆိုင်ရာဌာနတွေမှာသာ စာရင်းသိနိုင်မယ်လို့ သူက တုံ့ပြန်ပါတယ်။
KIO/ KIA မသိမ်းပိုက်ခင်က ကချင်အထူးဒေသ ၁ လို့ သိခဲ့ကြတဲ့ ချီဖွေ၊ ပန်ဝါနဲ့ ဆော့လော် ဒေသတွေဟာ မြန်မာစစ်တပ်ရဲ့ မဟာမိတ်ဖြစ်သလို ပြည်သူ့စစ်နဲ့နယ်ခြားစောင့်တပ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့ပြီး ရွှေ၊ မြေရှားတူးဖော်တာတွေကို နှစ်ဆယ်နဲ့ချီ လုပ်ကိုင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, เอก เกียรติศักดิ์ แม่สอด..
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရာ့မြို့နယ်ထဲမှာ လက်ပစ်ဗုံးနှစ်လုံးနဲ့အတူ မြန်မာလူငယ်အမျိုးသား ၁၀ ဦးကို ဒီနေ့မနက်မှာဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထိုင်းရဲသတင်းတွေကဖော်ပြသလို သတင်းရင်းမြစ် တချို့ဆီကလည်း သိရပါတယ်။
ဒီနေ့ မနက်အစောပိုင်းမှာဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ်တွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူးပလာယာခရိုင်အတွင်း စစ်ရေးလှုပ်ရှားခဲ့တဲ့ ကော်ဘရာစစ်ကြောင်းက တပ်ဖွဲ့ဝင်ဟောင်း တွေလို့ ကနဦးသိရပေမဲ့ ဘီဘီစီက ထပ်မံအတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။
ထိုင်းရဲသတင်းတွေမှာတော့ ဖုတ်ဖရာ့မြို့နယ်ထဲမှာ လုံခြုံရေးအဖွဲ့တွေပူးပေါင်းပြီး ရာဇဝတ်မှု နှိမ်နင်းရေးလုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။
“အခုရက်ပိုင်း တာ့ခ်ခရိုင်ထဲမှာ အဖမ်းအဆီးများနေတယ်။ မဲဆောက်မှာတင်ကို ဒီမနက်ပိုင်း အယောက် ၂၀ လောက်အဖမ်းခံရတယ်။ အဲဒီထဲစစ်မှုထမ်းရှောင်တဲ့လူငယ်တွေလည်း ပါတယ်” လို့ အဝေးရောက်ဧရာဝတီအသင်း (OIA) ဦးဆောင်သူ ကိုဖိုးသင်္ကြန်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်တုန်းကလည်း မဲဆောက်မှာ တရားဝင်အထောက်အထားမရှိဘဲ နေထိုင်တဲ့ မြန်မာအယောက် ၂၀၀ ဝန်းကျင်ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီထဲက ဦးရေ ၈၀ ထက်မနည်းကို ပြန်လွှတ်ပေးခဲ့ပေမဲ့ အထောက်အထားမပြနိုင်သူတွေကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သလို ဒီနေ့ ထပ်မံဖမ်းတာတွေကြောင့်ပါ မြန်မာအယောက် ၁၀၀ နီးပါး ထိန်းသိမ်းခံထားရဆဲလို့ ကိုဖိုးသင်္ကြန်က ဆက်ပြောပါတယ်။
လွန်ခဲ့တဲ့ ၅ ရက်လောက်ကစလို့ ကရင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တာ့ခ်ခရိုင်ထဲမှာ ထိုင်းရဲတွေက ပိုက်စိတ်တိုက်ရှာဖွေမှုတွေ လုပ်နေပြီး နေအိမ်အိပ်ခန်းတွေထဲအထိ ဝင်ရောက် ရှာဖွေတာတွေရှိနေတယ်လို့ မဲဆောက်မြို့နေ မြန်မာတွေဆီကနေ သိရပါတယ်။
ဒီနေ့မနက် ကော်ဘရာစစ်ကြောင်းတပ်ဖွဲ့ဝင်ဟောင်းတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကြောင်းဘက်ကိုရော KNU ဘက်ကိုပါ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည် ဖြေကြားတာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, စဉ့်ကူး ပကဖ
စစ်တပ်က ချင်း၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲက ဒေသ ၄ ခုကို မနေ့ တစ်ရက်တည်းမှာတင် လေကြောင်းကနေ ဗုံးကြဲလို့ သေဆုံးတဲ့အရပ်သား ၁၀ ဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
စစ်တပ်ဟာ မနေ့တစ်နေ့တည်းမှာ ပလက်ဝ၊ ပခုက္ကူ၊ မြင်းမူနဲ့ စဉ့်ကူးစတဲ့ဒေသတွေကို ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
ချင်းပြည်နယ်ထဲ အာရက္ခတပ်တော် (အေအေ) သိမ်းထားတဲ့ ပလက်ဝမြို့နယ်၊ ချောင်းဆုံဒေသကို မနေ့ မနက် ၁၀ နာရီခန့်မှာ Y 12 လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီနေ့ မနက်ပိုင်းလည်း ထပ်မံဗုံးကြဲနေတယ်လို့ မြေပြင် အခြေအနေသိရှိသူက ပြောပါတယ်။
အဲဒီချောင်းဆုံဒေသဟာ မတူပီ-မင်းတပ်နဲ့လည်းဆက်စပ်နေသလို မကွေးတိုင်းဘက်ကပါ ကုန်စည် ပို့ဆောင်ရေးလုပ်ဆောင်တဲ့ အချက်အချာကျတဲ့နေရာဖြစ်လို့ ထိခိုက်သေဆုံးသူဦးရေ ၂၀ ဝန်းကျင်အထိ ရှိနိုင်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
“(သေဆုံးသူ) လူ ၂၀ ရှိလားဆိုတာကို အတည်မပြုနိုင်သေးပါဘူး။ မနေ့ရော ဒီနေ့ရော၊ အခုနကပဲ ဗုံးထပ်ကြဲနေတယ်၊ ကျွန်တော်တို့ သတင်းထုတ်ပါမယ်” လို့ အေအေနဲ့မဟာမိတ် ချင်းညီနောင်အဖွဲ့(CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။
မနေ့ ညနေ ၄ နာရီခန့်မှာတော့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက အုန်းတောရွာထဲကို စက်တပ်လေထီးသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ရှောင်အရေးဆောင်ရွက်နေသူဆီကနေ သိရပါတယ်။
“ရွာထဲကို ဗုံးကျလို့ သေဆုံးထိခိုက်သူ များတာပါ။ မြေပြင်စစ်ကြောင်းကတော့ ဒီနေ့မနက်မှာ ပခုက္ကူအထွက် မြိုင်မြို့နယ်အစပ် မန်းကျည်းတန်းရွာနဲ့ အင်းဘတ်ရွာပတ်ဝန်းကျင်မှာ ရောက်နေပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ပခုက္ကူမြို့နယ် လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး တာဝန်ခံ ကိုစိုးထွဋ်ဝင်းက ပြောပါတယ်။
ညနေ ၅ နာရီခွဲအချိန်မှာတော့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ကျော့မင်းရွာဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မြောင်မြို့နယ်အခြေစိုက် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါအပြင် မနေ့ည ၇ နာရီခန့်မှာတော့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ရွှေဘယက်ရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် လူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စဉ့်ကူးပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဆီကနေ သိရပါတယ်။
ဒဏ်ရာရသူတွေထဲ ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၄ ဦးပါဝင်ပြီး အဲဒီထဲက အသက် ၄၅ ဝန်းကျင်အရွယ်အမျိုးသမီးဟာ ဒဏ်ရာပြင်းထန်တယ်လို့လည်း သိရပါတယ်။
စစ်တပ်ကတော့ အခုဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဒီနေ့ နေ့လယ်ပိုင်းအထိ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, YGN Government
ရန်ကုန်က ကာရာအိုကေလုပ်ငန်းတွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေအတွက် စည်းကမ်းချက် ၅၆ ချက်ကို ရန်ကုန်ဝန်ကြီးချုပ် ဦးအောင်နိုင်သူက လုပ်ငန်းရှင်တွေကို ခေါ် ပြောပြီး သတိပေးခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဖျော်ဖြေရေးဆိုင်ပိုင်ရှင်တချို့ ကပြောပါတယ်။
အောက်တိုဘာ ၁၇ ရက်က ရန်ကုန်အစိုးရအဖွဲ့ရုံးမှာလုပ်တဲ့ အဲဒီအစည်းအဝေးမှာ ကာရာအိုကေလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ စည်းကမ်းချက် ၁၇ ချက်၊ ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စည်းကမ်းချက် ၃၉ ချက်အပြင် သက်ဆိုင်ရာညွှန်ကြားချက်တွေကို တိကျစွာ လိုက်နာဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေအထိဖြစ်နေတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့က ဖျော်ဖြေရေးလုပ်ငန်းတွေကို စနစ်တကျ ကြပ်မတ်ဖို့ လိုတယ်ဆိုတဲ့ ဝေဖန်ချက်တွေနောက်မှာ စစ်ဆေးမှုတွေနဲ့ ခေါ် ယူပြောဆိုမှုတွေရှိလာတယ်လို့ နားလည်ရပါတယ်။
''ဟက်ပီးဝါးတားတွေ၊ အထူးသဖြင့် မူးယစ်ဆေးတွေရောင်းတဲ့ ဟိုင်းခန်းတွေကိုအဓိကထားနှိမ်နင်းမယ်ပြောတယ်'' လို့ နောက်ထပ်အစည်းအဝေးတက်ခဲ့သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စင်တင်တေးဂီတ၊ စင်တင်ဘား၊ DJ ဘား၊ unplugged ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စင်တင်တေးဂီတလုပ်ငန်းဆိုင်ရာ စည်းကမ်းချက် ၃၉ ချက်နဲ့ လိုင်စင်ကြေးအဖြစ် တစ်နှစ်စာ ကျပ် ၃၆ သိန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကို ပေးသွင်းရပြီးတစ်နှစ်သက်တမ်းရှိ ယာယီလုပ်ငန်းလုပ်ကိုင်ခွင့်နဲ့ လုပ်ကိုင်ရတာလို့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က DJ ဘားဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
''ည ၁၁ နာရီ အထိပဲ ဖွင့်ဖို့၊ မူးယစ်ဆေးဝါးရောင်းချတာ၊ သုံးစွဲတာမရှိစေဖို့၊ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကို လိုက်နာဆောင်ရွက်ဖို့၊ လိုက်နာမှုမရှိတာကို စစ်တဲ့အခါ တွေ့ရင် ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူမယ်ဆိုတာတွေပြောပါတယ်'' လို့ အစည်အဝေးတက်ရောက်ခဲ့တဲ့ ကာရာအိုကေလုပ်ငန်းပိုင်ရှင်တစ်ဦးကပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့ကစပြီး ကာရာအိုကေလုပ်ငန်း လိုင်စင်အသစ်တွေ ခွင့်ပြုထုတ်ပေးတာမရှိတော့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြီးခဲ့တဲ့ သြဂုတ်လက ပြောထားပါတယ်။
လက်ရှိ ရန်ကုန်ဝန်ကြီးချုပ်ဦးအောင်နိုင်သူဟာ ရဲမှူးချုပ်ဟောင်း(ငြိမ်း) ဖြစ်တာကြောင့် ပိုပြီးတင်းကျပ်ကိုင်တွယ်နိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်းရှိနေပါတယ်။
တဖက်မှာလည်း နှိမ်နင်းကိုင်တွယ်ချိန်မှာ ယာယီလုပ်ငန်း ရပ်ဆိုင်းကြလေ့ရှိပြီး ပပျောက်အောင်လုပ်ဆောင်နိုင်မှာ မဟုတ်ကြောင်း လုပ်ငန်းရှင်တချို့ကပြောပါတယ်။
''ခဏပါပဲ။ ပြီးရင် ပိုင်ရာဆိုင်ရာနဲ့ညှိပြီး အချိန်ကျော် ဖွင့်တာပဲ၊ ဆေးလည်းရောင်းတာပဲ။ စစ်မယ်ဆို သိမ်းထားမယ်။ ပိတ်ထားမယ်။ ဒီလိုပဲနားလည်မှုတွေနဲ့ လုပ်ကိုင်နေကြတာများတယ်။ တကယ်တမ်း စည်းကမ်းလိုက်နာတဲ့သူတွေက နည်းပါတယ်'' လို့ သင်္ဃန်းကျွန်းမြို့နယ်က DJ ဘားဆိုင်ပိုင်ရှင်က ပြောပါတယ်။
ကာရာအိုကေလုပ်ငန်း ၁၇ ချက်ဟာ ၁၉၉၈ ဗီဒီယိုလုပ်ငန်းဆိုင်ရာနည်းဥပဒေ အပိုဒ် ၁၁၊ ၁၂ အရ ဗီဒီယိုပြသခြင်းလုပ်ငန်းအဖြစ် သတ်မှတ်ပြီး ၂၃၊ ၂၄ အရ တိုင်းဒေသကြီး/ပြည်နယ် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီတွေက ခွင့်ပြုမှ ဆောင်ရွက်ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မန္တလေးတိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့မြို့နယ်တွေထဲက နောက်ဆုံးကျန်တဲ့ ငါန်းဇွန်ကို စာရင်းကနေ ပယ်ဖျက်လိုက်ပေမဲ့ သူနဲ့နယ်မြေဆက်စပ်နေတဲ့မြင်းခြံခရိုင်ထဲကို စစ်တပ်က နေ့စဉ်နီးပါး စစ်ကြောင်းထိုးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ဆီကနေ သိရပါတယ်။
“ငါန်းဇွန်ဘက်ကတော့ စက်မှုဇုန်ထဲမှာ အင်အားဖြည့်ပြီး ချထားပါတယ်။ သူနဲ့ ဆက်နေတဲ့ နွားထိုးကြီး၊ တောင်သာနဲ့ မြင်းခြံမြို့နယ်တွေဘက်ကတော့ နှစ်ရက်ကို တစ်ခါလို သူတို့(စစ်တပ်)ဘက်က စစ်ကြောင်းထိုးတယ်။ မြို့ပေါ်နဲ့ မြို့နဲ့နီးတဲ့ရွာတွေတဝိုက်ကို သူတို့ ပြန်ထိန်းချုပ်သွားတာပါ” လို့ မြင်းခြံခရိုင် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မြင်းခြံမြို့နယ်၊ ကျောင်းဖြူကန်ရွာကို မနေ့တုန်းက စစ်ကြောင်းထိုးသလို အောက်တိုဘာ ၁၇ ရက်တုန်းကလည်း နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်တချို့ကို မီးရှို့ခံရတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်တပ်က အင်အားဖြည့်စစ်ကြောင်းထိုးနေပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာမရှိဘူးလို့ ဆက်ပြောပြပါတယ်။
တံတားဦးခရိုင်ထဲက ငါန်းဇွန်အပါအဝင် ရှမ်းပြည်နယ်က ကျောက်မဲနဲ့ သီပေါမြို့နယ်တွေဟာ မူလအခြေအနေကိုပြန်ရောက်ပြီလို့ဆိုပြီး နေပြည်တော်က စစ်အုပ်ချုပ်ရေး ပယ်ဖျက်လိုက်တာပါ။
ကျန်နေတဲ့ ၅၅ မြို့နယ်ကိုတော့ စစ်အုပ်ချုပ်ရေး ရက် ၉၀ သက်တမ်း ထပ်တိုးကြောင်း မနေ့က ထုတ်ပြန်ပါတယ်။
နေပြည်တော်ကတော့ ဒါဟာ လွှတ်တော်ရဲ့သဘောတူညီမှုကို ရယူပြီး သမ္မတက အခု စစ်အုပ်ချုပ်ရေးကြေညာတဲ့မြို့နယ်တွေရဲ့အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ပိုင်ခွင့်တွေကို ကာကွယ်ရေးဦးစီးချုပ်ဆီ လွှဲပေးလိုက်တာလို့လည်း ကြေညာချက်မှာဖော်ပြပါတယ်။
မြန်မာစစ်တပ်နဲ့အပစ်ရပ်ထားတဲ့ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအပါအဝင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်တို့က ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ဆက်ကြေညာထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MAH
မြန်မာစစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ဦးဂူဆီး ဦးဆောင်တဲ့လီဆူတပ်ဖွဲ့ဝင်အယောက် ၅၀ ကျော်ကို မျက်ခြေမပြတ်စောင့်ကြည့်သွားမှာဖြစ်ပြီး ပြည်သူကို ဖိနှိပ်ရင် အရေးယူမယ်လို့ တအာင်းတပ်(TNLA)က ထုတ်ပြန်လာပါတယ်။
မိုးကုတ် အခြေစိုက်လှုပ်ရှားတဲ့လီဆူတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၁၃ ရက်နေ့မှာ လက်နက်ခဲယမ်း ၅၀ ဝန်းကျင်နဲ့ စစ်တပ်ဆီ ပူးပေါင်းသွားခဲ့ပါတယ်။
အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်က မိုးကုတ်ပြည်သူ့စစ်ဖွဲ့မယ်လို့သတင်းတွေထွက်နေပြီး ဘီဘီစီရဲ့ TNLA သတင်းရင်းမြစ်ကတော့ တိတိပပမပြောနိုင်သေးဘူးလို့တုံ့ပြန်ပါတယ်။
"ပြည်သူ့စစ် ဖွဲ့မယ်ဆိုတာက မသေချာသေးပါဘူး။ အဲဒီအဖွဲ့က ၁၀၂၇ နောက်ပိုင်းမှ ပေါ်လာတာပါ။ အဖွဲ့နာမည်လဲ အတိအကျ မသုံးကြသေးလို့ လီဆူတပ်လို့ပဲ ခေါ်ကြတာပါ" လို့ သတင်းရင်းမြစ်ကပြောပါတယ်။
စစ်ဆင်ရေးကာလအတွင်း တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး (TNLA) နဲ့ပူးပေါင်းတပ်တွေက မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကို သိမ်းပြီးနောက် မိုးကုတ်မြို့ လုံခြုံရေးအတွက် အဲဒီလီဆူးတပ်က ပူးပေါင်းလာတာလို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီ ၂ မြို့ကို မနှစ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ မြန်မာစစ်တပ်ဆီ ပြန်လွှဲပေးပြီးနောက် လီဆူတပ်ဖွဲ့ဝင်တချို့ ဇာတိမြို့ကိုပြန်ခဲ့ကြတယ်လို့ TNLA ကပြောပါတယ်။
ဦးဂူဆီးဦးဆောင်တဲ့အဖွဲ့ဟာ တပ်ဖွဲ့ဝင်တွေလိုက်နာရတဲ့ကတိသစ္စာဖောက်ဖျက်လို့ အဖွဲ့နဲ့ ကင်းကွာပြီးဖြစ်ကြောင်း TNLA က သူတို့ရဲ့ထုတ်ပြန်ချက်မှာပြောပါတယ်။
ဒါပေမဲ့ မြန်မာစစ်တပ်ဘက်ကတော့ အခုဖြစ်စဥ်နဲ့ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းအထိ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်တွင်းစျေးကွက်မှာ ကြက်သွန်နီစျေးအမြင့်ပိုင်းမှာဆက်ရှိနေပြီး ဒေသနဲ့ အမျိုးအစားအလိုက် တပိဿာ ကျပ် ၇၂၀၀ ကနေ ၁၀,၀၀၀ ကျပ်အထိစျေးပေါက်နေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင် ကြက်သွန်နီစျေးကွက်က သိရှိရပါတယ်။
ဒိုင်လက်ကားစျေးတင် အိမ်သုံးအများဆုံး ဆိပ်ဖြူ ရှယ် က တပိဿာ ကျပ် ၉,၉၀၀ အထိ စျေးပေါက်နေပြီး မုံရွာ ရှယ်က တပိဿာ ကျပ် ၁၀,၀၀၀ ဖြစ်နေပါတယ်။
ပြည်တွင်းဈေးကွက်ထဲမှာ ဩဂုတ်လလောက်ကတည်းက စျေးစတက်လာတဲ့ ကြက်သွန်နီ ဈေးနှုန်းတွေဟာ ပြန်လည်ကျဆင်းလာတာမရှိဘဲ အမြင့်စျေးမှာဆက်ရှိနေတယ်လို့ မုံရွာကြက်သွန်နီစျေးကွက်က ပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။
လက်ရှိမှာ ကြက်သွန်နီ အဓိက စိုက်ပျိုးတဲ့ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်း တို့မှာ ပြီးခဲ့တဲ့နှစ်က ကြက်သွန်နီစိုက်နှုန်းကျလို့ အထွက်နှုန်းကျပြီး အခုနှစ်မှာ ကြက်သွန်အထွက်လျော့နည်းနေသလို ရန်ကုန်စျေးကွက်ကို အဝင်ကလည်း နည်းနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ကြက်သွန်နီပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။
'' ဒီနှစ်က အိတ်စ်ပို့ အဝယ်တက်တယ်၊ နောက်ပြီး မနှစ်က အထွက်နှုန်းကျတယ်။ ပြီးခဲ့တဲ့နှစ်က ရှုံးကျတော့ မစိုက်ကြတာပေါ့။ အဲဒါကြောင့် ဧပြီက တဖြည်းဖြည်းစတက်လာပြီး အခု ၉,၉၀၀ နဲ့ ၁၀,၀၀၀ ကြားဖြစ်လာတာပေါ့၊ ဒီနေ့ တနင်္လာစျေးကွက်အဖွင့်ကတော့ ကြက်သွန်နီကားအဝင်နည်းတယ်။ စျေးက အမြင့်စျေးတန်းမှာပဲဆက်ရှိနေမှာပါ'' လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ကြက်သွန်နီပွဲရုံပိုင်ရှင် ပြောပါတယ်။
ဆိပ်ဖြူ၊ မုံရွာ၊ ကျောက်ပန်းတောင်း၊မြင်း ရှယ်ထိပ်စအားလုံး ဘုရင့်နောင်ကုန်စည်ဒိုင်စျေးတင် တပိဿာ ကျပ် ၉၉၀၀ နဲ့ ၁၀၀၀၀ ကြား စျေးပေါက်နေပါတယ်။
ပြီးခဲ့တဲ့ အပတ်ထက် အမျိုးအစားအလိုက် တပိဿာ ကျပ် ၁၅၀/ ၂၀၀ ကြား စျေးကျလာတယ်ဆိုပေမဲ့ လက်ကားဒိုင်ပွဲရုံစျေးမှာတင် အမြင့်စျေးမှာဆက်ရှိနေတာလို့ဆိုပါတယ်။
မိုးကြက်သွန်အသစ်ဝင်လာချိန်မှာ ဈေးနှုန်းတွေ ပြန်လည်ကျဆင်းနိုင်ဖွယ်ရှိပေမဲ့ နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလလောက်မှ စျေးနှုန်းပြန်ကျနိုင်တယ်လို့ ကြက်သွန်နီကုန်သည်တွေကပြောပါတယ်။
'' စျေးက ၁၀၀ နဲ့ ၂၀၀ လောက်ကျတယ်ဆိုတာ တရုတ်ကြက်သွန်နည်းနည်းဝင်လာတယ်၊ စျေးတက်တော့ အဝယ်ပါးတယ်၊ အဲဒီတော့ စျေးနည်းနည်းကျတဲ့ သဘောပါ။ အများကြီးပြန်မကျနိုင်ဘူး။ ကြက်သွန်အထွက်နည်းနေလို့ '' မန္တလေးကြက်သွန်နီဒိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်ရက်အတွက် ကြက်သွန်နီ လိုအပ်ချက်က ပျှမ်းမျှပိဿာချိန် တစ်သိန်းခွဲ ဝန်းကျင်ရှိပေမယ့် လက်ရှိမှာ တစ်ရက်ကို ပိဿာချိန် ၁ သိန်းကျော်လောက်သာ ရောက်ရှိနေတယ်လို့ သိရပါတယ်။
'' တောင်သူလည်းစျေးတက်လို့ အမြတ်မရကြပါဘူး။ သွင်းအားစုနဲ့ စရိတ် အစစ အကုန်စျေးတက်နေတော့ သူတို့ အတွက်လည်း ဘာမှမထူးဘူး။ စားသုံးသူလည်း စျေးတက်တော့ တော်တော်ခက်ကြပါတယ်'' လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ကြက်သွန်နီပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ လက်လီစျေးကွက်ထဲ အမျိုးအစားနဲ့ဒေသထွက်အလိုက် တပိဿာကျပ် အနည်းဆုံးကျပ် ၁၀,၀၀၀ ကနေ အမြင့်ဆုံး ကျပ် ၁၃,၀၀၀ အထိစျေးပေါက်နေပါတယ်။
လက်ရှိမှာ ပြည်တွင်းကထွက်ရှိတဲ့ ကြက်သွန်နီကို တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေကို တင်ပို့နေပြီး ပြည်ပဝယ်ယူမှုနဲ့ ပြည်တွင်းစားသုံးမှုပမာဏ အတက်အကျပေါ်မူတည်ကာ ဈေးအတက်အကျ ဖြစ်နေတယ်လို့ နားလည်ရပါတယ်။
မင်္ဂလာပါ။
အောက်တိုဘာလ ၁၉ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုကြဖို့လည်း ဖိတ်ခေါ်ပါတယ်။