ရန်ကုန်ကမြို့နယ် ၅ ခုထက်မနည်းမှာလည်ပတ်နေတဲ့ အွန်လိုင်းလောင်းကစားအေးဂျင့်ကွင်းဆက် စီးနင်းခံရ

ရန်ကုန်က အွန်လိုင်းလောင်းကစားအေးဂျင့်ကွင်းဆက်စီးနင်းဖမ်းဆီးခံရတဲ့သတင်းအပါအဝင် စက်တင်ဘာ ၁၆ ရက် ကမ္ဘာနဲ့ မြန်မာထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ရန်ကုန်ရှိ မြို့နယ် ၅ ခုထက်မနည်းက နေအိမ်တွေကို ဝင်ရောက် စီးနင်းတာကနေ အွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်သူ ၃၆ ဦးဖမ်းဆီးခံထားရပါတယ်
  • UFC 331 ပွဲစဉ် အဓိကပြိုင်ပွဲအတွက် ချန်ပီယံခါးပတ်လုကြမယ့် ဗန်နဲ့ ပန်တိုဂျာတို့ လော့စ်အိန်ဂျလိစ်မြို့ကို ရောက်ကြပြီ
  • HIV ပိုးရှိသူတွေ ဆေးပြတ်လို့မရတဲ့ ART ဆေးဟာ ကချင်ပြည်နယ်မှာ ပြတ်လုနီးဖြစ်နေပြီလို့ ဆေးရရှိရေး ကူညီပေးနေသူနဲ့ ဆေးသောက်နေရသူအချို့က ပြောပါတယ်
  • ကန့်ကွက်မှုကြောင့် Vogue Thailand ဟာ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တင်ထားတဲ့ သရုပ်ဆောင်၀တ်မှုန်ရွှေရည်ရဲ့ဓာတ်ပုံတွေကို ဖယ်ရှားလိုက်ပါတယ်
  • နေပြည်တော်က ဉာဏ်ရည်တု (အေအိုင်) ဦးစီးဌာနကို ဖွဲ့စည်းလိုက်ပါတယ်
  • ရွှေဘိုမှာ စစ်တပ် ဗုံးကြဲလို့ ဘုန်းတော်ကြီးတစ်ပါးနဲ့ လူပုဂ္ဂိုလ် ၂ ဦး သေဆုံးပြီး နောက်ထပ် ၈ ဦး ဒဏ်ရာရတယ်လို့ မြို့နယ် ပကဖက သတင်းထုတ်ပါတယ်
  • ထိုင်းမှာ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး ဘတ်ငွေ သန်းရာချီပိုင် ထိုင်းလုပ်ငန်းရှင်အဖြစ် ရပ်တည်နေတဲ့ ကိုမျိုးဆိုသူ တရုတ်တရားခံပြေးကို ဖမ်းလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်
  • မန္တလေးမြို့မှာ ဇနီးမောင်နှံ ၂ ဦး နေအိမ်ထဲ အသတ်ခံရတယ်လို့ မြို့ခံတွေပြော
  • ရခိုင်မှာ စစ်တပ်ရေတပ်က ငါးဖမ်းလှေ ၂ စီးကို ပစ်ခတ်လို့မီးလောင်တယ်လို့ သတင်းရင်းမြစ်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စက်တင်ဘာလ ၁၆ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မန္တလေး၊ ချမ်းမြသာစည်မှာ ဇနီးမောင်နှံ ၂ ဦး သတ်ဖြတ်ခံရ

    မန္တလေးဟာ ရာဇ၀တ်မှု ထူပြောလာတယ်လို့ မြို့ခံတွေ ရင်ဖွင့်၊ မန္တလေးမြို့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မန္တလေးဟာ ရာဇ၀တ်မှု ထူပြောလာတယ်လို့ မြို့ခံတွေ ရင်ဖွင့်

    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရမှုကို လူသတ်မှု ၃၀၂ ပုဒ်မနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ မန္တလေးသတင်းရင်းမြစ်တချို့ဆီကနေ သိရှိရပါတယ်။

    မနေ့ စက်တင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းမှာ ချမ်းမြသာစည်မြို့နယ် ၁၁၁ (A)လမ်း၊ ၆၈ A လမ်းနဲ့ ၆၈ B လမ်းကြားက နေအိမ်တစ်အိမ်မှာ ဇနီးမောင်နှံ ၂ ဦး သတ်ဖြတ်ခံထားရတာကို တွေ့ရှိခဲ့ပြီး ဘယ်ပစ္စည်းမှ ယူဆောင်သွားတာမတွေ့ရဘူးလို့ အခြေအနေသိရှိသူက ပြောပါတယ်။

    မန္တလေးမြို့မှာ တရားဥပဒေစိုးမိုးမှု အားနည်းနေပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကိုယ်တိုင်လုယက်ခံရတာရှိသလို မြို့တွင်းက ရွှေဆိုင်တွေမကြာခဏ ဓားပြတိုက်ခံရသလို ဓားပြတိုက်လူသတ်မှုနဲ့ လုယက်မှုတွေ မကြာခဏဖြစ်ပွားနေတယ်လို့ မြို့ခံတွေက တောက်လျှောက်ပြောနေကြတာဖြစ်ပါတယ်။

    ဒီကနေ့ စက်တင်ဘာ ၁၆ရက် မနက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ သင်္ဂဇာချောင်း ကန်ပတ်လမ်းဘေးမှာ ဘယ်သူဘယ်ဝါ ဆိုတာမသိရတဲ့အမျိုးသမီးတစ်ဦးကို သေဆုံးလျက်တွေ့ရှိထားတယ်လို့ လည်း မန္တလေးသတင်းရင်းမြစ်တွေ ဆီကနေ သိရှိရပါတယ်။

    တချိန်က Smart City ဖြစ်ခဲ့တဲ့ မန္တလေးမြို့မှာ ခိုးမှုနဲ့ လုယက်မှုတွေက ခပ်စိပ်စိပ်ဖြစ်လာတာကြောင့် ကိုယ့်ရဲ့ဥစ္စာပစ္စည်းတွေကို မျက်စိအောက်က အပျောက်မခံကြတော့တဲ့အထိ ဖြစ်နေတယ်လို့ မန္တလေးမြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်က မန္တလေးမြို့ဟာ နည်းပညာအခြေခံပြီး အရှိန်အဟုန်နဲ့ မြို့ပြစီမံခန့်ခွဲမှုစနစ်တွေကို တိုးတက်အောင် အကောင်အထည်ဖော်နိုင်ခဲ့လို့ ၂၀၁၉ ခုနှစ်မှာ စမတ်စီးတီးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

    အခုတော့ နေ့စဥ်နဲ့ အမျှ ဆိုင်ကယ်ခိုးခံရမှုလို အမှုသေးကနေ မကြာခဏဖြစ်နေတဲ့ ရွှေဆိုင်၊ စိန်ဆိုင်တွေ ဓားပြတိုက်ခိုက်ခံရမှုလို အမှုကြီးတွေအထိ ရဲတပ်ဖွဲ့က မနှိမ်နင်းနိုင်တဲ့အခြေအနေဖြစ်နေပြီလို့ မြို့ခံတချို့က ပြောပါတယ်။

  3. ရခိုင်မှာ ရေတပ်က ငါးဖမ်းလှေ ၂ စင်းကို ပစ်ခတ်လို့ မီးလောင်

    ၂၀၂၀ ပြည့်နှစ်တုန်းက ပြုလုပ်တဲ့ မြန်မာရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ တွေရဲ့ ရေတပ်သင်္ဘောတွေ

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, ၂၀၂၀ ပြည့်နှစ်တုန်းက ပြုလုပ်တဲ့ မြန်မာရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ တွေရဲ့ ရေတပ်သင်္ဘောတွေ

    ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်၊ မြေငူကျွန်းအနီး ဘင်္ဂလားပင်လယ်အော် ရေပြင်မှာ မြန်မာစစ်တပ် ရေတပ်က ပစ်ခတ်လို့ ငါးဖမ်းလှေ ၂ စီး မီးလောင်မှု ဒီနေ့ မနက်ပိုင်းမှာဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    ပစ်ခတ်မှုဟာ ဒီနေ့ မနက် ၁၀ နာရီ၀န်းကျင်မှာဖြစ်ခဲ့တာဖြစ်ပြီး ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်း(ကုလားသိမ်ကျေးရွာ) အောက်ဘက် ပင်ဘယ်ပြင်မှာဖြစ်ခဲ့တာလို့လည်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ''သင်္ဘောတွေ မီးလောင်နေတာကို ဒေသခံတွေ အ၀ေးကနေ မြင်တွေ့ရပေမဲ့ ရေတပ်ရှိနေလို့ အနီးနားကပ်လို့ မရဘူး'' လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

    ပစ်ခတ်ခံရတဲ့ စက်လှေ တစ်စင်းမှာ ပုံမှန်ဆို ရေလုပ်သား ၅ ဦးကနေ ၆ ဦးအထိ လိုက်ပါလေ့ရှိလို့ စက်လှေ ၂ စင်း မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး ထိခိုက်နိုင်ခြေရှိတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

    ကုလားသိမ်ရွာနဲ့ မြေငူကျွန်းဘက်ကိုလည်း စစ်တပ်ရဲ့ ရေတပ်သင်္ဘောကနေ ဒီနေ့မှာ လက်နက်ကြီးတဲ့ တောက်လျှောက် ပစ်ခတ်နေတာကြောင့် ရွာသွားတွေကတော့ တောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။

  4. အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွား

    လေယာဉ်ပျံသန်းမှု အချက်အလက်ကိုစောင့်ကြည့်တဲ့ Flight Radar 24 ကတော့ အမေရိကန်လေတပ် လေယာဉ်တစ်စင်း နေပြည်တော်ကနေ ဒွန်မောင်းလေဆိပ်ကို ဒီနေ့ ညနေမှာ ပြန်ဆင်းဆက်တာကို ပြသနေ

    ဓာတ်ပုံ ရင်းမြစ်, Flight Radar 24

    ဓာတ်ပုံ ပုံစာ, လေယာဉ်ပျံသန်းမှု အချက်အလက်ကိုစောင့်ကြည့်တဲ့ Flight Radar 24 ကတော့ အမေရိကန်လေတပ် လေယာဉ်တစ်စင်း နေပြည်တော်ကနေ ဒွန်မောင်းလေဆိပ်ကို ဒီနေ့ ညနေမှာ ပြန်ဆင်းဆက်တာကို ပြသနေ

    နေပြည်တော်ကို မနေ့က ရောက်တဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့မှာ လေကြောင်းခရီးနဲ့ ပြန်သွားပြီလို့ နေပြည်တော်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

    လေယာဉ်ပျံသန်းမှုကိုစောင့်ကြည့်တဲ့ Flight Radar24 အချက်အလက်အရ အမေရိကန် လေတပ်ပိုင်လေယာဉ် တစ်စင်းဟာ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကနေ နေပြည်တော်ကို မနေ့က ရောက်ရှိတယ်ဆိုတာကို ပြသပါတယ်။

    ဘီဘီစီ သတင်းရင်းမြစ်ကတော့ ဒီလေယာဉ်မှာ အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ လိုက်ပါလာတယ်လို့ ဒီနေ့ညနေပိုင်းမှာပဲ အတည်ပြုပါတယ်။

    ‘‘စင်ကာပူမှာ တွေ့ဆုံမှု နောက်ဆက်တွဲအနေနဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်လာတာ’’ လို့ သူက ပြောပေမဲ့ ဘီဘီစီအနေနဲ့ ဒီအချက်ကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

    လေယာဉ်ပျံသန်းမှု အချက်အလက်တွေမှာတော့ အမေရိကန် သံတမန် ၀န်ထမ်းတွေကို ကြိုပို့ရာမှာသုံးတဲ့ အင်ဂျင် ၂ လုံးတပ် Beechcraft C-12 Huron လေယာဉ်ဟာ နေပြည်တော်ကနေ ဘန်ကောက်မြို့က ဒွန်မောင်းလေဆိပ်ကို ဒီနေ့ ညနေမှာ ပြန်ဆင်းသက်ပြီလို့ ပြသပါတယ်။

    ဒီခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ် သိရဖို့ ဘီဘီစီက နေပြည်တော် သမ္မတရုံး ပြောခွင့်ရသူနဲ့ ၀ါရှင်တန်ကို မှတ်ချက်တောင်းထားပေမဲ့ တုံ့ပြန်မှု မရသေးပါဘူး။

    လူမှုကွန်ရက်ပို့စ်တွေမှာတော့ ဒီလေယာဉ်ကို ဘန်ကောက်မှာရှိတဲ့ အမေရိကန်သံရုံးက ထိုင်းနိုင်ငံထဲ သူ့ ၀န်ထမ်းတွေကို သယ်ပို့ရာမှာ အသုံးပြုဖူးတယ်ဆိုတာကို ရေးသားခဲ့ကြတာတွေလည်း တွေ့ရပါတယ်။

  5. ရွှေဘိုမြို့နယ်ထဲ စစ်တပ်ဗုံးကြဲလို့ ဆရာတော် ၁ ပါးပျံလွန်တော်မူပြီး လူ ပုဂ္ဂိုလ် ၂ ဦးသေဆုံး

    လေကြောင်းကနေ ဗုံးကြဲတာကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေဆိုပြီး မြို့နယ်ပကဖ က သတင်းထုတ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, ပကဖ၊ ရွှေဘိုမြို့နယ်

    ဓာတ်ပုံ ပုံစာ, လေကြောင်းကနေ ဗုံးကြဲတာကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေဆိုပြီး မြို့နယ်ပကဖ က သတင်းထုတ်ပါတယ်

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက နှမစားရစ်ကျေးရွာကို စစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး လူပုဂ္ဂိုလ် ၂ ဦး သေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောပါတယ်။

    ကျေးရွာ ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော်က ဦးဆောင်ပြီး ရွာခံတွေ သောက်သုံးရေ အဆင်ပြေဖို့ ရေသန့်စက်တပ်တာနဲ့ ရေသန့် ဖြန့်၀ေတာတွေ လုပ်နေတုန်းမှာ ဗုံးကြဲခံရတာလို့လည်း ဆိုပါတယ်။

    ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကတော့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့လေယာဉ်ဟာ မိတ္ထီလာလေတပ်ကနေ ပျံတက်လာတဲ့ MiG-29 အမျိုးအစား ဂျက်လေယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီဗုံးကြဲမှုမှာ နောက်ထပ် လူ ၈ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    ''တိုက်ပွဲလည်း မရှိဘူး။ လေကြောင်း အန္တရာယ်လည်း ငြိမ်နေတာ ကြာပြီ။ အဲဒီလိုတွေ ဖြစ်နေချိန်မှာ အခုလို ဗုံးလာကြဲသွားတာပါ။ ပြည်သူတွေအနေနဲ့ လေကြောင်း အန္တရာယ် သတိရှိဖို့လည်း တိုက်တွန်းချင်ပါတယ်'' လို့ ရွှေဘိုမြို့နယ် ကဖဘ တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။

    ရွှေဘို ပကဖကတော့ စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုအပြီးမှာ ရွှေဘိုမြို့ပေါ်မှာရှိတဲ့ အမှတ် ၄၂ ခြေလျင်တပ်ရင်းကနေလည်း ၁၂၀ မမ လက်နက်ကြီးတွေနဲ့ သုံးကြိမ် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

  6. ဒူတာတေး ICC ခုံရုံး ကြားနာမှုကို လူကိုယ်တိုင် ပထမဆုံး တက်ရောက်

    ICC ကြားနာမှုမှာ တွေ့ရတဲ့ ဒူတာတေး

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, ICC ကြားနာမှုမှာ တွေ့ရတဲ့ ဒူတာတေး

    ဖိလစ်ပိုင်နိုင်ငံရဲ့သမ္မတဟောင်း ရော့ဒီရီဂိုး ဒူတာတေးဟာ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ သူ တရားစွဲဆို ခံနေရတဲ့ သဟေ့ဂ်မြို့ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) ရှေ့မှောက်၊ ပထမဆုံးအကြိမ် ကိုယ်တိုင် လာရောက်ခဲ့ပါတယ်။

    မစ္စတာ ဒူတာတေး ဟာ “မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေကို နှိမ်နင်းတဲ့ စစ်ပွဲ” လို့ သူကိုယ်တိုင် ပြောဆိုခဲ့တဲ့ စစ်ဆင်ရေးအတွင်း အပြစ်မဲ့သူ ထောင်နဲ့ချီကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

    ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ ကြားနာမှုဟာ သမ္မဟောင်း ဒူတာတေးရဲ့ အမှု ရှေ့ဆက်ဖို့ ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ၊ ဘာတွေ အသင့်ရှိနေလဲ ဆိုတာတွေကို နှစ်ဖက် ရှေ့နေတွေနဲ့ တရားသူကြီးကြား သုံးသပ်ကြတာ ဖြစ်ပါတယ်။

    အမှု တကယ်တမ်း မစစ်ခင် အခုလိုသုံးသပ်မှု လုပ်နေတာ တတိယ အကြိမ်မြောက် ဖြစ်ပါတယ်။

    ဒီနေ့မှာ မစ္စတာ ဒူတာတေးရဲ ရှေ့နေတွေ ဘက်က တင်ပြထားတဲ့ ကျန်းမာရေးဆိုင်ရာတင်ပြချက်အပေါ် ရုံးတော်က စဥ်းစားသုံးသပ်သွားမှာ ဖြစ်ပါတယ်။

    အသက် ၈၁ နှစ်အရွယ် မစ္စတာ ဒူတာတေးရဲ့မှတ်ဉာဏ်နဲ့ သိမြင်နိုင်စွမ်းတွေ ကျဆင်းလာပြီး တရားရင်ဆိုင်ဖို့ ကျန်းမာရေးအခြေအနေ မကောင်းတော့ဘူးဆိုပြီး သူရဲ့ရှေ့နေတွေက တင်ပြထားပါတယ်။

  7. မြန်မာပတ်စ်ပို့ကိုင်ပြီး လုပ်ငန်းရှင်လုပ်နေတဲ့တရုတ်တရားခံပြေးကို ထိုင်းရဲဖမ်း

    ဖမ်းဆီးမှု အကြောင်း ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ

    ဓာတ်ပုံ ရင်းမြစ်, Royal Thai Police

    ဓာတ်ပုံ ပုံစာ, ဖမ်းဆီးမှု အကြောင်း ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ

    မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခဲ့ပြီး လက်ရှိမှာ ထိုင်းနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်တရားခံပြေး အမျိုးသား တစ်ဦးကို ဘတ်သန်း ၆၀၀ တန်တဲ့လုပ်ငန်းတွေမှာ နာမည်ခံလုပ်ငန်းရှင်ထားမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

    ဖမ်းဆီးခံရသူ အမျိုးသားဟာ ကိုမျိုးဆိုတဲ့နာမည်နဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခဲ့တဲ့ တရုတ်နိုင်ငံသား လီ ဆိုသူဖြစ်ပါတယ်။

    သူဟာ တရုတ်နိုင်ငံထဲမှာ ပြစ်မှုနဲ့ တရားခံပြေးဖြစ်ပြီးနောက် မြန်မာနိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ကာ လက်ရှိမှာ ထိုင်းနိုင်ငံ၊ ဆမွတ်စခွန် ခရိုင်ထဲမှာ တာယာ လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ပါတယ်။

    တရုတ်နိုင်ငံထဲ အဂတိမှုနဲ့ အလိုရှိနေတဲ့သူ့ကို ဖမ်းဆီးထားတဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့မှာ ဒီနေ့ သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

    အဲဒီအမျိုးသားဟာ တရားခံပြေးဖြစ်တယ်ဆိုတာကို ဖုံးကွယ်ဖို့ ကိုမျိုးဆိုတဲ့နာမည်နဲ့ မြန်မာနိုင်ငံကူးလက်မှတ်နဲ့ ထိုင်းနိုင်ငံထဲမှာ ၁၀ နှစ်ကျော်ကြာ နေထိုင်ကာ ငွေကြေးတွေ သွင်းယူလာပြီး ငွေကြေး ခ၀ါချမှုတွေ လုပ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    နောက်ပြီး သူဟာ ပြည်ပနိုင်ငံသားပိုင်ဆိုင်မှုကို ဖုံးကွယ်ဖို့ ထိုင်းနိုင်ငံသားနာမည်ခံ အလုပ်ရှင်တွေ ခန့်ထားတဲ့ ကုမ္ပဏီ ၃ ခုနဲ့လည်း ပတ်သက်နေတယ်ဆိုတာကို ရဲက ပြောပါတယ်။

    အဲဒီလုပ်ငန်းတွေရဲ့ပိုင်ရှင်ဟာ ကိုမျိုးဖြစ်တယ်ဆိုတာကို ရဲက ဖော်ထုတ်ခဲ့သလို သူ့ကို ဆယ်စုနှစ် တစ်ခုကြာအောင် ထိုင်းနိုင်ငံထဲ ငွေတွေ ယူသွင်းခဲ့တယ်လို့ ရဲက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    သူနဲ့အတူ သူ့သားဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် သန်နဒွန် ဆိုသူနဲ့ ထိုင်းမိခင်အဖြစ် မှတ်ပုံတင်ထားတဲ့ နာဖာ ဂျာချီဆိုသူ အမျိုးသမီး၊ နောက် ထိုင်းနိုင်ငံသားပိုင်ရှင်အဖြစ် နာမည်ခံထားသူလို့ စွပ်စွဲခံရတဲ့ ထိုင်း ကုမ္ပဏီ ယာဉ်မောင်းတို့ကိုပါ ဖမ်းဆီးထားတယ်လို့ ရဲက ပြောပါတယ်။

    လက်ရှိမှာ ထိုင်းနိုင်ငံသား မှတ်ပုံတင် ကိုင်ထားတဲ့ သူ့သားဖြစ်သူရဲ့ လက်ဗွေတွေကို စုံစမ်းစစ်ဆေးရာမှာ အရင်က ဂျီဆိုတဲ့ နာမည်နဲ့ တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ပြီး ထိုင်းကို အ၀င်အထွက် လုပ်ထားသူ တစ်ဦးဖြစ်တယ်ဆိုတာကို ရဲက တွေ့ရှိခဲ့ပါတယ်။

    ၂၀၂၃ ခုနှစ်မှာ ထုတ်ပေးခဲ့တဲ့သူရဲ့ထိုင်းနိုင်ငံသားမှတ်ပုံတင်ကို ရဲက ထပ်စစ်ဆေးရာမှာတော့ ထိုင်းမှာ နိုင်ငံခြားသားတွေကို မှတ်ပုံတင်ရအောင် တရားမ၀င် လုပ်ဖို့ ကူညီပေးမှုနဲ့အဖမ်းခံခဲ့ရသူ ထိုင်းဒေသန္တရအစိုးရ ၀န်ထမ်းဟောင်းတစ်ဦးနဲ့ဆက်နွှယ်နေတယ်ဆိုတာကိုလည်း ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ပါတယ်။

    အခုတော့ သူ့တို့ ၂ ဦးအပြင် မိခင်ဖြစ်သူဆိုတဲ့အမျိုးသမီးတို့ကိုပါ ရဲက မျိုးဗီဇ စုဆောင်းစစ်ဆေးနေပြီး ဥပဒေကြောင်းအရာ တရားစွဲဆိုနိုင်ရေးလုပ်နေတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

  8. အေအိုင်ဦးစီးဌာန နေပြည်တော်ဖွဲ့စည်း

    အေအိုင်ဟာ မြန်မာကို နည်းလမ်းမျိုးစုံနဲ့ အထောက်အကူပြုနိုင်တယ်လို့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားတဲ့ အေအိုင်နည်းပညာ သရုပ်ဖော်ပုံ

    ဓာတ်ပုံ ရင်းမြစ်, Global News Light of Myanmar

    ဓာတ်ပုံ ပုံစာ, အေအိုင်ဟာ မြန်မာကို နည်းလမ်းမျိုးစုံနဲ့ အထောက်အကူပြုနိုင်တယ်လို့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားတဲ့ အေအိုင်နည်းပညာ သရုပ်ဖော်ပုံ

    ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်မှာ အမျိုးသားဉာဏ်ရည်တုနည်းပညာ(AI) ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ထည့်သွင်းဖွဲ့စည်းထားတာတွေ့ရပါတယ်။

    အာဏာသိမ်းကာလမှာ ဝန်ကြီးဌာနတွေရဲ့လုပ်ငန်းတွေ မြန်ဆန်ထိရောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီကို ဝန်ကြီး၊ဒုဝန်ကြီးတွေနဲ့ ဖွဲ့စည်းခဲ့ဖူးပါတယ်။

    အခုတော့ ဦးစီးဌာနတစ်ခုအနေနဲ့ ပထမဆုံးဖွဲ့စည်းလိုက်တာဖြစ်ပြီး အငြိမ်းစားဗိုလ်ချုပ်ကြီးမြထွန်းဦး ဝန်ကြီးအဖြစ်ဦးဆောင်တဲ့ ဝန်ကြီးဌာနအောက်မှာ ပါဝင်လာတာပါ။

    ရုရှားပြန်စစ်ဗိုလ်တစ်ဦးဖြစ်တဲ့ ဒေါက်တာတင်ဖုန်းကျော်က အဲဒီဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန်ယူထားပါတယ်။

    “ဒေါက်တာတင်ဖုန်းကျော်က သမ္မတကို အေအိုင်နဲ့ ပတ်သက်တာတွေ တင်ပြရတယ်” လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

    သူက အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာလည်းဖြစ်ပြီး တပ်မတော်သိပ္ပံနဲ့နည်းပညာသုတေသနဌာနကနေ ပြောင်းလာတာပါ။

    ဒီဂျစ်တယ်ဝန်ကြီး ဦးမြထွန်းဦးကတော့ မြန်မာ့အေအိုင်ခေတ်ဆီ လျှောက်လှမ်းဖို့ အေအိုင်ကို မြန်မာမှုပြုဖို့လိုတယ်လို့ ဇွန်လကကျင်းပခဲ့တဲ့ “ဒီဂျစ်တယ်အခြေပြု မြန်မာ့အေအိုင်ခေတ်ဆီသို့”စကားဝိုင်းဆွေးနွေးပွဲမှာ ပြောဖူးပါတယ်။

  9. Vogue Thailand က သရုပ်ဆောင် ၀တ်မှုန်ရွှေရည်ရဲ့ဓာတ်ပုံတွေ ဖယ်ရှားခံရ

    မနေ့ညနေပိုင်းတုန်းက Vogue Thailand က လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ သရုပ်ဆောင် ၀တ်မှုန်ရွှေရည်ရဲ့ ဓာတ်ပုံ

    ဓာတ်ပုံ ရင်းမြစ်, screengrab/Vogue Thailand

    ဓာတ်ပုံ ပုံစာ, မနေ့ညနေပိုင်းတုန်းက Vogue Thailand က လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ သရုပ်ဆောင် ၀တ်မှုန်ရွှေရည်ရဲ့ ဓာတ်ပုံတစ်ပုံ

    ဝေဖန်ကန့်ကွက်မှုတွေ ရှိလာပြီးနောက် Vogue Thailand ရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာမှာ စက်တင်ဘာ ၁၅ ရက်က တင်ထားတဲ့ မြန်မာသရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည်ရဲ့ဖက်ရှင်ဓာတ်ပုံတွေကို ဒီကနေ့ စက်တင်ဘာ ၁၆ ရက်မှာ မတွေ့ရတော့ပါဘူး။

    သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ရဲ့ ခင်ပွန်းဖြစ်သူဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်နွှယ်မှုရှိတာကြောင့် Vogue ရဲ့ စံတန်ဖိုးထားမှုတွေနဲ့ မကိုက်ညီဘူးဆိုပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ရုပ်ရှင်အကဲခတ်စာမျက်နှာ Cinema Boulevard အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူတချို့က စက်တင်ဘာ ၁၅ ရက်မှာ Vogue Thailand ကို စာပေးပို့ ကန့်ကွက်ခဲ့ကြတဲ့ဖြစ်စဥ်တွေရှိခဲ့ပါတယ်။

    အဲဒီကန့်ကွက်မှုတွေ ရှိခဲ့ပြီး နောက်တစ်ရက်မှာ အဲဒီပို့စ်ကို Vogue Thailand ရဲ့ဆိုရှယ်မီဒီယာစာမျက်နှာမှာ မတွေ့ရတော့တာဖြစ်လို့ ဓာတ်ပုံတွေကို ဖယ်ရှားလိုက်တာလို့ နားလည်ရပါတယ်။

    ဒါပေမဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ရဲ့ပို့စ်ကို ဘာကြောင့် ဖယ်ရှားခဲ့တာလဲဆိုတာနဲ့ ကန့်ကွက်မှုတွေကြောင့် ဖယ်ရှားခဲ့တာ ဟုတ်၊ မဟုတ်ကို Vogue Thailand ဘက်က ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။ ဒီအကြောင်းရင်းကို သိရှိနိုင်ဖို့ ဘီဘီစီမြန်မာပိုင်းက Vogue Thailand ကို ဆက်သွယ်ပြီး မှတ်ချက်တောင်းခံထားဆဲဖြစ်ပါတယ်။

    Vogue Thailand ဟာ အမေရိကန်မီဒီယာကုမ္ပဏီ Condé Nast ရဲ့ Vogue အမှတ်တံဆိပ်အောက်မှာ လိုင်စင်နဲ့ ထုတ်ဝေလည်ပတ်နေတဲ့ ထိုင်းနိုင်ငံဆိုင်ရာ Vogue edition ဖြစ်ပါတယ်။ Condé Nast ရဲ့ လက်ရှိ Vogue စာမျက်နှာမှာလည်း Vogue Thailand ကို “Published under license” လို့ ဖော်ပြထားပါတယ်။

    Vogue ရဲ့ ၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ “Vogue Values” ကတေ့ာ ကမ္ဘာတဝန်းက Vogue edition တွေအတွက် မတူကွဲပြားမှု၊ တာဝန်ယူမှုနဲ့ လူတစ်ဦးချင်း၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် လေးစားမှုတွေကို အဓိကတန်ဖိုးတွေအဖြစ် ဖော်ပြထားပါတယ်။

  10. ကချင်မှာ HIV ပိုးရှိသူတွေ မပြတ်သောက်ရတဲ့ ART ဆေး ပြတ်လပ်လုနီးဖြစ်နေ

    ဗန်းမော်တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့သူတွေထဲ မန်းနောင် ဒုက္ခသည်စခန်းထဲက အိမ်ထောင်စု ၂၀ ထဲမှာ ART ဆေး သောက်နေရသူ ၈ ဦးခန့် ပါ၀င်နေတယ်လို့ ကချင်အခြေစိုက် ဒေသတွင်း လူသားစာနာ သတင်းဌာန Simsa Kasa က ပြီးခဲ့တဲ့နှစ်မှာ သတင်းဖော်ပြ

    ဓာတ်ပုံ ရင်းမြစ်, Simsa Kasa

    ဓာတ်ပုံ ပုံစာ, ဗန်းမော်တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့သူတွေထဲ မန်းနောင် ဒုက္ခသည်စခန်းထဲက အိမ်ထောင်စု ၂၀ ထဲမှာ ART ဆေး သောက်နေရသူ ၈ ဦးခန့် ပါ၀င်နေတယ်လို့ ကချင်အခြေစိုက် ဒေသတွင်း လူသားစာနာ သတင်းဌာန Simsa Kasa က ပြီးခဲ့တဲ့နှစ်မှာ သတင်းဖော်ပြ

    ကချင်ပြည်နယ်အတွင်းမှာ HIV ပိုးရှိသူတွေ မပြတ်သောက်သုံးရတဲ့ ART ဆေးပြတ်လပ်မှုဖြစ်နေတယ်လို့ ဆေးထုတ်နိုင်ရေး ကူညီပေးနေသူတစ်ဦးနဲ့ ART ဆေး သောက်နေရသူတချို့ဆီကနေ သိရှိရပါတယ်။

    ဆေးထုတ်နိုင်ရေး ကူညီပေးနေသူရဲ့ပြောပြချက်အရ ကချင်မှာ ပုံမှန်ဆေးရရှိတဲ့ ပမာဏထက် လျော့ရတာနဲ့ မရတာမျိုးဖြစ်လာတာလို့ ဆိုပါတယ်။

    ပုံမှန်မှာ တစ်ဦးကို တကြိမ်မှာ ၃ လစာ ပေးနိုင်ပေမဲ့ ဒီနောက်ပိုင်း လမ်းပန်းဆက်သွယ်ရေးကြောင့် ဆေးဝါးတွေ အချိန်မီ မရောက်နိုင်တာကြောင့် တစ်ဦးကို ၅ ရက်ကနေ ၁၀ ရက်စာ လောက်သာပေးနိုင်တယ်လို့ ဆိုပါတယ်။

    ''ကချင်ဘက်က ၃ ယောက် ၄ ယောက်လောက်တော့ရှိပြီ၊ ဆေးမရလို့ လာပြောတာ။ မြစ်ကြီးနားမှာဆို ၃ လစာ ပေးတာကနေ ၁၅ ရက်စာပဲ ရတယ်လို့ သိရတယ်'' လို့ သူက ပြောပါတယ်။

    ကချင်ပြည်နယ် ခုခံအားကျကာလသား တိုက်ဖျက်ရေးဌာန (NAP)ရဲ့ အစောပိုင်းအချက်အလက်တွေအရ ကချင်မှာ ART ဆေးသောက်နေရသူ ၃ သောင်းနီးပါးရှိနေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဆေးဝါးတွေ အချိန်မီမရောက်ဘဲ ပြတ်လပ်မှုဖြစ်လာတယ်လို့ ဆိုပါတယ်။

    မြစ်ကြီးနားမှာတင် ART ဆေးသောက်နေရသူ တစ်သောင်းခန့်ရှိနေပြီး ART ဆေးကို အပြင်မှာ ဝယ်နိုင်ပေမဲ့ အခက်အခဲရှိသလို စျေးနှုန်းကြီးမြင့်မှုလည်း ရှိတယ်လို့ ပြောကြပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၂၂ ခုနှစ်က ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံနေရသူအရေအတွက် နှစ်သိန်း ရှစ်သောင်းခန့် ရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံမှာ HIV ပိုးရှိသူ အများဆုံးဒေသတွေက ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းတို့ ဖြစ်ပါတယ်။

    တစ်နိုင်ငံလုံး HIV ရောဂါရှိသူအားလုံးရဲ့ ၂၆ ရာခိုင်နှုန်းကို ကချင်ပြည်နယ်မှာ တွေ့ရပြီး တစ်နိုင်ငံလုံးမှာ ရောဂါတွေ့ရှိမှု အများဆုံးဒေသဖြစ်တယ်လို့ အစောပိုင်းသတင်းတွေအရ သိရှိရပါတယ်။

    အထူးသဖြင့် မူးယစ်ဆေးသုံးစွဲသူတွေအနေနဲ့ ဆေးထိုးအပ်တွေက တဆင့်ကူးခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတွေကနေ ပိုးကူးစက်မှု ပိုများနိုင်ပါတယ်။

  11. AI ကိုထိန်းချုပ်ဖို့ ပိုခက်လာပြီလား၊ လူသားတွေဆက်ပြီး ထိန်းချုပ်နိုင်မှာလား

    လက်ထိပ်ကနေ ရုန်းထွက်နေတဲ့ စက်ရုပ်လက် တစ်စုံ

    Open AI က လေ့ကျင့်ပေးထားတဲ့ ဉာဏ်ရည်တုစနစ်(AI) အေးဂျင့်တွေဟာ စမ်းသပ်ဖို့ ထိန်းချုပ်ထားတဲ့အကန့်အသတ်ထဲကနေ ဗွေဖောက် ထွက်သွားပြီး တခြားကုမ္ပဏီရဲ့ နည်းပညာစနစ်ထဲ ဟတ်တာတွေ လုပ်ပြီးတဲ့နောက်မှာ အေအိုင်ကို လူတွေ ထိန်းချုပ် နိုင်ပါတော့မလား ဆိုတဲ့မေးခွန်းတွေ ထွက်လာပါတယ်။

    တစ်ချိန်တည်းမှာပဲ အေအိုင်နည်းပညာမှာ ရှေ့ပြေးနေတဲ့ ကုမ္ပဏီတချို့ဟာ အေအိုင်နည်းပညာ တိုးတက်ရေး အရှေ့အထိ မရောက်အောင် အရှိန်လျှော့ချဖို့ လုပ်လာပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

  12. UFC 331 ပွဲစဉ် အဓိကပွဲရဲ့ဖိုက်တာတွေ လော့စ်အိန်ဂျလိစ်မြို့ကို ရောက်

    ဖလိုင်း၀ိတ်တန်း ယှဉ်ပြိုင်မယ့် အားကစားရုံရှေ့မှာ မြင်ရတဲ့ ဗန်နဲ့ ပန်တိုဂျာ

    ဓာတ်ပုံ ရင်းမြစ်, UFC

    ဓာတ်ပုံ ပုံစာ, Flyweight တန်း ယှဉ်ပြိုင်မယ့် အားကစားရုံရှေ့မှာ မြင်ရတဲ့ ဗန်နဲ့ ပန်တိုဂျာ

    UFC 331 ပြိုင်ပွဲရဲ့ အဓိကပွဲစဉ်အဖြစ် Flyweight တန်းချန်ပီယံနေရာကို လုကြမယ့် ဖိုက်တာတွေဟာ ပွဲကျင်းပမယ့် လော့စ် အိန်ဂျလိစ်မြို့ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။

    Flyweight တန်း ချန်ပီယံနေရာကို လက်ရှိချန်ပီယံ မြန်မာနွယ်ဖွား ချင်းဖိုက်တာ ဂျော့ရှု၀ါ ဗန်နဲ့သူ့ ရဲ့ ပြိုင်ဘက် အလက်ဇန်းဒါ ပန်တိုဂျာ တို့ လော့စ်အိန်ဂျလိစ်မြို့က Crypto.com Arena မှာ လာမယ့် စက်တင်ဘာ ၁၉ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။

    UFC ဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လော့စ် အိန်ဂျလိစ်မြို့မှာ ပြန်လည် ကျင်းပတာဖြစ်ပြီး ဗန်နဲ့ ပန်တိုဂျာတို့ပွဲကို အဓိကပွဲအဖြစ် ထည့်သွင်းထားတာဖြစ်ပါတယ်။

    လက်ရှိ ၁၇ ပွဲနိုင်ပြီး ၂ ပွဲရှုံးသာရှိထားတဲ့ Flyweight တန်းချန်ပီယံ အသက် ၂၄ နှစ်အရွယ် ဗန်ဟာ သူ့ရဲ့ချန်ပီယံ ခါးပတ်ကို ကာကွယ်ဖို့ ဆက်ပြီး ကာကွယ်ဖို့ ထိုးသတ်ရမှာဖြစ်ပါတယ်။

    ဗန်ဟာ ချန်ပီယံ ခါးပတ်ကို ကာကွယ်ဖို့ Flyweight တန်းချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာဟာနဲ့ ပြန်ထိုးသတ်ရတာဖြစ်ပါတယ်။

    သူတို့ နှစ်ဦးဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ UFC 323 ပြိုင်ပွဲမှာ ပထမဆုံးတွေ့ဆုံခဲ့ကြပြီး ပွဲစပြီး ၂၆ စက္ကန့်အကြာမှာ ပန်တိုဂျာ ဟာ တံတောင်ဆစ် ဒဏ်ရာရခဲ့တာလို့ ချန်ပီယံခါးပတ်ကို ဗန်က ရရှိခဲ့ပါတယ်။

    ဒီပွဲကြောင့် အနိုင်ရခဲ့တဲ့အပိုင်းမှာ ဗန်ရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းတွေ ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့မေလတုန်းက ပွဲမှာ ဗန်ဟာ တက်ဆူရို တိုင်ရာကို ၅ ချီအထိထိုးပြီး အနိုင်ယူခဲ့တာကလည်း သူ့အပေါ် ရှိနေတဲ့ မေးခွန်းတွေအတွက် အဖြေဖြစ်ခဲ့ပါတယ်။

    လက်ရှိမှာတော့ သြဂုတ်လ သတင်းစာရှင်းလင်းပွဲမှာ နှစ်ဖက်ကြား စကားအခြေအတင်ဖြစ်ခဲ့တာကြောင့် ပြိုင်ဆိုင်မှု အရှိန်လည်း မြင့်တက်နေပါတယ်။

    ဗန်ဟာ စက်တင်ဘာ ၁၉ ရက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံ စစ်စစ်ဖြစ်ကြောင်း ထပ်လောင်းသက်သေပြနိုင်မှာဖြစ်သလို ပန်တိုဂျာက အနိုင်ရခဲ့မယ်ဆိုရင်လည်း ဒီပွဲဟာ ပန်တိုဂျာအတွက် အတွက်လည်း ရှုံးနိမ့်ခဲ့တဲ့သိက္ခာကို ပြန်အဖတ်ဆည်နိုင်မှာဖြစ်ပါတယ်။

  13. ရန်ကုန်က မြို့နယ် ၅ ခုထက်မနည်းမှာလည်ပတ်နေတဲ့ အွန်လိုင်းလောင်းကစားအေးဂျင့်ကွင်းဆက်စီးနင်းဖမ်းဆီးခံရ

    ဒဂုံမြိုသစ်(မြောက်ပိုင်း)က ဝင်ရောက်စီးနင်းခံရတဲ့နေအိမ်

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ဒဂုံမြိုသစ်(မြောက်ပိုင်း)က ဝင်ရောက်စီးနင်းခံရတဲ့နေအိမ်

    ရန်ကုန်မြို့၊ မြောက်ဒဂုံ ၃၁ ရပ်ကွက်က နေအိမ်နဲ့ အလုံမြို့နယ် ဆင်မင်းရပ်ကွက်က နေအိမ်တွေ အပါအဝင် မြို့နယ် ၅ ခုထက်မနည်းက ‌နေအိမ်တွေကို ဝင်ရောက်စီးနင်းတာကနေ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦး ၊ စုစုပေါင်း ၃၆ ဦးကို ဖမ်းဆီးမိထားတယ်လို့ ရဲတပ်ဖွဲ့သတင်းအရ သိရှိရပါတယ်။

    ဩဂုတ် ၂၁ ရက်က ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်၊ အမှတ် ၃၁ ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိနေအိမ်မှာ Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေတယ်ဆိုတဲ့သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ One5one၊ buffalo 169၊ fujiu နဲ့ Sport169 Game Website တွေမှာ အေးဂျင့်အကောင့်တွေ ဖွင့်လှစ်ပြီး လုပ်ကိုင်နေတဲ့ အေးဉာဏ်ပိုင်ဆိုသူ ဦးဆောင်တဲ့ အမျိုးသား ၅ ဦး၊ အမျိုးသား ၁၉ ဦး စုစုပေါင်း ၂၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

    ဖမ်းဆီးခံရသူတွေနဲ့အတူ လောင်းကစားလုပ်ငန်းလုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာနဲ့ ဖုန်းအပါအဝင် ဆက်စပ်ပစ္စည်း အလုံး ၃၀ ကျော်ကို သိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံတွေနဲ့ထုတ်ပြန်ပါတယ်။

    ဩဂုတ် ၂၃ ရက်မှာ အေးဉာဏ်ပိုင်နဲ့ ပူးတွဲလုပ်ကိုင်သူ စိုင်းအောင်သူ(ခ)ဖိုးရှမ်းဆိုသူကို တာချီလိတ်မြို့မှာ ထပ်မံဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

    ဖမ်းဆီးရမိသူတွေရဲ့ထွက်ဆိုချက်နဲ့ ဩဂုတ် ၂၃ ရက်မှာပဲ အလုံမြိုနယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ Golden Team Mansion အိမ်ရာထဲရှိ အခန်းတစ်ခုကို ထပ်မံ ဝင်ရောက်စစ်ဆေးခဲ့ရာ အင်ကြင်းမြိုင်ဆိုသူကို “99 Legends Online Game” လောင်းကစားရာမှာ အသုံးပြုတဲ့ ကွန်ပျူတာ ၁၃ လုံးနဲ့ တခြားဆက်စပ်ပစ္စည်း ၁၀၀ နီးပါးကို သိမ်းဆည်းခဲ့တယ်လို့ သိရှိရပါတယ်။

    ဩဂုတ် ၂၅ ရက် မှာတော့ “99 Legends Online Game” ရဲ့ HR အဖြစ် ကြီးကြပ်လုပ်ကိုင်သူ နန်းဟွမ်ယုန်း(ခ)ရှန်းရှန်းကို ဒေါပုံမြိုနယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်တေဇလမ်းနှင့် သစ္စာလမ်းထောင့်ရှိ နေအိမ်မှာ ဖမ်းဆီးခဲ့သလို ဩဂုတ် ၂၈ ရက်မှာ အောင်ကျော်(ခ) AK ကို ဗိုလ်တထောင်မြိုနယ်၊ ၅ ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းရှိနေအိမ်မှာ ဆက်လက်ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

    စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှာတော့ အစောပိုင်းဖမ်းဆီးရမှုအားလုံးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ခိုင်နှင်းဝေ(ခ)မခိုင်ကို တောင်ဥက္ကလာပမြိုနယ်၊ ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

    လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကိုဘယ်လိုပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူမလဲဆိုတာ ထည့်သွင်းဖော်ပြထားတာမရှိသေးဘဲ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအရ ‌အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ်တစ်သက်ထိ ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်တယ်လို့ ‌ဖော်ပြထားပါတယ်။

  14. မင်္ဂလာပါ။ စက်တင်ဘာ ၁၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။