SRF ရဲ့ ဥက္ကဋ္ဌ ဖမ်းဆီးခံရပြီးနောက် ပသုံးလုံးနဲ့ SFR နှစ်ဖက်ဆွေးနွေးမှုလုပ်

ဓာတ်ပုံ ရင်းမြစ်, SRF
ကျောင်းသားတော်လှန်ရေးတပ်တော်- SRF ရဲ့ ဥက္ကဋ္ဌ ကိုစံတင်ထွန်း ကို အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) လက်အောက်ခံ မင်းကင်းမြို့နယ် ပ သုံးလုံးအဖွဲ့ က ဖမ်းဆီးခဲ့တဲ့နောက် ဒီကနေ့ မေ ၂၈ ရက်မှာ နှစ်ဖက်ဆွေးနွေးမှုလုပ်နေတယ်လို့ မင်းကင်းအုပ်ချုပ်ရေးနဲ့ SRF ဘက်ကသိရပါတယ်။
မေ ၂၇ ရက်က မင်းကင်း (ပအဖ) ရဲ့ ထုတ်ပြန်ချက်မှာတော့ SRF တပ်ဟာ စစ်ကိုင်းဖက်ဒရယ်ယူနစ် မင်းကင်းမြို့နယ်ထဲမှာ ပြည်သူတွေကို ဖမ်းဆီးတာ၊ ကိုယ်ပိုင်တရားစီရင်ရေးတွေနဲ့ တရားစီရင်တာ၊ အသက် ၁၈ နှစ်မပြည့်သေးသူတွေကို စစ်မှုထမ်းခိုင်းတာ၊ ဥပဒေမဲ့ လုပ်ဆောင်တာတွေကြောင့် တိုင်ကြားမှုပေါင်း ၈ ခုကျော် ရှိထားတယ်လို့ ပြောထားပါတယ်။
မေ ၂၈ ရက်ဆွေးနွေးပွဲမှာတော့ SRF တပ်ထဲက ပြစ်မှုကျူးလွန်ထားသူတွေကို အပ်နှံဖို့အပါအဝင်အချက်တချို့ကို ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး၊ ခရိုင်တပ်ရင်းတာဝန်ခံ၊ မင်းကင်း ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) ၊ ပြည်သူ့ကာကွယ်ရေး(ပကဖ) ၊ ပြည်သူ့လုံခြုံရေး (ပလဖ) စတဲ့ ပသုံးလုံးအဖွဲ့တွေနဲ့ SRF ခေါင်းဆောင်တချို့ က ဆွေးနွေးကြတယ်လို့ မင်းကင်း ပြည်သူ့အုပ်ချုပ်ရေးဘက်က ပြောပါတယ်။
အဲဒီအမှုတွေမှာ ကျူးလွန်သူ ဘယ်နှစ်ယောက်ရှိတယ်၊ လက်ရှိ ဘယ်နှစ်ယောက်ကို ဖမ်းဆီးထားတယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောတာ မရှိပါဘူး။
SRF တပ် ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို မင်းကင်း ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) ၊ ပြည်သူ့ကာကွယ်ရေး(ပကဖ) ၊ ပြည်သူ့လုံခြုံရေး (ပလဖ) စတဲ့ ပသုံးလုံးအဖွဲ့တွေက မေ ၂၆ ရက်မှာ ဖမ်းဆီးခဲ့တာပါ။
တဖက် ကျောင်းသားတော်လှန်ရေးတပ် - SRF ကလည်း တပ်ဖွဲ့ ဥက္ကဋ္ဌ အပါအဝင် ဖမ်းဆီးခံရသူ ၁၆ ယောက်ရှိနေပြီး တပ်ရဲ့ စစ်ရေးနယ်မြေ ဒေသ ၄ ကိုလည်း မင်းကင်း(ပသုံးလုံး) အဖွဲ့က အင်အားသုံး ပစ်ခတ်စီးနင်းတာတွေ လုပ်ခဲ့တယ်လို့ မေ ၂၇ ရက်မှာပဲ ထုတ်ပြန်ထားပါတယ်။
SRF ဘက်က သတင်းရင်းမြစ်တစ်ဦးရဲ့ အပြောအရ မေ ၂၈ ရက်မှာ နှစ်ဖက်တပ်တွေကြားဆွေးနွေးနေတာဟုတ်မှန်ပြီး အဓိကအချက်တွေထဲမှာ SRF တပ်တွေ MOD လက်အောက် ဒါမှမဟုတ် ပကဖ လက်အောက်ထဲ ဝင်ရောက်ရေးပါဝင်တယ်လို့ ဆိုပါတယ်။








