ရန်ကုန်မှာ စားသုံးဆီခွဲတမ်း ၆၀ ရာခိုင်နှုန်းအထိလျှော့ချဖို့ရှိတယ်လို့ လုပ်ငန်းရှင်တချို့ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်တိုင်းအတွက် ဖြန့်ဝေပေးနေတဲ့ စားသုံးဆီခွဲတမ်းကို ဇူလိုင်လကုန်ကစပြီး ၆၀ ရာခိုင်နှုန်းခန့် လျှော့ချဖို့ရှိတယ်လို့ စားသုံးဆီလုပ်ငန်းရှင်တချို့က ဘီဘီစီကို ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းအတွက် တစ်လကို စားသုံးဆီတန်ချိန် ၁၄,၈၅၀ ခွဲတမ်းချထားပေးနေပေမဲ့ အဲဒီပမာဏကို တန်ချိန် ၆,၀၁၅ ခန့်ကို လျှော့ချရမယ်လို့ သိထားကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
“အရန်ဆီ လက်ကျန်တော့ ရှိပါတယ်။ နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ကြိုတင်စီမံတာ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်” လို့ သူက ပြောပါတယ်။
ဒီခွဲတမ်းလျှော့ချမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံ ဘီဘီစီက သီးခြားအတည်ပြုချက် ရယူနိုင်တာ မရှိသေးပါဘူး။
လက်ရှိ ကျင့်သုံးနေတဲ့ခွဲတမ်းဖြန့်ဝေမှု စနစ်အရ အိမ်ထောင်စုတစ်စုကို တစ်လမှာ စားသုံးဆီ တစ်ပိဿာ ရောင်းချပေးနေပြီး၊ ခွဲတမ်းလျှော့ချမှု အကောင်အထည်ဖော်လာမယ်ဆိုရင် ရနိုင်တဲ့ပမာဏလည်း လျော့နည်းလာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။
ဒီလိုခွဲတမ်းလျှော့ချမယ့်သတင်းထွက်ပေါ်လာတာဟာ နိုင်ငံခြားငွေ သုံးစွဲမှုနဲ့ ကုန်သွယ်မှုလိုငွေ လျှော့ချမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောကြားခဲ့ပြီး တစ်ပတ်ခန့်အကြာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စားသုံးဆီ ပြတ်လပ်မှုနဲ့ ဈေးနှုန်းမြင့်တက်မှုတွေ မကြာခဏဖြစ်ပေါ်ခဲ့ပြီး တချို့လက်လီအရောင်းဆိုင်တွေမှာ စားသုံးဆီရောင်းချမှုကို ယာယီရပ်နားခဲ့ရတဲ့အခြေအနေတွေလည်း ရှိခဲ့ပါတယ်။
လက်ရှိမှာ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ရည်ညွှန်းဈေး သတ်မှတ်ပေးထားသလို ပြင်ပဈေးကွက် ပေါက်ဈေးလည်း သီးခြားရှိနေပါတယ်။ လက်ရှိမှာ ဇွန် ၂၆ ရက်ကနေ ဇူလိုင် ၂ ရက်အထိ တစ်ပတ်တာအတွက် စားသုံးဆီတစ်ပိဿာရဲ့ရည်ညွှန်းဈေးကို ကျပ် ၇,၂၅၅ သတ်မှတ်ထားပါတယ်။












