တိုက်ရိုက်ထုတ်လွှင့်မှု, မန္တလေးသပိတ်က ကိုထက်မြတ်အောင်ကို ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့ ထောင်ဒဏ်နှစ် ၃၀ ကျော်ချမှတ်

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုထက်မြတ်အောင်အပါအဝင် ၈ ဦးကိုနှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တဲ့သတင်းအပါအဝင် ဇူလိုင် ၂၉ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

ကိုထက်မြတ်အောင်အပါအဝင် ၈ ဦး မတရားပြစ်ဒဏ်ချမှတ်ခံရတာကို ရှုတ်ချကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂထုတ်ပြန်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာရဲ့စာကြည့်တိုက်ပညာ ဦးဆောင်ပုဂ္ဂိုလ် စည်သူ ဦးသော်ကောင်း ကွယ်လွန်

    တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှာ ဖော်ပြထားတဲ့ ဦးသော်ကောင်း၊ ဒေါက်တာသော်ကောင်း အထုပ္ပတ္တိမှာမြင်ရတဲ့ ဓာတ်ပုံ

    ဓာတ်ပုံ ရင်းမြစ်, တက္ကသိုလ်များဗဟိုစာကြည့်တိုက်

    မြန်မာနိုင်ငံမှာ စာကြည့်တိုက်တွေ ဖြစ်ထွန်းရေးနဲ့ စာပေလောကအတွက် အစဉ်တစိုက် အကျိုးပြုခဲ့သူ၊ ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များဗဟိုစာကြည့်တိုက်ရဲ့ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စည်သူ ဦးသော်ကောင်း (ဒေါက်တာသော်ကောင်း)ဟာ ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့က နေအိမ်မှာ ကွယ်လွန်ခဲ့တယ်လို့ သားဖြစ်သူ ‌ဒေါက်တာသန့်သော်ကောင်းက ဘီဘီစီကို အတည်ပြုပါတယ်။

    ''မနက် ၅:၄၇ က ဆုံးပါတယ်။ ဒီနေ့ နေ့လယ် သင်္ဂြိုဟ် ပါမယ်'' လို့ ဒေါက်တာသန့်သော်ကောင်းက ပြောပါတယ်။

    သြစတြေးလျနိုင်ငံ၊ အနောက်ဆစ်ဒနီတက္ကသိုလ်က ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ ရ ဒေါက်တာသော်ကောင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ်ရှိပြီဖြစ်ပါတယ်။

    ဦးသော်ကောင်းဟာ လွတ်လပ်ရေးခေတ်နဲ့ ပါလီမန်ဒီမိုကရေစီခေတ်တွေက စည်သူဘွဲ့ရ ပညာမင်းကြီးအဖြစ် ထင်ရှားတဲ့ဦးကောင်းရဲ့သားဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်မှာ စာကြည့်တိုက်ပညာကို သွားရောက်လေ့လာ ဆည်းပူးခဲ့သူဖြစ်ပါတယ်။

    ဦးသော်ကောင်းဟာ ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်စာ ဂုဏ်ထူးတန်းအောင်တဲ့ ၁၉၅၉ ခုနှစ်မှာပဲ ကွယ်လွန်သူ ဖခင်ဆန္ဒနဲ့ သူ့ရဲ့ဝါသနာအလျောက် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာ လက်ထောက်စာကြည့်တိုက်မှူးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

    အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူးက နိုင်ငံကျော်စာဆိုတော်ကြီး ဆရာဇော်ဂျီ ဖြစ်ပါတယ်။

    ဦးသော်ကောင်းဟာ လန်ဒန်တက္ကသိုလ်က စာကြည့်တိုက်ပညာ ဘွဲ့လွန် ဒီပလိုမာရရှိထားသူဖြစ်ပြီး အင်္ဂလန်ရှိ Associate of the Library Association (ALA) စာကြည့်တိုက်အသင်းကြီးရဲ့တော်ဝင်အသိအမှတ်ပြုစာကြည့်တိုက်မှူး(Chartered Librarian) အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

    အဲဒီနောက် AALIA (Associate of the Australian Library and Information Association)ဘွဲ့၊ အင်္ဂလန် နိုင်ငံရဲ့ အမြင့်ဆုံးဘွဲ့ FLA (Fellow of the Library Association) တို့ကိုလည်း ရရှိခဲ့ပါတယ်။

    ၁၉၈၃ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ စာကြည့်တိုက်အသင်းက ဂုဏ်ထူးဆောင် အဖွဲ့ဝင် [Hon. Follow of the Library Association (FLA)] အဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရသူဖြစ်သလို ၁၉၉၉ ခုနှစ်မှာ သြစတြေးလျနိုင်ငံ၊ အနောက်ဆစ်ဒနီ တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ [Doctor of Letters (Honori- scausa)] ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

    ဒေါက်တာသော်ကောင်းအဖြစ် မော်ကွန်းထိုး ခေါ်ဆိုခံရသလို ၂၀၀၅ ခုနှစ်မှာ ဂျပန်နိုင်ငံ ဖုကုအိုကာ အာရှဓလေ့ဆုရွေးချယ်ရေးကော်မတီက ဖုကုအိုကာ ပညာရှင်ဆု [ Fukuoka Asian Culture Prize (Acad-emis Laureate)] ပေးအပ်ချီးမြှင့်ထားပါတယ်။

    မြန်မာနိုင်ငံမှာတော့ အမျိုးသားစာပေတစ်သက်တာဆုနဲ့ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု တို့ကို ချီးမြှင့်ခံထားရသူဖြစ်ပါတယ်။

    ဒါတင်မက ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆု၊ သုတစွယ်စုံစာပေ တစ်သက်တာဆုနဲ့ ဆရာဝန်တင်ရွှေ စာပေတစ်သက်တာဆုတို့ကိုလည်း ရရှိထားပါတယ်။

    ဒါ့အပြင် ၂၀၁၂ ခုနှစ်မှာ ဆရာကြီးဟာ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယ အဆင့်)နဲ့ စည်သူဘွဲ့တို့ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

    ဦးသော်ကောင်းတည်ထောင်ခဲ့တဲ့ မြန်မာစာကြည့်တိုက်အသင်း (Myanmar Library Association – MLA) ကတော့ စာကြည့်တိုက်ပညာ၊ စာပေနဲ့ ပညာရေးနယ်ပယ်အပေါ် အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုတွေ၊ မျိုးဆက်သစ်တွေကို ပညာမျှဝေ လမ်းညွှန်ပေးခဲ့တာတွေက အမွေအနှစ်အဖြစ်ဆက်ကျန်နေမယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

    ဆရာကြီးဟာ စာကြည့်တိုက်မှူးဘဝကတည်းက မြန်မာစာပေလောကတိုးတက်ရေးအတွက် အကျိုးပြုစာပေများစွာကို ရေးသားခဲ့သလို မြန်မာစာပေအတွက် အထူးကြိုးပမ်းဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

    မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းရဲ့နာယကဖြစ်သလို သူ့ရဲ့ကျေးဇူးပြုမှုတွေနဲ့ ပညာအမွေအနှစ်တွေကို လေးစားစွာ အောက်မေ့ဂုဏ်ပြုရင်း ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း MLA ကကြေညာထားပါတယ်။

  2. ဂျပန် ငလျင် - ၁၃ ဦး သေဆုံး၊ ပျောက်ဆုံးသူတွေရှိနေ

    ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ မနေ့ညနေပိုင်းတုန်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူ ၁၃ ဦး ရှိလာပြီး ကယ်ဆယ်ရေးအဖွဲ့တွေဟာ ''အချိန်လု ကယ်ဆယ်ရေးလုပ်နေရတယ်''လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ပြောပါတယ်။

    လူတွေ ပိတ်မိနေခဲ့တဲ့ ကူမာမိုတိုမြို့က စျေး၀ယ်စင်တာထဲမှာတော့ ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေတုန်းဖြစ်ပြီး မျက်မြင်တစ်ဦးကလည်း စင်တာရဲ့ဒုတိယထပ် ပြိုကျခဲ့တာကိုမြင်ခဲ့ရကြောင်း ဘီဘီစီကို အစောပိုင်းမှာပြောထားပါတယ်။

    ကူမာမိုတိုမြို့က ငလျင်နဲ့ စျေး၀ယ်စင်တာနေရာပြတဲ့ ဂရပ်ဖစ်

    အဲဒီစင်တာနဲ့ မီးခိုးခေါင်းတိုင်ပြိုကျတဲ့ နောက်ထပ်စက်ရုံတစ်ခုမှာ ပျောက်ဆုံးနေသူတွေရှိနေတယ်လို့ ဂျပန်အရာရှိတစ်ဦးက အစောပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

    အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) က ပြင်းအား ၆.၈ မဂ္ဂနီကျုရှိတယ်လို့ ခန့်မှန်းထားတဲ့ဒီငလျင်ဟာ ဂျပန်စံတော်ချိန် မနေ့ညနေ ၄ နာရီခွဲခန့်မှာ ခူရှုကျွန်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

    မြေကြီး ခိုင်ခိုင်ခန့်ခန့်ကြီးဟာ ငလျင်လှုပ်ချိန်မှာ ရုတ်တရက် အကြီးအကျယ်ရွေ့သွားတယ်လို့ မျက်မြင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

  3. ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုထက်မြတ်အောင် အပါ ၈ ဦး ထောင်ဒဏ် ၃၇ နှစ်ချမှတ်ခံရ

    ကိုထက်မြတ်အောင်

    ဓာတ်ပုံ ရင်းမြစ်, ရတကသ

    ဓာတ်ပုံ ပုံစာ, ကိုထက်မြတ်အောင်

    အာဏာသိမ်းစစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း မန္တလေးမြို့ပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့နောက် ဖမ်းဆီးခံထားရတဲ့ မန္တလေးသပိတ်အဖွဲ့က ကိုထက်မြတ်အောင်အပါအဝင် ၈ ဦး၊ ထောင်ဒဏ် ၃၇ နှစ်စီချမှတ်ခံလိုက်ရတယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဇူလိုင် ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ကိုထက်မြတ်အောင်ဟာ စစ်တပ်ရဲ့ရွေး‌ကောက်ပွဲကာလက မန္တလေးမြို့ပေါ်မှာ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း၊ ရန်ကုန်သပိတ်က ကိုနန်းလင်း၊ စစ်ကိုင်းသပိတ်က ကိုခန့်ဝေဖြိုးတို့နဲ့အတူ ဆန္ဒထုတ်ဖော်ပြီးနောက် မနှစ် ၂၀၂၅ ဒီဇင်ဘာ ၁၄ ရက်မှာ အဖမ်းခံခဲ့ရပြီး အဆက်အသွယ်ပြတ်‌တောက်ခဲ့ပါတယ်။

    ကိုထက်မြတ်အောင်ကို ၂၀၂၆ ဇန်နဝါရီလကစလို့ ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ ခ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ က အပါအဝင် ပုဒ်မတွေနဲ့ မြို့နယ်တွေခွဲ တရားစွဲဆိုခဲ့ပြီး မနေ့ကအမိန့်ချခံခဲ့ရတယ်လို့ သိရကြောင်း သမဂ္ဂဘက်က ထုတ်ပြန်ပါတယ်။

    မန္တလေးမြို့ အမှတ် ၃၊ ၆ နဲ့ ၇ ရဲစခန်းတို့မှာစွဲဆိုခဲ့တဲ့ ရွေးကောက်ပွဲဥပဒေအရ တစ်မှုကို ၁၀ နှစ်နဲ့ နှစ် ၃၀ အမိန့်ချခဲ့ပါတယ်။ အမှတ် ၆ ရဲစခန်းမှာစွဲခဲ့တဲ့ အကြမ်းဖက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ချခဲ့တာကြောင့် စုစုပေါင်းထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံရတယ်လို့ ဆိုပါတယ်။

    ''သူတို့စွဲတဲ့ရဲစခန်းတွေက ချမ်းအေးသာစံမြို့နယ်ထဲက စခန်းတွေ။ ဒါပေမဲ့ ပုဒ်မအရ အဆင့်မြင့်တရားရုံးဆိုတော့မဟာအောင်မြေခရိုင် ထောင်တွင်း အထူးတရားရုံးက အမိန့်ချတာ'' လို့ ကိုထက်မြတ်အောင်အမှုနဲ့ပတ်သက်လို့ သိရှိသူတဦးက ပြောပါတယ်။

    အလားတူ တခြားသပိတ်အဖွဲ့ဝင်တွေကိုလည်း ထောင်ဒဏ် ၃၇ နှစ်ချမှတ်ထားတာကြောင့် မတရားပြစ်ဒဏ်ချမှတ်တာကို ရှုတ်ချကြောင်း သမဂ္ဂဘက်က ကြေညာထားပါတယ်။

    "ပုသိမ်ကြီး" ဆိုတဲ့ နာမည်နဲ့လည်းလူသိများတဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဝရမ်း ထုတ်ထားသလို ဖမ်းဆီးချိန်မှာလည်း ရိုက်နှက်ခဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း သပိတ်အဖွဲ့တွေက ဖမ်းဆီးခံချိန်ကတည်းက ထုတ်ပြောခဲ့ပါတယ်။

    စစ်ကော်မရှင်လက်ထက်ကရော အခုအသွင်ပြောင်းအစိုးရလက်ထက်မှာပါ ကိုထက်မြတ်အောင် အပါအဝင် သပိတ်အဖွဲ့တွေကို ဖမ်းဆီးထားတယ်ဆိုတာနဲ့ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းအထိ တရားဝင်သတင်း ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

    စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲကိုအကာအကွယ်ပေးဖို့ပြဋ္ဌာန်းခဲ့တဲ့ အဲဒီဥပဒေအရ ဖမ်းဆီး တရားစွဲခံရသူဦးရေ ၂၀၀ ထက်မနည်းရှိခဲ့ပြီး မြို့နယ်တွေခွဲတရားစွဲခံရကာ အမြင့်ဆုံး ထောင်ဒဏ်တွေချမှတ်ခံခဲ့ရပါတယ်။

  4. မင်္ဂလာပါ။ ဇူလိုင် ၂၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။