မြန်မာ့အရေး အမြဲတမ်းအထူးကိုယ်စားလှယ်သီးခြားခန့်ရေး မနီလာမှာဆွေးနွေး
မြန်မာအရေးအတွက် အမြဲတမ်းအထူးကိုယ်စားလှယ်တစ်ဦးတည်း ထားရှိရေးကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကြား ဆွေးနွေးထားတယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ လက်ရှိ မြန်မာ့အရေး အထူးသံလည်းဖြစ်တဲ့ ထရီဇာလာဇာရိုက ပြောပါတယ်။
''မြန်မာ့ အရေး လုပ်ဆောင်ရာမှာ ထိရောက်အောင် အမြဲတမ်းကိုယ်စားလှယ်ထားမလားဆိုတဲ့ကိစ္စကို ဆွေးနွေးထားတယ်'' လို့ လာဇာရိုက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဒီနေ့ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံဝန်ကြီးတွေရဲ့အလွတ်သဘော သီးခြားတွေ့ဆုံ ဆွေးနွေးမှုအပြီးမှာ နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလာတာဖြစ်ပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်မှာ နှစ်စဉ် အလှည့်ကျ အာဆီယံဥက္ကဋ္ဌနိုင်ငံက နိုင်ငံခြားရေး၀န်ကြီးကို မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ဖို့ကို အာဆီယံခေါင်းဆောင်တွေကြား ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ သဘောတူခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနောက် မြန်မာ့အရေးအထူးသံတာဝန်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ဒါမှမဟုတ် ထိပ်တန်းအရာရှိကြီးတချို့ တာဝန်ယူခဲ့တာဖြစ်ပြီး လက်ရှိ ဖိလစ်ပိုင်အလှည့်မှာတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကပဲ အထူသံတာဝန်ကို ယူထားတာဖြစ်ပါတယ်။
‘‘ကျွန်မ လက်ရှိတာဝန် ယူထားသလိုမျိုး အထူးသံကို နှစ်စဉ်ခန့်တာ မထိရောက်ဘူး။ ဘာလို့ဆို အခင်းအကျင်းကို ပြည့်ပြည့်စုံစုံမြင်ရဖို့လည်း အရေးကြီးတာကိုး။ ဒီတော့ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်က ဌာနတစ်ခုကပဲ အထူးသံကို ကူညီတာမျိုးလုပ်မလားဆိုတာမျိုး ဘရူနိုင်းဘက်က အဆိုပြု တင်ပြထားတာမျိုးလည်းရှိတယ်။ အဲဒီလို အချက်တွေလည်း ဆွေးနွေးထားကြတာမျိုးရှိပါတယ်။ ဒါပေမဲ့ ဒီလိုရုံးဖွင့်ရင် ဒီရုံးအတွက် အထူးသံ သွားလာတာတွေအတွက် ကုန်ကျစရိတ်ကို ဘယ်သူက ထောက်ပံ့မှာလည်းဆိုတာမျိုးရှိပြန်တယ်။’’ လို့ သူက ပြောပါတယ်။
ဒါကြောင့် အမြဲတမ်းအထူးသံ ခန့်ထားရေး အဆိုပြုချက်တွေနဲ့ပတ်သက်ပြီး အဓိကအချက်တွေကို ကြေညက်အောင် စဉ်းစားသုံးသပ်ဖို့ ဝန်ကြီးတွေက အကြီးတန်းအရာရှိကြီးတွေကို လမ်းညွှန်ထားတာရှိတယ်လို့လည်း သူက ပြောပါတယ်။
ဒီအချက်တွေက နို၀င်ဘာလမှာ အာဆီယံခေါင်းဆောင်တွေ တွေ့တဲ့အခါ ထည့်သွင်းစဉ်းစားဖို့ရာ အချက်တွေဖြစ်နေတာကြောင့်လို့လည်း သူက ဆိုပါတယ်။