မြဝတီမြို့တောင်ပိုင်း၊ ကျောက်ခတ်ရွာက ကျားဖြန့်လုပ်ငန်းတွေ ဇူလိုင် ၂၈ ရက်နေ့ အပြီးထွက်ခွာဖို့ အမိန့်ထုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ ကျောက်ခတ်ရွာက တိုင်းချန် ကျားဖြန့်လုပ်ငန်း သတင်းပေးသူကို ဒေါ်လာ ၁၀ သန်းဆုကြေးပေးမယ်လို့ အမေရိကန်ဘက်က ထုတ်ပြောထားချိန်မှာပဲ ကျောက်ခတ်က ကျားဖြန့်လုပ်ငန်းတွေ အပြီးထွက်ကြဖို့ အမိန့်ထုတ်ထားတဲ့အကြောင်း အဲဒီနယ်မြေကိုထိန်းချုပ်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ DKBA ဆီကနေ သိရပါတယ်။
ထိုင်းနယ်စပ် မဲဆောက်နဲ့ သောင်ရင်းမြစ်သာခြားတဲ့ ကျောက်ခတ်ရွာက ကျားဖြန့်လုပ်ငန်းတွေကို ဇူလိုင် ၂၈ ရက်နေ့မတိုင်ခင် ထွက်ခွာသွားဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) က အမိန့်ထုတ်ထားတာဖြစ်ပါတယ်။
“ကျောက်ခတ်မှာ အခုကျားဖြန့်လုပ်ငန်းတွေ ၄ ပုံ ၃ ပုံလောက် မရှိတော့ပါဘူး။ ကျန်တာတွေကိုလည်း ဇူလိုင် ၂၈ ရက်ကစပြီး ၁၀ ရက်အတွင်း ပြောင်းရွှေ့ဖို့ အမိန့် ထုတ်ထားပါတယ်” လို့ အမည်မဖော်လိုတဲ့ DKBA အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မကြာသေးခင်တုန်းကမှ ကျောက်ခတ်ရွာကို ရောက်ခဲ့သူတစ်ဦးကတော့ “အခု ကျားဖြန့်တွေဆိုတာ နည်းတာ မဟုတ်ဘူး။ လမ်းပေါ်မှာ မမြင်ချင်မှအဆုံးပဲ။ ကျွန်တော်တို့ အဲဒီဘက်ရောက်တုန်းက ကျားဖြန့်တွေထဲက ထိုင်းဘက်ကို ထွက်ပြေးတဲ့သူတွေလည်းရှိတယ်။ လမ်းကြောင်းတွေက မကောင်းတဲ့အခါ ဖမ်းမိတာတွေလည်း ရှိတယ်” လို့ သူ မြင်တွေ့ သိရှိခဲ့တဲ့အခြေအနေကို ဘီဘီစီကို ပြောပြပါတယ်။
လက်ရှိမှာ မြန်မာစစ်တပ်ဟာ ထိုင်း -မြန်မာ နယ်စပ်မှာ ကျားဖြန့် နှိမ်နင်းနေတယ်လို့ဆိုပြီး မြဝတီမြို့ မြောက်ပိုင်းမှာ KNA လို့ နာမည်ပြောင်းထားတဲ့ နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ် ရွှေကုက္ကိုမြို့သစ်က ကျားဖြန့်လုပ်ကိုင်ခဲ့တဲ့အဆောက်အဦတွေကို ဖြိုချနေပါတယ်။
ဒါပေမဲ့ မြဝတီမြို့ တောင်ပိုင်းက ကျောက်ခတ်ရွာထဲမှာတော့ DKBA က ကျားဖြန့်တွေ ထွက်ဖို့ ပြောနေပေမဲ့ အဆောက်အဦတွေ တိုးချဲ့နေတယ်လို့လည်း ကျောက်ခတ်ကိုဝင်ထွက်သွားလာသူတွေက ပြောပါတယ်။
DKBA ဘက်ကတော့ ဒီအချက်ကို ငြင်းဆိုထားပါတယ်။
တဖက်မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက DKBA နယ်မြေဖြစ်တဲ့ ကျောက်ခတ်ရွာမှာ လည်ပတ်တဲ့ တိုင်ချန်(Tai Chang) ကျားဖြန့်ငွေလိမ်ဂိုဏ်းရဲ့သတင်းအချက်အလက်တွေပေးရင် ဆုငွေ ဒေါ်လာ ၁၀ သန်း ချီးမြင့်မယ်လို့ ကြေညာထားပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်တွေကို ပူးပေါင်းနှိမ်နင်းနေတဲ့ အမေရိကန် FBI ခေါင်းဆောင်နဲ့ ထိုင်းဝန်ကြီးချုပ် အနုတင်တို့ မနေ့က ထိုင်းအစိုးရ အိမ်တော်မှာ တွေ့ဆုံထားပါတယ်။
အဲဒီတွေ့ဆုံမှုအတွင်း FBI နဲ့ ထိုင်းကြား အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့သတင်းအချက်အလက်တွေကို မျှဝေပြီး ဥပဒေစိုးမိုးရေးပိုင်း ညှိနှိုင်းဆောင်ရွက်တာတွေလုပ်ဖို့ ဝန်ကြီးချုပ် အနုတင်နဲ့ FBI ညွှန်ကြားရေးမှူး ပတဲလ်တို့ ဆွေးနွေးထားတယ်လို့ ထိုင်းဘက်က သတင်းထုတ်ပါတယ်။
အမေရိကန် FBI ဟာ ထိုင်း- မြန်မာ နယ်စပ်၊ မြန်မာဘက်ခြမ်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ထိုင်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်။
အမေရိကန်ကတော့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့မှာ လှုပ်ရှားတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်တွေကြောင့် အမေရိကန်နိုင်ငံသားတွေရဲ့ ချွေးနဲစာ ဒေါ်လာ သန်းထောင်ချီ ဆုံးရှုံးခဲ့ပြီးပြီလို့ ပြောထားပါတယ်။
တဖက်မှာလည်း ထိုင်းဟာ မြန်မာနယ်စပ်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလနက်ကိုင်အချို့လုပ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးတွေမှာ ဖမ်းမိတဲ့ တရုတ်အများစုပါဝင်တဲ့ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့တဲ့ လုပ်ငန်းစဉ်မှာ ကြားခံနိုင်ငံအဖြစ် ဆောင်ရွက်ပေးနေပါတယ်။




