ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, စစ်အုပ်ချုပ်ရေးသက်တမ်းတိုးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်

မြို့နယ်ပေါင်း ၆၀ မှာ ကြေညာထားတဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို သက်တမ်းတိုးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်တဲ့သတင်းအပါအဝင် ဇွန် ၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဧပြီ ၂၃ ရက်က ကြေညာခဲ့တဲ့ မြို့နယ် ၆၀ က စစ်အုပ်ချုပ်ရေးကို သက်တမ်းတိုးဖို့ ဇွန် ၄ ရက် ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်
  • မြစ်ခြေမြို့နဲ့ အနီးပတ်ဝန်းကျင်က ရွာတွေကို စစ်တပ် စစ်ကြောင်းဝင်ပြီး အရပ်သား ၂၀ ဝန်းကျင်အသတ်ခံရ
  • မြစ်ချောင်းတွေ ကာကွယ်ရေးအတွက် လူထုအသိပေးဖို့ ရည်ရွယ် လမ်းလျှောက်တဲ့ Walk Peace for Rivers အဖွဲ့ဟာ ဒီနေ့မှာ ချင်းရိုင်မြို့ကို ရောက်
  • စစ်ကိုင်းလဝကရုံး ဗုံးပေါက်ကွဲမှုထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဝန်ထမ်း ၃ ဦးနဲ့ လဝကရုံးလာရောက်တဲ့အရပ်သား ၁၇ ဦးဖြစ်
  • နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာ ယမ်းပျော့သိုလှောင်ရုံပေါက်ကွဲမှု သေဆုံးသူ တိုးလာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဖင်လန်မှာ အဖမ်းခံရတဲ့ မြန်မာပညာရေး အေးဂျင့်ဖြစ်စဉ်နောက်ကွယ်

    "ကျွန်တော်ကျောင်းတက်ပြီးပညာဆက်သင်ချင်တယ်။ ဒီထက်ပိုပြီးငွေရှာချင်လို့ ဖင်လန်ကိုသွားချင်ခဲ့တာ"

    "ညီမ တက္ကသိုလ်တက်ဖူးချင်တယ်။ ဒါမှ အလုပ်ကောင်းကောင်းလည်းရမှာလေ"

    "ဖင်လန်က ပညာရေးကောင်းတယ်။ အလုပ်နဲ့ကျောင်း တွဲလုပ်လို့လည်းရတယ်ဆိုလို့ သွားချင်တာပါ"

    ကမ္ဘာမှာ ပြည်သူတွေအပျော်ဆုံးနိုင်ငံအဖြစ် စစ်တမ်းတွေမှာ အမြဲဖော်ပြခံရတဲ့နိုင်ငံ၊ အခမဲ့ပညာရေးရတဲ့နိုင်ငံ "ဖင်လန်" ကို သွားချင်ခဲ့တဲ့ မြန်မာကျောင်းသားတွေက ဘီဘီစီကို ဖွင့်ဟပြောပြခဲ့တဲ့ ရင်တွင်းဖြစ်စကားတွေပါ။ သူတို့ရဲ့ လုံခြုံရေးကြောင့် အမည်လွှဲတွေကိုသာ ဒီဆောင်းပါးမှာ အသုံးပြုထားပါတယ်။

    ဖင်လန်နယ်ခြားစောင့်တပ်က ထိန်းသိမ်းလိုက်တဲ့ မြန်မာ့ပညာရေးအေးဂျင့်နဲ့ ဆက်စပ်သူတွေကြောင့် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသား ၃၅၀ ခန့် ဖင်လန်ရောက်ပြီး အခက်ကြုံရတယ်လို့ တရားဝင်ထုတ်ပြန်ခဲ့တဲ့အထိပါ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

  2. ကောင်းတပ်ရွာပေါက်ကွဲမှု သေဆုံးသူ တိုးလာ

    တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာ ယမ်းပျော့သိုလှောင်ရုံပေါက်ကွဲမှုကြောင့် သေဆုံးသူ တိုးလာတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “တကိုယ်လုံး ပြန်ရှာတွေ့တဲ့အလောင်းက ၈၀ လောက်ရှိတယ်။ မနေ့ကအထိတော့ အပိုင်းအစတွေ ထွက်လာနေတုန်းပဲ။ ဒီနေ့တော့ ပေါက်ကွဲတဲ့ ဝန်းကျင်ကို ပိတ်လိုက်ပြီ” လို့ သူက ပြောပါတယ်။

    TNLA ကတော့ ဇွန် ၁ ရက်အထိ ထုတ်ပြန်ထားတဲ့ စာရင်းအတိုင်းပဲ သေဆုံးသူ ၄၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၅ ဦးရှိတဲ့ အရေအတွက် မပြောင်းလဲဘူးလို့ ‌ပြော‌ရေးဆိုခွင့် ရှိသူ ‌လွေး‌ယေဦးက ဘီဘီစီကို ‌‌ပြောပါတယ်။

    ပြင်းထန်ဒဏ်ရာရသူ ၃၇ ဦးရှိတယ်လို့လည်း TNLA ရဲ့ ကောက်ယူထားတဲ့ အချက်အလက်က ဖော်ပြပါတယ်။

    ဒဏ်ရာရသူတွေကို နမ့်ခမ်းဆေးရုံမှာ ကုသပေးနေသလို မူဆယ်နဲ့ သိန္နီကိုလည်း ပို့ဆောင်တာရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့က ဘီဘီစီကိုပြောပါတယ်။

    ပေါက်ကွဲတဲ့အရှိန်ပြင်းထန်တာကြောင့် အိမ်ပေါင်း ၃၀၀ ကျော် ပျက်စီးတယ်လို့ ပြန်လည်ထူထောင်ရေးအတွက် ကူညီနေသူတချို့က ခန့်မှန်းထားပါတယ်။

    TNLA ဘက်ကတော့ အိမ်ခြေ ၂၀၀ ‌ကျော် ပျက်စီးတယ်လို့ ဆိုပါတယ်။

    အိမ်ဆုံးရှုံးရသူတွေက ဆွေမျိုးတွေဆီမှာ နေထိုင်သူတွေရှိသလို တချို့ကတော့ ဘုန်းကြီးကျောင်းမှာနေထိုင်နေရတယ်လို့ မြေပြင်မှာရှိနေသူတွေရဲ့ ပြောပြချက်အရသိရပါတယ်။

    မေ ၃၁ ရက်က ပေါက်ကွဲတဲ့ ယမ်း‌သိုလှောင်ရုံဟာ PSLF/TNLA စီးပွာရေးဌာနရဲ့ သိုလှောင်ရုံဖြစ်တာကြောင့် တာဝန်ရှိ‌သူတွေကို အရေးယူဖို့ ဆက်လုပ်နေတယ်လို့ TNLA ပြော‌ရေးဆိုခွင့်ရှိသူက ‌ပြောပါတယ်။

    မနက်ဖြန်မှာ ‌‌ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေရဲ့ ရက်လည် အလှူကိုကောင်းတပ်ရွာမှာလုပ်မယ်လို့ TNLA က ‌ပြောပါတယ်။

  3. စစ်ကိုင်းလဝကရုံး ဗုံးပေါက်ကွဲမှု ထိခိုက်သူ ၂၀ ရှိ ၄ ဦးဒဏ်ရာပြင်းထန်

    စစ်ကိုင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရုံးမှာ ဒီမနက် ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ရှိတယ်လို့ မြို့ခံပရဟိတအသင်းတာဝန်ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဝန်ထမ်း ၃ ဦးနဲ့ လဝကရုံးလာရောက်တဲ့အရပ်သား ၁၇ ဦးဖြစ်တယ်လို့ သူကပြောပါတယ်။

    “သေဆုံးတော့မရှိပါဘူး။ ဒဏ်ရာရသူတွေကို စစ်ကိုင်းဆေးရုံကိုပို့ပေးခဲ့ပါတယ်။ ၄ ဦးကတော့ ဒဏ်ရာပြင်းထန်ပါတယ်” လို့ ပရဟိတအသင်းတာဝန်ခံက ပြောပါတယ်။

    ထိခိုက်ဒဏ်ရာသူတွေမှာ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၈ ဦးပါဝင်ပါတယ်။

    လူ ၂၀ ထိခိုက်ခဲ့တဲ့ ဒီရုံးတွင်းဗုံးပေါက်ကွဲမှုကိုတော့ ဘယ်အဖွဲ့အစည်းကလုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းမြို့က လဝကရုံးကို ၂၀၂၂ ခုနှစ်ကလည်း လက်လုပ်ဗုံးနဲ့ ပစ်ခံရကာ ကလေး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ၂၀၂၃ ခုနှစ်ထဲမှာလည်း ဒီရုံးအတွင်းက Non CDM ဝန်ထမ်းတွေကို လာရောက် ဖမ်းဆီးတဲ့ တော်လှန်‌ရေးတပ်ဖွဲ့နဲ့ စစ်တပ်တို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး နဲ့ ဝန်ထမ်း ၃ ဦးသေဆုံးခဲ့ပါတယ်။

  4. ကမ္ဘာ့ဖလားလက်မှတ်စျေးကြီးလွန်းတယ်

    ဂွီဒို ပီရယ်တာဟာ စာရင်းကိုင်တစ်ယောက်ဖြစ်ပြီး အာဂျင်တီးနားအမျိုးသားဘောလုံးအသင်းကို ဘ၀တစ်လျှောက်လုံး အားပေးလာသူပါ။ ကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးချိန်ကနေစပြီး ၂၀၂၆ ကမ္ဘာ့ဖလားအတွက်လက်မှတ်ဝယ်ဖို့ ပိုက်ဆံစစုခဲ့ပါတယ်။

    ဒါပေမဲ့ အခုလို အများကြီး စုရလိမ့်မယ်လို့တော့ သူ မမျှော်လင့်ထားခဲ့ပါဘူး။

    "ကာတာကမ္ဘာ့ဖလားတုန်းက ကျွန်တော့်လက်မှတ်တွေအတွက် ဒေါ်လာ ၁,၄၇၀ ပဲကုန်ခဲ့ပါတယ်။ ဒီတစ်ခါကမ္ဘာ့ဖလားအတွက်တော့ လက်မှတ်တင်ပဲ ဒေါ်လာ ၆,၉၆၀ ပေးပြီးပါပြီ" လို့ သူက ဘီဘီစီကို ပြောပါတယ်။

    နောက်ဆုံးဗိုလ်လုပွဲအထိ ပွဲတိုင်းအတွက် လက်မှတ်တွေ ဝယ်ထားတာပါ။

    လက်မှတ်စျေး ၅ ဆ တက်လာတာကို ဘောလုံးပရိသတ်တွေဘယ်လိုကြုံရလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

  5. မြန်မာကျောင်းသားတွေပါဝင်တဲ့ မြစ်ကာကွယ်ရေး ၅ ရက်တာ လမ်းလျှောက်အဖွဲ့ ချင်းရိုင်ရောက်

    စည်းကမ်းမဲ့ သတ္တုတူးဖော်မှုတွေကြောင့် အဆိပ်သင့်လာတဲ့ မြန်မာ၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်ချောင်းတွေ ကာကွယ်ရေးအတွက် လူထုအသိပေးဖို့ ရည်ရွယ် လမ်းလျှောက်တဲ့ Walk Peace for Rivers အဖွဲ့ဟာ ဒီနေ့မှာ ချင်းရိုင်မြို့ကို ရောက်ပြီဖြစ်ပါတယ်။

    မေ ၃၁ ရက်မှာ ချင်းမိုင်ကနေ စတင်ထွက်ခွာပြီး ဒီနေ့မှာ ချင်းရိုင်ကိုရောက်ကာ ထိုင်းအာဏာပိုင်‌ တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ လမ်းလျှောက်ပွဲမှာပါဝင်တဲ့ ကိုမိုးဆက်မင်းခန့်က ဘီဘီစီကို ပြောပါတယ်။

    ဒီခရီးစဥ်ကို Save the Kok Riverနဲ့ ပြည်သူ့မြစ်ချောင်းများကွန်ရက်က ဦးစီးပြီး ချင်းရိုင် Mae Fah Luang တက္ကသိုလ်ရဲ့ School of Social Innovation က ပူးပေါင်းကာ သံဃာတော်တွေ၊ ဒေသခံတွေ၊ လူငယ်တွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေနဲ့ Mae Fah Luang တက္ကသိုလ်က မြန်မာကျောင်းသားတွေ ပါဝင်ခဲ့ကြတာပါ။

    ၅ ရက်တာ လမ်းလျှောက်ခရီးစဥ်မှာ လမ်းတကြောက ဒေသခံတွေရဲ့ အတွေ့အကြုံတွေနဲ့ မြစ်ချောင်းနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ကြားသိရတယ်လို့ ကိုမိုးဆက်မင်းခန့်က ပြောပါတယ်။

    မြန်မာနိုင်ငံ၊ ရှမ်းအရှေ့၊ မိုင်းဆက်ခရိုင်ကလာတဲ့ နမ့်ခုတ်မြစ်(ထိုင်းဘက်ခြမ်းအခေါ် ကွတ်မြစ်) နဲ့ ကယား၊ မော်ချီးဒေသက မိုလိုချောင်းတို့ စီးဝင်တဲ့ သံလွင်မြစ်ရေဟာ အာဆင်းနစ်အဆိပ်ပါဝင်မှု နိုင်ငံတကာစံနှုန်းထက် ၄ ဆကနေ ၉ဆအထိ မြင့်တက်နေတယ်လို့ ကရင်နီကြားကာလကောင်စီ IEC ကထုတ်ပြန်ပါတယ်။

    ကရင်နီကြားကာလကောင်စီနဲ့ ချင်းမိုင်တက္ကသိုလ်(သဘာဝပတ်ဝန်းကျင်ဌာန)တို့ပူးပေါင်းပြီး ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာက သံလွင်မြစ်နဲ့ မိုလိုချောင်းရေတွေကို ဓာတ်ခွဲစစ်ဆေးခဲ့တာဖြစ်ပါတယ်။

    ဝတပ်ဖွဲ့ (UWSA) က မြေရှားလုပ်ကွက်တွေ ချဲ့ထွင်လာတဲ့ မိုင်းဆတ်က နမ့်ခုတ်မြစ်ဟာ ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ ချင်းရိုင်တို့ကို ဖြတ်ပြီး မဲခေါင်မြစ်ထဲ စီးဝင်နေတာဖြစ်ပါတယ်။

    “အဓိက UWSA ထိန်းချုပ်နယ်မြေမှာဖြစ်တဲ့ သတ္တုတွင်းတူးဖော်မှုတွေကို ရပ်နိုင်ဖို့ မြန်မာအစိုးရ တစ်ခုတည်းနဲ့တွေ့တာ လုံလောက်မှုမရှိဘူး။ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့် တရုတ် ဘေကျင်းအစိုးရကလည်း ဒီအပေါ် အလားတူတာဝန်ရှိသူဖြစ်တာကြောင့် တရုတ်ကိုလည်း ဖိအားပေးရမှာဖြစ်ပါတယ်” လို့ ကိုမိုးဆက်မင်းခန့်ကပြောပါတယ်။

    ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ကချင်ပြည်နယ်က လူငယ်တွေကလည်း စစ်တပ်က တရုတ်နဲ့ပူးပေါင်းပြီး ပြန်လည်စတင်ဖို့လုပ်နေတဲ့ မြစ်ဆုံစီမံကိန်းရှိရာ ဧရာဝတီမြစ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် လှုပ်ရှားမှုလုပ်ခဲ့ပါတယ်။

  6. ပုဂံတစ်ဖက်ကမ်းက မြစ်ခြေနယ်မှာ စစ်ကြောင်းဝင်ရောက်၊ အရပ်သား ၂၀ ဝန်းကျင်အသတ်ခံရ

    ပုဂံတစ်ဖက်ကမ်းမှာရှိတဲ့ မြစ်ခြေမြို့နဲ့ အနီးပတ်ဝန်းကျင်က ရွာတွေကို စစ်တပ် စစ်ကြောင်းဝင်ပြီး အရပ်သား ၂၀ ဝန်းကျင်အသတ်ခံရတယ်လို့ ပခုက္ကူမြို့နယ် လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ခံက ဘီဘီစီကိုပြောပါတယ်။

    မြစ်ခြေမြို့ပေါ်နဲ့ မိုးနတ်ကုန်း၊ ဆွဲကြီး၊ ထနောင်းကုန်းအပါအဝင် ရွာပေါင်း ၁၀ ရွာထက်မနည်းက အိမ်ခြေ ၁၀၀၀ ကျော်ပါ မီးရှို့ခံရတယ်လို့ သူက ပြောပါတယ်။

    “ကျွန်‌တော်တို့ အခုအချိန်ထိ မှတ်တမ်းတွေ ကောက်ယူနေတုန်းအခြေအနေပဲရှိပါသေးတယ်” လို့ ပခုက္ကူမြို့နယ် လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ခံက ပြောပါတယ်။

    ပခုက္ကူတပ်မ (၁၀၁)၊ ညောင်ဦးအခြေစိုက် ခလရ (၄၁၅) နဲ့ ပျူစောထီး(ပြည်သူ့စစ်) ပူးပေါင်းစစ် ကြောင်းဟာ မေ ၁၀ ရက်မှာ မြစ်ခြေမြို့နယ်ထဲကို ဝင်ရောက်လာခဲ့တာလို့ အညာမြေ တပ်ပေါင်းစုက ပြီးခဲ့တဲ့လကုန်ပိုင်းက ထုတ်ပြန်ပါတယ်။

    ဒီစစ်ကြောင်းဟာ စတင်ဝင်ရောက်ချိန်ကစပြီး ရွာစဥ်တလျှောက်နဲ့ မြို့ပေါ်ရပ်ကွက်တွေကို မီးရှို့ တာကြောင့် စစ်ရှောင်ထွက်ပြေးရသူ ၆ သောင်းဝန်းကျင်ရှိတယ်လို့လည်း ပြောထားပါတယ်။

    မြစ်ခြေဘက်ကနေ ပုဂံဘက်ကို ရေကြောင်းကနေ ကူးတာကိုလည်း စစ်တပ်ဘက်က ပိတ်ထားပြီး ထောက်ခံစာပါမှ ကူးခွင့်ပေးနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    မကွေးတိုင်းထဲက မြစ်ခြေမြို့ဟာ ပုဂံက ရွှေစည်းခုံဘုရားရဲ့ ဧရာဝတီမြစ်တဖက်ကမ်းမှာရှိတဲ့ မြို့ဖြစ်ပါတယ်။

  7. စစ်အုပ်ချုပ်ရေးသက်တမ်းတိုးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်

    မြို့နယ်ပေါင်း ၆၀ မှာ ကြေညာထားတဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို သက်တမ်းတိုးဖို့အတွက် ဦးမင်းအောင်လှိုင်ကိုယ်စား ဥပဒေရေးရာဝန်ကြီးနဲ့ ရှေ့နေချုပ် ဒေါက်တာသီတာဦးက မနေ့ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းလာပါတယ်။ တချို့ဒေသတွေမှာ တရားဥပ‌ဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆက်လုပ်ဖို့ လိုအပ်နေသေးတာကြောင့်လို့ ဆိုပါတယ်။

    ဦးမင်းအောင်လှိုင်သမ္မတရာထူးရပြီး ပထမဆုံးအမိန့်အနေနဲ့ ဧပြီ ၂၃ ရက်မှာ မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ်အခြေအနေကြေညာပြီး ဒီမြို့နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ပေးအပ်ထားတာပါ။

    ဒီအရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးကြေညာတဲ့အမိန့်ကို ရက်ပေါင်း ၉၀ သက်တမ်းတိုးဖို့ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်ထားတာပါ။

    အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်တွေထဲမှာ ကချင်ပြည်နယ်က ၅ မြို့နယ်၊ ကယားက ၃ မြို့နယ်၊ ကရင်က ၂ မြို့နယ်၊ ချင်းက ၇ မြို့နယ်၊ စစ်ကိုင်းက ၈ မြို့နယ်၊ မကွေးက ၅ မြို့နယ်၊ မန္တလေးတိုင်းက ၁ မြို့နယ်လည်း ပါဝင်ပါတယ်။ အာရက္ခတပ်တော် (အေအေ) အပြင် ကချင်လွတ်လပ်ရေးတပ်(KIA)၊ မိုင်းလားတပ်(NDAA)၊ တအာင်းတပ်(TNLA) ၊ ကိုးကန့်တပ် (MNDAA) ၊ ချင်းကာကွယ်ရေးတပ်တွေနဲ့ PDF (ပြည်သူ့ကာကွယ်‌ရေးတပ်)ရဲ့ ထိန်းချုပ်နယ်မြေတွေလည်း အရေးပေါ် အခြေအနေ ကြေညာတဲ့အထဲပါဝင်တာ ဖြစ်ပါတယ်။

    စစ်အုပ်ချုပ်ရေးကြေညာလိုက်တာကြောင့် ဒီမြို့နယ်တွေက ပြစ်မှုအမျိုးအစား ၂၃ ခုကို စစ်ခုံ ရုံးကနေ အကျဥ်းနည်းနဲ့ စစ်ဆေးစီရင်မှာဖြစ်ပါတယ်။

  8. မင်္ဂလာပါ။ ဇွန် ၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။