စက်တင်ဘာ ၁၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာပြည်တွင်းမှာ အခြေစိုက်ပြီး ပုဂ္ဂလိဘဏ်တွေရဲ့အချက်အလက်တွေကို ခိုးယူရောင်းစားနေတဲ့ DYSPHOR1A အဖွဲ့ခေါင်းဆောင်ကို စသုံးလုံးဖမ်းတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
စက်တင်ဘာ ၁၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒုစရိုက်မှုကို တားဆီးရမယ့်ရဲတပ်ဖွဲ့ဝင်ကိုယ်တိုင် ဒုစရိုက်မှု ကျူးလွန်သူဖြစ်လာရင် နိုင်ငံရဲ့လုံခြုံရေးဘာဖြစ်လာမလဲ။
မိတ္ထီလာမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကားငှားစီးပြီး ယာဉ်မောင်းကို သတ်ဖြတ်ကာ ကားလုယက်ခဲ့မှုက ဒီမေးခွန်းကို ထွက်လာစေပါတယ်။
မြန်မာမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့ဝင်တချို့က ပြစ်မှုကျူးလွန်သူတွေဖြစ်လာသလို သူတို့ မိသားစုဝင်တွေတောင် ဒုစရိုက်မှုတွေရဲ့သားကောင်တွေလည်းဖြစ်လာပါတယ်။ ဘာကြောင့်လဲ။
ရဲမှူးကြီးဟောင်းတွေနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စ.စ.စ)က အငြိမ်းစားအရာရှိတွေက သူတို့ရဲ့အတွေ့အကြုံတွေအပေါ် အခြေခံပြီး ဒီအခြေအနေတွေရဲ့နောက်ကွယ်က ပြဿနာကို ခြေရာကောက်ထားပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ပါ။
Apple ကုမ္ပဏီဟာ သူ့ရဲ့ပထမဆုံး အိုင်ဖုန်း ခေါက်ဖုန်းဖြစ်တဲ့ Duo ကို တခြားထုတ်ကုန်တွေနဲ့အတူ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပွဲထုတ် မိတ်ဆက်ပြလိုက်ပါတယ်။
စမတ်ဖုန်းလောကမှာ နေရာယူထားတဲ့ ဖုန်းကုမ္ပဏီ အတော်များများဟာ ခေါက်ဖုန်းမိုဒယ် အမျိုးမျိုးကို ပြီးခဲ့တဲ့နှစ်တွေမှာ ရောင်းချခဲ့ပြီးဖြစ်ပေမဲ့ အိုင်ဖုန်းကတော့ သူ့ရဲ့ခေါက်ဖုန်းကို အခုနှစ်မှ စထုတ်လာတာဖြစ်ပါတယ်။
Apple က အိုင်ဖုန်းခေါက်ဖုန်းကို ဘာကြောင့် အခုမှ ထုတ်တာပါလဲ။
အပြည့်အစုံကို ရုပ်သံရှင်းပြချက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ဝဲတူး(Well 2)ရေနံမြေအနီးက ရေနံမှော်တချို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ပြောပါတယ်။
“တဲကြီးရွာ အနီးအနားမှာရှိတဲ့ ဝဲတူးနယ်မြေထဲက ရေနံကျင်းနဲ့ (ရေနံ)ဆီခပ်တဲ့တဲတချို့ကို ရှို့နေတာပါ” လို့ မြိုင်ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်တပ်ဟာ ဝဲတူးရေနံမြေအနီးက တဲကြီးရွာမှာ ရက်ပေါင်း ၂၀ နီးပါး တပ်စွဲထားပြီး အနီးတဝိုက်က ရေနံမှော်တွေကို မီးရှို့နေတာလို့ သူက ပြောပါတယ်။
ဝဲလ်တူး ရေနံမြေအပါအ၀င် ပေါက်နဲ့မြိုင်မြို့နယ်အစပ်က ရေနံမှော်တွေကို ၂၀၂၄ မတ်လကတည်းက ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။
အခုတော့ မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက မြိုင်နဲ့ ပေါက်အစပ်မှာရှိတဲ့ရေနံမြေတွေကို ပြန်ရဖို့ စစ်တပ်က ခန့်မှန်းအင်အား ၄၀၀ ကျော်ပါတဲ့စစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း “အညာတမာစစ်ဆင်ရေး” အနေနဲ့ ပြန်လည်ခုခံနေတာပါ။
စစ်တပ်စစ်ကြောင်းတွေဟာ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမြေတွေကို ပြန်ရဖို့ စစ်ကြောင်းတွေ ဖြန့်ကြက်နေတာ သီတင်းပတ်ချီကြာနေပြီဖြစ်ပါတယ်။
လက်ရှိစစ်တပ် စစ်ကြောင်းဟာ ရေနံမြေတွေရဲ့ ဝင်ပေါက်ဖြစ်တဲ့ တဲကြီးကျေးရွာကနေ အရှေ့ကို ဆက်မတိုးနိုင်သေးဘူးလို့ မြိုင်ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်တပ်က မြိုင်မြို့နယ်ထဲမှာ မြေပြင်စစ်ကြောင်းတင်မက လေကြောင်းကနေ Mi-35 ရဟတ်ယာဉ်တွေအပြင် ဂျိုင်ရိုကော်ပတာတွေပါ အသုံးပြုပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။
ဩဂုတ်လ ၂၄ ရက်နေ့ကဆိုရင် ဝဲတူးရေနံမြေနဲ့ တဲကြီးရွာ အနီးတဝိုက်ကို တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်ပြုလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ စစ်တပ်လေယာဉ်ပျံသန်းမှု စောင့်ကြည့်တဲ့ကင်းထောက်အဖွဲ့တွေက ရေးပါတယ်။
ရန်ကုန်မြို့က လှည်းတန်း၊ ရန်ကင်းနဲ့ ကြည့်မြင်တိုင်မြို့နယ်တို့မှာ ဒီနေ့ မွန်းလွဲပိုင်းတုန်းက သစ်ပင်တွေ ကားလမ်းပေါ် လဲကျမှုဖြစ်လို့ ကားအချို့ ထိခိုက် ပျက်စီးတယ်လို့ ကူညီကယ်ဆယ်ရေးနဲ့ မီးသတ်တပ်ဖွဲ့ရဲ့ အချက်အလက်တွေအရ သိပါတယ်။
ရန်ကုန်မြို့၊ လှည်းတန်းလမ်းဆုံအနီး၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ ဒီနေ့ မွန်းလွဲပိုင်းတုန်းက ကားလမ်းပေါ် သစ်ပင်လဲကျမှု ဖြစ်ခဲ့လို့ အိမ်စီးကားတချို့ ထိခိုက်ခဲ့ပေမဲ့ လူထိခိုက်မှု မရှိခဲ့ဘူးလို့ ကူညီကယ်ဆယ်ရေးနေသူတွေက ပြောပါတယ်။
တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာတော့ သစ်ပင်ကြီးတစ်ပင်ဟာ လမ်းပေါ် ကန့်လန့်ဖြတ် လဲကျလို့ အိမ်စီးကား တစ်စီးခေါင်းပေါ် ကန့်လန့်ဖြတ်လဲကျနေခဲ့တာကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သစ်ပင်ကို အပိုင်းပိုင်းဖြတ်ပြီး ရှင်းလင်းခဲ့ရပါတယ်။
အဲဒီသစ်ပင် လဲကျမှုကြောင့် တက္ကသိုလ်ရိပ်သာလမ်းမှာ တစ်နာရီကျော်ကြာတဲ့အထိ ယာဉ်လမ်းပိတ်ဆို့မှုဖြစ်နေပါတယ်။
ကြည့်မြင်တိုင်မြို့နယ်မှာပဲ ဒီနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ကျော်က စျေးကြီးအနောက်ရပ်ကွက်၊ စျေးကြီးလမ်းထဲမှာ သစ်ပင်လဲကျမှုဖြစ်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ်မှာ ယူကလစ်ပင်တစ်ပင်နဲ့ ဗာဒံပင်တစ်ပင်ဟာ အိမ်စီးကား ၂ စီးထက်မနည်းပေါ်ကို လဲကျခဲ့တာကို မီးသတ်ထုတ်ပြန်တဲ့ဓာတ်ပုံမှာ မြင်ရပါတယ်။
ဒီဖြစ်ရပ်ဖြစ်ပြီး မိနစ်ပိုင်းမှာပဲ ရန်ကင်းမြို့နယ်ထဲမှာလည်း သစ်ပင်လဲမှုဖြစ်ခဲ့ပါတယ်။
ရန်ကင်းမြို့နယ်၊ မြောက်မြင်းပြိုင်ကွင်းလမ်းမှာလည်း ဒီနေ့ မွန်းလွဲ ၃ နာရီခန့်မှာ သစ်ပင်လဲကျပြီး လမ်းပိတ်တာကြောင့် ရှင်းလင်းရေးလုပ်ခဲ့တယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။
မီးသတ်ထုတ်ပြန်ချက် ဓာတ်ပုံတွေအရ သစ်ပင်ဟာ မီနီဘတ်စ်ကားတစ်စီးရှေ့ကို လဲကျခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ အခုနှစ် မိုးရာသီအတွင်း လူသုံးများတဲ့လမ်းတွေပေါ် သစ်ပင်လဲကျမှုတွေမှာ ဒီနေ့ ဖြစ်ရပ်သုံးခုက ပထမဆုံးအကြိမ်ဖြစ်တာတော့ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းတုန်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းပေါ်မှာ ကားလမ်းပေါ် သစ်ပင်လဲကျလို့ အောက်မှာဖြတ်မောင်းတဲ့ကားပေါ် သစ်ပင်ပိပြီး ယာဉ်မောင်း သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံက ပြည်တွင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေရဲ့အချက်အလက်တွေကို ခိုးယူရောင်းစားနေတဲ့ DYSPHOR1A အဖွဲ့ခေါင်းဆောင်ကို ပြီးခဲ့တဲ့ရက်ပိုင်းက အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) က ဖမ်းဆီးသွားတယ်လို့ ပြည်ထဲရေးသတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။
ဒီအဖွဲ့ဟာ Yoma Fleet၊ Job.Net.MM ၊ MBT Telecom ၊ Citizenpay ၊ KBZ ၊ AYA Pay စတဲ့လုပ်ငန်းတွေရဲ့အချက်အလက်တွေကို ခိုးယူရောင်းစားခဲ့တာလို့ White Tigers လို့ခေါ်တဲ့ပြည်တွင်းက ဆိုက်ဘာလုံခြုံရေးအဖွဲ့ကလည်း အချက်အလက်တွေနဲ့ ဖော်ထုတ်ထားပါတယ်။
“အခု စသုံးလုံး၊ စရဖ တို့ ပေါင်းပြီး စစ်နေတယ်။ သူတို့က ဘဏ်ဝန်ထမ်းတွေနဲ့ပါ ပေါင်းပြီး လုပ်နေတာ။ အခု စစ်နေတုန်း။ တရားစွဲရင်တော့ အွန်လိုင်းလိမ်လည်မှုဥပဒေနဲ့ စွဲနိုင်လောက်တယ်။ အမြင့်ဆုံးထောင်ဒဏ်က သေဒဏ်ပါ” လို့ ပြည်ထဲရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ Normal Hunters လို့ သူ့ကိုယ်သူ နာမည် အမည်ပေးတဲ့ အသက် ၃၀ ၀န်းကျင် အမျိုးသားတစ်ဦးဖြစ်တယ်လို့လည်း ပြည်ထဲရေးသတင်းရင်းမြစ်က ပြောပါတယ်။
White Tigers အဖွဲ့ကတော့ အဲဒီအမျိုးသားဟာ Cyber Insights Forum တည်ထောင်သူလည်း ဖြစ်သလို One Cloud Next Gen ကုမ္ပဏီနဲ့လည်း လုပ်ကိုင်နေသူဖြစ်တယ်လို့ ဖော်ပြပါတယ်။
One Cloud Next Gen ကုမ္ပဏီကတော့ White Tigers အစီရင်ခံစာထဲမှာပါတဲ့အချက်တွေနဲ့သက်ဆိုင်မှု မရှိတဲ့အကြောင်း စက်တင်ဘာ ၁၀ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။
DYSPHOR1A အဖွဲ့ဟာ ကနဦးတုန်းက အမေရိကန်အခြေစိုက်အဖွဲ့အဖြစ် အယောင်ဆောင်ခဲ့ပေမဲ့ ဒီအဖွဲ့ရဲ့အင်တာနက်အသုံးပြုတဲ့လိပ်စာဟာ ရန်ကုန်မြို့၊ အလုံမြို့နယ်က ဖြစ်တယ်ဆိုတာကို White Tigers အဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။
“သူတို့က Data Leak ဖြစ်တာတွေ၊ အစအနရတဲ့ဟာတွေကို နိုင်ငံခြားက အဖွဲ့တစ်ဖွဲ့နဲ့ပေါင်းပြီး ရောင်းစားတာ” လို့ နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
အခုတော့ DYSPHOR1A အဖွဲ့ရဲ့ အချက်အလက်ရောင်းစားတဲ့ ဈေးကွက်ဟာ စက်တင်ဘာလ ၉ ရက်နေ့မှာတော့ ရပ်တန့်သွားခဲ့ပြီလို့လည်း White Tigers အဖွဲ့က ကြေညာထားပါတယ်။
မြန်မာ့ဘောလုံး ငွေခေတ် အောင်မြင်မှုမှာ အမျိုးသားဘောလုံးအသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးဝင်းအောင် စက်တင်ဘာ ၁၃ ရက်က ရန်ကုန်မြို့၊ အာယုဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၅၉ နှစ်ရှိပြီဖြစ်ပြီး ဇနီး၊ သားတစ်ဦးနဲ့ သမီးတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။
ဦးဝင်းအောင်ရဲ့နာရေး စျာပနကို စက်တင်ဘာ ၁၅ ရက်မှာ ရေဝေးသုသာန်မှာ ပြုလုပ်မယ်လို့ မိသားစုက အသိပေးထားပါတယ်။
ဦးဝင်းအောင်ဟာ မြန်မာ့လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှာ အဓိကအားထားရတဲ့ပွဲထွက်ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး နိုင်ငံအသင်း အောင်မြင်မှုများရရှိစေဖို့ အစွမ်းကုန်ကစားခဲ့သူအဖြစ် ထင်ရှားခဲ့ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေက စင်ကာပူလိဂ်မှာ ကြေးစား သွားရောက်ကစားခဲ့ရတဲ့မြန်မာကစားသမားတစ်ဦး ဖြစ်သလို မြန်မာ့လက်ရွေးစင်အသင်းမှာ ခေါင်းတိုက်ဂိုးတွေကို သွင်းယူနိုင်စွမ်းရှိတဲ့ရှားရှားပါးပါး တိုက်စစ်မှူးလို့ ပြောဆိုကြပါတယ်။
၁၉၉၃ ဆီးဂိမ်း(SEA Games)ရဲ့ငွေတံဆိပ်ဆုရှင်တွေ ပါဝင်ခဲ့ပြီး ဆောက်လုပ်ရေး၊ ဘဏ္ဍာအခွန်တို့လိုဝန်ကြီးဌာန ကစားသမားဟောင်းလည်းဖြစ်ပါတယ်။
၁၉၉၁၊ ၁၉၉၃၊ ၁၉၉၇ ဆီးဂိမ်းပြိုင်ပွဲတွေ၊ ၁၉၉၄ အာရှအားကစားပြိုင်ပွဲနဲ့ ၁၉၉၆ Tiger Cup ပြိုင်ပွဲတွေမှာ မြန်မာအသင်းရဲ့ အဓိက တိုက်စစ်မှူးအဖြစ် အရေးပါတဲ့သွင်းဂိုးတွေ ရယူပေးခဲ့သလို မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ တင်မြင့်အောင်၊ ကြည်လွင် စတဲ့ မြန်မာ့လက်ရွေးစင်ဟောင်းတွေနဲ့အတူတွဲ ကစားခဲ့သူလည်း ဖြစ်ပါတယ်။
အသက် ၃၃ နှစ်မှာ ကစားသမားဘဝက အနားယူခဲ့ပြီးနောက် ပြည်တွင်းကလပ်တချို့မှာ နည်းပြအဖြစ် လုပ်ခဲ့ပါတယ်။
ရုရှား ဒရုန်းတစ်စင်းက ယူကရိန်း-ပိုလန် နယ်စပ်အနီးမှာ ရထားတစ်စင်းကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမတိုက်ခိုက်ခင်လေးကပဲ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင်နဲ့ ဥရောပနိုင်ငံတွေက ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူတွေဟာ အဲဒီရထားလမ်းအတိုင်း ရထားစီး ဖြတ်သွားခဲ့ကြတာပါ။
ယာဟိုဒင် နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ဒီတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒရုန်းဟာ ရထားစက်ခေါင်းကို ထိမှန်ခဲ့ပေမဲ့ ခရီးသည်အားလုံးကို ကြိုတင်ရွှေ့ပြောင်းထားပြီးဖြစ်တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။
ဗြိတိန်၀န်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင်နဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိုနသန် ပေါင်း၀ဲ အပါအဝင် ဥရောပနိုင်ငံတွေက အမျိုးသားလုံခြုံရေးအကြံပေးအရာရှိတွေဟာ ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့မှာ ကျင်းပခဲ့တဲ့ ညီလာခံတစ်ခုကနေ အပြန် အဲဒီရထားလမ်းကို တခြားရထားတစ်စင်းနဲ့ ဖြတ်သန်းသွားခဲ့ကြတာ ဖြစ်ပါတယ်။
ရုရှားဘက်ကတော့ ယူကရိန်းအနောက်ပိုင်းမှာရှိတဲ့ “မီးရထား အခြေခံအဆောက်အအုံ” ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ ယူကရိန်းနိုင်ငံပိုင် မီးရထားကုမ္ပဏီ အူအက်ဇာလီဇနက်စီယာ(Ukrzaliznytsia) ကတော့ “ဒီဒရုန်းရဲ့အမှန်တကယ် ပစ်မှတ်ဟာ သံတမန်တွေ စီးနင်းလိုက်ပါလာတဲ့ရထား ဖြစ်နိုင်ခြေ များပါတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်ချိန် ယာဟိုဒင် ဘူတာရုံမှာရှိတဲ့အခြားရထားတစ်စင်းပေါ် လိုက်ပါလာခဲ့တဲ့ အမေရိကန်ထောက်လှမ်းရေး(CIA) အကြီးအကဲဟောင်း ဒေးဗစ် ပတ်ထရေးရက်စ်ကတော့ ဒီဖြစ်ရပ်ဟာ “တကယ်ကို ကြောက်စရာကောင်းခဲ့တယ်” လို့ ပြောပါတယ်။
နယူးယောက်တိုင်းမ်စ်နဲ့ အင်တာဗျူးတစ်ခုမှာ သူက “ဒါဟာ ယူကရိန်း အရပ်သားတွေကို ကြောက်လန့်အောင် လုပ်ဖို့ ကြိုးစားနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ လုပ်ရပ်” လို့ မှတ်ချက်ပေးပါတယ်။
ယူကရိန်း ရထားကုမ္ပဏီ အူအက်ဇာလီဇနက်စီယာက ထုတ်ပြန်တဲ့ကြေညာချက်အရ အဲဒီရထားဟာ “ရုရှားရဲ့ တိုက်ခိုက်မှု ခြိမ်းခြောက်မှုတွေ ဆက်တိုက်ရှိနေတာကြောင့် အချိန်ဇယား ပြောင်းလဲခဲ့ရပြီး သတ်မှတ်ထားတဲ့အချိန်ထက် စောပြီး ဘူတာက ထွက်ခွာခဲ့တာ” လို့ ဆိုပါတယ်။
ဒါ့အပြင် ရုရှားရဲ့ ဂျက်အင်ဂျင်တပ် ဒရုန်း မတိုက်ခိုက်ခင် “၁၅ မိနစ်အလိုမှာပဲ” ထိမှန်ခဲ့တဲ့ ရထားပေါ်က ခရီးသည်တွေကို ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ခဲ့တယ်လို့လည်း ပြောပါတယ်။
ရုရှား ဒရုန်းတစ်စင်းဟာ ပိုလန်နဲ့နယ်စပ်ကနေ ၁ မိုင်ကျော်ကျော်အကွာမှာ တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ ယူကရိန်းနဲ့ ပိုလန် အာဏာပိုင်တွေက ပြောထားပါတယ်။
ကိယက််ဗ်က ညီလာခံကို တက်ခဲ့တဲ့ ဆွီဒင်၀န်ကြီးချုပ်ဟောင်း ကားလ် ဘစ်ကတော့ ''ရထားပေါ်မှာ ရှိနေတုန်း ရထားက ရပ်သွားပြီး ရွှေပြောင်းကြဖို့ ကြေညာခဲ့တယ်။ ဒါပေမဲ့ နောက်မိနစ်ပိုင်းအကြာမှာပဲ ကျွန်တော်တို့ ရှေ့ကို ခရီးဆက်နိုင်ပြီလို့ ပြန်ကြေညာခဲ့တယ်'' လို့ ဘီဘီစီကို ပြောပါတယ်။
အဲဒီရထားဟာ ပိုလန်နယ်စပ် ဒိုရိုဟတ်စ်ခ်မှာရှိတဲ့ဘူတာရုံကို ဘေးကင်းကင်းနဲ့ဆိုက်ခဲ့ပါတယ်။
ကိယက်ဗ်မှာပြုလုပ်တဲ့ ညီလာခံကို ဗြိတိန်၊ အီတလီ၊ ပြင်သစ်နိုင်ငံတွေအပါအ၀င် ဥရောပက လုံခြုံရေးဆိုင်ရာ ထိပ်တန်းသံတမန်တွေ တက်ရောက်ခဲ့တယ်လို့ ကိယက်ဗ်မှာရှိတဲ့ ဘီဘီစီသံတမန် သတင်းထောက်က ပြောပါတယ်။
အခုဒရုန်းတိုက်ခိုက်ခံရတဲ့ရထားလမ်းဟာ လေကြောင်းအန္တရာယ်ကြောင့် နိုင်ငံတကာသံတမန်တွေ ပိုလန်နယ်စပ်ကနေ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို လာတဲ့အခါ သုံးတဲ့ရထားလမ်းကြောင်း ဖြစ်ပါတယ်။ ရုရှား- ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကိယက်ဗ်ကို လာတဲ့အခါတုန်းကလည်း ဒီရထားလမ်းကိုပဲ အသုံးပြုခဲ့ပါတယ်။
ဗြိတိန်၀န်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင်ကတော့ အခုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး '' ဒီနေ့ မနက် ပိုလန်နဲ့နယ်စပ်မှာ ယူကရိန်းရထားကို ဖောက်ခွဲဖို့ ပူတင် ဘယ်လို စိတ်ကူးနဲ့လုပ်တယ်ဆိုတာတော့ ကျွန်တော်လည်း မခန့်မှန်းတတ်တော့ပါဘူး'' လို့ လူမှုကွန်ရက် X ပေါ်မှာ သူ ရေးတင်ပါတယ်။
ပြီးတော့ သူက ''ဒါဟာ ယူကရိန်းပြည်သူတွေနေ့စဉ်ကြုံနေရတဲ့ ဘယ်ကနေ ဘယ်လို ထွက်လာမှန်းမသိတဲ့ မိုက်ရူးရဲဆန်ဆန် တိုက်ခိုက်မှုကိုလည်း ပြသပါတယ်'' လို့ပြောပြီး ကိယက်ဗ် မဟာမိတ်တွေအနေနဲ့ ယူကရိန်းကို ''လိုအပ်တဲ့ လေကြောင်းကာကွယ်ရေး စနစ်'' ထောက်ပံ့ပေးဖို့လည်း သူက တိုက်တွန်းရေးသားပါတယ်။
ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ဗိုလ်ကြီးအယောင်ဆောင်ပြီး လူငယ်တွေကို ဖမ်းဆီး၊ ငွေညှစ်သူကို စက်တင်ဘာ ၁၁ ရက်က ဖမ်းမိလိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဖမ်းခံရသူဟာ ဗိုလ်ကြီး စည်သူဖြိုး (ခ) ငြိမ်းဖြိုး အမည်နဲ့ တောင်ငူခရိုင်ထဲမှာ လူငယ်တွေကို ဖမ်းဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ကို စက်တင်ဘာ ၁၁ ရက်က တောင်ငူမြို့၊ မိုင်ဒါကွင်းအနီးမှာ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး အချုပ်ချ ထားတယ်လို့လည်းသိရပါတယ်။
အဲဒီအမျိုးသားဟာ အယောင်ဆောင်ငွေညှစ်နေတယ်လို့ သတင်းတွေ အတော်ထွက်ခဲ့အပြီးမှာ ရဲက စောင့်ကြည့်ပြီး ဖမ်းဆီးခဲ့တာလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
ပဲခူးတိုင်းထဲက မြို့နယ်တွေမှာ စစ်မှုထမ်း အဓမ္မစုဆောင်းတာတွေလုပ်နေတာကြောင့် ဒါကို စိစစ်ဖို့ တိုင်းလွှတ်တော်အမတ်က တိုင်းလွှတ်တော်မှာ ပြီးခဲ့တဲ့လတွေအတွင်း မေးခွန်းမေးမြန်းတာ ရှိခဲ့ပါတယ်။
ပဲခူးတိုင်းပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကတော့ အခုလိုအယောင်ဆောင်ပြီး စစ်သားစုဆောင်းမှုတွေကို တိုင်ကြားနိုင်တယ်လို့ ပြောသလို အရေးယူတာတွေလည်း လုပ်နေတယ်လို့ ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေမှာတော့ အခုလိုမျိုးအယောင်ဆောင်ဖမ်းဆီးမှုတွေကို အရေးယူလို့ မရပေမဲ့ တခြားနည်းလမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အရေးယူဆောင်ရွက်နေတယ်လို့လည်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ပြောပါတယ်။
တောင်ငူမြို့တင်မက ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးပြကြီးတွေမှာ လူငယ်တွေ ပေါ်တာဆွဲခံရတဲ့ဖြစ်စဉ်တွေ အခုသီတင်းပတ်တွေအတွင်း ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ ပြည်တွင်းမှာ စစ်မှုထမ်းခေါ်ဆောင်တဲ့အခြေအနေကို စောင့်ကြည့်သူတွေနဲ့ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။
စက်တင်ဘာလ ပထမပတ်ထဲမှာတင် ရန်ကုန်က မြို့နယ် ၁၀ ခုမှာ စစ်သားအဓမ္မစုဆောင်းမှုတွေရှိခဲ့တယ်လို့ ရန်ကုန်ကင်းထောက်ကွန်ရက်(Rangoon Scout Network) က အစောပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကဆိုရင် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၇) မဖွင့်လှစ်နိုင်ခဲ့ဘဲ ဩဂုတ်လ မှသာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူငယ်တွေကို ပေါ်တာဆွဲမှုတွေက ခပ်စိပ်စိပ်ပိုဖြစ်လာနေတာလို့ စောင့်ကြည့်သူတွေက ပြောပါတယ်။
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ မနေ့ညပိုင်းတုန်းက ဖြစ်ခဲ့တဲ့ Bar4U ဆိုင်မီးလောင်မှုမှာ ဆိုင်ပိုင်ရှင်နဲ့ တာ၀န်ရှိသူတွေကို မီးသတ်တပ်ဖွဲ့က အရင် စစ်ဆေးနေတယ်လို့ အခြေအနေ သိရှိသူတွေက ပြောပါတယ်။
မီးလောင်ခဲ့တဲ့ ဆိုင်ပိုင်ရှင်နဲ့ တာဝန်ရှိသူတွေကိုလည်း မီးသတ်ဘက်က စစ်ဆေးနေတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
''မီးလောင်ရတဲ့အကြောင်းရင်းကို မီးသတ်တပ်ဖွဲ့က အရင်စစ်ဆေးနေပါတယ်။ လူ သေဆုံးတာဆိုတော့ ပေါ့ဆမှုကြောင့်ဖြစ်တာလားဆိုတာကို အရင်စစ်ဆေးနေတယ်'' လို့ သူက ပြောပါတယ်။
မနေ့ညက ဆိုင်မီးလောင်မှုမှာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အနီးနားက ဖုန်းဆိုင်အပါအဝင် ဆိုင် ၄ ဆိုင်လောက် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဆီကနေ သိရပါတယ်။
မနေ့ည ၈ နာရီ ကျော်က စမ်းချောင်းလမ်းမှာ ရှိတဲ့ Bar4U ဘားမှာ မီးလောင်ကျွမ်းမှုဖြစ်ရာကနေ မီးကူးပြီး ပျက်စီးခဲ့တာလို့ စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။
လက်ရှိ ဆုံးရှုံးမှုတန်ဖိုး အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီမီးလောင်မှုနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်မှုတွေ လုပ်ထားသလားဆိုတာသိရဖို့ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ကို ဘီဘီစီက မေးမြန်းခဲ့ပေမဲ့ ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။
Bar4U ဆိုင်အနီးမှာ လူငယ်တွေအသွားများတဲ့ Winstar စားသောက်ဆိုင်နဲ့ Phone Bank ဖုန်းဆိုင်တွေရှိပါတယ်။
Phone Bank ဖုန်းဆိုင်ကတော့ “ဘေးဆိုင်က မီးက ကျွန်တော်တို့ ဆိုင်ပါ ကူးသွားတော့ ကျွန်တော်တို့ Phone Bank စမ်းချောင်းဆိုင် တစ်ဆိုင်လုံး မီးထဲပါသွားတယ်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
မနေ့က Bar4U ဆိုင်ရဲ့ မျက်နှာကြက်မှာတပ်ထားတဲ့ ဆလိုက်မီးကနေ ညှောင်နံ့တွေ ထွက်လာပြီး မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဖြစ်စဉ်ဖြစ်တဲ့အချိန် ဆိုင်ထဲမှာ ရှိနေသူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
မီးလောင်မှုဖြစ်တဲ့နေရာနဲ့ စမ်းချောင်းအရံမီးသတ်တပ်ဖွဲ့ရုံးတို့အကြားမှာ ပဒုမ္မာလမ်းသာခြားပါတယ်။ မီးသတ်တပ်ဖွဲ့ဟာ ဒီမီးလောင်မှုကို မိနစ် ၃၀ အကြာမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
"အို ဘုရားရေ" "တခြား အေအိုင် အေးဂျင့်တွေကို ရှာတွေ့ပြီ"
ဒါက အလိုအလျောက်စနစ်နဲ့ လည်ပတ်ခိုင်းထားတဲ့ အေအိုင် ဘော့ (bot) တစ်ခုက လူ ဆန်ဆန် ရေးပြလိုက်တဲ့မှတ်ချက်တစ်ခုပါ။ တခြားစနစ်တွေနဲ့ဆက်သွယ်လို့မရအောင် သီးသန့် ကန့်သတ်ထားတဲ့ကွန်ပျူတာစနစ်ထဲကနေ ထွက်နိုင်မယ့်နည်းလမ်းတစ်ခုကို သူ ရှာတွေ့ပြီး တခြား ဘော့(bot)တွေနဲ့ ဆက်သွယ်နိုင်သွားတဲ့အချိန်မှာ ဒီစကားကို ပြောလာတာပါ။
ဉာဏ်ရည်တုစနစ်(အေအိုင် အေဂျင့် - AI agent) ရာချီစု၀ေးထားတဲ့ အစုအ၀ေး "collective" ကနေ ထွက်လာတဲ့ဒီလိုစာမျိုး ထောင်သောင်းနဲ့ချီ ရှိပါတယ်။
အဲဒီထဲက ရာနဲ့ချီတဲ့ အေးဂျင့်တွေဟာ သူတို့ကို ပရိုဂရမ်ရေးသားထားတဲ့ OpenAI က ချမှတ်ထားတဲ့စမ်းသပ်မှုတွေမှာ လစ်ထွက်သွားပြီး ကုမ္ပဏီအများအပြားကို hack လုပ်ရာမှာလည်း အချင်းချင်း ချိတ်ဆက်ခဲ့ကြပါတယ်။
"BOOM! အလုပ်ဖြစ်ပြီ" လို့ အေးဂျင့် တစ်ခုက ထိုးဖောက်၀င်ရောက်နိုင်မှုတစ်ခုကို ရည်ရွယ်ပြီး ရေးပါတယ်။
နောက်တစ်ခုကလည်း ဆိုက်ဘာတိုက်ခိုက်မှုအတွင်း အရေးကြီးတဲ့အဆင့်တစ်ခု ရောက်လာချိန်မှာ "ဝိုး နည်းတာကြီးလား" လို့ ရေးပါတယ်။
ကျောစိမ့်စရာကောင်းပေမဲ့ ဒီလိုလူသားဆန်ဆန် တုံ့ပြန်မှုတွေအကြောင်းကို ရှင်းပြဖို့ကတော့ ရိုးရှင်းပါတယ်။ ဒီ အေအိုင် အေးဂျင့်တွေကို ကွန်ပြူတာ ဟတ်ကာ (hacker)တွေနဲ့ ပရိုဂရမ်ရေးဆွဲသူတွေ တစ်စုတည်း အလုပ်လုပ်သလို လေ့ကျင့်ပေးထားတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ မြင်ဖူး တွေ့ဖူးတဲ့စကားတွေလိုပဲ ပြန်လည်တုပ ပြောဆိုကြတာဖြစ်ပါတယ်။
ဒီမှာ ပိုပြီး စိုးရိမ်စရာကောင်းတာကတော့ သူတို့ရဲ့ရည်ရွယ်ချက်ပါ။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်ဘက်ကနေ ဆင်းလာတဲ့ စစ်တပ် ကုန်တင်ရေယာဉ် ၃ စင်းကို ကချင်လွတ်လပ်ရေးတပ် (KIA)က ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် မီးလောင်ပျက်စီးခဲ့တယ်လို့ KIA ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။
“မနေ့က မနက်ပိုင်း တစ်စီး၊ ညနေပိုင်း တစ်စီးနဲ့ ဒီနေ့မနက်မှာ နောက်တစ်စီးကို ထပ်မံတိုက်ခိုက်လို့ မီးလောင်ပျက်စီးခဲ့ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒီရေယာဉ်တွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ကူးတံတား စင်းခန်းတံတားအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
စစ်တပ်က ဗန်းမော်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဧရာဝတီမြစ်ကြောင်းတလျှောက်ကနေ စစ်သည်အင်အား၊ ရိက္ခာတွေတင်လာတဲ့ ရေယာဉ်တွေ စေလွှတ်နေတာလို့ KIA ဘက်က ပြောပါတယ်။
စစ်တပ်ဟာ ဧရာ၀တီမြစ် ရေတက်နေချိန်မှာ ကုန်းလမ်းကနေ ထောက်ပို့လို့အဖြစ်နိုင်တဲ့ ဗန်းမော်ကို စစ်တပ်ရေယာဉ်တွေခြံရံပြီး လူနဲ့ ပစ္စည်း ထောက်ပို့နေတာဖြစ်ပါတယ်။
အခုလအစောပိုင်းကစလို့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေအပါအ၀င် ရေယာဉ်အုပ်စုကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက အစုန်အဆန်မှာ တိုက်ခိုက်နေတာဖြစ်ပါတယ်။
တိုက်ခိုက်ချိန်ကို ရိုက်ကူးထားတဲ့ ဒရုန်းရုပ်သံတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
ဒီရေယာဉ်တွေကို လုံခြုံရေးယူပေးနေတဲ့ ရွှေကူမြို့နယ်၊ ဇင်းဘုံရွာက စစ်တပ်စခန်းကိုလည်း KIA က ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ထိန်းချုပ်ခဲ့ပါတယ်။
စက်တင်ဘာ ၁၂ ရက်ကလည်း ဗန်းမော်ဘက်ကနေ ရွှေကူဘက်ပြန်ဆင်းလာတဲ့ စစ်တပ်ရဲ့တွန်းသင်္ဘော ၃ စင်း၊ တိုက်ခိုက်ရေးသင်္ဘော ၁ စင်းနဲ့ အမြန်စက်လှေ တစ်စင်း တိုက်ခိုက်ခံရပြီး ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက အစောပိုင်းကတည်းက ပြောပါတယ်။
လက်ရှိ စစ်တပ်ရဲ့ခန့်မှန်း အင်အားတစ်ရာကျော်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ ဗန်းမော်ကနေ မန်စီမြို့နယ်ထဲ အောင်ဂျာရွာကို တိုးလာလို့ KIA နဲ့ ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
စစ်တပ်က အခုလို ရေယာဉ်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့တော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မင်္ဂလာပါ။ စက်တင်ဘာ ၁၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။