တိုက်ရိုက်ထုတ်လွှင့်မှု, ကနီမြို့နယ်မှာ PDF ရဲ့ တိုက်ခိုက်ခံရတဲ့စစ်ကြောင်း ရွာစဉ်လှည့်နေလို့ လူ သောင်းချီ စစ်ရှောင်နေရ

ကနီမြို့နယ်မှာ PDF ရဲ့ တိုက်ခိုက်ခံရတဲ့စစ်ကြောင်း ရွာစဉ်လှည့်နေလို့ လူ သောင်းချီ စစ်ရှောင်နေရတဲ့သတင်းအပါအဝင် မေလ ၁၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • လောင်းရှည်-ဆော နဲ့ ဆော-ကျောက်ထု လမ်းပိုင်းတလျှောက်က ရွာတချို့မှာ စစ်တပ်နဲ့ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာနေ
  • ယင်းမာပင်မြို့နယ်က အိုးထိန်းတွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ် ၂၀ ကျော် သေဆုံးတဲ့ဖြစ်စဉ် ၁နှစ်ပြည့်ပြီဖြစ်ပေမဲ့ မြန်မာကလေးငယ်တွေ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်ပြီး ရင်ဆိုင်နေရ - IIMM
  • ကနီမြို့နယ်ထဲက ကျေးရွာတွေကို အင်အား ၃၀၀ ကျော်ပါတဲ့စစ်ကြောင်းဟာ ရွာစဉ်လှည့် ဖြန့်ကြက်နေလို့ ရွာပေါင်း ၄၀ ကျော်က လူသောင်းချီ ထွက်ပြေးနေရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ချင်း၊ ရခိုင်ဒေသနဲ့ ဆက်နေတဲ့ မကွေး၊ ဆော- ကျောက်ထုလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်

    ဆောမြို့နယ်၊ ကံကြီးရွာ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, ယောအလင်းတန်း

    ဓာတ်ပုံ ပုံစာ, ဆောမြို့နယ်၊ ကံကြီးရွာ (ပုံဟောင်း)

    မကွေးတိုင်း၊ ဆောမြို့နယ်ထဲက လောင်းရှည်-ဆော နဲ့ ဆော-ကျောက်ထု လမ်းပိုင်းတလျှောက်က ရွာတချို့မှာ စစ်တပ်နဲ့ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်တွေကြား ဒီနေ့ မေလ ၁၃ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဆောမြို့ကနေ တောင်ဘက် လောင်းရှည်ရွာလမ်းပိုင်းနဲ့ မြောက်ဘက် ကျောက်ထုမြို့လမ်းပိုင်း တစ်ဖက်တစ်ချပ်မှာ စစ်တပ်စစ်ကြောင်းနေသလို တော်လှန်ရေးတပ်တချို့နဲ့လည်း တိုက်ပွဲတွေဖြစ်နေတာလို့ သူကဆက်ပြောပါတယ်။

    စစ်တပ်က“တော်လှန်ရေးတပ်တွေ‌ခြေကုပ်ယူတယ်လို့ယူဆတဲ့ တိုက်ပွဲနေရာတွေကို လေကြောင်းဆက်တိုက်နေတယ်” လို့ သူကဆိုပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကတော့ နှစ်ဖက်တိုက်ပွဲဟာ မိုးတွင်းပိုင်းအထိ လနဲ့ချီ ပြင်းထန်နိုင်တာကြောင့် လောင်းရှည်-‌ကျောက်ထု လမ်းပိုင်းဘေးက ရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ ဘေးလွတ်‌ရာ ထွက်ပြေးတိမ်းရှောင်ကြဖို့ သတိပေးထုတ်ပြန်ထားကြပါတယ်။

    မနေ့ မေ ၁၂ ရက်တုန်းက စစ်တပ်ရဲ့ အမှတ် ၂၅ ကာကွယ်‌ရေးပစ္စည်းစက်ရုံ(ကပစ)ကနေ စစ်တပ်ရဲ့ မော်တော်ယာဉ် ၁၇ စီးပါတဲ့ ယာဉ်တန်းတစ်ခု လောင်းရှည်ရွာကို‌ရောက်လာပြီး ယာဉ်ပေါ်မှာပါလာတဲ့ စစ်အင်အား ၃၅၀ ကျော်ကို အဲဒီရွာမှာ ချထားခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

    ယာဉ်တန်းမှာပါတဲ့ စစ်ကားတွေ ကပစ ၂၅ ထဲကို ပြန်ဦးတည်ထွက်ခွာသွားပြီးနောက် ဒီနေ့ မေလ ၁၃ ရက်မှာတော့ လောင်းရှည်မှာ ချထားခဲ့တဲ့ အင်အား ၃၅၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ လောင်းရှည်-ဆောလမ်းပိုင်းမှာ စစ်ကြောင်းထိုးနေတာလို့ သူက ဆက်ပြောပါတယ်။

    “တောင်ဘို့ဘုန်းကြီး‌ကျောင်းမှာ တပ်စွဲပြီး နားနေတယ်။ အနီးနားရွာတွေမှာလည်း ကင်းပုန်းတွေချထားတယ်” လို့ သူက ရှင်းပြပါတယ်။

    တစ်ဖက် ဆော-ကျောက်ထုလမ်းပိုင်းမှာလည်း စစ်တပ်ရဲ့ အမှတ် ၂၄ ကာကွယ်‌ရေးပစ္စည်းစက်ရုံ(ကပစ)ကနေ ထွက်လာတဲ့ အင်အား ၂၀၀ ဝန်းကျင်စစ်ကြောင်းဟာ ကံကြီးရွာတဝိုက်မှာ စစ်ကြောင်းဆက်ထိုးနေပြီး မေလ ၁၃ ရက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ဆောမြို့ ဟာ မကွေး၊ ရခိုင်နဲ့ ချင်း ပြည်နယ်ဒေသသုံးခုကို ဆက်သွယ်ထားတဲ့ အချက်အချာကျဒေသတစ်ခုဖြစ်သလို ဆောမြို့နယ်ထဲက ကံကြီးရွာမှာလည်း စစ်တပ်စစ်ကြောင်းတကြောင်းက အထိုင်ချထားတာဖြစ်ပါတယ်။

    မေလ ၁၃ ရက်မနက်ပိုင်းကစပြီး ဆော-ကျောက်ထုလမ်းပိုင်းက ရွာပေါင်း ဆယ်ချီထက်မနည်းက ဒေသခံတွေ စစ်ရှောင်နေရပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    မြန်မာစစ်တပ်ကတော့ အဲဒီလမ်းပိုင်းက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  2. အီရန်စစ်ပွဲ - ခရီးသွားတာလျှော့ပြီး အိမ်ကနေ အလုပ်လုပ်ကြဖို့ မိုဒီတိုက်တွန်း

    မေလ ၁၂ ရက်မနက်ပိုင်းမှာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာတွေ့ရတဲ့ ရထားဘူတာရုံတစ်ခုမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, မေလ ၁၂ ရက်မနက်ပိုင်းမှာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာတွေ့ရတဲ့ ရထားဘူတာရုံတစ်ခုမြင်ကွင်း

    အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွားနေချိန်မှာ အိန္ဒိယနိုင်ငံသားတွေအနေနဲ့ အိမ်ကနေ အလုပ်လုပ်ဖို့၊ ရွှေဝယ်ယူမှု လျှော့ချဖို့နဲ့ နိုင်ငံခြားခရီးသွားလာမှုကို ကန့်သတ်ကြဖို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက တိုက်တွန်းလိုက်ပါတယ်။

    အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်နေတဲ့ စစ်ပွဲကြောင့် ပါရှန်ပင်လယ်ကွေ့အတွင်းမှာရှိတဲ့ဟော်မုဇ် ရေလက်ကြားဟာ နှစ်လခွဲကျော်ကြာ ပိတ်ဆို့ခံထားရပြီး အိန္ဒိယဟာ ပြည်တွင်းမှာ သုံးစွဲတဲ့ ရေနံရဲ့ ၉၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတာကြောင့် ရေနံသွင်းကုန်ကျစရိတ်ဟာ ဒေါ်လာဘီလျံပေါင်းများစွာ မြင့်တက်လာနေပါတယ်။

    ဟိုက်ဒရာဘတ်မြို့မှာ ပြောကြားခဲ့တဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ လတ်တလော တိုက်တွန်းချက်ဟာ "အရေးအကြီးဆုံး" တိုက်တွန်းချက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  3. မြန်မာကလေးငယ်တွေ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု သားကောင်ဖြစ်နေရ - IIMM

    ၂၀၂၅ ခုနှစ် မေ ၁၂ ရက်က ဒီပဲယင်း၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်း လေ‌ကြောင်းတိုက်ခံရလို့ စာသင်သားကလေးငယ် ၂ ဒါဇင်သေဆုံးခဲ့ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် မေ ၁၂ ရက်က ဒီပဲယင်း၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်း လေ‌ကြောင်းတိုက်ခံရလို့ စာသင်သားကလေးငယ် ၂ ဒါဇင်သေဆုံးခဲ့ပါတယ်

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က အိုးထိန်းတွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ် ၂၀ ကျော် သေဆုံးတဲ့ဖြစ်စဉ် ၁နှစ်ပြည့်ပြီဖြစ်ပေမဲ့ မြန်မာကလေးငယ်တွေဟာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်ပြီး ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)က စာထုတ်ပြောပါတယ်။

    မေလအစောပိုင်းတုန်းကလည်း ချင်းပြည်နယ်ထဲက ကလေးကစားကွင်းတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခဲ့လို အသက် ၅ လကနေ ၁၀ နှစ်ကြားအရွယ် ကလေးငယ် အနည်းဆုံး ၅ ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို IIMM က မနေ့ မေလ ၁၂ ရက်တုန်းက ထုတ်တဲ့သူတို့ ထုတ်ပြန်ချက်မှာ ထောက်ပြပါတယ်။

    ၂၀၂၅ ခုနှစ်မှာလည်း မန္တလေး၊ ပဲခူး၊ ရခိုင်၊ စစ်ကိုင်း၊ တနင်္သာရီစတဲ့ တိုင်းနဲ့ပြည်နယ်တွေက ကျေးရွာတွေမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ IIMM က ဆိုပါတယ်။

    ပစ်မှတ်နဲ့ အရပ်သား မခွဲခြားတဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးဆိုင်ရာအဆောက်အဦတွေနဲ့ လူနေအိမ်တွေ တိုက်ခိုက်ခံရပြီး ကလေးငယ်တွေ သေဆုံး၊ ဒဏ်ရာရတဲ့ ၁ နှစ်တာအတွင်း ဖြစ်စဉ်တွေကိုလည်း ဆက်ပြီးစုံစမ်းစစ်ဆေးနေတယ်လို့ IIMM က ပြောပါတယ်။

    IIMM အဖွဲ့ကို ဦးဆောင်သူ နီကိုလပ်စ် ကွမ်ဂျီအန်ကလည်း “ကလေးတွေကို တိုက်ခိုက်တယ်ဆိုတာ အင်မတန်မှ စက်ဆုပ်ဖွယ် ကောင်းပါတယ်။ မြန်မာနိုင်ငံက ကလေးတွေဟာ အကြောက်တရားကင်းကင်းနဲ့ အိပ်စက်ခွင့်၊ ပညာသင်ယူခွင့်၊ ပြေးလွှားဆော့ကစားခွင့် ရှိရမှာပါ” လို့ ပြောပါတယ်။

    မြန်မာလေတပ်ရဲ့ဖွဲ့စည်းပုံ၊ အမိန့်စီးဆင်းမှု အဆင့်ဆင့်နဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်မယ့် အထောက်အထားတွေကို IIMM အနေနဲ့ အချက်အလက် စုဆောင်း စိစစ်နေပြီး တာဝန်ရှိတဲ့သူတွေ တာဝန်ခံမှုရှိလာအောင် လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

    စစ်တပ်အာဏာအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး ၂၀၂၅ ခုနှစ်အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၄၀ ဖြစ်ပွားခဲ့ပြီး ကလေးငယ်တွေ သေဆုံးဒဏ်ရာရတဲ့အချက်အလက်တွေကို စုဆောင်းရရှိထားတယ်လို့ IIMM က ဖော်ပြထားပါတယ်။

  4. ကနီမြို့နယ်မှာ PDF ရဲ့တိုက်ခိုက်ခံရတဲ့စစ်ကြောင်း ရွာစဉ်လှည့်နေလို့ လူ သောင်းချီ စစ်ရှောင်နေရ

    ကနီဒေသထဲက ယာယီစစ်ရှောင်တဲ့တချို့

    ဓာတ်ပုံ ရင်းမြစ်, Pyae Aung Naing

    ဓာတ်ပုံ ပုံစာ, ကနီဒေသထဲက ယာယီစစ်ရှောင်တဲ့တချို့

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကျေးရွာတွေကို အင်အား ၃၀၀ ကျော်ပါတဲ့စစ်ကြောင်းဟာ ရွာစဉ်လှည့် ဖြန့်ကြက်နေတာကြောင့် ရွာပေါင်း ၄၀ ကျော်က လူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်အခြေအနေ သိရှိသူက ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ ဒီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်အခြေစိုက် ဗျူဟာ ၄၇ ကနေ သတင်းထုတ်ပြန်ပါတယ်။

    ဘန့်ဘွေးရွာကနေထွက်လာတဲ့ အင်အား ၃၀၀ ကျော်ပါတဲ့ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၁၀ ဦးခန့် ထိခိုက်တယ်လို့ ယင်းမာပင်အခြေစိုက် ဗျူဟာ ၄၇ က မနေ့က သတင်းထုတ်ပါတယ်။ အဲဒီစစ်ကြောင်းဟာ ယင်းမာပင်မြို့နယ်၊ ထရော်ကျင်းရွာကနေ ကနီမြို့နယ်၊ ချောင်းမကျေးရွာဘက်ကို ရောက်လာချိန် လမ်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ၁၀ ဦးထက်မနည်းရှိတယ်လို့ ထုတ်ပြန်ချက်က ဆိုပေမဲ့ ဒီအရေအတွက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ ဗျူဟာ ၄၇ ထုတ်ပြန်ချက်မှာတော့ အဲဒီစစ်ကြောင်းမှာပါလာတဲ့ စစ်သား ၅ ဦး ကလည်း PDF တွေနဲ့ ချိတ်ဆက်ပြီး လက်နက်ချခဲ့တယ်လို့ဆိုပါတယ်။

    လက်ရှိမှာ စစ်တပ်စစ်ကြောင်းတွေဟာ ကနီမြို့အနီးက ရေလယ်ကျွန်း၊ ချောင်းမရွာနဲ့ ချင်းတောင်ရွာတဝိုက်စတဲ့နေရာတွေမှာ တပ်ခွဲအထိုင်ချပြီး ဆက်ရှိနေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။ ကနီဒေသမှာ စစ်တပ်စစ်ကြောင်းထိုးမှုဟာ ဒီနေ့ မေလ ၁၃ ရက်အထိ လဝက်ကျော်ကြာနေပြီဖြစ်ပြီး အဲဒီစစ်ကြောင်းတွေဟာ ကျေးရွာပေါင်း ၃၁ ရွာထက်မနည်းကို ဖြန့်ကြက်ဝင်ရောက်ခဲ့ပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။စစ်တပ်ရဲ့ စစ်ကြောင်းတွေကြောင့် ကနီမြို့နယ်ထဲက ကျေးရွာပေါင်း ၄၄ ရွာက ဒေသခံလူထု ၃၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်က ရှင်းပြပါတယ်။

    မိုးဦးကျနေပြီဖြစ်တာကြောင့် စစ်ရှောင်ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲဖြစ်နေတယ်လို့ သူက ဖြည့်‌ပြောပါတယ်။

    တစ်ဖက်မှာလည်း စစ်တပ်က စစ်ကြောင်းထိုးတဲ့ လဝက်‌ကျော် ကာလအတွင်း စစ်တပ်က ရွာပေါင်း ၆ ရွာထက်မနည်းကို တိုက်လေယာယာဉ်အပြင် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့လို့ လူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေပါတယ်။

    မြန်မာစစ်တပ်ကတော့ ကနီဒေသက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ မေလ ၁၃ ရက်မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  5. မင်္ဂလာပါ။ မေလ ၁၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။