တိုက်ရိုက်ထုတ်လွှင့်မှု, DEMU အမြန်ရထားနဲ့ လယ်ထွန်စက်တိုက်မိလို့ ယာဥ်မောင်းနဲ့ ယာဥ်ကူ ၂ ဦးသေဆုံး

DEMU ရထား နဲ့ လယ်ထွန်စက်တိုက်မိလို့ မောင်းသူ နဲ့ အကူ နှစ်ဦးသေဆုံး တဲ့ သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • နေပြည်တော် - ရန်ကုန် ခုတ်မောင်းလာတဲ့ DEMU ရထားနဲ့ လယ်ထွန်စက်တိုက်မိလို့ မောင်းသူနဲ့ အကူ နှစ်ဦး သေဆုံး
  • ကုလသမဂ္ဂမှာ စက်တင်ဘာလအတွက် အာရှ- ပစိဖိတ်အုပ်စု(Asia - Pacific Group) အလှည့်ကျဥက္ကဋ္ဌ တာ၀န်ယူတာကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဦးကျော်မိုးထွန်းက ကုလမှာ အာရှ - ပစိဖိတ်ဒေသအုပ်စုအတွက် စက်တင်ဘာ အလှည့်ကျဥက္ကဋ္ဌတာ၀န်ယူ

    စက်တင်ဘာ ၁၄ ရက် ကုလအထွေထွေညီလာခံမှာ ကျင်းပတဲ့ အာရှ- ပစိဖိတ်ဒေသ အုပ်စုအခမ်းအနားမှာ မိန့်ခွန်းပြောနေတဲ့ဦးကျော်မိုးထွန်း

    ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၄ ရက် ကုလအထွေထွေညီလာခံမှာ ကျင်းပတဲ့ အာရှ- ပစိဖိတ်ဒေသ အုပ်စုအခမ်းအနားမှာ မိန့်ခွန်းပြောနေတဲ့ ဦးကျော်မိုးထွန်း

    ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဟာ စက်တင်ဘာလအတွက် အာရှ- ပစိဖိတ်ဒေသအုပ်စု (Asia-Pacific Group) အလှည့်ကျဥက္ကဋ္ဌတာ၀န်ကို ယူထားတာကြောင့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ရဲ့အခမ်းအနားမှာ တက်ရောက် မိန့်ခွန်းပြောခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့သူရဲ့ရုံးကနေ သတင်းထုတ်ပြန်ပါတယ်။

    မြန်မာဟာ နိုင်ငံပေါင်း ၅၀ ကျော်နဲ့စုဖွဲ့ထားတဲ့ အာရှ - ပစိဖိတ်ဒေသအုပ်စု အလှည့်ကျဥက္ကဋ္ဌ တာ၀န်ယူရတာဖြစ်လို့ ဦးကျော်မိုးထွန်းဟာ အထွေထွေညီလာခံမှာပြုလုပ်တဲ့ နော်ဝေဘုရင် ပဉ္စမမြောက် ဟာရဲလ်ဒ် နတ်ရွာစံ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်မိန့်ခွန်းပြောခဲ့တာလို့ ဆိုပါတယ်။

    အဲဒီအခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်မှာ ပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

    ဦးကျော်မိုးထွန်းကတော့ နော်၀ေဘုရင်ကြီး သက်ရှိထင်ရှားရှိချိန်တုန်းက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ အပြန်အလှန်လေးစားရေးတို့အတွက် ကြိုးပမ်းချက်တွေဟာ အာရှ-ပစိဖိတ်ဒေသအုပ်စု နိုင်ငံတွေအနေနဲ့အလေးအနက် ဂုဏ်ပြုအောက်မေ့ဖွယ်ဖြစ်ခဲ့တယ်လို့ အဲဒီအခမ်းအနားမှာ ပြောပါတယ်။

    ဦးကျော်မိုးထွန်းဟာ သမ္မတဦး၀င်းမြင့်အစိုးရလက်ထက်မှာ ခန့်အပ်ခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ကိုယ်စားပြုတဲ့သံအမတ်အဖြစ် ဆက်ရှိနေပါတယ်။

    တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နေရာကို အတည်ပြုရေးအပိုင်းမှာ ဆိုင်းငံ့ထားခဲ့တာကြောင့် ဦးကျော်မိုးထွန်းဟာ မြန်မာကိုယ်စားပြု ကိုယ်စားလှယ်အဖြစ်ပဲ ဆက်ရှိနေပါတယ်။

    လက်ရှိ ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့နေပြည်တော်အစိုးရကတော့ ဦးကျော်မိုးထွန်းကို ရာထူးကနေ ထုတ်ပယ်ထားပြီးဖြစ်တယ်လို့ပြောပြီး သူ့ကို အမှုအသစ်တွေနဲ့ တရားစွဲထားတဲ့အကြောင်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သတင်းထုတ်ထားပါတယ်။

    အဲဒီအတွက် ဦးကျော်မိုးထွန်းကို ဖမ်းဆီးနိုင်ဖို့ အမေရိကန်အပါအ၀င် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပို)နဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ နေပြည်တော်က ပြောပါတယ်။

    ကုလမှာ မြန်မာကို ကိုယ်စားပြုသူကို စိစစ်ရွေးချယ်မယ့် အရည်အချင်းစစ်ကော်မတီသစ်ကို အထွေထွေညီလာခံက ဖွဲ့ပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ နေပြည်တော်ဘက်က အခုလို သတင်းထုတ်လာတာ ဖြစ်ပါတယ်။

  2. DEMU အမြန်ရထားနဲ့ လယ်ထွန်စက်တိုက်မိလို့ ယာဥ်မောင်းနဲ့ ယာဥ်ကူ ၂ ဦးသေဆုံး

    စက်တင်ဘာ ၁၄ ရက်က ညောင်လေးပင်မြို့နယ် မှာ DEMU မီးရထား နဲ့ တိုက်မိခဲ့တဲ့ လယ်ထွန်စက်

    ဓာတ်ပုံ ရင်းမြစ်, မြန်မာ့မီးရထား

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၄ ရက်က ညောင်လေးပင်မြို့နယ် မှာ DEMU မီးရထား နဲ့ တိုက်မိခဲ့တဲ့ လယ်ထွန်စက်

    နေပြည်တော်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့ စပိန်ရထားလို့ ခေါ်ကြတဲ့ DEMU အမြန်ရထားတစ်စင်းဟာ ညောင်လေးပင်မြို့နယ်အရောက်မှာ လယ်ထွန်စက်တစ်စီးနဲ့ တိုက်မိလို့ လူနှစ်ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီ‌ပေးခဲ့တဲ့ ပရဟိအသင်းဆီကသိရှိရပါတယ်။

    ဒီရထားဟာ စက်တင်ဘာ ၁၄ ရက်က ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာ နဲ့ ဒိုက်ဦးဘူတာအကြားရောက်တဲ့အချိန် ရထားလမ်းဖြတ်ကူးလာတဲ့ ထွန်စက်တစ်စီးနဲ့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။

    “ ကုန်းပိတ်တဲ့ကလေးက မလွတ်ဘူးလို့ ပြောနေတဲ့ကြားထဲက ဖြတ်ကူးတာ။ ရထားလာတဲ့အချိန်မှာ တိုက်ကုန်တာ။ မောင်းတဲ့သူ နဲ့ ယာဉ်အကူ ဆုံးသွားတယ်” လို့ ပရဟိတအသင်းတာဝန်ရှိသူက ပြောပါတယ်။

    ဒါဟာ DEMU အမြန်ရထားဖြတ်သန်းသွားချိန် ရထားလမ်းကို ဖြတ်ကူးလို့ သေဆုံးရတဲ့ ဒုတိယမြောက်ဖြစ်စဥ် ဖြစ်လာပါတယ်။

    ဒီဖြစ်စဉ်မတိုင်မီ စက်တင်ဘာ ၁၃ ရက်ကလည်း ရန်ကုန်ကနေထွက်လာတဲ့ အမှတ် (၅) အဆန် DEMU အမြန်ရထားဟာ ရုတ်တရတ်ကူးလာတဲ့ ဘေးတွဲဆိုင်ကယ်တစ်စီးကို တိုက်မိလို့ သံဃာတစ်ပါး နဲ့ ကိုရင်တစ်ပါးပျံလွန်တော်မူခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။

    DEMU အမြန်ရထားတွေ ဖြတ်သန်းသွားတဲ့ တလျှောက်ဒေသတွေမှာ ရထားဖြတ်သန်းနိုင်တဲ့ အန္တရာယ်သတိပေးဆိုင်းဘုတ်တွေ ၊ မြင်သာတဲ့ အန္တရာယ်တွေကို ပုံတွေနဲ့စိုက်ထူးပြသထားတာလိုအသိပညာပေးမှုတွေလိုနေပြီဆိုတဲ့ပြောဆိုသံတွေလည်း ထွက်ပေါ်လာပါတယ်။

    ဒါအပြင် မီးရထားဥပဒေတွေနဲ့ ပတ်သက်ပြီးလည်း လူထုက ရှင်းရှင်းလင်းလင်းသိထားရအောင်ဆောင်ရွက်ပေးဖို့လိုတယ်လို့လည်း အစောပိုင်းကတည်းက ဝေဖန်နေကြတာဖြစ်ပါတယ်။

    အခုဒုတိယမြောက်ဖြစ်စဥ်မှာတော့ ရထားလမ်းဟာ အနီးနားက ရွာတွေ၊ ရပ်ကွက်တွေကို ဖြတ်သန်းကူးလူးသွားလာနိုင်တဲ့ တစ်ခုတည်းသောနေရာဖြစ်တယ်လို့ဆိုသလို အကာကွယ်အတားအဆီးတချို့လည်း မရှိနေတာကြောင့် အလွယ်တကူဖြတ်ကူးနေကြတာလို့ ပြောကြပါတယ်။

    တိုက်ခံရတဲ့ ထွန်စက်ဟာ နှစ်ပိုင်းပြတ်သွားခဲ့ပြီး ရထားရဲ့ ရှေ့မျက်နှာစာလည်း ပျက်စီးမှုရှိခဲ့ပါတယ်။

  3. မင်္ဂလာပါ။ စက်တင်ဘာ ၁၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။