တိုက်ရိုက်ထုတ်လွှင့်မှု, ရိုဟင်ဂျာတွေကို ပြန်ပို့ရေး ဆွေးနွေးဖို့ ဦးမင်းအောင်လှိုင်ကို မလေးရှားကို ဖိတ်ကြားမယ်လို့ မလေး၀န်ကြီးချုပ်ပြော

ရိုဟင်ဂျာတွေကို ပြန်ပို့ရေး ဆွေးနွေးဖို့ ဦးမင်းအောင်လှိုင်ကို မလေးရှားကို ဖိတ်ကြားမယ်လို့ မလေး၀န်ကြီးချုပ်ပြောတဲ့သတင်းအပါအဝင် စက်တင်ဘာ ၁၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

မြန်မာရိုဟင်ဒုက္ခသည်တွေအကျပ်အတည်းနဲ့ နေရပ်ပြန်ပို့ရေးအတွက် မလေးရှားက နေပြည်တော်ကို ဖိတ်ခေါ်ဆွေးနွေးမယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရိုဟင်ဂျာတွေကို ပြန်ပို့ရေး ဆွေးနွေးဖို့ ဦးမင်းအောင်လှိုင်ကို မလေးရှားကို ဖိတ်ကြားမယ်လို့ မလေး၀န်ကြီးချုပ်ပြော

    မလေးရှား၀န်ကြီးချုပ် အန်၀ါ အေဘရာဟင် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Anwar Ibrahim

    ဓာတ်ပုံ ပုံစာ, မလေးရှား၀န်ကြီးချုပ် အန်၀ါ အေဘရာဟင် (ပုံဟောင်း)

    မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာတွေကို ပြန်ပို့ရေး ဆွေးနွေးဖို့ ဦးမင်းအောင်လှိုင်ကို မလေးရှားကို တရား၀င်ခရီး ဖိတ်ကြားဖို့ရှိတယ်လို့ဆိုပြီး မလေးရှား၀န်ကြီးချုပ် အန်၀ါ အေဘရာဟင်က ထုတ်ပြောလိုက်ပါတယ်။

    မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ယာယီအခြေချနေရာတွေမှာ ဒုက္ခသည်တွေနဲ့ ဒေသခံတွေကြား တင်းမာမှုတွေ ရှိနေတာ၊ ဒုက္ခသည်တွေကြောင့် မလေးရှားအတွက် ၀န်ထုပ်၀န်ပိုးဖြစ်နေစေတယ်ဆိုတဲ့ ၀ေဖန်ပြောဆိုသံတွေ ညံနေချိန်မှာ မလေးရှား၀န်ကြီးချုပ်က အခုလို ထုတ်ပြောလာတာဖြစ်ပါတယ်။

    “လက်ရှိမြန်မာအစိုးရကို အသိအမှတ်မပြုရင် ရိုဟင်ဂျာအရေး ဘယ်သူနဲ့ညှိနှိုင်းရမှာလဲ” လို့ မလေးရှားမှာ ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်တစ်ခုမှာ ဝန်ကြီးချုပ်က အခုလိုပြောခဲ့တာပါ။

    မြန်မာနဲ့ မလေးရှားနိုင်ငံကြား မိတ်ဆွေတွေဖြစ်နိုင်ပြီး ကုန်သွယ်ရေးတွေလည်း လုပ်နိုင်တာကြောင့် မြန်မာကို မိတ်ဖက်အဖြစ် လက်ခံနိုင်တယ်လို့ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်ကို သိစေချင်တယ်လို့ သူက ဆိုပြီး အပြန်အလှန်အနေနဲ့ မြန်မာဘက်ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေကို လိုလိုလားလား ပြန်လက်ခံမယ်ဆိုတာ ပြသဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

    မလေးရှားအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်းနီးပါးကို လက်ခံထားရတာကြောင့် လူမှုရေးနဲ့ စီးပွားရေးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ အာဏာပိုင်တွေက အစောပိုင်းကတည်းက ထုတ်ပြောထားကြပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ မလေးရှားက ဒုက္ခသည် ၅,၀၀၀ ကို နေရပ်ပြန့်မယ့်အစီအစဉ်ကို မြန်မာအာဏာပိုင်တွေက လက်ခံဖို့ ကနဦး သဘောတူခဲ့ပါတယ်။ အဲဒီနောက် လူ့အခွင့်အရေးအဖွဲ့(HRW) အပါအဝင် အရပ်ဘက်အဖွဲ့တွေက ရိုဟင်ဂျာတွေကို အတင်းအကျပ်ပို့ဆောင်တာ ရပ်တန့်သင့်ပြီး ခိုလှုံခွင့်လျှောက်ထားသူတွေကို နေထိုင်ခွင့်ပေးပြီး လုံခြုံရေးအာမခံမှုပေးဖို့ဆိုပြီး တောင်းဆိုမှုရှိလာပြီးနောက် ပြန်ပို့မယ့် အစီအစဉ်နှောင့်နှေးခဲ့ပါတယ်။

    တစ်လနီးပါးအကြာ ဩဂုတ်နှောင်းပိုင်းမှာတော့ လူ ၅,၀၀၀ နေရပ်ပြန်ပို့ရေးရဲ့ ပထမအဆင့်အနေနဲ့ မလေးရှားကနေ မြန်မာ ၁,၄၀၀ ကျော်ကို စက်တင်ဘာလကစပြီး ပြန်ပို့မယ်လို့ နေပြည်တော်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကနေ ကြေညာပါတယ်။

    လာမယ့် စက်တင်ဘာ ၂၉ ရက်ကစပြီး မလေးရှားမှာ ဒုက္ခသည်တွေကို မှတ်ပုံတင်မယ့် စနစ်သစ်ကို စတင်လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

  2. မင်္ဂလာပါ။ စက်တင်ဘာ ၁၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။