ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ဦးမင်းအောင်လှိုင်နဲ့ လူကာရှန်ကို အလွတ်သဘောတွေ့

နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ သြဂုတ် ၂၀ ညပိုင်းမှာ ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့ တွေ့ဆုံတဲ့သတင်းအပါအဝင် ဩဂုတ် ၂၁ ရက် နိုင်ငံနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ သြဂုတ် ၂၀ ညပိုင်းမှာ ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့ တွေ့ဆုံ
  • တစ်ညနေအတွင်း မြဝတီမြို့မှာ သောင်ရင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက် ၅ ပေကျော်တက်လာလို့ အိမ်ထောင်စု တစ်ထောင်ဝန်းကျင် အရေးပေါ်ရွှေ့ပြောင်းရ
  • ရေမီတာ ပျက်စီးနေတာ၊ ပျောက်ဆုံးနေတာ ဒါမှမဟုတ် တပ်ဆင်ထားတာမရှိဘဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဖြန့်ဝေတဲ့ရေကို အသုံးပြုရင် အခြေခံရေသုံးစွဲမှုရဲ့ ၆ ဆ ကောက်ခံမယ်
  • မြောင်နယ်က ဆွဲလဲအိုရွာရဲ့ ဘုန်းကြီးကျောင်းလေကြောင်းဗုံးကြဲခံရပြီး တရားစခန်းဝင်နေတဲ့ သက်ကြီး ၁၄ ဦးသေဆုံး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဆွဲလဲအိုရွာ တရားစခန်း လေကြောင်းဗုံးကြဲခံရမှု သေဆုံးသူ ၁၄ ဦးရှိလာ

    စစ်တပ်က မြောင်မြို့နယ်ထဲက ဆွဲလွဲအိုရွာကို ဒီမနက်လေကြောင်းဗုံးကြဲတာကြောင့် ဇေဋ္ဌဝါဒီဘုန်းကြီးကျောင်းမှာ တရားစခန်းဝင်နေတဲ့ သက်ကြီးရွယ်အို ၁၄ ဦး သေဆုံးတယ်လို့ မြေပြင်အခြေအနေသိရှိသူက ဘီဘီစီကို ပြောပါတယ်။

    “ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးတွေ တစ်ခါကို၂ လုံးစီနဲ့ နှစ်ခါကြဲချတာပါ။ တရားပေးနေတဲ့ ဓမ္မာရုံဘေးကို ဗုံးကျတာပါ” လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတစ်ဦးက ပြောပါတယ်။

    ဘုန်းကြီးကျောင်းမှာ ၅ ရက်တာ တရားစခန်းဖွင့်လှစ်ထားတာဖြစ်ပြီး ရွာခံ နဲ့ အနီးပတ်ဝန်းကျင်ရွာတွေက သက်ကြီးပိုင်းတွေ တရားစခန်းဝင်နေကြတာလို့ ဆိုပါတယ်။

    ဗုံးကြဲခံရတာကြောင့် သံဃာတချို့လည်း ထိခိုက်ဒဏ်ရာရတယ်လို့ မြေပြင်အခြေအနေ သိရှိသူက ပြောပါတယ်။

    ဓာတ်ပုံတွေအရ ဘုန်းကြီးကျောင်းဝင်းထဲညောင်ပင်ကျိုးကျတာ၊ ဆင်းတုတချို့ထိခိုက်တာနဲ့ အဆောင်တချို့ အမိုးပျက်စီးနေတာ တွေ့ရပါတယ်။

  2. ရန်ကုန်မှာ ရေမီတာမတပ်ဘဲခိုးသုံးရင် ရေဖိုးရဲ့ ၆ ဆကောက်မယ်

    ရေမီတာ ပျက်စီးနေတာ၊ ပျောက်ဆုံးနေတာ ဒါမှမဟုတ် တပ်ဆင်ထားတာမရှိဘဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဖြန့်ဝေတဲ့ရေကို အသုံးပြုရင် အခြေခံရေသုံးစွဲမှုရဲ့ ၆ ဆ ကောက်ခံမယ်လို့ အင်ဂျင်နီယာဌာန(ရေနဲ့သန့်ရှင်းမှု) က ကြေညာပါတယ်။

    တရားမဝင်ရေသုံးစွဲတာတွေနဲ့ ရေလေလွင့်ဆုံးရှုံးတာ လျှော့ချဖို့အတွက် ရေမီတာတွေကို ထိန်းသိမ်းဖို့နဲ့ မီတာမတပ်ထားရင် စည်ပင်ကိုဆက်သွယ်ပြီး အမြန်တပ်ဆင်ဖို့လည်း ထုတ်ပြန်ချက်မှာပြောထားပါတယ်။

    လက်ရှိ ရန်ကုန်မြို့က အိမ်သုံးရေမီတာခကတော့ တစ်ယူနစ်ကို ၃၃၀ ကျပ်နဲ့ ၁၀ ယူနစ်စာ ကောက်ခံနေတာဖြစ်ပါတယ်။

    ဝန်‌ဆောင်ခအဖြစ် ၂၀၀၀ ကျပ်ကိုလည်းကောက်ခံတာပါ။

    ရန်ကုန်မှာ စည်ပင်ကဖြန့်ဝေတဲ့ရေက ၂၄ နာရီရတာမဟုတ်ဘဲ ရေပေးတဲ့ အချိန်ကို စောင့်ဆိုင်းပြီး အသုံးပြုကြရတာဖြစ်ပါတယ်။

    အိမ်သုံးမဟုတ်တဲ့ စီးပွားသုံးအတွက် တစ်ယူနစ် ၅၅၀ ကျပ်၊ လုပ်ငန်းသုံး/စက်ရုံသုံး တစ်ယူနစ် ၆၆၀ ကျပ်ကောက်ယူတာပါ။

    ဒါကနိုင်ငံသားအတွက်အဖြစ်ပြီး နိုင်ငံခြားသားအိမ်သုံး၊ စီးပွားသုံးနဲ့ လုပ်ငန်းသုံးအတွက် ရေမီတာခက တစ်ယူနစ်ကို ၈၈၀ ကျပ်၊ ၁၁၀၀ ကျပ်နဲ့ ၁၃၂၀ ကျပ်စီကောက်ခံတာဖြစ်ပါတယ်။

    ရန်ကုန်စည်ပင်က ရေသုံးစွဲမှုများလေ၊ နှုန်းထားမြင့်လေစနစ်ကိုလည်း သုံးနေတာကြောင့် နိုင်ငံသား ရေသုံးစွဲမှုတွေမှာ ၃၀ ယူနစ်အထက် သုံးစွဲရင် ၅၅၀ ကျပ်နှုန်းနဲ့ ၆၀ ယူနစ်အထက် သုံးစွဲရင် ၆၆၀ ကျပ်နှုန်းကို တိုးမြှင့်ကောက်ခံမယ်လို့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာထားပါတယ်။

    နိုင်ငံခြားသားတွေကိုလည်း ရေသုံးစွဲမှုများရင် နှုန်းထားတွေ တိုးမြှင့်ကောက်ခံထားတာပါ။

  3. တော်ဝင်မျိုးရိုးအဖြစ် အတည်ပြုခံရပြီး ဘယ်လ်ဂျီယံ ကားအရောင်းဝန်ထမ်း မင်းသားဖြစ်လာ

    ဘယ်လ်ဂျီယံတော်ဝင်မင်းသား လောရင့် က အသက် ၂၆ နှစ်အရွယ် ကားအရောင်းဝန်ထမ်းဟောင်း ကလီမန့် ဗန်ဒန်ကာ့ခ်ဟိုးဗ် ကို သူ့ရဲ့ သားအဖြစ်နဲ့ တရားဝင် အသိအမှတ်ပြုလိုက်ပါတယ်။

    ဗန်ဒန်ကာ့ခ်ဟိုးဗ်ဟာ မင်းသားလောရင့်နဲ့ ဘယ်လ်ဂျီယံအဆိုတော် ဝင်ဒီဗန်ဝန်တန် တို့ရဲ့ ဆက်ဆံရေးကနေ မွေးဖွားလာသူဖြစ်ပြီး လွန်ခဲ့တဲ့ ခြောက်လက မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုကနေ မင်းသားလောရင့်ရဲ့ မိသားစုထဲကို တိတ်တဆိတ် ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကတော့ အခုမှ ထွက်ပေါ်လာတာပါ။

    သူဟာ တရားဝင်မင်းသားဘွဲ့ ရရှိလာမှာဖြစ်ပေမဲ့ တော်ဝင်ထောက်ပံ့ကြေးကိုတော့ ရရှိမှာမဟုတ်ပါဘူး။ မင်းသားကြီးရဲ့ သားဖြစ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး ဗန်ဒန်ကာ့ခ်ဟိုးဗ်ဟာ နှစ်အတော်ကြာကတည်းက သိရှိထားခဲ့တာဖြစ်ပြီး သူ့မှာ တော်ဝင်ဖခင်တစ်ဦးရှိတယ်ဆိုတဲ့ အချက်ကို လက်ခံဖို့ အချိန်ရခဲ့ပြီလို့ ဆိုပါတယ်။

    ဒါပေမဲ့ သူ့ဖခင်ရဲ့ မျိုးရိုးနာမည် Saxe-Coburg (ဆက်စ်-ကိုဘတ်ဂ်) ကို စတင်အသုံးပြုမလားဆိုတာတော့ မသေချာသေးဘူးလို့ ဘယ်လ်ဂျီယံသတင်းစာ Het Nieuwsblad ကို ‌ဖြေပါတယ်။

    “အဲဒီနာမည်ကို သုံးချင်တာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဗန်ဒန်ကာ့ခ်ဟိုးဗ်ဆိုတဲ့ နာမည်ကိုတော့ ကျွန်တော် ဂုဏ်ယူပါတယ်။ အဲဒီမိသားစုနာမည်ကို စွန့်လွှတ်လိုက်မယ်ဆိုရင် ကျွန်တော့်အတွက် အရာအားလုံးကို လုပ်ပေးခဲ့တဲ့ အမေ့အပေါ် သစ္စာဖောက်ရာကျမှာပါ”လို့ သူက ပြောပါတယ်။

    သူဟာ ဘယ်လ်ဂျီယံရဲ့ တော်ဝင်ထီးနန်းဆက်ခံရေး အစဉ်အဆက်မှာ ပါဝင်မှာမဟုတ်ပါဘူး။ သူ့ရဲ့ ခမည်းတော်တူ အစ်မဖြစ်သူ မင်းသမီး လူးဝစ် နဲ့ အစ်ကိုဖြစ်သူတွေဖြစ်တဲ့ မင်းသား အေးမရစ် နဲ့ မင်းသား နီကိုလတ်စ်တို့ကတော့ ထီးနန်းဆက်ခံခွင့်ရှိသူတွေ ဖြစ်ပါတယ်။

    ဒါ့အပြင် ဗန်ဒန်ကာ့ခ်ဟိုးဗ်ဟာ တော်ဝင်မိသားစုရဲ့ အများပြည်သူဆိုင်ရာ လှုပ်ရှားမှုတွေမှာလည်း ပါဝင်မှာမဟုတ်ပါဘူး။

    ဗန်ဒန်ကာ့ခ်ဟိုးဗ်ဟာ ဘယ်လ်ဂျီယံပြည်သူတွေကြားမှာ အရင်ကတည်းက လူသိများသူတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်လွှင့်ခဲ့တဲ့ ဖလန်ဒါးစ်ဒေသ ရုပ်သံမှတ်တမ်းအစီအစဉ်တစ်ခုမှာ သူ့အကြောင်းကို အဓိကဖော်ပြခဲ့ပြီး ဖခင်ဖြစ်သူနဲ့ ဘယ်လို ရင်းနှီးလာခဲ့သလဲဆိုတာကို သူကိုယ်တိုင် ပြောပြခဲ့ပါတယ်။

    မင်းသားလောရင့်ဟာ ဘယ်လ်ဂျီယံအဆိုတော် ဝင်ဒီ ဗန်ဝန်တန် နဲ့ ဆက်ဆံရေးကနေ မွေးဖွားလာတဲ့ ကလီမန့် ဗန်ဒန်ကာ့ခ်ဟိုးဗ် ကို အသက် ၂၆ နှစ်အရွယ်မှာ သားအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။

    ကလီမန့်ဟာ အသက် ၁၆ နှစ်အရွယ်မှာ သူ့ဖခင်ဟာ မင်းသားလောရင့်ဖြစ်ကြောင်း သိခဲ့ပြီး နောက်ပိုင်းမှာ DNA စစ်ဆေးမှုက ဖခင်နဲ့သားဖြစ်ကြောင်း ၉၉.၅ ရာခိုင်နှုန်း ကိုက်ညီမှု ရှိကြောင်း အတည်ပြုခဲ့ပါတယ်။

    မင်းသားလောရင့်ရဲ့ DNA စစ်ဆေးမှုဟာ သူ့ဖခင် ဘုရင်ဟောင်း ဒုတိယမြောက်အဲလ်ဘတ် (Albert II) ရဲ့ ဖခင်ဖြစ်ကြောင်း အငြင်းပွားမှုနဲ့လည်း ဆင်တူပါတယ်။ ဒုတိယမြောက်အဲလ်ဘတ် ဟာ နောက်ပိုင်းမှာ သမီးတစ်ဦးကို ဖခင်အဖြစ် အသိအမှတ်ပြုခဲ့ရပါတယ်။

  4. အမြွှာ ညီအစ်ကိုနဲ့ ညီအစ်မလက်ထပ်၊ အမြွှာစုံတွဲ ၄ တွဲနဲ့ မင်္ဂလာပွဲ

    အိန္ဒိယနိုင်ငံတောင်ပိုင်းက အမြွှာစုံတွဲ လေးတွဲပါဝင်တဲ့ မင်္ဂလာဆောင်ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်မှာ ပျံ့နှံ့ပြီး လူအများ စိတ်ဝင်စားမှုရရှိနေပါတယ်။

    အဲဒီဓာတ်ပုံထဲမှာ အမြွှာညီအစ်ကိုနှစ်ယောက်က အမြွှာညီအစ်မနှစ်ယောက်နဲ့ လက်ထပ်ကြပြီး၊ အမြွှာဘုန်းတော်ကြီးနှစ်ပါးက မင်္ဂလာအခမ်းအနားကို ဦးဆောင်ပေးကာ အမြွှာဘုရားကျောင်းအကူလူငယ်နှစ်ယောက်ကလည်း ကူညီပေးနေကြတာ တွေ့ရပါတယ်။

    အမြွှာစုံတွဲ လေးတွဲပါဝင်တဲ့ မင်္ဂလာဆောင် ဘာကြောင့် လူအများစိတ်ဝင်စားမှုခံခဲ့ကြရလဲ ဒီလင့်ခ် မှာ ဖတ်နိုင်ပါပြီ။

  5. သောင်ရင်းမြစ်ရေတက်လာလို့ မြဝတီက အိမ်ထောင်စု တစ်ထောင်ဝန်းကျင် အရေးပေါ်ရွှေ့ပြောင်း

    သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်ကျော်ပြီး ရပ်ကွက်တွေထဲဝင်လာလို့ အိမ်ထောင်စု တစ်ထောင်ဝန်းကျင်ကို အရေးပေါ် ရွှေ့ပြောင်းရတယ်လို့ ကယ်ဆယ်ရေးအသင်းအဖွဲ့နဲ့ မြို့ခံတချို့ဆီကနေ သိရပါတယ်။

    မြဝတီမြို့ရဲ့ သောင်ရင်းမြစ်အနီးရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁၊ ၂ နဲ့ ၅ ရပ်ကွက်တွေကို ရေဝင်ရောက် နေတာဖြစ်ပါတယ်။

    “အမှတ် ၂ ရပ်ကွက်မှာတော့ ရေက ဒူးလောက်ရှိတယ်။ ရပ်ကွက်နေသူတွေကတော့ ညကတည်းက ရွှေ့ ပြောင်းကြတာဆိုတော့ အခုက အထပ်မြင့်နေသမားတွေပဲကျန်တယ်။ ရွှေ့ချင်တဲ့သူတွေ ဆက်သွယ်လာလို့ အခုရပ်ကွက်ထဲမှာ ကယ်ဆယ်ရေးလုပ်နေတုန်းပါ” လို့ မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    သောင်ရင်းမြစ်ရေဟာ မနေ့က ညနေ ၆ နာရီခွဲမှာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၁ လက်မ ကျော်နေရာကနေ ဒီနေ့မနက်ပိုင်းမှာတော့ ၅ ပေ ၃ လက်မအထိ ကျော်လာပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ပြန်ပါတယ်။

    “အိမ်မှာနေလို့မရတော့လို့ ဆိုင်ပါပိတ်ပြီး ရေလွတ်တဲ့နေရာပြောင်းပြီ” လို့ မြဝတီမြို့ မြေနိမ့်ပိုင်း ရပ်ကွက်မှာနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မြဝတီမြို့နဲ့ သောင်ရင်းမြစ်သာခြားတဲ့ မဲဆောက်မှာတော့ မြစ်ရေတက်လာနိုင်တာကြောင့် ဖုန်းတွေ ကိုအရေးပေါ်သတိပေးချက်စာတိုတွေ ပို့လာပေမဲ့ မြန်မာဘက်ခြမ်းမှာတော့ အသိပေးချက်မရှိ တာကြောင့် မြို့ခံတွေက မိမိဘာသာ မြစ်‌ရေအခြေအနေစောင့်ကြည့်ခဲ့ရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့ရဲ့ပြောပြချက်အရ မြဝတီမြို့မှာက ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်ထားတယ်လို့သိရပါတယ်။

    မိုးဇလရဲ့ ဒီမနက်ခန့်မှန်းချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို နောက် ၁ ရက်အတွင်း ၅ ပေဆက်လက်မြင့်တက်မယ်လို့ သတိပေးထားပါတယ်။

  6. မြန်မာစစ်တပ် ထိုင်းကိုတောင်းဆိုတဲ့ လက်နက်လမ်းကြောင်း ဖြတ်တောက်ရေး ဖြစ်တန်ခြေ

    ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ ဘန်ကောက်ခရီးစဉ်မှာ လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုတွေကို ပူးပေါင်းတိုက်ဖျက်မယ့်အကြောင်း ထိုင်းစစ်တပ်ကို ပြောခဲ့တာက နေပြည်တော်ရဲ့ ဆန္ဒကို ပိုမြင်သာစေပါတယ်။

    မြန်မာစစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့ တော်လှန်ရေးတပ်တွေအတွက် မှောင်ခိုလက်နက်တွေဟာ ထိုင်းစစ်တပ်ကနေလာတာဆိုတဲ့စွပ်စွဲချက်တွေကိုလည်း ထိုင်းတော်ဝင်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Jaroenchai Hintao က ၂၀၂၄ ခုနှစ်မှာ ငြင်းဆန်ခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ပါ။

  7. ဦးမင်းအောင်လှိုင်နဲ့ လူကာရှန်ကို အလွတ်သဘောတွေ့

    ရုရှားနိုင်ငံကတဆင့် ဘယ်လာရုစ်နိုင်ငံကိုရောက်နေတဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ သြဂုတ် ၂၀ ညပိုင်းမှာ ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့ တွေ့ဆုံတယ်လို့ ဘယ်လာရုစ်ဘက်က သတင်းတွေကဖော်ပြပါတယ်။

    ဒီနေ့မှာ ပြုလုပ်မယ့် တရားဝင်တွေ့ဆုံမှုမတိုင်ခင်မှာ အလွတ်သဘောတွေ့ဆုံခဲ့ကြတာပါ။ ဘယ်လာရုစ်ဘက်က သတင်းအရ ဒီနေ့တွေ့ဆုံမှုမှာ ၂၀၂၆-၂၀၂၈ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံအတိုင်း လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ အလားအလာတွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။

    စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆေးဝါး၊ သိပ္ပံနဲ့ ပညာရေး ပူးပေါင်းဆောင်ရွက်တာကို အဓိက ဆွေးနွေးမှာပါ။ မနေ့ညက တွေ့ဆုံချိန်မှာတော့ ဘယ်လာရုစ်သမ္မတက စီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ ခေါင်းဆောင်တွေအနေနဲ့ “တံခါးတွေ၊ ပြတင်းပေါက်တွေနဲ့ ဂိတ်တွေအားလုံး ဖွင့်ပေးဖို့” လိုတယ်လို့ ဦးမင်းအောင်လှိုင်ကို ပြောတယ်လို့ ဘယ်လာရုစ်သတင်းကဖော်ပြပါတယ်။

    ဦးမင်းအောင်လှိုင်ကတော့ မနေ့ကတက်ရောက်တဲ့ စီးပွားရေးဖိုရမ်မှာ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၁၀၀ နီးပါး လိုက်ပါလာတယ်လို့ ဘယ်လာရုစ်သမ္မတကို ပြောပြပါတယ်။

    “မြန်မာကထုတ်ကုန်တွေလည်း ယူလာသလို မြန်မာကစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကလည်း ဘယ်လာရုစ်ထုတ်ကုန်တွေနဲ့ရင်းနှီးလာမှာပါ။ ဒီခရီးစဥ်ဟာ နှစ်နိုင်ငံကုန်သွယ်ရေးတိုးတက်ဖို့ အထောက်အကူပြုလိမ့်မယ်လို့ယုံကြည်ပါတယ်” လို့ ဦးမင်းအောင်လှိုင်ကပြောပါတယ်။

    နှစ်နိုင်ငံသဘောတူညီချက်‌တွေကို ဖြည့်တည်းပေးဖို့ ကတိပေးပါတယ်လို့လည်း နေပြည်တော်သမ္မတက ပြောပါတယ်။ ဦးမင်းအောင်လှိုင်က စီးပွားရေးဖိုရမ်မှာ မြန်မာနဲ့ဘယ်လာရုစ် ဆက်ဆံရေးဟာ အနီးကပ်ဆုံးနဲ့ အမြင့်ဆုံးအဆင့် ရောက်ရှိနေပြီလို့လည်း အမှာစကားထဲမှာ ထည့်ပြောပါတယ်။

    မနေ့က ဘယ်လာရုစ်ကို ရောက်ချိန်မှာ ဦးမင်းအောင်လှိုင်က ဘယ်လာရုစ်ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဘယ်လာရုစ်ဝန်ကြီးချုပ်ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကတာဝန်ရှိသူ ဖြစ်တယ်လို့ လူကာရှန်ကိုက ဦးမင်းအောင်လှိုင်နဲ့တွေ့ချိန်မှာထည့်ပြောပါတယ်။

    Grodno မြို့မှာရှိတဲ့ Grodno Azot ဓာတ်မြေဩဇာစက်ရုံကိုလည်း သွားခဲ့တဲ့ ဦးမင်းအောင်လှိုင်က ဒီစက်ရုံကိုသွားရောက်အပြီးမှာ နှစ်နိုင်ငံ အကောင်အထည် ဖော်နိုင်တဲ့ စိတ်ကူးတွေ ရလာတယ်လို့ ဘယ်လာရုစ်သမ္မတကို ပြောပါတယ်။

  8. မင်္ဂလာပါ။ ဩဂုတ် ၂၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။