တိုက်ရိုက်ထုတ်လွှင့်မှု, Sky Villa ပိုင်ရှင် ထောင်ဒဏ် ထပ်တိုး ချမှတ်ခံရပေမဲ့ တရားမျှတမှု မရှိသေးဘူးလို့ အခန်းပိုင်ရှင်အချို့ပြော

Sky Villa ပိုင်ရှင် ထောင်ဒဏ် ထပ်တိုး ချမှတ်ခံရပေမဲ့ တရားမျှတမှု မရှိသေးဘူးလို့ အခန်းပိုင်ရှင်အချို့ပြောတဲ့ သတင်းအပါအဝင် ဇူလိုင် ၁၅ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

Sky Villa အဆောက်အဦး ရဲ့ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်ကို ထောင် ၇ နှစ်ချမှုဟာ သူတို့အတွက် တရားမျှတမှုမဟုတ်ဘူးလို့ အခန်းပိုင်ရှင်တွေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဝယ်လိုအားကျလို့ ဒဘီးယားစ် စိန်လုပ်ငန်းကြီးရဲ့ တောင်အာဖရိက စိန်တွင်းတူးလုပ်ငန်းရပ်ဆိုင်း

    ဒဘီးယားစ်စိန်လုပ်ငန်းအောက်က လုပ်ငန်းခွဲတစ်ခုမှာ မသွေးရသေးတဲ့စိန်တုံးတွေကို အရည်အသွေး စစ်ဆေးနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဒဘီးယားစ်စိန်လုပ်ငန်းအောက်က လုပ်ငန်းခွဲတစ်ခုမှာ မသွေးရသေးတဲ့စိန်တုံးတွေကို အရည်အသွေး စစ်ဆေးနေ

    ဝယ်ယူသူတွေရဲ့ အကြိုက် ပြောင်းလဲမှုကြောင့် အမြတ်နည်းလာတဲ့အတွက် ဒဘီးယားစ် စိန်လုပ်ငန်းကြီးက တောင်အာဖရိကက အကြီးဆုံး စိန်တွင်းကြီးရဲ့ ထုတ်လုပ်မှုတွေကို နှစ်နှစ် ရပ်နားလိုက်ပါတယ်။

    စျေးပေါတဲ့ ဓာတုစိန်နဲ့ စျေးကွက် အပြိုင်လုရတဲ့အပြင် အရင်ကထက် လူတွေက စိန်ဝယ်တာ နည်းလာလို့ စိန်စျေးတွေ ကျခဲ့ပါတယ်။ အထူးသဖြင့် တရုတ်ပြည်မှာ စိန်ဝယ်အားကျလာတာပါ။

    ဗနီရှီယာ စိန်တွင်းကို ပိတ်ဖို့ ဆုံးဖြတ်ချက်ကို ကြေညာရင်း ကမ္ဘာ့စိန်စျေးကွက်ရဲ့ စိတ်ပျက်စရာ အခြေအနေကြောင့် ကုန်ကျစရိတ်နဲ့ လုပ်ငန်းတွေ လျှော့ချ ဖြတ်တောက်ဖို့ လိုအပ်ကြောင်း ဒဘီးယားက ထုတ်ပြန်ပါတယ်။

    တောင်အာဖရိက မြောက်ဖျားမှာ ရှိတဲ့ ဗနီရှီယာ စိန်တွင်းက နိုင်ငံရဲ့ စိန်ထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်းကျော် ထွက်ရှိပြီး လူလေးထောင်ကျော်ကို အလုပ်ခန့်ထားပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  2. Sky Villa ပိုင်ရှင် ထောင်ဒဏ် ထပ်တိုး ချမှတ်ခံရပေမဲ့ တရားမျှတမှု မရှိသေးဘူးလို့ အခန်းပိုင်ရှင်အချို့ပြော

    ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ငလျင်ဒဏ်ခံခဲ့ရတဲ့ Sky Villa အဆောက်အဦး (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ငလျင်ဒဏ်ခံခဲ့ရတဲ့ Sky Villa အဆောက်အဦး (ပုံဟောင်း)

    ၂၀၂၅ မတ်လ ငလျင်ကြီးကြောင့် လူ ၂၀၀ ကျော်သေဆုံးခဲ့တဲ့ Sky Villa အဆောက်အဦရဲ့ဆောက်လုပ်ရေးကုမ္ပဏီ(NTL)ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ခရိုင်တရားရုံးက ထပ်တိုးထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပေမဲ့ အခန်းပိုင်ရှင်အချို့ကတော့ ဒါဟာ တရားမျှတမှု မရှိသေးဘူးလို့ ပြောပါတယ်။

    အောင်မြေသာစံမြို့နယ်တရားရုံးက NTL ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ပြီးခဲ့တဲ့တစ်ပတ်မှာ ပုဒ်မ ၃၀၄ - က နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာပါ။ ဒီအမှုဟာ ပေါ့လျော့မှုကြောင့် လူသေစေမှုဖြစ်ပါတယ်။

    တရားလိုဟာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) ဖြစ်ပါတယ်။ ဒါပေမဲ့ လည်း ထောင်ဒဏ် ၅ နှစ်ချမှတ်တာကို စ သုံးလုံးက အောင်မြေသာစံခရိုင်တရားရုံးကို ပြင်ဆင်ခွင့်တက်ခဲ့တာကြောင့် ခရိုင်တရားရုံးက ထောင်ဒဏ်ကို ၂ နှစ်တိုးပြီး ချမှတ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောပါတယ်။

    “တရားလိုဘက်က မူလ ပြစ်ဒဏ် ၅ နှစ်နည်းလို့ တရားရုံးကို ပြင်ဆင်ခွင့်တက်လိုက်လို့ ထပ်တိုး အမိန့်ချတာပါ” လို့ သူက ပြောပါတယ်။

    “သူထောင်ကျသွားလို့ သေသွားတဲ့သူတွေ အသက်မှ ပြန်မရှင်လာတာ။ တချို့ဆို အိမ်ထောင်ဦးစီးသွား ဆုံးပါးသွားကြပြီး ဘဝရပ်တည်ရေး ရုန်းကန်နေရတဲ့သူတွေရှိတယ်။ နောက်ဆုံး သူ့ကို သေဒဏ် ချမှတ်လိုက်ရင်တောင် သေတဲ့သူတွေ အသက်ပြန်မရှင်လာဘူး။ ကျွန်တော်တို့ လိုချင်တာကတော့ လျော်ကြေးပါ” လို့ Sky Villa အခန်းပိုင်ရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မတ်လ ၂၈ ရက် က လှုပ်ခတ်လိုက်တဲ့ ၇ ဒသမ ၇ မဂ္ဂနီကျု ပြင်းအားရှိတဲ့ ငလျင် ဟာ Sky Villa မှာ နေထိုင်သူတွေရဲ့ ဘဝတွေကို တဆစ်ချိုးပြောင်းလဲခဲ့တယ်လို့ အခန်းဆုံးရှုံးခဲ့ကြသူတွေက ပြောပါတယ်။

    နောက်ပြီး Sky Villa ကွန်ဒိုက အခန်းတွေကို ရောင်းချချိန်တုန်းက ငလျင်ဒဏ်ခံနိုင်တယ်ဆိုတဲ့အချက်ပါဝင်ပေမဲ့ မတ်လ ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့အချိန်မှာ အဆောက်အဦတစ်ခုလုံး မြေပေါ်ကို ပြားပြား၀ပ် ပြိုကျခဲ့တာကြောင့် လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။

    အခန်းပိုင်ရှင်တွေဟာ အခုချိန်အထိ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

    NTL Construction Company ဘက်က ငလျင်ကြောင့် သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို ကျပ်သိန်း ၁၀၀ စီ ကရုဏာကြေးဆိုပြီး ပေးအပ်ခဲ့တာတွေရှိခဲ့တယ်လို့ အခန်းပိုင်ရှင်တွေက ပြောပါတယ်။

    ကုမ္ပဏီက နစ်နာသူတွေအတွက် နဂိုမူလ တိုက်ခန်းအကျယ်အတိုင်း ပြန်ဆောက်ပေးမှာဖြစ်ပြီး တိုက်ခန်းပိုင်ရှင်တွေဘက်ကလည်း အချိုးကျကုန်ကျစရိတ် ထည့်ဝင်ရမှာဖြစ်တယ်လို့ NTL ကုမ္ပဏီ တာဝန်ရှိသူက ဘီဘီစီကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်က ဖြေကြားထားပါတယ်။

    အခန်းပိုင်ရှင်တွေကတော့ တိုက်ခန်းပြန်ဆောက်ပေးမှာကို မလိုလားဘဲ လုံလောက်တဲ့ လျော်ကြေးပေးဖို့ ကိုသာ အများစုက လိုလားနေကြတယ်လို့ ဘီဘီစီကိုပြောပါတယ်။

  3. မင်္ဂလာပါ။ ဇူလိုင် ၁၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။