ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အပူမြင့်ပြီး ရေရှားမယ့်အယ်လ်နီညိုဒဏ်ကို မြန်မာခံရနိုင်

အပူချိန်မြင့်ပြီး ရေရှားပါးမယ့် အယ်လ်နီညိုဒဏ်ကို လာမယ့် ၅ လအတွင်း မြန်မာခံရနိုင်တယ်လို့ မိုးဇလပြောတဲ့သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်စခန်းကို စစ်တပ်ဗုံးကြဲလို့ လူ ၆ ဦးသေဆုံး၊ ၇ ဦးပြင်းထန်ဒဏ်ရာရ
  • မြိုင်မှာ ရွာသားတစ်ဦးမှိုရှာရင်း ၂၀၂၃ ခုနှစ်က အစုလိုက်အပြုံလိုက်သတ်ခံခဲ့ရသူတွေရဲ့ အရိုးစုတွေတွေ့
  • အယ်လ်နီညိုကြောင့် လျှပ်စစ်မီးပေးတာ အလှည့်ကျစနစ်ပြောင်း
  • အမေရိကန်ဟာ ဗြိတိန်က RAF ဖဲဖော့ဒ် လေတပ်စခန်းမှာ ထားရှိတဲ့ သူ့ရဲ့ ဗုံးကြဲလေယာဉ်တွေကို ပြည်တွင်းကို ပြန်ရွှေ့ပြောင်း
  • ဂျာမနီ ၀န်ကြီးချုပ် ကိယက်ဗ်မြို့ကို ရောက်နေချိန်မှာပဲ ရုရှားက ကိယက်ဗ်က မြစ်ကူးတံတားကြီးတွေကို ဒရုန်းနဲ့ ဆက်တိုက် တိုက်ခိုက်
  • နောက်ငါးလအတွင်း စူပါအယ်လ်နီညိုရာသီဥတုဒဏ် မြန်မာခံစားရမယ်လို့ မိုးဇလ ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အောက်တိုဘာလ ၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

  2. မိုင် ၆၀ ကျော်ရှည်တဲ့လောင်းလုံးတောင်တန်းမှာမြေပြိုမှုတွေဘာကြောင့်ဖြစ်

    တနင်္သာရီတိုင်းထဲက မိုင်ပေါင်း ၆၀ ကျော်ရှည်လျားတဲ့လောင်းလုံးတောင်တန်းကြီးဟာ ကပ္ပလီပင်လယ်နဲ့ ထားဝယ်ဒေသကို အလယ်ကနေ ကာဆီးထားပါတယ်။

    ပင်လယ်ကနေ ၀င်လာမယ့် မိုးလေနဲ့ ဘဘာ၀ဘေးဒဏ်ကို ထား၀ယ်သူ ထား၀ယ်သားတွေ စိတ်သက်သာရာရခဲ့တာကလည်း ဒီတောင်တန်းကြီးကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတောင်တန်းကြီးဟာ နှစ် ၈၀ အတွင်း အမြင့်ဆုံးရွာခဲ့တဲ့မိုးရေချိန်ရဲ့ဒဏ်ကိုတော့ တောင့်မခံနိုင်ခဲ့ပါဘူး။

    နောက်ဆက်တွဲကတော့ တောင်မြေတွေ ရုတ်တရက်ပြိုကျပြီး တောင်ခြေကျေးရွာတွေက နေအိမ်တွေကို ဖုံးလွှမ်းခဲ့ပါတယ်။

    ထား၀ယ်ဒေသမှာ တောင်ကျရေနဲ့ တောင်မြေတွေ ရုတ်တရက် စီးဆင်း ပြိုကျမှုအတွင်း သေဆုံးသူလည်း ၃၀ ကျော်အထိ ရှိနေပါတယ်။

    လောင်းလုံးတောင်တန်းကြီးတလျှောက်မှာ လူဆယ်ချီသေဆုံးတဲ့ အခုလိုမြေပြိုမှုတွေ ဘာကြောင့် ဖြစ်ခဲ့တာလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။

  3. ပုဏ္ဏားကျွန်းက စစ်ရှောင်စခန်း ဗုံးကြဲခံရမှု ထိခိုက်သေဆုံးသူရှိ

    ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ရှောင်စခန်းကို စစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ လူ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရတဲ့အကြောင်း မြေပြင်အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

    စစ်တပ် ဗုံးကြဲခဲ့တဲ့နေရာဟာ ပန်းနီလာ စစ်ရှောင်စခန်းဖြစ်ပြီး ဒီနေ့ မနက် ၉ နာရီကျော် ခန့်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ မြေပြင်မှာ ကယ်ဆယ်ရေးလုပ်တဲ့ ပုဏ္ဏားကျွန်း လူငယ်အဖွဲ့က ပြောပါတယ်။

    ကူညီပေးနေတဲ့ လူငယ်အဖွဲ့ကတော့ စစ်ရှောင်တွေဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတာကြောင့် တတ်နိုင်တဲ့ဘက်က ၀ိုင်း၀န်းကူညီကြဖို့လည်း ကယ်ဆယ်ရေးအဖွဲ့က နှိုးဆော်ပါတယ်။

    တစ်ချိန်တည်းမှာပဲ အခုဗုံးကြဲခံရမှုဟာ ရခိုင်ပြည်နယ်ထဲ အေအေ ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ရှောင်စခန်းကို ၂၄ နာရီအတွင်း စစ်တပ်ဗုံးကြဲလို့ လူသေဆုံးတဲ့ ဒုတိယမြောက် ဖြစ်စဉ်ဖြစ်ပါတယ်။

    စစ်တပ်ဟာ မနေ့ ညနေပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဗျာလ စစ်ရှောင်စခန်းကို မနေ့ညနေပိုင်းမှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် လူ ၆ ဦးသေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (အေအေ) က ထုတ်ပြန်ပါတယ်။

  4. လာမယ့် ၅ လအတွင်း စူပါအယ်လ်နီညိုရာသီဥတုဒဏ် မြန်မာခံစားရမယ် - မိုးဇလ

    မြန်မာဟာ လာမယ့် ငါးလအတွင်း ပိုပြီးပြင်းထန်နိုင်တဲ့ စူပါအယ်လ်နီညိုရာသီဥတု ရဲ့ သက်ရောက်မှုကို ခံစားရနိုင်တယ်လို့ နေပြည်တော် မိုးလဝေသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကို ပြောပါတယ်။

    “ဒီနှစ်အယ်လ်နီညိုဟာ ၁၉၈၂၊ ၁၉၈၃၊ ၁၉၉၇၊ ၁၉၉၈၊ ၂၀၁၅၊ ၂၀၁၆ လိုပဲ အခုလက်ရှိမှာ အားအလွန်ကောင်းတဲ့ အယ်လ်နီညိုအဆင့်ကိုရောက်နေတယ်။ အယ်လ်နီညိုဖြစ်ဖြစ်ချင်းတော့ ကျွန်တော်တို့နိုင်ငံကို မသက်ရောက်ဘူး။ အားအကောင်းဆုံးကာလတွေဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ကနေ ဖေဖော်ဝါရီပြီးရင် နွေကာလတွေမှာတော့ သူ့ရဲ့ သက်ရောက်မှုတွေကို ပိုပြီးခံစားရနိုင်တဲ့ အနေအထားရှိပါတယ်” လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

    လက်ရှိ အီကွေတာအနီးက အပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်ဟာ အခုကတည်း သာမန်အပူချိန်ထက်ကို ၂ ဒသမ ၄ စင်တီဂရိတ်အထိကို ရောက်နေပြီး နောက်လပိုင်းတွေမှာ ၃ စင်တီဂရိတ်အထိ ကျော်လွန်လာနိုင် တယ်လို့သူကပြောပါတယ်။

    ဒါရင်အရင်အားကောင်းခဲ့တဲ့ အယ်လ်နီညိုစံနှုန်းတွေကို မှီလာတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    အာရှမှာ အယ်လ်နီညိုရာသီဥတုဒဏ်အများဆုံးသက်ရောက်မှုရှိနိုင်တဲ့နေရာတွေဟာ အင်ဒိုနီးရှား၊ ထိုင်း၊ ဩစတေးလျ၊ ဂျပန်၊ အိန္ဒိယတို့ ဖြစ်တယ်လို့ အမေရိကန်မိုးဇလက ခန့်မှန်းထားပြီး ဒီနိုင်ငံတွေဟာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်နေလို့ သက်ရောက်မှုရှိနိုင်တယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

    အယ်လ်နီညိုရာသီဥတုရဲ့ သက်ရောက်မှုကို အပူပိုင်းဒေသတွေဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးက ပိုပြီးခံရနိုင်တယ်လို့ သတိပေးထားပါတယ်။

    မိုးဇလဌာနဟာ အယ်လ်နီညိုရာသီဥတု အခြေအနေကို မေလ ၁၁ ရက် က စလို့ ၁၀ ရက်တစ်ခါ ထုတ်ပြန်ကြေညာပေးနေတယ်လို့ ဆိုပါတယ်။

    ဒီရာသီဥတုကြောင့် အများဆုံးထိခိုက်နိုင်တဲ့ စိုက်ပျိုးရေး နဲ့ ငါးဖမ်းလုပ်ငန်းတွေအတွက် သတိပေးချက်တွေကို လည်း ဝန်ကြီးဌာနတွေဆီ ပေးပို့ထားတယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

    မြန်မာပြည်သူ၊ ပြည်သားတွေအနေနဲ့တော့ အရိပ်ရတဲ့နေရာမှာနေဖို့၊ မလိုအပ်ပဲအပြင်မသွားဖို့၊ လေဝင်လေထွက်ကောင်းအောင်လုပ်ဖို့ နဲ့ သုံးရေတွေကို စနစ်တကျသိမ်းဆည်းထားဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။

  5. ရန်ကုန်က အဆင့်မြင့်ကွန်ဒို၊ စသုံးလုံးနဲ့ သော့မရသေးတဲ့၀ယ်သူတွေ

    ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်မှာ တည်ဆောက်နေဆဲ The Central တန်ဖိုးမြင့်ကွန်ဒိုစီမံကိန်း အချိန်မီ မပြီးတာကြောင့် ကြိုတင်ဝယ်ယူထားတဲ့အခန်းပိုင်ရှင်တွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ အငြင်းပွားပြီး ရက်ပိုင်းအကြာမှာပဲ စ သုံးလုံးက စစ်ဆေးနေပြီလို့ အခန်း၀ယ်ထားကြသူ အသိုင်းအ၀ိုင်းဆီကနေ သိရပါတယ်။

    The Central ကွန်ဒိုစီမံကိန်းကို Marga Landmark Development ကုမ္ပဏီလိမီတက်က ဆောင်ရွက်တာဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းတချို့နဲ့ အခန်းပိုင်ရှင် ၅ ဦးထက်မနည်းကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စ သုံးလုံး) ကနေ မနေ့တုန်းက စစ်ဆေးမှုတွေ စတင်တယ်လို့ ပြောကြပါတယ်။

    ဒါပေမဲ့ အခန်း၀ယ်ထားသူတွေအပြောအရ သတ်မှတ်ချိန်အတွင်း အခန်းသော့ မရတာ The Central စီမံကိန်းတစ်ခုတည်းမဟုတ်ပါဘူး။

    ရန်ကုန်မြို့၊ အလုံမြို့နယ်ထဲက The Park အိမ်ရာစီမံကိန်းမှာလည်းဖြစ်နေပါတယ်။

    အခန်း၀ယ်ထားသူတွေ ဘာပြောလဲ၊ ဆောက်လုပ်နေတဲ့ကုမ္ပဏီဘက်က ဘယ်လိုစာထုတ်လဲဆိုတာအပြင် စ သုံးလုံးပါ ၀င်ရောက် စစ်ဆေးလာတဲ့အခြေအနေတွေကို ဒီလင့်ခ် ကနေ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

  6. ဗြိတိန်လေတပ်မှာ ထားတဲ့ဗုံးကြဲလေယာဉ်တွေကို အမေရိကန် ပြောင်းရွှေ့

    အမေရိကန်ဟာ ဗြိတိန်နိုင်ငံက RAF (ဖဲဖော့ဒ်) လေတပ်အခြေစိုက်စခန်းမှာ ရှိနေတဲ့ သူ့ရဲ့ဗုံးကြဲလေယာဉ် အားလုံးကို နေရာရွှေ့လိုက်ပြီဖြစ်ပါတယ်။

    အဲဒီဖြစ်ရပ်မတိုင်ခင်တုန်းကတော့ ဒီလေတပ်စခန်းဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတဲ့ဖြစ်ရပ်တစ်ခုရဲ့ဗဟိုချက်လည်းဖြစ်ခဲ့ပါတယ်။

    အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးရဲ့ထုတ်ပြန်ချက်အရ RAF ဖဲဖော့ဒ်မှာရှိနေတဲ့ B-1 ဗုံးကြဲလေယာဉ် ၁၂ စင်းခန့်ကို အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မူလအခြေစိုက်စခန်းတွေကို ပြန်လည် ပြောင်းရွှေ့လိုက်တာလို့ ဆိုပါတယ်။

    လေယာဉ်တွေကို ဘာကြောင့် အခုလို ပြန်ရွှေ့တယ်ဆိုတာကိုတော့ အမေရိကန်ဘက်က မပြောပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်တုန်းက အဲဒီလေဆိပ်အနီးနားမှာ ''မသင်္ကာဖွယ် ယာဉ် ၂ စီး'' ကို တွေ့ရတယ်လို့ ရဲကို သတင်းပေးမှု ထွက်ပေါ် အပြီးမှာ အခု အခြေအနေ ဖြစ်လာတာပါ။

    လေတပ်အနီးမှာတွေ့ခဲ့တဲ့ အမျိုးသား ၅ ဦးကို အကြမ်းဖက်မှုဆိုင်ရာစွဲချက် သံသယနဲ့ အစောပိုင်းမှာ ဖမ်းဆီးခဲ့ပေမဲ့ နောက်ပိုင်းမှာ အာမခံနဲ့ပြန်လွှတ်ခဲ့ပါတယ်။ နောက် ၆ ယောက်မြောက် အမျိုးသားဖြစ်တဲ့ ဗြိတိန်- အီရန်နွယ်ဖွားတစ်ဦးကိုလည်း နောက်ပိုင်းမှာ ဖမ်းခဲ့ပေမဲ့ အာမခံနဲ့ ပြန်လွှတ်ခဲ့တာလည်း ရှိပါတယ်။

    ဗြိတိန်အစိုးရအတွင်းပိုင်းသတင်းရင်းမြစ်တွေကတော့ ဝါရှင်တန်ရဲ့ အခုဆုံးဖြတ်ချက်ဟာ RAF ဖဲဖော့ဒ် လေတပ်စခန်းက ဖြစ်ရပ်နဲ့ဆက်စပ်နေတယ်ဆိုတဲ့အချက်ကို မငြင်းဆိုထားပါဘူး။

    ဘီဘီစီ သိရှိရတဲ့သတင်းအရလည်း ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ မဟုတ်ဘဲ စစ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုအဆင့်မှာ ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး အမေရိကန် စစ်တပ်က ဗြိတိန်စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေကို တိုက်ရိုက် အသိပေးခဲ့တာလို့ ဆိုပါတယ်။

    ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီကိစ္စအပေါ် မှတ်ချက်တစ်စုံတစ်ရာ မပေးသေးပါဘူး။

    လေယာဉ်လှုပ်ရှားမှု စောင့်ကြည့်တဲ့ဝက်ဘ်ဆိုက်တွေရဲ့အချက်အလက်တွေအရ B-1 ဗုံးကြဲလေယာဉ်တွေဟာ တနင်္ဂနွေနေ့မှာ RAF ဖဲဖော့ဒ် လေတပ်စခန်းကနေ ထွက်ခွာပျံသန်းသွားတာကို တွေ့မြင်ခဲ့ရပါတယ်။

  7. ကိယက်ဗ်မြို့ကို ရုရှား ၄ ရက်ဆက်တိုက် ဒရုန်းနဲ့တိုက်ခိုက်

    ရုရှားက ယူကရိန်းမြို့တော် ကိယက်ဗ်မှာရှိတဲ့တံတားကြီးတွေကို ဒရုန်းတွေနဲ့တိုက်ခိုက်နေတာ လေးရက်ဆက်တိုက် ဖြစ်လာပါတယ်။

    မော်စကိုဟာ မြို့တော်ကိယက်ဗ်ရဲ့အရေးကြီးအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု အရှိန်မြှင့်လာချိန်မှာပဲ အခုလို ဒရုန်းတိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာပါ။

    ရုရှားက တနင်္ဂနွေနေ့မနက်ပိုင်းမှာ ပီနီးဆား(မြောက်ပိုင်း) တံတားကို ဒုတိယနေ့ဆက်တိုက် ထပ်မံတိုက်ခိုက်ခဲ့ရာ လူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီမတိုင်ခင် သီတင်းပတ်အစောပိုင်းမှာလည်း ပီနီးဆား(တောင်ပိုင်း) တံတားကို အကြိမ်ကြိမ်ဒရုန်းထိခဲ့ပါတယ်။

    အခုနောက်ဆုံးတိုက်ခိုက်မှုကတော့ ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်ခ် မာ့ဇ်တစ်ယောက် ယူကရိန်းကို ထောက်ခံကြောင်း ပြသဖို့ ကိယက်ဗ်မြို့ကို ရုတ်တရက်သွားရောက်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

    ရုရှားစစ်တပ်ကတော့ ကိယက်ဗ်နဲ့ အခြားယူကရိန်းဒေသတွေကို ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ပြောထားပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ပို့ဆောင်ရာမှာသုံးတဲ့အဲဒီတံတားနှစ်စင်းကို တိုက်ခိုက်ခဲ့တာ သူတို့လက်ချက်လို့လည်း ရုရှားဘက်က အစောပိုင်းမှာ ထုတ်ပြောထားပါတယ်။

    တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကို ဘီဘီစီက စစ်ဆေးအတည်ပြုထားတဲ့ရုပ်သံ မှတ်တမ်းမှာ ပီနီးဆား(မြောက်ပိုင်း) တံတားပေါ်မှာ ကားတွေ ပုံမှန်သွားလာနေတုန်း ဒရုန်းတစ်စင်းက တံတားကို ထိမှန်ခဲ့ရောက်ပြီးတဲ့နောက် ပေါက်ကွဲမှုဖြစ်ပြီး မီးလုံးကြီးတစ်ခု ထွက်ပေါ်လာသည်ကို တွေ့ရပါတယ်။

    ပေါက်ကွဲမှုအပြီး တံတားအထက်ပိုင်းမှာ မီးခိုးလုံးမည်းမည်းကြီးတွေ ကောင်းကင်ပေါ် ထိုးတက်လာတာကိုလည်း ရုပ်သံမှာ မြင်ရပါတယ်။

    လူမှုကွန်ရက်တွေမှာ ပျံ့ခဲ့တဲ့ တခြား ဗီဒီယိုနဲ့ ဓာတ်ပုံတွေမှာလည်း တံတားရဲ့ ယာဉ်သွားလမ်းကြောတစ်ခု အလယ်ပိုင်းမှာ ပေါက်ကွဲမှုကြောင့်ဖြစ်တဲ့ အပေါက်ကြီးတစ်ခုကို တွေ့ရပါတယ်။

    ကိယက်ဗ်မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ ဒနီပရိုမြစ်ပေါ်မှာ တံတား ၈ စင်းရှိပြီး မြို့ရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက်ကို ဆက်သွယ်ပေးထားပါတယ်။ မြို့တော်မှာ နေထိုင်တဲ့ လူဦးရေ ၃ သန်းခန့်ထဲက အများစုဟာ မြို့တစ်ဖက်ကနေ တစ်ဖက်ကို သွားလာဖို့ မက်ထရိုရထားနဲ့ ရထားလိုင်းတွေကို အဓိက အားထားအသုံးပြုကြပါတယ်။

    ဒီတံတားတွေကို နေ့စဉ် ယာဉ်အစီးရေ ၅ သိန်းလောက် အသုံးပြုနေကြပါတယ်။

    တိုက်ခိုက်ခံရတဲ့တံတားနှစ်စင်းဟာ အခုထိ မပြိုကျသေးပေမဲ့ ပျက်စီးမှုတွေနဲ့ ယာဉ်အသွားအလာ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် မြို့တော်ရဲ့တချို့နေရာတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေပါတယ်။

    ကိယက်ဗ်မြို့ခံ ရိုမန်ကတော့ “မြစ်ရဲ့တစ်ဖက်ကမ်းကို သွားပြီး ပြန်လာတာ တကယ့်ကို ဒုက္ခရောက်စရာပါပဲ” လို့ ဘီဘီစီကို ပြောပါတယ်။

    အထူးသဖြင့် အလုပ်လုပ်ရက်တွေမှာ မြစ်ကို ဖြတ်ပြီး သွားလာတဲ့ ခရီးသည်အရေအတွက် အလွန်များပါတယ်။ ပြုပြင်ရေးအဖွဲ့တွေက ပျက်စီးသွားတဲ့နေရာတွေကို အမြန်ဆုံး ပြင်ဆင်နေကြပါတယ်။

    အာဏာပိုင်တွေကလည်း ကိယက်ဗ်မြို့ ဆက်သွယ်ရေးမပြတ်တောက်စေဖို့ ယာယီတံတားတွေ၊ ကြိုပို့ ကူးတို့ သင်္ဘောပြေးဆွဲတာတွေနဲ့ မြစ်အောက် ဥမင်လမ်းတောင် ဖောက်လုပ်နိုင်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

    ကိယက်ဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ချကိုကလည်း နောက်ထပ် ရုရှားဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့် အပူပေးစနစ် ပိုက်လိုင်းတစ်ခု ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။ အဲဒါကြောင့် မြို့ရဲ့အရှေ့မြောက်ပိုင်း ဒန်နီယန်းစကီး ခရိုင်မှာ ရေနွေးဝန်ဆောင်မှု ခဏတာ ပြတ်တောက်နေနိုင်တယ်လို့လည်း ဆိုပါတယ်။

    ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်စကီ ကတော့ တနင်္ဂနွေမနက်ပိုင်းမှာ ရုရှားဒရုန်းတွေဟာ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆုမီဒေသက ဂိုဒေါင်တစ်ခုကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ပြောပြီး အဲဒီတိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း ပြောပါတယ်။

  8. အယ်လ်နီညိုကြောင့် လျှပ်စစ်မီးပေးတာ အလှည့်ကျစနစ်ပြောင်း

    ပြင်းထန် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မြန်မာမှာ အပူချိန်မြင့်လာပြီး ဓာတ်အား ပိုသုံးလာတာလည်း မြင့်လာတာကြောင့် လျှပ်စစ်မီးပေးတာကို ဒီနေ့ကစလို့ အလှည့်ကျစနစ်နဲ့ ပေးသွားမယ်လို့ နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကြေညာပါတယ်။

    ရန်ကုန်မြို့မှာ အုပ်စု အေ နဲ့ ဘီ ခွဲပြီး လေးနာရီခြားတစ်ခါ အလှည့်ကျစနစ်နဲ့ ပေးသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC) ကလည်း ကြေညာထားပါတယ်။

    “ ဗဟန်းဘက်မှာတော့ မီးပျက်နေပါတယ်။ ရာသီဥတုကတော့ အရမ်းပူပါတယ်” လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

    မုတ်သုံလေ ဆုတ်ခွာသွားပြီး အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန်မြင့်တက်လာတဲ့အချိန် ပြည်တွင်းမှာ ဓာတ်အား ပိုသုံးလာသလို ဓာတ်အားလိုအပ်ချက်လည်းပိုပြီး မြင့်မားလာတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

    ဒီရာသီဥတုကြောင့် အပူချိန်ပိုမြင့်လာလို့ ပြည်တွင်းမှာ ဓာတ်အား ထုတ်လုပ်မှုနဲ့ သုံးစွဲမှု အချိုး မညီရင် ဓာတ်အားထုတ်စက်တွေ ရုတ်တရတ်ရပ်တန့်တာနဲ့ မဟာဓာတ်အားလိုင်းအပြစ်ဖြစ်ပေါ်ပြီး တစ်နိုင်ငံလုံး ဓာတ်အားစနစ်ပြတ်တောက်မှု (System Breakdown) ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

    ဒါ့ကြောင့် ဓာတ်အားထုတ်လုပ်မှုနဲ့သုံးစွဲမှုကို အချိုးညီစေဖို့ ဝန်အားထိန်းညှိဖြန့်ဖြူးမှုကို လည်း အနည်းဆုံးပမာဏနဲ့ ဆောင်ရွက်သွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

    ဒီဝန်အားထိန်းညှိမှုဟာ တချို့မြို့တွေမှာပဲ သီးခြားလုပ်သွားမလား ဒါမှမဟုတ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်မှာလားဆိုတာတော့ အတိအကျ မဖော်ပြထားပါဘူး။

    နေပြည်တော်ကတော့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဖို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားစီမံကိန်းနဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ဆက်လုပ်မယ်လို့လည်း ဆိုပါတယ်။

    ဒါပေမဲ့ ဆောင်းနဲ့ နွေ မရောက်ခင်မှာပဲ အခုလိုအလှည့်ကျ ဓာတ်အားပေးမယ်ဆိုတဲ့သတင်းကို ရန်ကုန်မြို့ခံအချို့က လှုမှုကွန်ရက်မှာ အမြင်သဘောထားကို ၀ေဖန်ပြောဆို ရေးသားတွေလည်း ရှိနေပါတယ်။

  9. ရခိုင်ပြည်မှာ မနေချင်လို့ ခိုးထွက်ကြသူတွေ

    အာရက္ခတပ်တော် (အေအေ) က မြို့နယ်အများစုကို ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ဆက်စပ်တဲ့ အ၀င်အထွက်တိုင်းတွေကို စစ်တပ်က ကုန်စည်နဲ့ ထောက်ပို့လမ်းကြောင်း ဖြတ်တောက် ပိတ်ဆို့နေသလို လေကြောင်းတိုက်ခိုက်တာတွေလည်း ပြုလုပ်နေပါတယ်။

    နှစ်နဲ့ချီ ဖြတ်တောက်ပိတ်ဆို့ခံထားရတဲ့ ရခိုင်ဒေသခံတွေဟာ လူမှုစီးပွားအကျပ်အတည်းကြောင့် ရခိုင်ပြည်နယ်ထဲကနေ ထွက်ခွာဖို့ နည်းလမ်းပေါင်းစုံ သုံးလာနေကြပါတယ်။

    ဒီလိုထွက်ခွာကြတဲ့အခါ ပြည်မကြီးကိုရောက်ဖို့ စစ်တပ်ရော၊ အေအေ အာဏာပိုင်အဖွဲ့တွေမှာ အဖမ်းမခံရအောင် တောတောင်တွေကြားကနေ ဒေသခံတွေ ခိုးထွက်ရပါတယ်။

    သူတို့အကြောင်း ဒီဆောင်းပါးမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  10. မြိုင်မှာ အစုလိုက်အပြုံလိုက် မြေမြှုပ်ထားတဲ့လူ ၁၂ ဦး အရိုးစုတွေတွေ့

    စစ်တပ်ရဲ့ဖမ်းဆီးတာခံရပြီး ၃ နှစ်ကြာ ပျောက်ဆုံးနေတဲ့ ဒေသခံ ၁၂ ဦးကို အရိုးစုတွေအဖြစ် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာမှာတွေ့ရှိခဲ့တယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း - မြိုင်က အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

    အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်းကတော့ ဒီလူ ၁၂ ဦးကို စစ်တပ်က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်မှာ မြိုင်မြို့နယ်၊ အမှတ် ၂ တပ်မတော်အကြီးစားစက်ရုံ(စက်မှု - ၂) ကနေ ဝဲတူး (Well – 2) ရေနံမြေဘက်ကို စစ်ကြောင်းထိုးရင် ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ပြောပါတယ်။

    အရိုးစုတွေနဲ့အတူ သူတို့တွေ့ရှိခဲ့တဲ့ မှတ်စု၊ စာအုပ်တွေကို အခြေခံပြီး အဲဒီအဖွဲ့က အခုလိုပြောတာဖြစ်ပါတယ်။

    ၂၀၂၄ ခုနှစ်က ဝက်ပုတ်ရွာကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ပြီးတဲ့နောက် ရွာထဲမှာ ဒီလူ ၁၂ ဦးရဲ့အလောင်းတွေကို မြှုပ်ထားနိုင်မယ့် နေရာတွေကို လိုက်လံရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

    ဖြစ်စဉ်ဖြစ်ပြီး ၃ နှစ်ကျော်အကြာမှာတော့ ရွာသားတစ်ဦးက ဒီ၁၂ ဦးရဲ့ အရိုးစုတွေကို မှိုရှာရင်းတွေ့ခဲ့တာပါ။

    ဒီစစ်ကြောင်းဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်၊ မနက် ၅ နာရီခွဲမှာ ‌စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက်က ရွာတွေဖြစ်တဲ့ ဂွေးကုန်းရွာက ပြည်သူ ၉ ဦး၊ မကျီးကုန်းရွာက ပြည်သူ တစ်ဦး၊ သံချောင်းရွာက ပြည်သူတစ်ဦး၊ မကျည်းကန်ရွာက ပြည်သူတစ်ဦး စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

    ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်၊ မနက် ၁၀ နာရီ ၁၀ မိနစ်အချိန်မှာ အဲဒီ လူ ၁၂ ဦးကို ကြိုးတုတ်ပြီး ပစ်သတ်ခဲ့တာလို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်းက သူတို့တွေ့ရှိခဲ့တဲ့ စာရွက်စာတမ်တွေကို ကိုးကားပြီး ပြောပါတယ်။

    အညာမြေအရပ်ဘက်အဖွဲ့ကတော့ ဒီလူတွေဟာ အစုလိုက်အပြုံလိုက် အသတ်ခံရပြီးနောက်မှာ အခုလို မြေမြှုပ်ခံရတာလို့ ပြောပေမဲ့ ဒီအချက်ကို ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

    သတ်ဖြတ်ခံခဲ့ရသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ အညာမြေအရပ်ဘက်အဖွဲ့အစည်းဘက်က ပြောပါတယ်။

    ဒီအဖွဲ့က ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေမှာ လောက်လေးခွတွေအပြင် သတ်ဖြတ်မှုမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ကြိုးတွေကိုလည်း တွေ့ရပါတယ်။

    နောက်ပြီး အလောင်းတွေနဲ့အတူတွေ့ခဲ့တဲ့ မှတ်ပုံတင်၊ ကျောင်းသားကဒ်၊ မွေးစာရင်းစာရွက်စာတမ်းအချက်အလက်တွေနဲ့ တိုက်စစ်ကြည့်တဲ့အခါ စစ်တပ်စစ်ကြောင်းထိုးခဲ့တဲ့ ဂွေးကုန်းရွာမှာ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်နေတာကို သိခဲ့ရတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

    ဒီရွာဟာ ပြည်သူ့စစ်အဖွဲ့ ဒေသခေါ် ပျူစောထီးအဖွဲ့လှုပ်ရှားတဲ့ ရွာဖြစ်တယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်းက ပြောပါတယ်။

    ဒီသတ်ဖြတ်မှုကိုလည်း ပျူစောထီးခေါင်းဆောင်နဲ့ ဝက်ပုတ်ရွာမှာ တာဝန်ကျနေတဲ့ စစ်တပ်ဗိုလ်တစ်ဦးတို့က ဦးဆောင်ခဲ့တာလို့ ဒီအဖွဲ့က စွပ်စွဲပြောဆိုပါတယ်။

    ဒါနဲ့ ပတ်သက်လို့ ဘီဘီစီ အနေနဲ့ သီးခြားအတည်ပြုလို့မရသေးပါဘူး။

  11. ရန်ကုန်က အဆင့်မြင့်ကွန်ဒိုစီမံကိန်း၊ စသုံးလုံးနဲ့ အခန်းသော့မရသေးတဲ့၀ယ်သူတွေ

    ရန်ကုန်မြို့က အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Marga Landmark Development Co., Ltd. ရဲ့ အရောင်းပြခန်းမှာ စကားသံတွေ မြင့်တက်လာပါတယ်။

    တိုက်ခန်းဝယ်ယူထားသူ အယောက် ၅၀ ဝန်းကျင်က အရောင်းကောင်တာရှေ့မှာ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းမှာ စုဝေးရောက်ရှိနေကြပြီး ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တိုက်ရိုက်တွေ့ခွင့်ရဖို့ တောင်းဆိုနေကြပါတယ်။

    အကြောင်းအရင်းကတော့ ဝယ်ယူထားတဲ့တိုက်ခန်းတွေရဲ့ လက်လွှဲချိန်ဟာ နှစ်နဲ့ချီ ကျော်နေပေမဲ့ လက်ဝယ်မရရှိကြသေးတာကြောင့်ပါ။

    ဒါပေမဲ့ ဝယ်ယူသူတွေကတော့ တစ်ယောက်ချင်းစီ မဟုတ်ဘဲ အားလုံးကို တစ်ပြိုင်နက်တည်း ရှင်းလင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

    ဒီပြဿနာ ဘယ်လိုစဖြစ်လာခဲ့သလဲ။ အခန်းပိုင်ရှင်တွေဘက်ကရော ဘာ‌တွေ‌‌တောင်းဆိုထားလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

  12. ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်စခန်း ဗုံးကြဲခံရမှု လူ ၆ ဦးသေဆုံး

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ရှောင်စခန်းကို စစ်တပ်က မနေ့ညနေပိုင်းမှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် လူ ၆ ဦးသေဆုံးပြီး ရခဲ့တယ်လို့ အာရက္ခတပ်တော် (အေအေ) က ထုတ်ပြန်ပါတယ်။

    အောက်တိုဘာ ၄ ရက် ညနေပိုင်းမှာ ဗုံးကြဲခံခဲ့ရတဲ့ စစ်ရှောင်စခန်းဟာ ပုဏ္ဏားကျွန်းမြို့နဲ့ ၇ မိုင်အကွာမှာရှိတဲ့ ယိုးငူရွာနဲ့ သရက်ချိုကျေးရွာ အကြားက ဗျာလ စစ်ဘေးရှောင်စခန်းဖြစ်တယ်လို့ဆိုပါတယ်။

    ဗုံးပြင်းအားကြောင့် ဘယ်သူ ဘယ်၀ါ အမည်မဖော်နိုင်လောက်တဲ့အထိ ပျက်စီးသွားတဲ့ ရုပ်အလောင်းတွေလည်း ရှိနေတာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆ ဦးထက် များလာနိုင်တယ်လို့လည်း အေအေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

    လက်ရှိမှာ ဗုံးပေါက်ကွဲကြောင့် ပြင်းထန်ဒဏ်ရာရရှိသူ ၇ ဦး ရှိတယ်လို့လည်း သတင်းရင်းမြစ်က ပြေပါတယ်။

    အေအေကတော့ စစ်တပ်ဟာ ဂျက်ဖိုက်တာလေယာဉ် ၂ စင်း နဲ့ ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

    ဒီတိုက်ခိုက်မှုကြောင့် နေအိမ်တွေ၊ ဈေးဆိုင်တွေလည်း ပျက်စီး မီးလောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

    အေအေက ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေထဲမှာ သေဆုံးသူရုပ်အလောင်းတွေဟာ မီးလောင်ကျွမ်းထားတာကြောင့် ဘယ်သူဘယ်ဝါဆိုတာတောင် ပုံမပေါ်တော့ပါဘူး။

    စစ်တပ်ဟာ အခုချိန်အထိ အပစ်ရပ်ဆွေးနွေးမှုတွေ မလုပ်သေးတဲ့ အာရက္ခတပ်တော် (အေအေ)ရဲ့ ထိန်းချုပ်ဒေသတွေကို စက်တင်ဘာလကစလို့ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ် ဆိုတာကို လေကြောင်းကင်းထောက်အဖွဲ့တွေနဲ့ အေအေ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    စက်တင်ဘာ ၂၈ ရက်ကလည်း လူသွားလူလာများတဲ့ ကျောက်တောင်မြို့က အိန္ဒိယဈေးကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် လူ ၄၉ ဦး အစုအလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

    အေအေကတော့ ဒီလို ကြီးမားတဲ့ရာဇဝတ်မှုမြောက်ပြီး အစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အမိန့်ပေးနေသူ၊ အမိန့်လိုက်နာသူ နဲ့ ပါဝင်ပတ်သက်သူအားလုံးကို ထိုက်တန်တဲ့တုံ့ပြန်မှု ပြုလုပ်သွားမယ်လို့ စာထုတ်ပါတယ်။

  13. မင်္ဂလာပါ။ အောက်တိုဘာ ၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။