မလေးရှားလုပ်ငန်းရှင်တွေ မြန်မာ့အထူးစီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဦးမင်းအောင်လှိုင်ထပ်ခေါ်, မလေးရှားစီးပွားရေးလုပ်ငန်းတွေက မြန်မာမှာရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုနည်း

ဓာတ်ပုံ ရင်းမြစ်, PPIB
မလေးရှားနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်တွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ဆိုပြီး နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်က ထပ်ပြောပါတယ်။
မနေ့ အောက်တိုဘာ ၇ ရက်ကလုပ်ခဲ့တဲ့ မလေးရှား- မြန်မာ စီးပွားရေးစကားဝိုင်းမှာ သူက အဲဒီလို ထပ်ပြောခဲ့တာပါ။ ဦးမင်းအောင်လှိုင်က သူ့ရဲ့ပြည်ပခရီးစဥ်တိုင်းမှာ သီလဝါ၊ ထားဝယ်နဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ အမြဲလိုပြောဆိုတာတွေ့ရပါတယ်။
ဒါ့အပြင် ရင်းနှီးမြှုပ်နှံသူတွေဟာ တည်ဆောက်ပြီးသား စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေမှာသာ ရင်းနှီးမြှုပ်နှံရမှာ မဟုတ်ဘဲ လုပ်ငန်းလိုအပ်ချက်နဲ့ တည်နေရာအားသာချက်တွေအပေါ် မူတည်ပြီး စွမ်းအင်နဲ့ စက်မှုစီမံကိန်းတွေကို ကိုယ်တိုင်အဆိုပြု တည်ထောင်အကောင်အထည်ဖော်နိုင်တယ်လို့ သူက ဆိုပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်ဟာ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အထူးစီးပွားရေးဇုန်ဖြစ်သလို ထားဝယ်နဲ့ ကျောက်ဖြူစီမံကိန်းတွေကလည်း အနာဂတ်မှာ မဟာဗျူဟာအရ အရေးပါလာမယ့်စီမံကိန်းတွေဖြစ်တယ်လို့ သူက မလေးရှားလုပ်ငန်းရှင်တွေကို ပြောပါတယ်။
မြေပြင်မှာတော့ ဦးမင်းအောင်လှိုင်လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားတဲ့ ဒီအထူးစီးပွားရေးဇုန် ၃ ခုထဲ သီလ၀ါကလွဲလို့ ကျောက်ဖြူနဲ့ ထား၀ယ်ဇုန် တ၀ိုက်မှာတော့ လက်နက်ကိုင် ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေ ဆက်ရှိနေပါတယ်။
ဦးမင်းအောင်လှိုင်ကတော့ အထူးစီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ စက်ရုံတည်ဆောက်တဲ့အဆင့်မှာပဲ ရပ်မနေဘဲ Industrial Cluster တွေ၊ Supplier Network တွေ၊ Logistics Hub တွေနဲ့ Export Processing Facilities တွေအထိ တိုးချဲ့ဖော်ဆောင်နိုင်တယ်လို့လည်း ဆိုပါတယ်။
ဒီလို Cluster-based Development ပုံစံနဲ့ ဆောင်ရွက်နိုင်မယ်ဆိုရင် မလေးရှားနဲ့ မြန်မာကုမ္ပဏီတွေကြား ရေရှည် Supply Chain ချိတ်ဆက်မှုတွေ ပိုမိုဖန်တီးနိုင်မယ်လို့ ထည့်ပြောပါတယ်။
မလေးရှား- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆၂ ဘီလျံရှိခဲ့သလို ဒီနှစ် ဩဂုတ်လအထိလည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၁ ဘီလျံကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ ရော်ဘာနဲ့ ကုန်ကြမ်းပစ္စည်းတွေအပြင် ချုပ်ပြီးအထည်တွေကို မလေးရှားနိုင်ငံကို တင်ပို့နေပြီး မလေးရှားနိုင်ငံကနေ စက်ဆီ၊ ချောဆီနဲ့ ရေနံထွက်ပစ္စည်းတွေ၊ စားအုန်းဆီ၊ စားသောက်ကုန်၊ စက်မှုကုန်ချော၊ အီလက်ထရောနစ်ပစ္စည်း၊ ပလတ်စတစ်ကုန်ကြမ်း၊ ဓာတုကုန်ကြမ်းနဲ့ ဆေးဝါးပစ္စည်းတွေကို မြန်မာနိုင်ငံက တင်သွင်းနေပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ မလေးရှားရဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၂ ခုရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ရှိတယ်လို့ သိရှိရပါတယ်။
မလေးရှားဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားတဲ့ နိုင်ငံတွေထဲမှာ အဆင့် ၉ ရှိတယ်လို့လည်း ဆိုပါတယ်။
တဖက်မှာတော့ ဒီလိုဖိတ် ခေါ်မှုတွေလုပ်နေပေမဲ့ မြန်မာနိုင်ငံတွင်းမှာ လျှပ်စစ်မီးမလုံလောက်တာ၊ နိုင်ငံတွင်းတည်ငြိမ်မှုမရှိတာ၊ သွင်းကုန်၊ ပို့ကုန်မူဝါဒတွေ တင်းကျပ်ထားတာ၊ အခြေခံအဆောက်အဦလိုအပ်ချက်တွေနဲ့ လမ်းပန်းဆက်သွယ်ရေး အားနည်းချက်တွေကြောင့် မလေးရှားလုပ်ငန်းရှင်တွေက မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှု မရှိသလောက်နည်းလာတယ်လို့ မလေးစီးပွားရေးသမားတွေနဲ့နီးစပ်တဲ့မြန်မာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
Cluster-based Development ဆိုတဲ့စီးပွားရေးလုပ်ငန်းတွေ၊ ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ ဆက်စပ်လုပ်ငန်းတွေကို တစ်နေရာတည်း ဒါမှမဟုတ် တစ်ဒေသတည်းမှာ စုစည်းပြီး ဖွံ့ဖြိုးအောင်လုပ်တဲ့ဖွံ့ဖြိုးရေးပုံစံကို ဦးမင်းအောင်လှိုင်က ပြောနေပေမဲ့ ဒါက မြန်မာအတွက် အခက်အခဲရှိနေတယ်လို့ ရှုမြင်ချက်တွေလည်းရှိနေပါတယ်။




