
ဓာတ်ပုံ ရင်းမြစ်, MOI
ဓာတ်ပုံ ပုံစာ, ဇူလိုင် ၂ ရက်၊ နေပြည်တော် သမ္မတအိမ်တော်ဧည့်ခန်းမမှာ တွေ့ဆုံခဲ့တဲ့ ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်နဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို နေပြည်တော်ကို မနေ့ကညနေပိုင်းမှာ အလုပ်သဘောလာရောက်ခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လည်ထွက်ခွာသွားပါတယ်။ လူကာရှန်ကိုဟာ ရုရှား၊ တရုတ်၊ အင်ဒိုနီးရှား ခရီးစဥ်တွေကတစ်ဆင့် နေပြည်တော်ကိုဝင်တာဖြစ်ပါတယ်။
ဒီခရီးစဥ်မှာ ဘယ်လာရုစ်သမ္မတက ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် နှစ်နိုင်ငံပူးတွဲဆောင်ရွက်မယ့် လုပ်ငန်းစီမံချက် (Joint Action Plan) ကို လက်တွေ့ အကောင်အထည်ဖော်မယ့်အစီအမံတွေကို ဆွေးနွေးတယ်လို့ နေပြည်တော်က ထုတ်ပြန်ပါတယ်။ဒီလုပ်ငန်းစီမံချက်အပြင် စက်မှု၊ စိုက်ပျိုးရေး၊ ဆေးဝါး၊ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်တွေကို ဆွေးနွေးတယ်လို့ နှစ်နိုင်ငံလုံးက ထုတ်ပြန်ကြေညာထားပါတယ်။
နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်ကလည်း နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်တာတွေကို ဆက်မြှင့်တင်ဆောင်ရွက်လိုတယ်လို့ ဘယ်လာရုစ်သမ္မတနဲ့ တွေ့ဆုံချိန်မှာပြောထားပါတယ်။ မြန်မာဘက်က ထုတ်ပြန်ချက်မှာ မမြင်ရတဲ့ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအချက်အလက် တချို့ကိုတော့ ဘယ်လာရုစ်ဘက်က သတင်းမှာ တွေ့ရပါတယ်။
ဘယ်လာရုစ် MTZ ထွန်စက်နဲ့ MAZ မော်တော်ကားတွေ မြန်မာမှာ တပ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြပါတယ်။ ဆေးဝါးထုတ်လုပ်ရေးနယ်ပယ်မှာလည်း အပြန်အလှန် တိုးချဲ့ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဘယ်လာရုစ်သတင်းမှာဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာ ဘယ်လာရုစ်နဲ့ မြန်မာ ကုန်သွယ်ရေးဟာ အရင်နှစ်ကထက် ၃ ဆ နီးပါး တိုးတက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၆ သန်းအထိရှိခဲ့ရာကနေ ၂၀၂၅ မှာတော့ အမေရိကန်ဒေါ်လာ ၁၅ သန်းကို ကျဆင်းခဲ့ပေမဲ့ ဒီနှစ်မှာတော့ ဘယ်လာရုစ်ကနေ ပို့ကုန်မှာ ပြန်မြင့်တက်လာတယ်လို့ ဆိုပါတယ်။
တဖက်မှာတော့ မြန်မာစစ်အုပ်စုကို တခြားနိုင်ငံတွေက စစ်လက်နက်ပစ္စည်းများ လွှဲပြောင်း ရောင်းချမှုမှာ ဘယ်လာရုစ်ရဲ့ ပါဝင်ပတ်သက်နေမှုတွေကို လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar ကလည်း ဖော်ထုတ်ထားပါတယ်။ စစ်ဘက်ရေးရာကျွမ်းကျင်သူတစ်ဦးကလည်း မြန်မာစစ်တပ်ဟာ ရုရှားထုတ်လက်နက်တွေကို ဘယ်လာရုစ်နေတဆင့်ခံဝယ်ယူလို့ရနေတာက နှစ်နိုင်ငံဆက်ဆံရေးသင့်မြတ်နေခြင်းရဲ့အဓိကအကြောင်းလို့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာမှာ ဘီဘီစီကို ပြောပါတယ်။
လူကာရှန်ကိုဟာ ၁၉၉၄ ရွေးကောက်ပွဲအနိုင်ရပြီးကတည်းက ဘယ်လာရုစ်သမ္မတနေရာက မဆင်းတော့တဲ့ အာဏာကို ဆယ်စုနှစ်သုံးခုတိုင် ချုပ်ကိုင်ထားနိုင်သူလည်း ဖြစ်ပါတယ်။