တိုက်ရိုက်ထုတ်လွှင့်မှု, ရွှေလီတစ်ဖက်ခြမ်း နမ့်ခမ်းမြို့က ပေါက်ကွဲမှုအလွန် လိုအပ်တာကူညီမယ်လို့ တရုတ်ပြော

တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းပေါက်ကွဲမှုဖြစ်စဉ်ထဲ သေဆုံးထိခိုက်ဒဏ်ရာရသူတွေထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်အယောက် ၃၀ ကျော်ပါဝင်တဲ့ သတင်းအပါအဝင် ဇွန် ၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်း ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

  • အခြေခံပညာအဆင့်မှာ ကျောင်းအပ်သူ အရေအတွက် မနှစ်ကထက် ၃ သိန်းကျော် တိုးလာ
  • နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ဒီနေ့ မနက်အစောပိုင်းမှာ ကွယ်လွန်
  • စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတွေလုပ်နေတဲ့ မြန်မာနဲ့ ရုရှားကြား သတင်းအချက်အလက် လုံခြုံရေး စင်တာ ပူးတွဲတည်ထောင်မယ်
  • နမ့်ခမ်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၄၃ ဦး အထိရှိပြီး အဲဒီထဲ အသက်မပြည့်သေးတဲ့ ကလေးငယ် ၇ ဦးပါဝင်
  • အပျက်အစီးတွေကြားထဲမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေရဆဲလို့ TNLA ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မကွေးဖက်ဒရယ်ယူနစ်က ယာယီစစ်ကြောင်းတွေ ဖွဲ့စည်းချိန် စစ်တပ်က မြိုင်ကို စစ်ကြောင်းထိုး

    စုဖွဲ့မှုထဲပါလာတဲ့ မကွေးထဲက LPDF တဖွဲ့ဖြစ်တဲ့ Earthquake People's Defense Force

    ဓာတ်ပုံ ရင်းမြစ်, Earthquake People's Defense Force

    ဓာတ်ပုံ ပုံစာ, စုဖွဲ့မှုထဲပါလာတဲ့ မကွေးထဲက LPDF တဖွဲ့ဖြစ်တဲ့ Earthquake People's Defense Force

    မကွေးတိုင်းထဲ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့ (LPDF) အဖွဲ့ပေါင်း ၂၀ ကျော်ပါဝင်တဲ့ ယာယီကာကွယ်ရေးစစ်ကြောင်းတွေကို မကွေးဖက်ဒရယ်ယူနစ် အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်မှာ စုဖွဲ့လိုက်ချိန်မှာပဲ မြိုင်မြို့နယ်ထဲကို စစ်တပ်က စစ်ကြောင်းထိုးနေပါတယ်။

    မကွေးယူနစ်အစိုးရကတော့ ဒေသအခြေပြု ကာကွယ်ရေးအဖွဲ့တွေစုပေါင်းပြီး ပခုက္ကူနဲ့ မင်းဘူးခရိုင်တို့မှာ စစ်ကြောင်း ၄ ခုဖွဲ့စည်းလိုက်တယ်လို့ မနေ့က သတင်းထုတ်ပါတယ်။

    လတ်တလော စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေကို ခုခံဖို့နဲ့ ပိုထိရောက်တဲ့စစ်ဆင်ရေးတွေ လုပ်နိုင်ဖို့ယာယီကာကွယ်ရေး စစ်ကြောင်းတွေကို LPDF ၂၁ ဖွဲ့နဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

    ပခုက္ကူခရိုင်ထဲမှာ စစ်ကြောင်း ၂ ခုနဲ့ မင်းဘူးခရိုင်ထဲမှာ စစ်ကြောင်း ၂ ခုဆိုပြီး ပြန်လည်စုဖွဲ့လိုက်တာဖြစ်ပါတယ်။

    ဒီလိုစုဖွဲ့လိုက်ချိန်မှာပဲ မြိုင်မြို့နယ်ထဲမှာ စစ်တပ် စစ်ကြောင်း ၂ ကြောင်းအထိ ဖြန့်ကြက်နေတယ်လို့ သိရပါတယ်။

    “မြိုင်ထဲမှာဆိုရင် စစ်ကြောင်း ၂ ကြောင်းတောင် ရှိနေပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာန (နမခ) ကနေလွှတ်လိုက်တဲ့ အသေခံဒရုန်းတွေနဲ့လည်း ဗုံးချတယ်” လို့ မြိုင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    မြိုင်မြို့နယ်၊ လက်ယက်မရွာကို စစ်တပ်က မနေ့ ဇွန် ၁ ရက် မနက်ပိုင်းမှာ အသေခံဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်လို့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြပါတယ်။

    စစ်တပ်သတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း မြိုင်ဒေသမှာ နှစ်ဖက် စစ်ရေးတင်းမာနေကြောင်း ဒီနေ့မနက်ပိုင်းမှာပဲ ဆက်တိုက်ရေးသား ဖော်ပြလာပါတယ်။

    မြိုင်က ထိတွေ့မှုတွေမှာ လက်ရှိဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ယူနစ်အစိုးရအောက်က စစ်ကြောင်းတွေ ပါဝင် တိုက်ခိုက်နေလားဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

    ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်အရ တော်လှန်ရေးကြားကာလမှာ တိုင်းဒေသကြီး သတ်မှတ်ချက်မရှိတော့ဘဲ ပြည်နယ် နဲ့ ဖက်ဒရယ်ယူနစ်ဆိုတဲ့ အခေါ်အဝေါ်သာရှိတော့မှာပါ။

    မကွေးဖက်ဒရယ်ယူနစ်မှာတော့ ကာကွယ်ရေးဝန်ကြီးအဖြစ် မြိုင်ပကဖခေါင်းဆောင် ဗိုလ်လက်ယာ က ဦးဆောင်နေပါတယ်။

    မကွေးက စစ်ရေးဆိုရင်လည်း ပခုက္ကူခရိုင်ထဲက မြစ်ခြေမြို့နယ်ထဲကို မေလကုန်ပိုင်းမှာပဲ စစ်တပ်က စစ်ကြောင်းဆက်တိုက်ထိုးခဲ့ပြီး ကျေးလက်တွေသာမက မြို့ပေါ်ကိုပါ ဝင်ရောက် မီးရှို့တာကြောင့် ဒေသခံသောင်းနဲ့ ချီ နေရပ်စွန့်ခွာနေရပါတယ်။

  2. ကျောင်းအပ်သူ ၃ သိန်း တိုးလာတယ်လို့ နေပြည်တော်ပြော

    ၂၀၁၆ ခုနှစ်က ကျောင်းဖွင့်ချိန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ်က ကျောင်းဖွင့်ချိန်

    အခု ပညာသင်နှစ်အတွက် အခြေခံပညာအဆင့်မှာ ကျောင်းအပ်သူ အရေအတွက်ဟာ မနှစ်ကထက် ၃ သိန်းကျော် တိုးလာတယ်လို့ နေပြည်တော်ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

    နေပြည်တော် ပညာရေးဝန်ကြီးဌာနအောက်က အခြေခံပညာကျောင်းတွေကို မနေ့ ဇွန်လ ၁ ရက်မှာ စတင် ဖွင့်လှစ်ချိန်မှာပဲ အခုကျောင်းသားအရေအတွက်ကို ထုတ်ပြန်လာတာဖြစ်ပါတယ်။

    အဲဒီထုတ်ပြန်ချက်အရ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပဲခူးတိုင်းအနောက်ပိုင်း၊ မကွေး၊ ဧရာဝတီနဲ့ နေပြည်တော်ကလွဲလို့ ကျန်တိုင်းနဲ့ပြ ည်နယ်တွေမှာ ကျောင်းအပ်နှံသူအရေအတွက် များလာတာကို တွေ့ရပါတယ်။

    စစ်ကိုင်းတိုင်းမှာဆိုရင် အခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ ၂ သိန်းကျော်ရှိပြီး မနှစ်ကထက် လူဦးရေ ၂ သောင်းကျော် တိုးလာပါတယ်။

    ၂၀၂၁ ခုနှစ်နောက်ပိုင်း ကျောင်းပညာရေး ပြတ်တောက်သွားခဲ့တဲ့ မူလတန်းနဲ့ အလယ်တန်းကျောင်းသားတွေကို အသက်အရွယ်အရရော ပညာအရည်အချင်းအရရော သင့်တော်တဲ့ အတန်း တက်ခွင့်ပေးမယ့်အစီအစဥ်ကို စတင်မယ်လို့ ပညာရေးဝန်ကြီးဌာနက မေလကုန်ပိုင်းမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီကျောင်းသားတွေအတွက် အတန်းအလိုက်အဆင့်သတ်မှတ်စမ်းသပ်ချက် (Placement Test) ပြန်လည် ဖြေဆိုပြီး ကျောင်းပြန်တက်ခွင့်ပေးမှာပါ။

    ဒါဟာ စစ်တပ်က နယ်မြေစိုးမိုးမှုတွေ ပြန်ရတာနဲ့ စစ်မက်ဖြစ်ပွားတဲ့အရပ်က ဒေသခံတွေဟာ မြို့ပြဆီ ပြောင်းရွှေ့နေထိုင်ကြတာကြောင့် အစိုးရစာသင်ကျောင်းတွေဆီ ကျောင်းပြန်အပ်လာတဲ့ကျောင်းသား အရေအတွက် များလာတာလို့ ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

    ဒါပေမဲ့ စစ်ကိုင်းတိုင်းထဲ တော်လှန်ရေးစိုးမိုးဒေသတွေထဲက တစ်ခုဖြစ်တဲ့ ပုလဲမြို့နယ်မှာတော့ အခုပညာသင်နှစ်အတွက် နေပြည်တော် ပညာရေးဝန်ကြီးဌာနအောက်က စာသင်ကျောင်းတွေမှာ ကျောင်းအပ်တဲ့မိဘတွေနဲ့ လိုက်လံစည်းရုံးသူတွေကို ဥပဒေအရ အရေးယူမယ်လို့ဆိုပြီး ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အခုရက်ပိုင်းမှာပဲ သတင်းထုတ်ပြန်လာပါတယ်။

    ဒီလိုထုတ်ပြန်ချက်အပေါ် ဝေဖန်မှုတွေလည်း ရှိနေပြီး ကျောင်းသားကျောင်းသူတိုင်း လွတ်လပ်စွာ ပညာသင်ယူခွင့်ရှိကြောင်း တော်လှန်ရေးအဖွဲ့တချို့ကပါ ထောက်ပြတာတွေရှိနေပါတယ်။

  3. ကင်ဂျုံအွန်းက သူ့မိခင်အကြောင်းကို ဘာကြောင့် မပြောတာလဲ

    ငယ်ရွယ်စဉ်က ကိုယုံဟွီ၊ ဘယ်ဘက်မှာ ကင်ဂျုံအွန်း၊ ညာဘက်မှာ ကင်ဂျုံအီတို့ကို တွေ့ရ
    ဓာတ်ပုံ ပုံစာ, ငယ်ရွယ်စဉ်က ကိုယုံဟွီ၊ ဘယ်ဘက်မှာ ကင်ဂျုံအွန်း၊ ညာဘက်မှာ ကင်ဂျုံအီတို့ကို တွေ့ရ

    ကင်ဂျုံအွန်းရဲ့အဘိုးနဲ့ အဖေတွေရဲ့မိခင်တွေဟာ ကြီးမြတ်တဲ့နေရာတွေ ရခဲ့ကြပါတယ်။ နိုင်ငံတည်ထောင်သူ ကင်အီဆွန်းရဲ့မိခင် ကန်ပန်ဆော့နဲ့ ကင်ဂျုံအီရဲ့ မိခင် ကင်ဂျုံဆုခ်တို့ဟာ "ကိုရီးယားရဲ့ မိခင်များ" အဖြစ် ဂုဏ်ပြုချီးမြှောက်ခံခဲ့ရပေမယ့် ကိုယုံဟွီကတော့ လူသိနည်းတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ ရှိနေပြီး သူ့နာမည်ကို ဂုဏ်ပြုပြီး အမည်ပေးထားတဲ့နေရာ ဒါမှမဟုတ် အဆောက်အဦလည်း မရှိပါဘူး။

    ကိုယုံဟွီနဲ့ပတ်သက်ပြီး အစိုးရဘက်က နှုတ်ဆိတ်နေတဲ့သဘောထားဟာ သူ့ရဲ့လူမှုရေးနောက်ခံကို အစွန်းအထင်းရှိတယ်လို့ ရှုမြင်ခံရတာနဲ့ ကင်ဂျုံအီရဲ့တရားဝင်ဇနီးမဟုတ်ဘဲ အတူနေအမျိုးသမီးတစ်ဦး ဖြစ်ခဲ့တာတို့နဲ့ ဆက်နွှယ်နေနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

    ဒီအချက်တွေဟာ မြောက်ကိုရီးယားအစိုးရ တည်ဆောက်ထားတဲ့ အုပ်ချုပ်ရေးဆိုင်ရာ တရားဝင်မှုနဲ့ အာဏာဆက်ခံမှုဇာတ်ကြောင်းကို ထိခိုက်စေနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  4. နိုင်ကျဉ်းဟောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်

    အင်းစိန်ထောင်က ပြန်လွတ်လာတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, အင်းစိန်ထောင်က ပြန်လွတ်လာတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး (ပုံဟောင်း)

    ကဗျာဆရာတစ်ဦးအဖြစ် လူသိများသလို နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ဒီနေ့ မနက်အစောပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

    ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ကွယ်လွန်တာလို့ နီးစပ်သူတွေက ပြောပေမဲ့ ဘယ်မှာ ကွယ်လွန်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြောဖို့ ငြင်းဆိုပါတယ်။

    ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်ရှိပြီလို့လည်း နီးစပ်သူတွေက ပြောပါတယ်။

    ကျန်းမာရေးကြောင့် ဖေ့ဘွတ်ခ် အသုံးပြုတာ ခဏဝေးနေတာဖြစ်ပြီး ဒီအခြေအနေကို သတိမထားမိကြဘူးလို့ မင်းထင်ကိုကိုကြီးက သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မေလလယ်ပိုင်းမှာ လူမှုကွန်ရက်ပေါ် ရေးတင်ခဲ့ပါတယ်။

    အဲဒီနောက် သီတင်းပတ်အနည်းငယ်အကြာမှာပဲ သူ ကွယ်လွန်တဲ့သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

    ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ၂၀၁၉ ခုနှစ်တုန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံခဲ့ရလို့ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

    ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ပုဒ်မ ၅၀၅ (ခ)နဲ့ ထပ်မံ ထောင်ဒဏ်ချမှတ်ခံရပြီး ၂၀၂၂ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

    ဒါအပြင် ၂၀၀၀ ပြည့်နှစ်ကာလတွေမှာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးတင်ဆက်မှုတွေနဲ့ နာမည်ကျော်ကြားလာခဲ့ပြီး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံကိုလည်း ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။

    ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်တဲ့သတင်းကို သူနဲ့နီးစပ်တဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက ဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာ ရေးသား မျှဝေနေကြပါတယ်။

  5. မြန်မာ - ရုရှား သတင်းအချက်အလက်လုံခြုံရေးစင်တာ ထူထောင်ဖို့ ခြေလှမ်း

    မေလ ၂၆ ရက်နဲ့ ၂၉ ရက်အတွင်းပြုလုပ်တဲ့ နိုင်ငံတကာငြိမ်းချမ်းရေးဖိုရမ်မှာတွေရတဲ့ ဦးတင်အောင်စန်း (စားပွဲတန်း တစ်ဖက်ခြမ်းက မြန်မာနိုင်ငံအလံငယ် အနောက်မှာမြင်ရတဲ့ မျက်မှန်တပ်အမျိုးသား)

    ဓာတ်ပုံ ရင်းမြစ်, GLMN

    စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတွေလုပ်နေတဲ့ မြန်မာနဲ့ ရုရှားကြား သတင်းအချက်အလက် လုံခြုံရေး စင်တာ ပူးတွဲတည်ထောင်ဖို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်တယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။

    နေပြည်တော်မှာ ဦးမင်းအောင်လှိုင်က သမ္မတအဖြစ်ဦးဆောင်တဲ့အစိုးရအတွက် အမျိုးသားလုံခြုံရေးအကြံပေး တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်စန်းရဲ့ မော်စကိုမြို့ ခရီးစဉ်အတွင်းမှာ အခု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။

    ဦးတင်အောင်စန်းဟာ ရုရှားအမျိုးသားလုံခြုံရေးကောင်စီက ဦးဆောင်လုပ်တဲ့ နိုင်ငံတကာ လုံခြုံရေးညီလာခံကို တက်ရောက်ဖို့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း မော်စကိုမြို့ကို သွားခဲ့တာဖြစ်ပါတယ်။

    မေလ ၂၅ ရက်နေ ၃၁ ရက်အထိကြာတဲ့ မော်စကို ခရီးစဉ်အတွင်း မြန်မာနဲ့ ရုရှားကြား နိုင်ငံတကာအဆင့် သတင်းအချက်အလက် လုံခြုံရေးနယ်ပယ်မှာ ၃ နှစ်ကြာ ပူးပေါင်းရေးအစီအစဉ်ကိုလည်း လက်မှတ်ထိုးခဲ့တယ်လို့ နေပြည်တော်က ဇွန်လ ၁ ရက်မှာ သတင်းထုတ်ပါတယ်။

    ဦးတင်အောင်စန်းရဲ့ မော်စကိုခရီးစဉ်ဟာ ရုရှားကာကွယ်ရေးဝန်ကြီးဟောင်းလည်းဖြစ်၊ လက်ရှိမှာ ရုရှားအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးလည်းဖြစ်တဲ့ မစ္စတာ ဆာဂေး ရှိုဂူရဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းနေပြည်တော်ခရီးအပြီးမှာ ပေါ်ပေါက်တာဖြစ်ပါတယ်။

    ရုရှားအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးကတော့ မြန်မာဟာ လုံခြုံရေးအတွက် မော်စကို အားကိုးနိုင်တယ်လို့ဆိုပြီး မြန်မာနဲ့ ရုရှားဟာ အနောက်ရဲ့ဖိအားကို ကြုံနေရဆဲလို့ ပြောခဲ့ပါတယ်။

    တဖက်မှာလည်း မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်အပြီးကတည်းကဆိုရင် အနောက်ပိတ်ဆို့ခံ မြန်မာနဲ့ ရုရှားကြား နီးကပ်တဲ့ဆက်ဆံရေးရှိထားပါတယ်။

    ရုရှားနဲ့ မြန်မာကြား စစ်ဘက်ဆိုင်ရာနည်းပညာပူးပေါင်းဆောင်ရွက်ရေး တိုးလာဖို့ မျှော်လင့်တဲ့အကြောင်းကိုလည်း ရန်ကုန်မှာရှိတဲ့ ရုရှားသံအမတ်က ရုရှားတပ်သတင်းစာ ခရာစနီးယား ဗီယက်ဇဒါးကို မေလတုန်းက ပြောထားပါတယ်။

    မြန်မာကို ရုရှားက လေကြောင်းကာကွယ်ရေး စနစ်နဲ့ လေယာဉ်တွေ ရောင်းချထားတာ၊ နောက် မြန်မာစစ်တပ်သားတွေ ရုရှားရဲ့စစ်ဘက်နဲ့ သိပ္ပံနည်းပညာကဏ္ဍမှာ ပမာဏတစ်ခုအထိ လာရောက်ပညာသင်နေတာတွေကို ထောက်ပြပြီး သူက အခုလိုပြောသွားတာဖြစ်ပါတယ်။

  6. တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းက ယမ်းရုံပေါက်ကွဲမှုနဲ့ သေဆုံးမှုများနောက်ကွယ်

    ပေါက်ကွဲမှုမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Mai Kaung Saing

    ဓာတ်ပုံ ပုံစာ, ပေါက်ကွဲမှုမြင်ကွင်း

    ကောင်းတပ်ရွာဟာ အိမ်ခြေ ၃၀၀ နီးပါးလောက်ရှိတဲ့ လူနေထူထပ်တဲ့ရပ်ကွက်တစ်ခုဖြစ်ပြီး TNLA ရဲ့ တပ်ပိုင်းနဲ့ အရပ်ဘက်ဝန်ထမ်း တချို့လည်း နေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီယမ်းရုံက ကောင်းတပ်ရွာနဲ့ တဆက်တည်းဖြစ်နေပြီး နမ့်ခမ်းဆေးရုံနဲ့လည်း တစ်မိုင်လောက်ပဲ ဝေးတယ်လို့ ဆိုပါတယ်။

    တစ်တော့(TikTok)နဲ့ ဝီချက်(WeChat)စတဲ့ တရုတ်လူမှုကွန်ရက်ပေါ်မှာလည်း ယမ်းချက်ရုံကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ နမ့်ခမ်းဒေသခံတချို့က ရေးသားနေကြပါတယ်။

    စက်ရုံဝန်ထမ်းတချို့ ပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့တာကြောင့် သူတို့နဲ့ရင်းနှီးသူတွေက ဝမ်းနည်းကြေကွဲကြောင်း ပြောဆိုထားကြတဲ့မှတ်တမ်းတွေကိုလည်း တွေ့ရပါတယ်။ ကောင်းတပ်ရွာအနီးက ယမ်းရုံကို TNLA နဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တချို့ ပူးပေါင်းလုပ်ကိုင်နေတယ်လို့ ကောင်းတပ်ရွာဒေသခံ ၃ ဦးထက်မနည်းက ပြောပါတယ်။

    တရုတ်-မြန်မာ နယ်စပ်က ပေါက်ကွဲမှုတွေအကြောင်း ဒီလင့်ခ်ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  7. နမ့်ခမ်းပေါက်ကွဲမှုအတွက် လိုအပ်တဲ့အကူအညီတွေ ပေးမယ်လို့ တရုတ်ပြော

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လင်ကျန်း

    ဓာတ်ပုံ ရင်းမြစ်, MOFA/ China

    ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လင်ကျန်း

    တရုတ်နိုင်ငံ၊ ရွှေလီမြို့တစ်ဖက်ခြမ်းမှာရှိတဲ့ ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်ထဲက ပြင်းအားမြင့်ပေါက်ကွဲမှုအလွန် နောက်ဆက်တွဲကိစ္စရပ်တွေကို ကိုင်တွယ်နိုင်ဖို့ လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လင်ကျန်းက ပြောပါတယ်။

    တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်ထဲက ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းမှုတွေကိုလည်း အနီးကပ်စောင့်ကြည့်သွားမယ်လို့ မနေ့က လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ လင်ကျန်းက ပြောပါတယ်။ ပေါက်ကွဲမှုအလွန် ဘယ်လိုအကူအညီတွေပေးမှာလဲဆိုတာကိုတော့ သူက အသေးစိတ်ထည့်ပြောသွားတာ မရှိပါဘူး။

    နမ့်ခမ်းဖြစ်စဉ်မှာ တရုတ်နိုင်ငံသား တစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရပြီး ဖြစ်စဉ်ဖြစ်ပြီးပြီးချင်းမှာပဲ မြန်မာဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အခြေအနေကို အတည်ပြုစစ်ဆေးခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။ ဒဏ်ရာရတရုတ်နိုင်ငံသားကို အကောင်းဆုံးကုသမှုပေးဖို့ မေတ္တာရပ်ခံထားတယ်လို့လည်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ လင်ကျန်းက ပြောခဲ့ပါတယ်။

    နမ့်ခမ်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၄၃ ဦး အထိရှိပြီး အဲဒီထဲ အသက်မပြည့်သေးတဲ့ ကလေးငယ် ၇ ဦးပါဝင်ကြောင်း TNLA က မနေ့ ည ၈ နာရီမှာ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။ စာရင်းအရ ပြင်းထန်ဒဏ်ရာရရှိသူ ၃၇ ဦးထဲမှာလည်း ကလေးငယ် ၉ ဦး အထိ ပါဝင်နေပါတယ်။

    ဒါအပြင် ဒဏ်ရာအနည်းငယ်ရရှိသူ ၇၅ ဦးရှိပြီး ကလေးငယ် ၁၆ ဦး ပါဝင်နေပါတယ်။

    TNLA ရဲ့ မနေ့ညပိုင်း သတင်းထုတ်ပြန်ချက်မှာတော့ ပေါက်ကွဲမှုအလွန် ကူညီကယ်ဆယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တိုးလုပ်ပေးနေပြီး လိုအပ်တဲ့အကူအညီတွေလည်း ရအောင်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ အပျက်အစီးတွေကြားထဲမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေရဆဲလို့လည်း ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

    နမ့်ခမ်းမြို့နယ်က ကောင်းတပ်ရွာမှာ မေ ၃၁ ရက်က ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး မိုင်းတွင်းကျောက်ထုတ်လုပ်ဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ ပေါက်ကွဲတာလို့ TNLA ဘက်က ပြောထားပါတယ်။

    ဒီပေါက်ကွဲမှုဟာ တရုတ်နိုင်ငံသားတွေရဲ့ယမ်းချက်စက်ရုံနဲ့ ဆက်စပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး နောက်ဆုံးရစုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဘီဘီစီက မေးမြန်းထားပေမဲ့ ဇွန်လ ၂ ရက်၊ မနက် ၉ နာရီခွဲအချိန်အထိ တစုံတရာ ပြန်လည် ဖြေကြားတာမရှိ‌သေးပါဘူး။

  8. မင်္ဂလာပါ။ ဇွန်လ ၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။