
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, သမ္မတအာဏာရယူထားတဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်နဲ့ ဒုတိယသမ္မတ ဦးညိုစော (ပုံဟောင်း)အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖိလစ်ပိုင်အနေနဲ့ မကြာခင်ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို အခွင့်အလမ်းတစ်ခုအနေနဲ့အသုံးပြုပြီး နေပြည်တော်က အရပ်ဘက်အသွင်ပြောင်း စစ်ခေါင်းဆောင်အစုအဖွဲ့ကို ဖိအားပေး အရေးယူတာတွေလုပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M) က တိုက်တွန်းလိုက်ပါတယ်။
စစ်ခေါင်းဆောင်အစုအဖွဲ့ဟာ ကိုင်တွယ်ဖို့ခက်ခဲပြီး ဒေသတွင်းတည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်တဲ့ အကျပ်အတည်းတွေကို ဖြစ်နေစေချိန်မှာ အာဆီယံအနေနဲ့ ဒီအရေးကို ပိုပြီး ထိထိရောက်ရောက်ကိုင်တွယ်ဖို့ လိုအပ်နေတာကြောင့်လို့ SCA-M အဖွဲ့မှာ ပါဝင်သူတွေက မေလ ၆ ရက်မှာ စုပေါင်း စာထုတ်လိုက်တာဖြစ်ပါတယ်။
မြန်မာ့အရေးအတွက် စုဖွဲ့ထားတဲ့ SCA-M မှာ မြန်မာ့လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူဟောင်း ကုလကျွမ်းကျင်သူ ၃ ဦးနဲ့ ဖွဲ့စည်းထားပြီး အခုတိုက်တွန်းချက်ကိုတော့ ဒီလူပုဂ္ဂိုလ်တွေအပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းတို့ကပါ ပူးတွဲ ပြုလုပ်လိုက်တာဖြစ်ပါတယ်။
နေပြည်တော်ဟာ အာဆီယံအဖွဲ့ကြီးနဲ့ ဆက်ဆံရေးပြန်ရအောင်ကြိုးပမ်းနေချိန်မှာပဲ မြန်မာက စစ်ခေါင်းဆောင်တွေ အစပျိုးခဲ့တဲ့အကျပ်အတည်းတွေဟာ သက်ရောက်မှုကြီးနေတဲ့အကြောင်း SCA-M အဖွဲ့က သူတို့စာထဲ ပြောပါတယ်။
နေပြည်တော်အနေနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြေလည်မှုရရေးအတွက် ရွေးကောက်ပွဲကျင်းပတာ၊ လွှတ်တော်ခေါ်ယူတာတွေလုပ်ပြခဲ့တယ်လို့ SAC-M က ပြောပါတယ်။
ဒါပေမဲ့ မြန်မာစစ်ခေါင်းဆောင်အစုအဖွဲ့ဟာ လူထုအပေါ် ရက်စက်မှုတွေ ဆက်လုပ်နေပြီး ၂၀၂၆ ခုနှစ်၊ မတ်လဟာ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသက်ပေါင်း ၅၀၀ အထိ ဆုံးရှုံးတဲ့ လူအသေအပျောက်အများဆုံး လဖြစ်ခဲ့တယ်လို့ SAC-M က ထောက်ပြပါတယ်။
အာဏာသိမ်းကာလအတွင်းမှာ နိုင်ငံသားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် တစ်ဖက်မှာ စစ်ခေါင်းဆောင်ဟောင်းရဲ့လုပ်ဆောင်ချက်တွေဟာ အာဆီယံရဲ့တိုက်တွန်းချက်တွေအပေါ် စစ်မှန်တဲ့လိုက်လျောမှုအဖြစ် သတ်မှတ်လို့ မရကြောင်း SAC- M က ဖော်ပြပါတယ်။
စီဘူးမှာ ပြုလုပ်မယ့် အာဆီယံခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးပွဲကတဆင့် နေပြည်တော် လိုအပ်နေတဲ့ တရားဝင်မှုရရေးကိုလည်း အာဆီယံအနေနဲ့ မပေးဖို့ဆိုတဲ့အချက်ကိုလည်း SAC-M က တောင်းဆိုပါတယ်။
ဒါအပြင် SAC-M က စစ်ခေါင်းဆောင်အစုအဖွဲ့ကိုယ်စားပြုသူတွေကို အာဆီယံအစည်းအဝေးပွဲတွေကို တက်ခွင့်မပြုတဲ့ကန့်သတ်ချက်ကို တိုးလုပ်ဖို့၊ လွတ်ငြိမ်းနဲ့လွတ်မြောက်လာခဲ့ပေမဲ့ ဦးဝင်းမြင့်ကို မြန်မာသမ္မတအဖြစ် ဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းပါတယ်။
စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့အချက်နဲ့ စွပ်စွဲခံထားရတဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်နဲ့ အခြားစစ်အစိုးရအဖွဲ့ဝင်တွေအပေါ် အရေးယူနိုင်တဲ့တရားစွဲဆိုမှုတွေနဲ့ပတ်သက်လို့ အရှေ့တီမောနိုင်ငံကနေ ရှေ့နေတစ်ဦး ခန့်အပ်မှုကိုလည်း အာဆီယံဘက်က ထောက်ခံအတည်ပြုပေးဖို့ SAC - M က ထပ်တောင်းဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာ့အရေးဆိုင်ရာအထူးသံတမန်တာဝန်ယူထားသူ မာရီယာ ထရီဇာ လာဇရိုကတော့ မြန်မာ့အရေး နောက်ဆုံးအခြေအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပိုင်းအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းလင်းတင်ပြဖို့ ရှိတယ်လို့ မေလ ၇ ရက်မှာ ပြောပါတယ်။