တိုက်ရိုက်ထုတ်လွှင့်မှု, ပုပ္ပါးမှာ တောင်ကျရေနဲ့မျောပါတဲ့ လူ ၂၀ ကို အသက်ရှင်လျက် ကယ်တင်နိုင်

ပုပ္ပါးမှာ တောင်ကျရေနဲ့မျောပါတဲ့ လူ ၂၀ ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တဲ့သတင်းအပါအဝင် ဧပြီ ၂၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းပေါ်မှာရှိတဲ့ ဆည်ပေါက်ကျေးရွာက ချောင်းထဲ မျောပါသွားတဲ့ ထော်လာဂျီတစ်စီးပေါ်က လူအယောက် ၂၀ ကို ကယ်ဆယ်နိုင်ခဲ့

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ၁၀၂၇ မဟာမိတ်စုဖွဲ့မှု တခန်းရပ်ပြီလား၊တရုတ်ဖိအား ဘယ်လောက်ပါသလဲ

    တအောင်းတပ် (TNLA) တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တအောင်းတပ် (TNLA) တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

    ၁၀၂၇ စစ်ဆင်ရေးအရှိန်ကောင်းနေတုန်းက နေပြည်တော်ကို ရောက်လာခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နောက်တစ်ခါ နေပြည်တော်ကိုရောက်လာပြန်ပါပြီ။

    ပထမတခါဝမ်ယိလာတုန်းက ရှမ်းမြောက်မှာစစ်ရေးမဟာမိတ်တွေဖြစ်ခဲ့ကြတဲ့ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ်(TNLA) ရဲ့ အခြေအနေတွေလည်း ခြားနားနေပါပြီ။

    အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ အကျိုးစီးပွားရှေ့တန်းရောက်လာတဲ့အခါ မြန်မာစစ်တပ်ကိုအရှိုက်ထိစေခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ညီညွတ်မှုဖရိုဖရဲဖြစ်သွားတာက နွေဦးတော်လှန်ရေးထဲ ရှမ်းမြောက်ပါဝင်မှု တခန်းရပ်သွားတာကို မီးမောင်းထိုးပြနေတာလို့ နိုင်ငံရေးစစ်ရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

    "ကိုးကန့်ဟာ နဂိုတည်းက တရုတ်ကိုမျက်နှာမူတဲ့စီးပွားရေးကိုလက်တွေ့ကျကျ ကျင့်သုံးနေတာဖြစ်လို့ ဒီအခြေအနေဟာ တရုတ်အတွက် ရှမ်းမြောက်အရေးကိုင်တွယ်ရာမှာ မဟာဗျူဟာကျကျကို အကျိုးရှိစေတယ်" လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ တရုတ်ကဏ္ဍ (China Studies Program) ဦးဆောင်သူ မနန်းလွင်က ပြောပါတယ်။

    တရုတ်-မြန်မာကုန်သွယ်ရေးအတွက် အရေးပါတဲ့နေရာတွေကိုလည်း လက်ရှိအချိန်မှာ ကိုးကန့်တပ် (MNDAA)နဲ့ မြန်မာစစ်တပ်က အဓိကနေရာယူထားပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  2. ပုပ္ပါးမှာ တောင်ကျရေနဲ့မျောပါတဲ့ လူ ၂၀ ကို အသက်ရှင်လျက် ကယ်တင်နိုင်

    ဧပြီ ၂၆ ရက် ညနေပိုင်းမှာ ပုပ္ပါးက ဆည်‌ပေါက်ချောင်းထဲ မျောပါနေတဲ့ ထော်လာဂျီတစ်စီးကို တွေ့ရတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Zin Ko

    ဓာတ်ပုံ ပုံစာ, ဧပြီ ၂၆ ရက် ညနေပိုင်းမှာ ပုပ္ပါးက ဆည်‌ပေါက်ချောင်းထဲ မျောပါနေတဲ့ ထော်လာဂျီတစ်စီးကို တွေ့ရတဲ့ မြင်ကွင်း

    မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းပေါ်မှာရှိတဲ့ ဆည်ပေါက်ကျေးရွာက ချောင်းထဲ မျောပါသွားတဲ့ ထော်လာဂျီတစ်စီးပေါ်က လူအယောက် ၂၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “သက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်တော့ ကယ်ကယ်ပြီးချင်း ခဏသတိလစ်သွားသေးတယ်။ အကုန်လုံးတော့ ဘေးကင်းပါတယ်”လို့ သူကဆိုပါတယ်။ မနေ့ ဧပြီ ၂၆ ရက် ညနေပိုင်းမှာ ပုပ္ပါးဘက်မှာ မိုးသည်းထန်ရွာပြီး တောင်ကျချောင်း အစီးသန်လို့ ချောင်းကိုဖြတ်ကူးတဲ့ ထော်လာဂျီတစ်စီး ကွန်ကရစ်လမ်းပေါ်ကနေ ချောင်းထဲအထိ မျောပါမှုဖြစ်ခဲ့ပါတယ်။

    လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်ထဲမှာလည်း ရေစီးသန်နေတဲ့ ဆည်ပေါက်ချောင်းထဲမှာ ထော်လာဂျီတစ်စီး မျောနေတာတွေ့ရပြီး ထော်လာဂျီပေါ်မှာပါလာတဲ့ လူတချို့ က မီးသတ်အဖွဲ့ဝင်တွေကို ကယ်ဆယ်ပေးဖို့ အကူအညီတောင်းအော်ခေါ်နေတာကို တွေ့ရပါတယ်။

    အဲဒီထော်လာဂျီပေါ်မှာ ကလေးငယ် ၃ ဦးနဲ့ ကိုယ်ဝန်သည်တစ်ဦးအပါအဝင် စုစုပေါင်း လူ အယောက် ၂၀ လိုက်ပါလာတာလို့ သိရပါတယ်။

    “ချောင်းကို စဖြတ်တုန်းက ရေစီးက အရမ်းမသန်သေးဘူး၊ ချောင်းအလယ်နားလောက်ရောက်မှ ရေကျတာ များလာပြီး ထိန်းမနိုင်ဖြစ်ခဲ့တာ” လို့ ရေစီးနဲ့ ထော်လာဂျီကား မျောပါခဲ့တဲ့အခြေအနေကိုသိထားတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

    ချောင်းထဲ မျောပါသွားတဲ့ ထော်လာဂျီပေါ်က လူတွေကို ကျောက်ပန်းတောင်နဲ့ ပုပ္ပါးမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီကယ်ဆယ်‌ရေးအဖွဲ့တချို့တို့ ပူးပေါင်းကယ်ဆယ်ခဲ့ကြတာလို့ ကယ်ဆယ်ရေးလုပ်ခဲ့သူတစ်ဦးက ပြောပါတယ်။

    “တောင်ကျချောင်းဆိုတော့ ရေစီးအရမ်းသန်တယ်၊ ချောင်းထဲ မျောပါသွားရင် ကယ်နိုင်ဖို့ဆိုတာ မလွယ်ဘူး၊ ကားသမားတွေ သတိကြီးကြီးထားပြီး ရေစီးကို ကြည့်သင့်တယ်” လို့ သူက ပြောပါတယ်။

    ၂၀၂၅ ခုနှစ်တုန်းကလည်း ဆည်ပေါက်ချောင်းထဲမှာ အိမ်စီးကားတစ်စီး မျောပါမှုဖြစ်ခဲ့ပြီး အဲဒီအအချိန်တုန်းကတော့ ကားပေါ်မှာ ပါလာတဲ့ ယာဉ်‌မောင်းတစ်ဦး ရေနစ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

  3. မင်္ဂလာပါ။ ဧပြီ ၂၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။