ဧပြီလ ၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
လကမ္ဘာဆီ လေ့လာရေးသွားမယ့် Artemis II အာကာသယာဉ်ဟာ ကမ္ဘာပတ်လမ်းပေါ် ရောက်ရှိတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေတာဖြစ်ပါတယ်။
ဧပြီလ ၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာမှာ လူဦးရေနဲ့ ယာဉ်၊ စက်ရုံအသုံးပြုမှု အများဆုံးရှိတဲ့ ရန်ကုန်မြို့က လေထုအရည်အသွေးက မြို့နေလူဦးရေ ၇ သန်းကျော်အတွက် အန္တရာယ်ရှိနိုင်တဲ့အဆင့်ကို အကြိမ်ကြိမ် ရောက်ခဲ့ပါတယ်။
လေထုအရည်အသွေးတိုင်းတာချက်ကို ထုတ်ပြန်ပေးတဲ့ IQAir ရဲ့မှတ်တမ်းအရ ၂၀၂၆ မတ်လနောက်ဆုံးသီတင်းပတ်မှာ ရန်ကုန်လေထုအရည်အသွေးဟာ အန္တရာယ်အရှိဆုံး အနီရောင်အဆင့်ကို ၄ ရက်ဆက်တိုက် ရောက်ခဲ့ပါတယ်။
အသက်ရှုလမ်းကြောင်းအထိဝင်ရောက်နိုင်တဲ့ PM2.5 လို့ခေါ်တဲ့ အမှုန်ပါဝင်မှု သိပ်သည်းနှုန်းဟာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အန္တရာယ်ရှိ သတ်မှတ်ချက်ထက် ၄ ဆကျော် မြင့်တက်နေတယ်လို့ ဖော်ပြထားပါတယ်။
လေ့လာချက်တွေအရ ခြောက်သွေ့တဲ့ ဆောင်းနဲ့ နွေရာသီမှာ လေထုညစ်ညမ်းမှု ပိုမိုမြင့်တက်လေ့ရှိပြီး မိုးရာသီမတိုင်ခင် မေလအစောပိုင်းအထိ သတိထားရမယ်လို့ ဆိုပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဟိုးအတိတ်မှာ ဗြိတိန်ကနေ ကမ္ဘာ့အရှေ့ခြမ်း သူ့အင်ပါယာထဲက အိန္ဒိယတို့ သြစတြေးလျတို့ဆီ လေကြောင်းခရီးနဲ့ သွားကြမယ်ဆိုရင် ရေပြင်ပေါ် ရပ်နားလို့ ရတဲ့ လေယာဥ် (flying boat)တွေနဲ့ တတ်နိုင်သူ လူချမ်းသာတွေက သွားကြပြီး သဲဖုန် ထူထူနဲ့ ဒီအရပ်က ခရီးစဥ်အတွင်း ညအိပ် ရပ်နားစရာနေရာပါ။
၁၉၆၀ နှစ်တွေထဲ ရောက်လာတဲ့အခါမှာတော့ ဒီအရပ်မှာ ကန္တာရက သဲတွေနဲ့ လုပ်ထားတဲ့လေယာဥ်ပြေးလမ်း ရှိလာပြီး ခရီးသွားလေယာဥ်တွေ ကမ္ဘာအနှံ့ကို ခရီးဆက်ကြဖို့ အဲဒီမှာ တထောက် ဆင်းကာ လောင်စာဆီ ဖြည့်ကြပါတယ်။
ဒီနေ့ကာလမှာတော့ ဒူဘိုင်းဟာ ကမ္ဘာ့လေကြောင်းခရီးသွားလုပ်ငန်းရဲ့ပင်မအချက်အချာတွေထဲက တစ်ခုဖြစ်လာပါတယ်။ ဒါကြောင့် ဒူဘိုင်းနိုင်ငံတကာ လေဆိပ်ဟာ တစ်နှစ်ကို ခရီးသွား ၈၃ သန်း နီးပါးလောက် သုံးကြတဲ့ လန်ဒန် ဟီသရိုး လေဆိပ်ကို ကျော်တက်ပြီး ကမ္ဘာ့ လူအစည်ဆုံး လေဆိပ်အဖြစ် ရှိလာနေတာပါ။
ပင်လယ်ကွေ့မှာ ဒူဘိုင်းဟာ တစ်ခုတည်းသော ဆုံရပ်မဟုတ်ပါဘူး။ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)ရဲ့ မြို့တော်က အဘူဒါဘီလေဆိပ်နဲ့ ကာတာမြို့တော်က ဒိုဟာလေဆိပ်တို့ကလည်း ဒူဘိုင်းလေဆိပ်လောက်သာ မစည်ကားပေမဲ့ သူတို့ကလည်း တနှစ် တစ်နှစ် ခရီးသည် စုစုပေါင်း ၈၇ သန်းကို ဝန်ဆောင်ပေးနေကြတာပါ။
ပုံမှန်အခြေအနေမှာဆိုရင် ဒီပင်လယ်ကွေ့ လေဆိပ် ၃ ခုကနေ နေ့စဥ်လေကြောင်း ခရီးစဥ် ၃,၀၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ အီရန်စစ်ပွဲဟာ အရှေ့အလယ်ပိုင်းက လေကြောင်းပျံသန်းမှုတွေကို သက်ရောက်နေပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ထဲမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေရဲ့ လစဥ် ရိက္ခာထောက်ပံ့ငွေကို ဒီလကစပြီး ဖြတ်တောက်ခံနေရပြီလို့ ရိုဟင်ဂျာဒုက္ခသည်တွေထံကနေ သိရပါတယ်။
စစ်တွေမြို့မှာ ဒုက္ခသည်စခန်း ၈ ခုရှိပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP)က ဒုက္ခသည်တစ်ဦးကို လစဥ် ၄၅,၀၀၀ ကျပ် ရိက္ခာဖိုး ထောက်ပံ့ပေးနေတာလို့ ရိုဟင်ဂျာဒုက္ခသည်အသိုင်းအဝိုင်းထံကနေ သိရပါတယ်။
“စခန်းမှာ ရိက္ခာမရနိုင်တော့တဲ့မိသားစုတွေရဲ့ကြော်ငြာစာ လာကပ်တယ်။ စခန်းတိုင်းက မိသားစု ၂၀၀ ကနေ ၅၀၀ လောက်ကြား ဖြတ်ခံရတယ်။ ကျွန်တော်တို့က အလုပ်အကိုင်မရှိဘဲ WFP ရိက္ခာပဲ မှီခိုနေရတာ။ အခုလိုမပေးတော့ဘူးဆိုရင် အငတ်ထားသတ်နေသလိုဖြစ်ပြီပေါ့” လို့ စစ်တွေက ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်တဲ့ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။
ဒုက္ခသည်စခန်းနေထိုင်သူတွေဟာ စခန်းအပြင်ဘက်မှာ လွတ်လပ်စွာသွားလာခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်ခံထားရတာကြောင့် WFPရဲ့ အထောက်အပံ့အပေါ် မှီခိုနေကြရတာဖြစ်ပါတယ်။
စစ်တွေက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည်စုစုပေါင်း ၆ သိန်းဝန်းကျင်ရှိနေတယ်လို့ သူက ပြောပါတယ်။
ဒီလိုအခြေအနေမျိုးကို ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းမှာနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် သန်းကျော်လည်း ကြုံနေရတာပါ။
ဧပြီ ၁ ရက်က စတင်ကာ WFP ရဲ့ ရိက္ခာဖိုးထောက်ပံ့ငွေကို လျှော့ချလိုက်ပြီဖြစ်ပါတယ်။
ဒုက္ခသည်တစ်ဦးကို အမေရိကန် ဒေါ်လာ ၁၂ ဒေါ်လာ လစဥ်ထောက်ပံ့နေရာကနေ လိုအပ်ချက်အပေါ်မူတည်ပြီး ထောက်ပံ့ငွေဆက်ပေးမယ့်စနစ်ကို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။
ကလေးတွေက ဦးဆောင်နေရတဲ့မိသားစုလို အထူးလိုအပ်ချက်မြင့်မားတဲ့အိမ်ထောင်စုတွေသာ ပုံမှန်အတိုင်းဆက်ရမှာဖြစ်ပြီး လူဦးရေရဲ့ ၁၇ ရာခိုင်နှုန်းက ၇ဒေါ်လာသာ ရတော့မှာပါ။
ဒါကြောင့် ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းတချို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒထုတ်ဖော်တာတွေ ရှိနေပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က ရန်ပုံငွေမလုံလောက်လို့ မြန်မာနိုင်ငံက လူတစ်သန်းကို စားနပ်ရိက္ခာအကူအညီတွေ ဆက်မထောက်ပံ့နိုင်တော့ဘူးလို့ ပြီးခဲ့တဲ့နှစ် မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။ လိုအပ်တဲ့ရန်ပုံငွေ မရသရွေ့ ဒီလူတစ်သန်းကျော်ကို ပြန်လည်ထောက်ပံ့ဖို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုထားတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာက လူတစ်သန်းကျော်ကို ကူညီဖို့ ၂၀၂၆ ခုနှစ်မှာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
စစ်တွေက ရိုဟင်ဂျာဒုက္ခသည်တွေ ရိက္ခာဖိုးငွေ ဖြတ်တောက်ခံရတာနဲ့ ပတ်သက်လို့ ဘီဘီစီက WFP မြန်မာရုံးကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံက မင်းဘူးမြို့အပါအဝင်မြို့တချို့ဟာ ကမ္ဘာ့အပူဆုံးမြို့စာရင်းထဲ ပါဝင်နေချိန်မှာပဲ ပြီးခဲ့တဲ့နာရီပိုင်းအတွင်းကပဲ စနစ်ချို့ယွင်းလို့ဆိုပြီး မြန်မာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်ပြီး မီးပြတ်တောက်နေပါတယ်။
ဧပြီ ၁ ရက်၊ မွန်းလွဲပိုင်းမှာ မြန်မာက မင်းဘူးမြို့ဟာ အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာအပူဆုံးမြို့ ဖြစ်ခဲ့ပြီး မကွေး၊ ချောက်နဲ့ တောင်ငူမြို့၊ ပြည်မြို့၊ ဟင်္သာတ၊ ဘားအံနဲ့ မိတ္ထီလာမြို့တို့ဟာ အပူဆုံး ၁၅ မြို့ထဲပါခဲ့တာပါ။
လူနေထူထပ်ပြီး တိုက်ခန်းကျဥ်းတွေမှာ နေထိုင်တဲ့လူဦးရေများတဲ့ ရန်ကုန်မြို့ကို ၄ နာရီမီးပေး၊ ၄ နာရီမီးဖျက်တဲ့ပုံစံနဲ့ မီးပေးနေရာကနေ ဒီနေ့မွန်းလွဲပိုင်းမှာတော့ System Breakdownဖြစ်နေတဲ့အတွက် မီးပေးရမယ့် မြို့နယ်တွေမှာပါ မီးပျက်နေပါတယ်။
ပြီးခဲ့တဲ့နှစ် နွေရာသီမှာ လျှပ်စစ်မီးပြတ်တောက်ချိန် မီးစက်နှိုးအိပ်ရာကနေ အသက်ဆုံးရှုံးရသူတွေလည်းရှိခဲ့တာပါ။
“အဓိက နွေကာလမှာ ညဘက်တွေ ပြတ်တဲ့ပြဿနာပဲ။ ည ၉ ကနေ ၁ အထိပြတ်ရင် တိုက်ခန်းတွေမှာ ပူတာပေါ့။ အဲဒီ အခြေအနေက ဆိုးတယ်။ အိပ်ရေး ပျက်တယ်။ ကလေးငယ်တွေ လူကြီးတွေ အတွက်တော့ ဆိုးတာပေါ့” လို့ ရန်ကုန်မြို့နေသူတစ်ဦးက ပြောပါတယ်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ကတော့ မင်းလှ-မြောင်းတကာလိုင်း အပြစ်ဖြစ်လို့ ဓာတ်အားစနစ်ပြတ်တောက်နေပြီး ဓာတ်အားပြန်လည်ရရှိရေး ကြိုးပမ်းနေတယ်လို့ လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ပါတယ်။
“ရန်ကုန်တိုင်း၊ အလုံစက်ရုံရှိ Gas Turbine (၁) လုံး သီးခြားမောင်းနှင်ပြီး ဆေးရုံကြီးတွေ ဓာတ်အားရရှိရေး ဦးစားပေး ဆောင်ရွက်နေတယ်” လို့ YESC က ထုတ်ပြန်ထားတာပါ။

ဓာတ်ပုံ ရင်းမြစ်, Kaung Htet/BBC
ဖုန်းဆင်းမ်(SIM)ကတ် တစ်ကတ်ထက်ပိုပြီး ထည့်သွင်းနိုင်တဲ့လက်ကိုင်ဖုန်းတွေမှာ CEIR ခွင့်ပြုစာရင်းထဲ ပါဖို့အတွက် ကတ်တစ်ခုပဲရှိနေရင် လုံလောက်တယ်လို့ စစ်ကော်မရှင်က ဧပြီ ၂ ရက်မှာ ကြေညာပါတယ်။
မိုဘိုင်းလက်ကိုင်ဖုန်းတွေမှာ အနည်းဆုံး ဆင်းမ်ကတ် တစ်ခု ထည့်သွင်းအသုံးပြုထားရင် ခွင့်ပြုစာရင်း(Whitelist) ထဲ စာရင်းထည့်သွင်းပြီးဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ခွင့်ပြုစာရင်းထဲပါဝင်ပြီးသားဖုန်းတွေမှာ နောက်ထပ် Physical SIM card ဖြစ်စေ eSIM ဖြစ်စေ ထပ်မံထည့်သွင်းရင် IMEI ကုဒ်က Unpaid လို့ပြနေမှာဖြစ်ပေမဲ့ အခွန်ထပ်ဆောင်ဖို့ မလိုဘူးလို့လည်း စစ်ကော်မရှင်က ဒီနေ့ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒီလို ရှင်းလင်းတဲ့ ညွှန်ကြားချက်ကို မတ် ၃၁ မတိုင်ခင်မှာ ထုတ်ပြန်တာ မရှိတာကြောင့် IMEI မှတ်ပုံတင်ခိုင်းတဲ့ နောက်ဆုံးရက်မှာ ဖုန်းဆင်းမ်ကတ်အရောင်းဆိုင်တွေမှာ စုပြုံဝယ်ယူကြတာတွေ ဖြစ်ခဲ့တာပါ။
“အဲဒီနေ့က မိုင်တဲလ်eSIMဆို ၇ သောင်းခွဲထိ ပေါက်သွားတယ်” လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့က နာမည်ကြီးဖုန်းဆိုင်တချို့ကတော့ ဖုန်းထဲမှာ ထည့်သွင်းနိုင်တဲ့ ဆင်းမ်အရေအတွက် အပြည့် ထည့်သွင်းအသုံးပြုထားဖို့ လိုအပ်တယ်ဆိုပြီး မတ်လနောက်ဆုံးပတ်ထဲမှာ ကြော်ငြာထားကြတာဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ CEIRနဲ့ EIR စနစ်စီမံကိန်းစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကတော့ ခွင့်ပြုစာရင်းဝင်ဖုန်းတွေရဲ့ Unpaid ဖြစ်နေတဲ့ IMEI ကုဒ်နဲ့ လိုအပ်တဲ့အချက်အလက်တွေကို CEIR ဝက်ဘ်ဆိုဒ်ထဲ ဝင်ဖြည့်ကာ Pair အဖြစ် ပြောင်းလို့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းမှာ မိုဘိုင်းဖုန်းတွေကို အခွန်ကောက်နိုင်အောင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR)ကို စတင်ကျင့်သုံးမယ်လို့ စစ်ကော်မရှင်က မတ်လ ၅ ရက်နေ့မှာ ကြေညာခဲ့တာပါ။
မတ်လ ၃၁ ရက်အထိ မိုဘိုင်းဖုန်းတွေထဲ ဆင်းကတ်ထည့်သုံးထားတာ မရှိရင် ဧပြီ ၁ ရက်ကစပြီး အခွန်ဆောင်ရမယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။
CEIR ဝက်ဘ်ဆိုဒ်မှာ ဂဏန်း ၁၅ လုံး ရှိတဲ့ မိုဘိုင်းဖုန်းရဲ့ မူရင်းအမှတ်အသား(IMEI) ကို ရိုက်ထည့် ပြီး ဒဏ်ကြေးဆောင်ပြီးမှသာ ဆက်ပြီးအသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်ထဲကို ဧပြီ ၁ ရက်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အသက် ၂ နှစ်အရွယ် ကလေးအပါအဝင် စစ်ရှောင် မိသားစု တစ်စုလုံး သေဆုံးခဲ့တယ်လို့ အေအေက ပြောပါတယ်။
စုစုပေါင်း သေဆုံးသူ ၄ ဦးဖြစ်ပြီး ကျောက်တော်မြို့နယ်၊ တူးမြောင်းရွာကနေ သံတွဲကို လာရောက်စစ်ရှောင်ကြသူတွေလို့ အေအေက ဧပြီလ ၁ ရက် ညပိုင်းမှာ သတင်းထုတ်ပါတယ်။
နေပြည်တော်မှာ စစ်ခေါင်းဆောင်က သူ့ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို လွှဲပြောင်းပေးအပြီးမှာ အခုတိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်လို့ တပ်ချုပ်အသစ်လက်ထက်မှာ မိသားစုလိုက် စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခံရတဲ့ ပထမဆုံးဖြစ်ရပ်လို့ဆိုပြီး အေအေက သူတို့ရဲ့ထုတ်ပြန်ချက်မှာ ရေးပါတယ်။
စစ်တပ်ရဲ့ လေကြောင်းဗုံးဟာ ခလရ ၅၅ စခန်းဟောင်းအနီးကို ကျရောက်ပေါက်ကွဲတာကြောင့် စစ်ရှောင်မိသားစုသေဆုံးတာအပြင် ကိုယ်ဝန်ဆောင်၁ ဦးနဲ့ ကလေး ၂ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ အေအေက ထုတ်ပြန်ပါတယ်။
အေအေရဲ့ထုတ်ပြန်ချက်အရ ဧပြီ ၁ရက်မှာ စစ်တပ်ဟာ သံတွဲမြို့နယ်ကို ဂျက်ဖိုက်တာ ၄ စင်းနဲ့ အချိန် နာရီဝက် ဝန်းကျင် လေကြောင်းတိုက်ခိုက်တာအပြင် ပင်လယ်ပြင်မှာတပ်စွဲထားတဲ့ စစ်သင်္ဘောကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မတ် ၂၉ ရက်ကလည်း အေအေထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းရွာကို ဂျက်ဖိုက် တာနဲ့ဗုံးကြဲတာကြောင့် အရပ်သား ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ အေအေက မတ် ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

လွှတ်တော် အစုအဖွဲ့ သုံးခုက ရွေးချယ်တင်မြှောက်ထားတဲ့ဒုတိယသမ္မတ သုံးဦးထဲက ဘယ်သူ့ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်မလဲဆိုတဲ့မဲခွဲဆုံးဖြတ်တာကို မနက်ဖြန် ဧပြီလ ၃ ရက်မှာ ပြုလုပ်မယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ကြေညာပါတယ်။
နေပြည်တော်မှာ ဒီနေ့ပြုလုပ်တဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နာယကက အခုလိုကြေညာတာဖြစ်ပါတယ်။
ဒုသမ္မတသုံးဦးက ပြည်သူ့လွှတ်တော်က တင်မြှောက်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်က တင်မြှောက်ထားတဲ့ နန်းနီနီအေးနဲ့ တပ်မတော်သားအစုအဖွဲ့က တင်မြှောက်ထားတဲ့ စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစောတို့ဖြစ်ပါတယ်။
အစုအဖွဲ့သုံးခုစလုံးက တင်မြှောက်တဲ့ဒီသုံးဦးမှာ နှစ်ဦးက တပ်ကဖြစ်ပြီး နန်းနီနီအေးဟာလည်း ပြည်နယ်လွှတ်တော်အမတ်တစ်ဦး ဖြစ်နေတာ ထူးခြားပါတယ်။
ဦးညိုစောဟာ လက်ရှိစစ်ကော်မရှင်ဝန်ကြီးချုပ်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပေမဲ့ သူ့ကို တပ်ကိုယ်စားလှယ်အဖွဲ့က တင်မြှောက်ခဲ့တာပါ။
ပြည်သူ့လွှတ်တော်က တင်မြှောက်တဲ့ ဒုသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲဝင်မပြိုင်ပေမဲ့ လွှတ်တော်မှာ ကိုယ်စားလှယ်အများဆုံးရှိတဲ့ပြည်သူ့လွှတ်တော်က တင်တဲ့ဒုသမ္မတ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ ကရင်ပြည်နယ်ထဲက အာရှလမ်းကို ဧပြီ ၂ ရက်မှာ စတင်ဖွင့်လှစ်လိုက်ပြီလို့ နယ်စပ်ကုန်သွယ်ရေးသမားတချို့က ဘီဘီစီကို ပြောပါတယ်။
အာရှလမ်းပေါ်မှာ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ပူးပေါင်းအဖွဲ့တွေရဲ့တိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ပိတ်ခဲ့တဲ့ဒီလမ်းကို စစ်ကော်မရှင်က ပြီးခဲ့တဲ့နှစ်အတွင်းက ပြန်လည်ထိန်းချုပ်အပြီး ပြန်လည် ဖွင့်လှစ်တာဖြစ်ပါတယ်။
“လွန်းည ရေပြာအိုင်နားက တံတားဦးရွာမှာ ဖွင့်ပွဲလုပ်တာပါ။ တွဲကားနဲ့ ကုန်တင် ၁၂ ဘီးကားတွေက လွဲရင် ကျန်တဲ့ကားလေးတွေ ဖြတ်လို့ရတယ်။ တခြားကန့်သတ်ချက်တော့ မရှိဘူး” လို့ နယ်စပ်ကုန် သွယ်ရေးလုပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်က အာရှလမ်းကို ပြန်ဖွင့်လိုက်ပြီဖြစ်ပေမဲ့ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ကို ဆက်သွယ်ထားတဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေတဆင့် ထိုင်းနိုင်ငံနဲ့ကုန်သွယ်ရေးတော့ ပြန်မစနိုင်သေးဘူးလို့ နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
“ကုန်သွယ်ရေး မဖွင့်နိုင်သေးပါဘူး။ သွင်းကုန်လိုင်စင်ကိစ္စကို စီးပွား/ကူးသန်းကနေ မူဝါဒဘာမှ သေချာမသိရသေးဘူး” နယ်စပ် ပို့ကုန်-သွင်းကုန် ကုန်သည်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မြဝတီနယ်စပ်ကုန်သွယ်ရေးဟာ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း တစ်ထောင်ကျော်အထိ ရှိနေတယ်လို့ မြန်မာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာအထိ အချက်အလက်တွေမှာ တွေ့ရပါတယ်။
နယ်စပ်ကုန်သွယ်ရေး မလုပ်နိုင်တာ ကြာပြီမို့ ကုန်သွယ်ရေးပြန်စနိုင်ဖို့ ထိုင်းဘက်က နေပြည်တော်ကို တိုက်တွန်းနေချိန်မှာပဲ စစ်တပ်က အာရှလမ်းစိုးမိုးရေးကို ပြန်လုပ်ပြီးတဲ့နောက် စစ်ကော်မရှင်က လမ်းပြန်ဖွင့်လိုက်တာဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေး ပြန်စဖို့ မြန်မာစစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီလမှာ ဖူးကတ်မြို့မှာတွေ့ဆုံချိန် တိုက်တွန်းခဲ့တာဖြစ်ပြီး အဲဒီအတွက် နယ်စပ်က တိုင်းရင်းသား နက်လက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ စကားပြောမယ်ဆိုရင် ထိုင်းက ကြားဝင်ကူညီပေးဖို့ရှိတယ်လို့လည်း ထိုင်းဝန်ကြီးက ကမ်းလှမ်းခဲ့ပါတယ်။
စစ်ကော်မရှင်ဘက်က အာရှလမ်းပြန်လည်ဖွင့်လှစ်တာနဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ သဘောထားကို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နှစ်ပေါင်း ၅၀ ကျော်အတွင်း လကမ္ဘာကို ပထမဆုံးအကြိမ် ပတ်မယ့် နာဆာရဲ့ အာတီမစ် ၂ (Artemis II) အာကာသလေ့လာရေးခရီးစဉ် စတင်ပြီဖြစ်ပြီး အာကာသယာဉ်ဟာ အခုဆို ကမ္ဘာပတ်လမ်းထဲအထိ ချောချောမွေ့မွေ့ရောက်သွားပြီဖြစ်ပါတယ်။
ဒီအာကာသယာဉ်မှာ လိုက်ပါသွားတဲ့ယာဉ်မှူးတွေက ယာဉ်ရဲ့ကြံ့ခိုင်မှုကို စစ်ဆေးတာတွေ လုပ်ကြမှာမို့ ဒီယာဉ်ဟာ ကမ္ဘာပတ်လမ်းထဲမှာ နောက်ထပ် ၂၄ နာရီအထိ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ ခရီးဆက်ဖို့ အဆင်ပြေတယ်ဆိုရင်တော့ လကမ္ဘာဆီ ဆက်လက်ပျံသန်းမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ ယာဉ်မှူးတွေဟာ ‘‘လုံခြုံ၊ ဘေးကင်းပြီး စိတ်အားလည်း ထက်သန်နေကြတယ်’’ လို့ နာဆာအကြီးအကဲတစ်ယောက်က ယာဉ်လွှတ်တင်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ယာဉ်မှူးတစ်ဦးဖြစ်တဲ့ ရိဒ် ၀ိုက်စ်မန်းကတော့ ယာဉ်ပျံတက်အပြီးမကြာခင်မှာပဲ ကောင်းကင်ကနေ မြေကမ္ဘာကို သူမြင်တွေ့ရတဲ့မြင်ကွင်းကို ‘‘သိပ်လှတဲ့မြင်ကွင်း’’လို့ ပြောပြီး ‘‘လ တက်ချိန်အလှကို မြင်ခဲ့ရပြီ’’ လို့လည်း ပြောပါတယ်။
ဒီယာဉ်လွှတ်တင်မှုဟာ အံ့သြဘနန်းဖြစ်စရာလို့ ဘီဘီစီ သိပ္ပံအယ်ဒီတာက ရေးပါတယ်။
ယာဉ်ကို ပင့်တင်တဲ့ ဒုန်းပျံ အားယူတက်တဲ့အရှိန်ကနေ လူကို လာရိုက်တဲ့လှိုင်းအားဟာ တစ်ကိုယ်လုံးကို ဖြတ်သန်းသွားတယ်လို့လည်း သူက ရေးပါတယ်။
၁၀ ရက်ကြာမယ့် ဒီလေ့လာရေးဟာ လပေါ်ကို ဆင်းသက်မှာမဟုတ်ဘဲ လကို ပတ် ပျံသန်းမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်ဒိုနီးရှားနိုင်ငံမှာ ပြင်းအား မဂ္ဂနီကျု ၇ ဒသမ ၄ ရှိတဲ့ ငလျင်ကြီး ဒီနေ့ မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်အရှိန်ကြောင့် ဆူနာမီအန္တရာယ်သတိပေးချက်လည်း ချက်ချင်းထုတ်ပြန်ခဲ့ရပြီး နှစ်နာရီအကြာမှာတော့ သတိပေးချက်ကို ပြန်ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်ငလျင်တိုင်းတာစောင့်ကြည့်ရေးဌာန(USGS) ရဲ့ ကနဦးတိုင်းတာထုတ်ပြန်ချက်မှာတော့ ဒီငလျင်ဟာ မဂ္ဂနီကျု ၇ ဒသမ ၈ အဆင့်လို့ပြခဲ့တာပါ။ ငလျင်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေ ၂ သိန်းကျော်ရှိတဲ့ တာနတေ ကျွန်းမြို့ကနေ ၇၅ မိုင်ဝန်းကျင်အကွာက မိုလုကာပင်လယ်ထဲမှာ ဗဟိုပြုလှုပ်ခတ်တာ ဖြစ်ပါတယ်။
ဒီမနက်လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ အနီးဆုံးကျွန်းမြို့တွေကတော့ တာနတေအပြင် ဘီတွန်နဲ့ မာနာဒိုမြို့တွေက အနီးဆုံးရှိနေတဲ့ မြို့တွေဖြစ်ပါတယ်။
“အပြင်မှာ လူတွေက ကြောက်လွန်းလို့ အချင်းချင်းလက်ချင်းတွဲသူတွေ၊ တချို့ဆိုဖက်ထားကြတယ်။ အရင်ကလှုပ်တဲ့ငလျင်တွေက ဒီလောက်မကြမ်းဘူး” လို့ ဘီတွန်မှာ နေတာ ၂ နှစ်ရှိပြီဖြစ်ပြီး ငလျင်လှုပ်တာ မကြာခဏကြုံဖူးတဲ့ ကုန်စုံဆိုင်ပိုင်ရှင် ယာယုခ် အော့တီယာနီက ပြောပါတယ်။
မာနာဒိုမြို့ခံကလည်း ဒီငလျင်က”အကြမ်းဆုံးလို့ ခံစားရတယ်” လို့ဆိုပါတယ်။
ဆူလာဝေစီကျွန်းမြောက်ပိုင်းက အသက် ၇၀ အရွယ်အမျိုးသမီးတစ်ဦးကတော့ အဆောက်အဦးပြို ကျတဲ့အောက် ပိမိပြီး သေဆုံးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ နောက်ဆက်တွဲငလျင် ၂ ခုလည်း ဆက်လှုပ်ခဲ့ပြီး ငလျင်ငယ်တွေ ဆက်လာနိုင်သေးတယ်လို့ အင်ဒိုနီးရှားဘူမိဗေဒအေဂျင်စီက ပြောထားပါတယ်။
“အဆောက်အဦးပျက်စီးတာနဲ့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းပေးပို့ချက်တွေရထားတယ်” လို့ အေဂျင်စီကဆိုပေမဲ့ အသေးစိတ်တော့ မထုတ်ပြန်ထားပါဘူး။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုလည်း တဖြည်းဖြည်းနဲ့ထွက်ပေါ် လာနေပါတယ်။
မင်္ဂလာပါ။ ဧပြီ ၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။
နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။