ဇွန် ၂၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြိုင်မြို့နယ်မှာ တော်လှန်ရေးအဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်လို့ ပျက်စီးသွားတဲ့စစ်ရဟတ်ယာဉ်ကို ပြင်ဆင်ဖို့ စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့သိရတဲ့သတင်းအပါအဝင် ဇွန်လ ၂၄ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဇွန် ၂၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲစတင်တာ ၁၁ ရက်ကျော်ပဲရှိနေသေးပေမဲ့ အခုတစ်ခေါက် ကမ္ဘာ့ဖလားဟာ သမိုင်းတစ်လျှောက်ရှိဖူးတဲ့စံချိန်တွေကို ပြန်ပြင်ရေးနေတဲ့အခြေအနေပါ။
လီယွန်နယ် မက်ဆီ၊ အမ်ဘတ်ပေး၊ ဟယ်ရီကိန်းနဲ့ အားလင်း ဟာလန်းတို့ဟာ တစ်ယောက်ချိုးထားတဲ့စံချိန်ကို နောက်တစ်ယောက်က ချိုးနိုင်ဖို့ နိုင်ငံအသင်းအဖွင့်ပွဲတွေကို အမြင့်ဆုံးစွမ်းဆောင်ရည်နဲ့ကစားခဲ့ကြတာဖြစ်ပါတယ်။
အာဂျင်တီးနားက မက်ဆီနဲ့ ပေါ်တူဂီက ခရစ္စတီယာနို ရော်နယ်ဒိုတို့ ကမ္ဘာ့ဖလားမှာ သူတို့စွမ်းဆောင်ခဲ့တဲ့သမိုင်းဟာ အခုတစ်ခေါက်မှာတော့ ပြင်သစ်က ဂိုးရှင် အမ်ဘတ်ပေးအထိပါ ကျယ်ပြန့်လာတော့မှာဖြစ်လို့ ဘီဘီစီအားကစားက လက်ရှိ ကမ္ဘာ့ဖလားစံချိန်တွေကို စေ့ငုကြည့်ခဲ့ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကနေ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဇနီးမောင်နှံချင်း ကတောက်ကဆဖြစ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဇနီးဖြစ်သူက အကူအညီတောင်းရာကနေ ကိုဖြိုးဝေတစ်ယောက် စစ်မှုထမ်းထဲပါသွားခဲ့ပါတယ်။
အခုတော့ အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့အဖွဲ့ကို ဇနီးဖြစ်သူ မမိုးဆမ်းပန်းကတိုင်ကြားလို့ ရဲစခန်းက အမှုဖွင့်ပေးလိုက်ပြီး ရှားရှားပါးပါးဖြစ်ရပ် ဖြစ်ပါတယ်။
စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့ ဇာတ်လမ်းတွေ မျိုးစုံရှိနေပေမဲ့ မမိုးဆမ်းပန်းနဲ့ ကိုဖြိုးဝေတို့ဇနီးမောင်နှံရဲ့ ဇာတ်လမ်းကတော့ ရှုပ်ထွေး ဆန်းကြယ်ပါတယ်။
မြောက်ဥက္ကလာမှာနေတဲ့ ကိုဖြိုးဝေ မိန်းမနဲ့စကားများပြီး မြောက်ဒဂုံကို ထွက်သွားရာကနေ မြို့ထဲကဒဂုံမြို့နယ်ရဲ့ အိမ်ထောင်စုစာရင်းနဲ့ စစ်မှုထမ်း စုဆောင်းခံလိုက်ရလို့ပဲဖြစ်ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
လူဦးရေ ၇ သန်းနီးပါးနေထိုင်ပြီး မြန်မာမှာ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်တဲ့ ရန်ကုန်က အဆောက်အဦတွေရဲ့ ငလျင်ဒဏ်ကြံ့ခိုင်မှုကို လာမယ့်ဇူလိုင် ၁ ရက်နေ့မှာ စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နဲ့ ငလျင်ကော်မတီတို့ ပူးပေါင်းပြီး စတင်စစ်ဆေးမယ်လို့ နေပြည်တော်က ဒီကနေ့မှာပဲ ထုတ်ပြန်ပါတယ်။
ရန်ကုန်မှာ လူနေထိုင်ဖို့ မသင့်တဲ့အဆောက်အဦတွေကို ပြုပြင်ဖယ်ရှားဖို့ရှိ၊ မရှိဆိုပြီး ဇွန်လ ၂၂ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ ကျောက်တံတားမြို့နယ်အမှတ် ၂ ကိုယ်စားလှယ် ဦးကျော်မင်းထက်က မေးမြန်းခဲ့တာပါ။
အဲဒီမေးမြန်းမှုအပြီးမှာ ရန်ကုန်က အဆောက်အဦတွေရဲ့ငလျင်ဒဏ်ကြံ့ခိုင်မှုကို စစ်ဆေးသွားဖို့ရှိတယ်လို့ ရန်ကုန်မြို့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က တုံံ့ပြန်ဖြေဆိုခဲ့ပါတယ်။
ကနဦးအဆင့်အနေနဲ့ ရပ်ကွက် တစ်ခုစာလောက်ကို မျက်မြင်အကဲဖြတ်စစ်ဆေးသွားမှာဖြစ်တယ်လို့ ဒီစစ်ဆေးမှုကို ပြုလုပ်မယ့် မြန်မာနိုင်ငံငလျင်ကော်မတီရဲ့ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်။
“အခုကတော့ ရပ်ကွက်တစ်ခုစာ၊ နှစ်ခုစာလောက်ကို ကနဦးစီမံကိန်း ပုံစံမျိုးလေးလုပ်သွားဖို့ လျာထားပါတယ်။ အဲဒီပြီးရင် ရပ်ကွက် ဒါမှမဟုတ် မြို့နယ်မှာရှိတဲ့အဆောက်အဦတိုင်းကို စစ်ဆေးသွားမှာဖြစ်ပါတယ်။ အဲဒီတော့ လူနေအဆောက်အဦတွေလည်းပါမယ်၊ ကျောင်းတွေ၊ ဆေးရုံတွေလည်းပါတယ်”
ဒီလို စစ်ဆေးတဲ့အခါ အဆင့်သုံးဆင့် ခွဲထားတယ်လို့ သူက ပြောပါတယ်။ ပထမအဆင့်က အကဲဖြတ်စစ်ဆေးတာ၊ ဒုတိယအဆင့်က အသေးစိတ်စစ်ဆေးတာ၊ တတိယအဆင့်က အဆောက်အဦ ကြံ့ခိုင်မှုရှိအောင်လုပ်မယ့်အဆင့်ဖြစ်တယ်လို့ သူကပြောပါတယ်။
ပြုပြင်လို့မရတဲ့အဆောက်အဦတွေကိုတော့ ဘယ်လိုဆက်လုပ်မလဲဆိုတာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်ပြီးတိုင်ပင်ရမှာဖြစ်တယ်လို့ ဦးစောထွေးဇော်က ပြောပါတယ်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဌေးကတော့ ငလျင်ဒဏ်အတွက် အန္တရာယ်ရှိတဲ့ အဆောက်အဦတွေကို ဖြိုဖို့လိုရင်လည်း ဖြိုသွားရမှာဖြစ်တယ်လို့ ပြောပါတယ်။
“ကြံ့ခိုင်မှုမရှိရင် အဆင့်အတန်းခွဲမှာပေါ့။ အန္တရာယ်ရှိတယ်၊ ဆိုးရွားတယ် ဆိုရင် ဖြိုပစ်ရင်လည်း ဖြိုရမှာတွေ ရှိတာပေါ့”
ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာပဲ ရန်ကုန်မြို့မှာ နေထိုင်သူတွေက ငလျင်ငယ်လှုပ်ခတ်မှုတွေကို ခပ်စိပ်စိပ် ကြုံလာနေရတာပါ။
ရန်ကုန်မြို့ဟာ ငလျင်ပြတ်ရွေ့ကြောပေါ်မှာ မရှိပေမဲ့ ငလျင်ပြတ်ရွေ့တွေရဲ့ဘေးအနီးမှာရှိနေပါတယ်။
ငလျင်လှုပ်ခတ်မှုတွေနဲ့အတူ လူနေထူထပ်လှတဲ့ ရန်ကုန်မြို့ရဲ့တိုက်တာ၊ အဆောက်အဦတွေရဲ့ ကြံ့ခိုင်မှုကလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာအနီးမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ပျံတက် မရတော့တဲ့ Mi 17 စစ်ရဟတ်ယာဉ်ကိုပြန်ပြင်ဖို့ နဲ့ ပြန်သယ်နိုင်ဖို့ စစ်တပ်က အဲဒီရွာနဲ့အနီးတဝိုက်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ မြေပြင်အခြေအနေသိတဲ့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ရဟတ်ယာဉ် ဒရုန်းနဲ့တိုက်ခိုက်ခံရ တွင်းမရွာအနီးက သရက်ကန်ကို ဒီနေ့ ဇွန်လ ၂၄ ရက်မှာ စစ်တပ်က စစ်ကြောင်းတွေ ထိုးနေတယ်လို့ သူက ပြောပါတယ်။ အဲဒီရွာဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီနေ့အထိ ရဟတ်ယာဉ်က ပျံလို့ မရသေးဘူး။ သူတို့က စစ်ကြောင်းတွေ ထိုးပြီးတော့ ဒီရဟတ်ယာဉ်ကို ပြန်ပြင်နိုင်ဖို့၊ သယ်နိုင်ဖို့တွေ လုပ်နေကြတယ်”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တွင်းမရွာက ကွင်းပြင်မှာ စက်မသတ်ထားတဲ့ စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက FPV အသေခံဒရုန်း နှစ်စင်းနဲ့တိုက်ခိုက်ခဲ့တာကို ကာကွယ်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်တဲ့ရုပ်သံမှာတွေ့ရပါတယ်။
ရဟတ်ယာဉ်ဆင်းသက်တဲ့ တွင်းမရွာဟာ ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့နေရာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ရုပ်သံထဲမှာ ဆယ်နဲ့ချီရှိတဲ့လူအုပ်စု တစ်စုက ရဟတ်ယာဉ်ပေါ်ပါလာတဲ့အထုပ်တွေကို သယ်ချနေတာတွေ့ရပါတယ်။
ရဟတ်ယာဉ်ကို တိုက်ခိုက်တာကိုတော့ မကွေးပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းတွေ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင် ပကဖတွေအပါအဝင် ကျောင်းသားတပ်(ABSDF)တို ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ မကွေး PDF ဘက်က သတင်းထုတ်ပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်လာတဲ့ ဒရုန်းနှစ်စင်းရဲ့ ရုပ်သံထဲ မှာ တစ်စင်းက ရဟတ်ယာဉ်ရဲ့ ကုန်တင်၊ကုန်ချ တံခါးကို ထိသွားပြီး နောက်တစ်စင်းက ရဟတ်ယာဉ်ရဲ့ ပန်ကာဒလတ်ကို ထိသွားတာတွေ့ရပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးအရေအတွက် အတိအကျက မထုတ်ပြန်သေးပေမဲ့ ရုပ်သံထဲမှာတော့ စစ်တပ်တပ်ဖွဲ့တစ်ဦး ရဟတ်ယာဉ်အနီး လဲကျသွားတာကို တွေ့ရပါတယ်။
နေပြည်တော်ကတော့ စစ် ရဟတ်ယာဉ် ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို ဖြိုခွင်းမှုတစ်နှစ်ကျော်ကြာလာပေမဲ့ အခုချိန်ထိ မြန်မာ-ထိုင်းနယ်စပ်က ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ ပိတ်မိနေသူတွေ ၅,၃၀၀ ကျော်ရှိနေသေးတယ်လို့ လူကုန်ကူးခံရသူများကူညီစောင့်ရှောက်ရေးအရပ်ဘက်ကွန်ရက်(CSNHTV) က ပြောပါတယ်။
ဒီအခြေအနေတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အဲဒီအဖွဲ့က ထိုင်းရဲတပ်ဖွဲ့ကို ဇွန်လ ၂၂ ရက်မှာ စာပေးပို့ချိန် အခုလိုရေးသားဖော်ပြတာပါ။
မြန်မာဘက်ခြမ်းက ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့နေရာ လေးခုမှာ ပိတ်မိနေသူတွေ အများစုဟာ ပြည်ပနိုင်ငံသားတွေဖြစ်နေတယ်လို့ ဆိုပါတယ်။
ပြည်ပနိုင်ငံသားတွေအများစုဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်မိနေတာလို့ ဆိုပါတယ်။
ထိုင်း -မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက ကျောက်ခက်နဲ့ မင်းလက်ပံကျေးရွာလို DKBA ထိန်းချုပ်နယ်မြေတွေမှာ ပြီးခဲ့တဲ့ ၆ လမှာ စစ်တပ်က စစ်ကြောင်းဖြန့်ပြီး ဝင်ရောက်နှိမ်နင်းတာတွေရှိခဲ့ပေမဲ့ မြဝတီတောင်ပိုင်းမှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်ရှိနေသေးတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
DKBA နယ်မြေတွေထဲမှာ ကျားဖြန့်လုပ်ငန်းတွေ ရှိနေသေးတယ်ဆိုတဲ့ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး ဘီဘီစီက DKBA ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ထိုင်းအရပ်ဘက်အဖွဲ့ CSNHTV ကတော့ ပိတ်မိနေသူတွေအထဲ မြန်မာနိုင်ငံသားအယောက် ၂၀၀ ဝန်းကျင်၊ တရုတ်နိုင်ငံသား ၁,၆၀၀ ကျော်၊ ထိုင်းနိုင်ငံသားအယောက် ၂၀ အပါအဝင် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရားဇီး၊ ရုရှား၊ ကင်ညာ၊ ရာဝမ်ဒါနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ကတော့ မကြာခဏဆိုလို ရွှေကုက္ကိုထဲက ကျားဖြန့်လုပ်ငန်းအတွက် အသုံးပြုတဲ့ အဆောက်အဦတွေကို ဖြိုချဖျက်ဆီးနေတာတွေကို ထိုင်းဘက်ခြမ်းကနေ မြင်တွေ့ရပါတယ်။
လက်ရှိ ရွှေကုက္ကိုထဲမှာ ဖြိုချဖျက်ဆီးတာနဲ့ ဖောက်ခွဲဖျက်ဆီးဖို့ ကျန်နေတဲ့အဆောက်အဦ ၇၇ လုံးကျန်နေသေးတာကြောင့် ဆက်ပြီး ဖျက်ဆီးရှင်းလင်းမှုတွေ လုပ်သွားမယ်လို့ နေပြည်တော်က ဇွန်လ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့က အမေရိကန်သံရုံးမှာတာဝန်ထမ်းဆောင်တဲ့သံတမန်ဝန်ထမ်း ခင်ပွန်းဟောင်းကို သတ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ထိုင်းအမျိုးသမီးကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဆက်နွှယ်တဲ့အမှုအတွက် မနေ့က ကမာရွတ်ခရိုင်တရားရုံးမှာ ကြားနာခဲ့တယ်လို့ အေပီ သတင်းဌာနက ရေးသားပါတယ်။
အဲဒီရုံးချိန်းကို စွပ်စွဲခံထားရတဲ့ထိုင်းအမျိုးသမီးကိုယ်တိုင် တက်ရောက်လာခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီလဝကဆက်နွှယ်အမှုဟာ မြန်မာမှာ နိုင်ငံခြားသားတွေပြစ်မှုတစ်ခုခု ကျူးလွန်တယ်လို့ သံသယအဝင်ခံရတဲ့အခါ ဆက်နွှယ်ကြားနာခံရတဲ့အမှုဖြစ်ပါတယ်။
အဲဒီကြားနာမှုမှာ လူဝင်ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန(လဝက)က အရာရှိတွေအပါအဝင် မျက်မြင်သက်သေ သုံးဦး ထွက်ဆိုခဲ့တယ်လို့ အမှုအကြောင်း သိရှိတဲ့အမည်မဖော်လိုသူ ရှေ့နေကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။
တရားရုံးကြားနာမှုမှာ စွပ်စွဲခံရသူဘက်က အမှုလိုက်ပါဆောင်ရွက်ပေးတဲ့ကိုယ်စားလှယ် ၂ ဦးကို တွေ့ခဲ့ရတယ်လို့ဆိုပေမဲ့ အသေးစိတ်ကိုတော့ ရှေ့နေက မပြောခဲ့ဘူးလို့ဆိုပါတယ်။
အမေရိကန်သံဝန်ထမ်းဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်က ရန်ကုန်မြို့က အမေရိကန်သံရုံးနဲ့ ၁ မိုင် ဝန်းကျင်အကွာမှာရှိတဲ့ Sakura Residence and Hotel မှာ ဦးခေါင်းနဲ့ လည်ပင်းမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ခဲ့ရတယ်လို့ ရှေ့နေတွေကို ကိုးကားပြီး အေပီသတင်းက ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကလည်း သံတမန်သေဆုံးမှုကို အတည်ပြုပေမဲ့ ကျန်ရစ်သူ မိသားစုကို စာနာတဲ့အနေနဲ့ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ဖို့ အစောပိုင်းကတည်းက ငြင်းဆိုထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကလည်း စွပ်စွဲခံရသူ ထိုင်းအမျိုးသမီးအတွက် ကောင်စစ်ဝန်ဆိုင်ရာ အကူအညီတွေ ပေးနေတယ်လို့ ပြောပေမဲ့ အဲဒီအမျိုးသမီး ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို အသေးစိတ် ထုတ်မပြောပါဘူး။
မြန်မာမှာ ရွေးကောက်ပွဲ မစတင်ခင် ၅ လတာအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇၀၀ ကျော်သေဆုံးတယ်လို့ ကုလလူအခွင့်အရေအဖွဲ့က ပြောပါတယ်။
အဲဒီထဲက သေဆုံးတဲ့အရပ်သား ၅၀၀ နီးပါးဟာ ၂၀၂၅ သြဂုတ်လနဲ့ ရွေးကောက်ပွဲပြုလုပ်တဲ့ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေထဲ လူသေဆုံးမှုအများဆုံးဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ခရိုင်ဆေးရုံကို ဗုံးကြဲမှုဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် မွေးကင်းစ ကလေးငယ်အပါအဝင် အနည်းဆုံး လူ ၃၃ ဦး သေဆုံးခဲ့ပါတယ်။
ဘီဘီစီရဲ့သီးခြားအချက်အလက် စုဆောင်းမှုအရဆိုရင် ကုလက စာရင်းပြုစုခဲ့တဲ့ကာလအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူဆယ်ချီသေဆုံးတဲ့ဖြစ်စဉ်တွေဟာ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုတစ်ခုတည်းမဟုတ်ပါဘူး။ ပတ္တမြားမြေ မိုးကုတ်မြို့နဲ့ မော်ချီးသတ္တုတွင်းအရပ်တွေကို ဗုံးကြဲမှုတွေမှာလည်း လူဆယ်ချီသေဆုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေမှာ မျက်မြင်ကြုံတွေ့ခဲ့ရသူတွေ ကိုယ်တိုင်ပြောပြထားတဲ့ ‘‘ရွေးကောက်ပွဲမတိုင် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအကြောင်း’’ ဘီဘီစီအထူးဆောင်းပါးကို ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ပေါ်တူဂီ စူပါစတား ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဒီကနေ့ ဥဇဘက်ကစ္စတန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပထမပိုင်းမှာ နှစ်ဂိုးသွင်းယူခဲ့ပြီး၊ သူ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ခြောက်ကြိမ်စလုံးမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ပေါ်တူဂီအသင်းက ဥဇဘက်ကစ္စတန်အသင်းကို ၅-၀ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပေါ်တူဂီရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဒီအာကွန်ဂိုအသင်းနဲ့ ပွဲမှာတော့ တစ်ဂိုးစီသရေကျခဲ့ပြီး ရော်နယ်ဒိုလည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ရော်နယ်ဒိုနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီကတော့ အဖွင့်နှစ်ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့ပြီး၊ လက်ရှိအချိန်အထိ သွင်းဂိုး ၅ ဂိုးနဲ့ ပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေပါတယ်။
မက်ဆီဟာ ဒီနှစ်အပါအဝင် ကမ္ဘာ့ဖလား ငါးကြိမ်မှာ ဂိုးသွင်းထားပါတယ်။
ရော်နယ်ဒိုရော မက်ဆီပါ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂ နဲ့ ဒီနှစ် ၂၀၂၆ ကမ္ဘာ့ဖလားတွေမှာ ကစားခဲ့ပြီး ရော်နယ်ဒိုက ခြောက်ကြိမ်စလုံးမှာ ဂိုးသွင်းလို့ မက်ဆီကတော့ တောင်အာဖရိကမှာ လုပ်တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ၆ ကြိမ်မှာ စုစုပေါင်း ၁၀ ဂိုးသွင်းထားပြီး ပေါ်တူဂီအသင်းမှာ ဂိုးအများဆုံးသွင်းတဲ့ စံချိန်လည်း ချိုးလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့လယ်က တိုက်ခန်းတစ်ခန်းမှာ လည်ပတ်နေတဲ့ အွန်လိုင်းလောင်းကစားဂိုဏ်းကို ဇွန်လ ၂၃ ရက် မှာ ထိုင်းအာဏာပိုင်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ထိုင်းနိုင်ငံသား နဲ့ မြန်မာနိုင်ငံသား ၉ ဦးကို ဖမ်းဆီးခဲ့တယ် လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံသား ၇ ဦး နဲ့ ထိုင်းနိုင်ငံသား ၂ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး အဲဒီလုပ်ငန်းမှာ ထိုင်းဘတ်ငွေ ၇ သန်းကျော် လည်ပတ်စီးဆင်းနေတယ်လို့ ဆိုပါတယ်။
ထိုင်း၊ မြန်မာ နဲ့ တရုတ်နိုင်ငံသားတွေ က မဲဆောက်မြို့လယ်က တိုက်ခန်းတစ်ခန်းကို ကွန်ပျူတာ နဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့အတူ ပြောင်းရွှေ့လာတယ်ဆိုတဲ့ သတင်းရတာကြောင့် ဝင်ရောက် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
သူတို့ ၉ ဦးဟာ အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်ကို တာဝန်ယူဦးစီးရပြီး သုံးစွဲသူတွေ မေးမြန်းလာတာကို ဖြေကြားရတာ၊ ငွေသွင်း၊ ငွေထုတ်တာတွေကို တာဝန်ယူရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကွန်ပျူတာ (Desktop) ၁၃ လုံး၊ လက်ပ်တော့ပ် ၇ လုံး၊ မိုဘိုင်း ဖုန်း ၃၃ လုံး၊ ဘဏ်စာအုပ် ၂၉ အုပ်၊ ATM ငွေထုတ်ကတ် ၂၆ ကတ် တို့ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနကဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၃ လကျော်လောက်ကလည်း မဲဆောက်မြို့ပေါ်ကနေ မယ်တောင် ဘက်ကိုသွားတဲ့လမ်းမှာ ရှိတဲ့ ကျားဖြန့်လုပ်ငန်းတစ်ခုမှာ CDM ဗိုလ်ကြီးတစ်ဦး ကို အလုပ်ရမယ်ဆိုပြီးလိမ်ခေါ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့သေးတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူက ဘီဘီစီကို ပြောပါတယ်။
သူဟာ မဲဆောက်မြို့ကနေ မြဝတီဘက်ကို ကုန်တင်၊ ကုန်ချ လုပ်ရမယ်ဆိုပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ဝေါလအနီးက အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုဆီကို လိမ်လည်ခေါ်ယူခံခဲ့ရတာလို့ ဘီဘီစီကို ပြောပါတယ်။
မင်္ဂလာပါ။ ဇွန်လ ၂၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။