ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇာတ်အဖွဲ့ ကားမှောက်လို့ သေဆုံးဒဏ်ရာရ
တချိန်က ဆလိုက်မင်းမင်းထိုက်လို့ လူသိများတဲ့ ပြဇာတ်မင်းသား မင်းမင်းထိုက် တည်ထောင်ထားတဲ့ မင်းမင်းဦး အလှသစ်မန္တလေး ဇာတ်အဖွဲ့ရဲ့ ကားဟာ ရှမ်းပြည်နယ်မှာ မတ်လ ၉ရက် ညနေပိုင်းက တိမ်းမှောက်ခဲ့လို့ ဇာတ်အဖွဲ့သား ၇ ယောက် သေဆုံးခဲ့သလို တဖွဲ့လုံးနီးပါး ဒဏ်ရာရခဲ့ပါတယ်။
မန္တလေးဇာတ်သဘင် လောကမှာ နာမည်ကြီးတဲ့ မင်းမင်းဦး အလှသစ် မန္တလေး ဇာတ်အဖွဲ့ရဲ့ ဇာတ်အဖွဲ့သား ၃ဝ ကျော်ပါတဲ့ကားဟာ ဇာတ်ကပြီး မန္တလေးကိုအပြန် ရပ်စောက်နဲ့ နောင်ချိုအကြား တောင်စောင်းအဆင်းမှာ တိမ်းမှောက်ခဲ့လို့ မင်းသားမြင့်မြတ်ဇော်၊ နောက်ပိုင်းမင်းသားကြီး ဦးပြေကျော်နဲ့ မင်းသမီး မြစန်းရီအပါအဝင် ၇ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာ ပြင်းထန်သူ ၁၇ ယောက်ကို မေမြို့ဆေးရုံတင်ထားရပါတယ်။
ကျန်တဲ့သူတွေ ကတော့ ပွန်းပဲ့ရုံပဲ ဖြစ်ခဲ့ပါတယ်။
ရပ်စောက်မြို့နယ်ထဲကနေ ပွဲကပြီး ပြန်တာမို့ ရှမ်းပြည်တောင်ပိုင်း လမ်းဟောင်း ဖြစ်တဲ့ တောင်ကြီးလမ်းက ဆင်းဖို့ ဇာတ်ပိုင် ဆလိုက်မင်းမင်းထိုက်နဲ့ မင်းသားတို့က ကားဆရာကိုမှာခဲ့ပေမယ့် ကားဆရာက ရှမ်းပြည် မြောက်ပိုင်းကို ဖြတ်ပြီး ရပ်စောက်နောင်ချိုလမ်းက ပြန်တာမို့ လမ်းကျွမ်းကျင်မှု အားနည်းလို့ ဖြစ်ရတာလို့လည်း သိရပါတယ်။
သေဆုံး ဒဏ်ရာရသူတွေ အတွက် ဇာတ်သဘင်အစည်းအရုံး အသီးသီးက ကူညီပေးနေတဲ့အကြောင်း မန္တလေး ဇာတ်သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးစိန်မောင်းက ပြောပြပါတယ်။
မင်းမင်းဦးဇာတ်ပွဲကို ငှားထားတဲ့ အနယ်နယ် အရပ်ရပ်က ဇာတ်ငှားထားသူတွေ အဆင်ပြေဖို့ တခြားအားတဲ့ဇာတ်တွေနဲ့ ညှိနှိုင်းအစားထိုးပေးမယ်လို့လည်း ဦးစိန်မောင်းကပြောပါတယ်။
မင်းမင်းဦး ဇာတ်အဖွဲ့ရဲ့ ၁ဝ ဘီးကားကို မောင်းတဲ့ ကိုကျော်နိုင်ဦး ကိုတော့ ကျောက်ဂူနယ်မြေ ရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေမှု၊ နာကျင်စေမှု၊ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မတွေနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
ခု ကားတိမ်းမှောက်တဲ့ မင်းမင်းဦးဇာတ်အဖွဲ့ကတော့ ဒီနှစ်ပွဲရာသီမှာ ပုံမှန် ပြန်လည်ပတ်နိုင်ဖို့ အတော်ခက်ခက်ခဲခဲ အားထုတ်ရဦးမယ်လို့ ဇာတ်သဘင် လောကသားတွေက ပြောကြပါတယ်။