Opec ကနေ ယူအေအီး နုတ်ထွက်တာ စိုးရိမ်စရာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဖေဆယ် အစ္စလာမ္မမ်
- ရာထူးတာဝန်, စီးပွားရေးအယ်ဒီတာ
- ဖတ်ရန်အချိန်: မိနစ် ၄
အိုပက်(Opec)လို့ အတိုကောက်ခေါ်ပြီး ရေနံထွက်ကုန်တင်ပို့တဲ့နိုင်ငံများအဖွဲ့ ကနေ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) ရုတ်တရက် နုတ်ထွက်တာဟာ သိပ်ကိုအလေးထားဖို့ ကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ နိုင်ငံအဖြစ်တစုတစည်းတည်းမဖြစ်တည်ခင် ၁၉၇၁ ခုနှစ်ကတည်းက စော်ဘွားတွေက အိုပက်အဖွဲ့ဝင်ဖြစ်နေခဲ့တာပါ။
အိုပက်(Opec)ကို ပင်လယ်ကွေ့က ရေနံတင်ပို့တဲ့နိုင်ငံတွေအများစုနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေကြား ရေနံထုတ်လုပ်မှု ဘယ်ရွေ့ဘယ်မျှလုပ်ရမယ်ဆိုတာကို ခွဲဝေသတ်မှတ်တာအပြင် ရေနံစိမ်းစျေးနှုန်း အတက်အကျကိုလည်း ထိန်းညှိတာ ဆယ်စုနှစ်များစွာကြာနေပါပြီ။
အိုပက်ဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်မူဝါဒဖြစ်အောင် ပုံစံပြောင်းလဲစေခဲ့တဲ့ ၁၉၇၀ ပြည့်နှစ်တွေမှာ ရေနံအကျပ်အတည်းဖြစ်တဲ့အခါ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
ဆော်ဒီအာရေးဗျနိုင်ငံက အိုအက်တစ်ဖွဲ့လုံးရဲ့ရေနံထုတ်လုပ်မှုအပိုင်းကို အများဆုံးယူထားချိန်မှာ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) ဟာ ဒုတိယအများဆုံးထုတ်လုပ်တဲ့နိုင်ငံ အဆင့်မှာ ရှိနေပါတယ်။ ပြောရရင်တော့ ယူအေအီး ဟာ ရေနံစျေးနှုန်းတက်နေတဲ့အခါ စျေးကွက်အရှိိန်လျော့ စျေးလျော့သွားအောင် ရေနံတိုးထုတ်ပေးနိုင်တဲ့နေရာမှာ ရှိနေတာပါ။
ဒါကြောင့်လည်း ဒီအခြေအနေကို ယူအေအီးဘက်က ရေရှည်ချင့်တွက်တာမျိုး ရှိလာတာဖြစ်ပါတယ်။ ဒါပေမဲ့ ရှင်းရှင်းပြောရရင်တော့ ယူအေအီးဟာ သူဝင်ရောက် ရင်းနှီးမြှုပ်နှံထားတဲ့အပိုင်းမှာ ခြေနိုင်လက်နိုင်အခြေအနေ ရှိချင်ပုံရပါတယ်။

အိုပက်(Opec) အဖွဲ့ဝင်နိုင်ငံတွေရဲ့ရေနံထုတ်ရမယ့်ပမာဏကို တစ်နေ့ကို ရေနံစည် ၃ သန်းကနေ ၃ သန်းခွဲကြား ကန့်သတ်ထားပါတယ်။ တစ်ဖွဲ့လုံးမှာ ဝင်ငွေလျော့နည်းသွားတဲ့အခါမျိုးမှာဆိုရင် အိုပက်(Opec) အဖွဲ့ဝင်တွေကြား အစားဝင်ခံရတာမျိုးရှိတဲ့အခါ ယူအေအီးဟာ အဲဒီအတွက် အဲဒီနေရာကို ဝင်ယူရပါတယ်။
ယူအေအီးဟာ ရေနံထုတ်လုပ်နိုင်စွမ်း တိုးအောင် အလွန်အမင်းရင်းနှီးမြှုပ်နှံတာတွေလုပ်ထားတာကြောင့် အိုပက်ဟာ စျေးနှုန်းထိန်းချုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ရေနံလျှော့ထုတ်ခိုင်းတဲ့အခါ အဲဒီဒဏ်ကို ယူအေအီးက ခါးစည်းခံရတဲ့သဘောရှိပါတယ်။
ဒါပေမဲ့လည်း အိုပက်(Opec)အဖွဲ့ကနေ ယူအေအီး အခုလိုရုတ်တရက် နုတ်ထွက်လိုက်တာက အီရန်စစ်ပွဲကနေ ပေါ်လာတဲ့အကျိုးဆက်တွေကိုလည်း အရိပ်အမြွက်ပြနေပါတယ်။ ပင်လယ်ကွေ့က ပဋိပက္ခ ဖိအားတွေဟာ အီရန်နဲ့ ယူအေအီးကြားက ဆက်ဆံရေးကို ထိခိုက်ခဲ့သလို ဆော်ဒီနဲ့ ရှိရင်းစွဲ ခပ်စိမ်းစိမ်းအခြေအနေအပေါ်မှာလည်း သက်ရောက်နိုင်ခြေရှိပါတယ်။
ခေတ်ကာလနဲ့ကိုက်ညီနေပါသေးရဲ့လားလို့ မေးခွန်းထုတ်ခံထားရတဲ့ အိုပက်(Opec)အတွက်တော့ အဖွဲ့ကနေ ယူအေအီး နုတ်ထွက်တာဟာ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပါတယ်။
ဒါတင် မကပါဘူး။ ယူအေအီးဟာ သူ့သဘောအတိုင်း ပင်လယ်ရေကြောင်းကနေ ဒါမှမဟုတ် ပိုက်လိုင်းကနေ ရေနံပြန်လည်တင်ပို့ပြီဆိုရင် တစ်နေ့ကို ရေနံစည် ၅ သန်းနီးပါးအထိ ထုတ်လာနိုင်ခြေရှိပါတယ်။ ယူအေအီးဘက်က စီးပွားရေးနဲ့ပတ်သက်ပြီး သမားရိုးကျလမ်းကြောင်းကနေ ခွဲထွက်တာမျိုးလုပ်လာတဲ့အခါ ဆော်ဒီဘက်ကလည်း ဒါကို ပြန်လည်တုံ့ပြန်လာတာမျိုး လုပ်လာနိုင်ပါတယ်။ ဒါပေမဲ့ ပိုဆင်းရဲတဲ့ အိုပက်အဖွဲ့ဝင်နိုင်ငံတွေဟာ ဒီဒဏ်ကို ခံနိုင်မယ်လို့ မထင်ပါဘူး။
ဆော်ဒီရဲ့တုံ့ပြန်ပုံအပေါ် အများကြီး မူတည်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူအေအီး အရာရှိတွေအနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ရှောင်ကွင်းနိုင်ဖို့ အဘူဒါဘီမှာရှိတဲ့ ရေနံတွင်းတွေကနေ အသုံးသိပ်မများတဲ့ ဖူဂျဲရာဆိပ်ကမ်းကို ပိုက်လိုင်းဖောက်လုပ်မလားဆိုတာတွေလည်း ပြောဆိုနေကြပြီဖြစ်ပါတယ်။
ဒီနေ့ခတ်မှာ အသုံးများနေတဲ့ပိုက်လိုင်းတစ်ခုတော့ ရှိထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ တိုးထုတ်လာတဲ့ရေနံအထွက်နှုန်း၊ ပင်လယ်ကွေ့ကမ်းလွန်မှာ ရေနံတင်သင်္ဘောကြီးတွေ သွားလာဖို့သုံးရတဲ့ပိုက်ဆံနဲ့ ရေနံစီးဆင်နှုန်းကို ကာမိနိုင်မယ့်ပိုက်လိုင်း လိုအပ်နေတာဖြစ်ပါတယ်။
အိုပက်ကနေ ယူအေအီး နုတ်ထွက်မယ်လို့ ကြေညာတာဟာ ဟော့မုဇ်ရေလက်ကြားမှာ နှစ်ထပ်ကွမ်း ပိတ်ဆို့ခံရလို့ ရေနံ၊ ဓာတ်ငွေ့၊ စက်သုံးဆီတွေအပေါ် သက်ရောက်တဲ့ ရေနံစျေးကွက်အတွင်းက အပြောင်းအလဲမြန်ဆန်တဲ့အခြအနေတစ်ခုတင် မကတော့ပါဘူး။
အခုတော့ ကမ္ဘာကြီးဟာ ရေနံတစ်စည် ဒေါ်လာ ၁၁၀ ဆိုတဲ့စျေးနှုန်းအပေါ် အာရုံရောက်နေပါတယ်။ ဒါပေမဲ့လည်း ဟော်မုဇ်ရေလက်ကြားအရေး ဖြေရှင်းနိုင်ပြီဆိုရင်၊ အမေရိကန်ပြည်ထောင်စုမှာလည်း အခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွေ အချိန်ကျလာပြီဆိုရင်တော့ ရေနံတစ်စည်စျေး ဒေါ်လာ ၅၀ ကပ်ဖို့တောင် မဖြစ်မနိုင်ပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လက်ရှိမှာ အိုပက်(Opec)ဟာ ကမ္ဘာ့ရေနံစျေးကွက်မှာ ၁၉၇၀ ပြည့်နှစ်တွေတုန်းကလောက် အရေးမပါနိုင်တော့ပါဘူး။ အဲဒီတုန်းက ကမ္ဘာဟာ အိုပက်ရဲ့ ရေနံ ၈၅ ရာခိုင်နှုန်းလောက်အထိ ဖြုန်းခဲ့သုံခဲ့တာဖြစ်ပေမဲ့ အခုအချိန်မှာ အိုပက်ရဲ့ရေနံ တဝက်ကျော်လောက်ကိုပဲ နိုင်ငံတကာမှာ သုံးပါတော့တယ်။ ဒီနေ့ခတ်ကမ္ဘာ့စီးပွားရေးမှာ ရေနံဟာ ၁၉၇၀ ပြည့်နှစ်တွေတုန်းကလောက် အရေးမပါတော့ပါဘူး။ အိုပက်မှာ ဖဲတစ်ချပ် ကိုင်ထားနိုင်တာမှန်ပေမဲ့ တစ်ဖွဲ့တည်းကနေ စျေးကွက်ကို ချုပ်ကိုင်တာမျိုးတော့ မဖြစ်နိုင်တော့ပါဘူး။ တစ်ချိန်တုန်းက သူ့အကြိုက် ကမ္ဘာကို ခြယ်လှယ်နိုင်ခဲ့သလောက် မလုပ်နိုင်တော့တာကလည်း အရှိတရားဖြစ်ပါတယ်။
အိုပက်ထဲက နာမည်ကြီးသူဖြစ်တဲ့ ဆော်ဒီရေနံဝန်ကြီး ရှိတ်ခ် ရာမန်နီက ''ကျောက်တွေကုန်သွားလို့ ကျောက်ခတ် ကုန်သွားခဲ့တာ မဟုတ်ပါဘူး။ ထို့နည်းတူပဲ ရေနံတွေ ခမ်းသွားလို့ဆိုပြီး ရေနံခေတ်လည်း ကုန်သွားမှာ မဟုတ်ပါဘူး'' ဆိုတဲ့စကားပါ။ ဒါကပဲ ကမ္ဘာမှာ ရေနံအစား အခြားစွမ်းအင်ရင်းမြစ်တွေ အစားထိုးနိုင်ခြေရှိတာကို အရိပ်အမြွက်ပြသပါတယ်။
ယူအေအီးရဲ့နုတ်ထွက်မှုဟာ ကမ္ဘာကြီးအနေနဲ့ ရေနံအပေါ် မှီခိုနေတာကို လျှော့ချသင့်ပြီး တခြားခေတ်ရေစီးကြောင်းတဲ့ကိုက်ညီမယ့်အရာတွေအပေါ် အလေးသာဖို့ သွယ်ဝိုက်ပြောရာလည်း ရောက်ပါတယ်။ တရုတ်ဆိုရင် လျှပ်စစ်ဓာတ်အားသုံးတဲ့အပိုင်းဘက်ကို ဦးတည်ခဲ့လို့ ရေနံနဲ့ ဓာတ်ငွေ့စျေးမြင့်တက်မှုကြောင့်ဖြစ်လာတဲ့စီးပွားရေးထိုးနှက်မှုကို အကျမနာစေခဲ့ပါဘူး။
ခန့်မှန်းတွက်ချက်မှုတွေအရ တရုတ်က ကားကြီး ကားသေးစလို့ ရထားအဆုံး လျှပ်စစ်စွမ်းအင်ပိုင်းကို ပြောင်းလဲ အသုံးပြုမှုဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး တရုတ်အတွက် တစ်နေ့ကို ရေနံစည် ပေါင်း ၁ သန်း အသုံးပြုရတာကို လျှော့ချနိုင်ခဲ့ပါတယ်။ ဒီလမ်းကြောင်းမျိုး ကမ္ဘာတလွှား ခြေဦးလှည့်ကြရင်တော့ ကမ္ဘာ့ရေနံ၀ယ်လိုအားလည်း တန့်သွားမှာဖြစ်ပါတယ်။
ဒီရှုမြင်ချက်အရ စျေးကွက်လိုအပ်ချက်ရှိနေတုန်းမှာ တတ်နိုင်သလောက် ရေနံများများ ထုတ်ပြီး ငွေဖော်ရမယ်ဆိုတဲ့အမြင်လည်း ထွက်လာတယ်လို့ဆိုနိုင်ပါတယ်။ ယူအေအီးဟာ ငွေကြေးတောင့်တင်းပြီး ငွေကြေး၀န်ဆောင်မှုနဲ့ ခရီးသွားကဏ္ဍတွေကနေတဆင့် နိုင်ငံ့စီးပွားရေးကိုလည်း နယ်စုံအောင်လုပ်ထားပါတယ်။
ဒါပေမဲ့ အခြေအနေအများစုဟာ ပင်လယ်ကွေ့က ပစ်ခတ်တိုက်ခိုက်တာတွေ လျော့ပြီး ပုံမှန်အခြေအနေသစ် ဘယ်တော့ စတင်မလဲဆိုတာအပေါ် အများကြီး မူတည်ပါတယ်။
အိုပက်(Opec)ကနေ ယူအေအီး နုတ်ထွက်မှုနဲ့အတူ နောက်ဆက်တွဲ ရောပါရိုက်ခတ်မှုတွေ ရှိလာမှာကတော့ မလွဲပါဘူး။ အဲဒါတွေဟာ ဆော်ဒီအာရေးဗျအပေါ်မှာလည်း ထိုက်သင့်တဲ့ဖိအားတွေ ရှိလာမှာဖြစ်ပါတယ်။
ဟော်မုဇ် ရေလက်ကြားမှာ ရေနံတင်သင်္ဘောကြီးတွေ အဟန်အတားမရှိ ပြန်လည်ခုတ်မောင်း ဖြတ်သန်းခွင့်ရတဲ့အခါ ဒါမှမဟုတ် ယူအေအီးဟာ ရေနံပိုက်လိုင်းအသစ်တွေကို အရင်ကထက် နှစ်ဆတိုး ဖောက်လုပ်တဲ့အခါ အိုပက် အဟန့်အတားသတ်မှတ်ချက်တွေလည်း မရှိတော့တာကြောင့် ယူအေအီးရဲ့ရေနံတွေဟာ အရင်ကထက် ပိုထွက်လာမှာ ဖြစ်ပါတယ်။
ပင်လယ်ကွေ့မှာ လက်ရှိဖြစ်နေတဲ့ ပိတ်ဆို့တားဆီးမှုတွေအပေါ်မှာတော့ သက်ရောက်မှုနည်းနေပါလိမ့်ဦးမယ်။ အဲဒီနောက်ပိုင်းမှ တကယ့်သက်ရောက်မှုတွေ စတင်မှာဖြစ်ပါတယ်။












