လူသူအရောက်နည်းတဲ့ကျွန်းက လူနာကို ကုဖို့ ဗြိတိသျှဆေးအဖွဲ့ လေထီးနဲ့သွားရောက်

ဓာတ်ပုံ ရင်းမြစ်, Minstry of Defence
- ရေးသားသူ, လော်ရန်း တာနာ
- ရာထူးတာဝန်, ဘီဘီစီသတင်းဌာန
- ဖတ်ရန်အချိန်: မိနစ် ၃
ဟန်တာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူလို့ ယူဆရတဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးကို အကူအညီပေးဖို့ လူသူအရောက်နည်းတဲ့ အတ္တလန္တိတ်သမုဒ္ဒရာထဲက ထရစ်စတန် ဒါကူညား ကျွန်းကို ဗြိတိသျှ စစ်ဘက်ဆိုင်ရာဆေးဝန်ထမ်းတွေ လေထီးနဲ့ သွားရောက်ခဲ့ကြပါတယ်။
အဲဒီလူနာဟာ သူနေထိုင်ရာ လူသူအရောက်နည်းတဲ့ အဲဒီကျွန်းကို ဟန်တာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားခဲ့ရာ MV Hondius အပျော်စီးသင်္ဘော ဧပြီလလယ်လောက်တုန်းက ဆိုက်ရောက်ခဲ့စဉ် သင်္ဘောပေါ်ကနေ ဆင်းနေခဲ့တာ ဖြစ်ပါတယ်။
သင်္ဘောပေါ်က ဆင်းအပြီး သီတင်းနှစ်ပတ်အကြာမှာ ရောဂါလက္ခဏာတွေ စဖြစ်ခဲ့ပြီး ကွာရန်တင်း ဝင်ထားချိန်မှာတော့ သက်သာလာနေပြီလို့ ဆိုပါတယ်။ ဟန်တာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၆ ဦး ရှိတယ်လို့ အခုအခါ အတည်ပြုထားပြီး အဲဒီထဲမှာ သင်္ဘောပေါ်ကနေ ဆင်းလာပြီး လောလောဆယ် ဆေးကုသခံနေရတဲ့ နောက်ထပ် ဗြိတိန်နိုင်ငံသား နှစ်ဦးလည်း ပါဝင်ပါတယ်။
စနေနေ့တုန်းက ကျွန်းပေါ်မှာ ခက်ခဲတဲ့ အခြေအနေအတွက် လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေနဲ့အတူ အောက်ဆီဂျင်ဗူးတွေကိုလည်း RAF A400M လေယာဉ်ပေါ်ကနေ ချပေးခဲ့တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
သင်္ဘောပေါ်ပါလာတဲ့ ခရီးသည်တွေထဲက ဟန်တာဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးသူရှိခဲ့အပြီး တစ်လနီးပါးအကြာမှာ အဲဒီ MV Hondius သင်္ဘောဟာ အခုအခါ စပိန်နိုင်ငံ တန်နာရိဖ်ကျွန်းစုမှာ ရောက်ရှိနေပါတယ်။ အဲဒီမှာ ခရီးသည် ၁၀၀ ကျော်ကို သင်္ဘောပေါ်ကနေ နေရပ်ပြန်ပို့နိုင်ဖို့ အာဏာပိုင်တွေက ကူညီဆောင်ရွက်နေပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားမှုအတွင်း လူသုံးဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ ဟန်တာဗိုင်းရပ်စ် ကူးစက်ခဲ့တယ်ဆိုတာကို အတည်ပြုထားတဲ့ လူနှစ်ဦး ပါဝင်ပါတယ်။
ဟန်တာဗိုင်းရပ်စ်ဟာ ကြွက်တွေ သယ်ဆောင်တဲ့ ဗိုင်းရပ်စ်ပိုးအုပ်စုတစ်မျိုး ဖြစ်ပါတယ်။ ဟန်တာဗိုင်းရပ်စ်အများစုဟာ လူကနေလူကို မကူးစက်ပေမဲ့ အဲဒီအပျော်စီးသင်္ဘောပေါ်က လူအများပြားမှာ တွေ့ခဲ့တဲ့ Andes မျိုးကွဲကတော့ လူအချင်းချင်း ကူးစက်နိုင်ပါတယ်။
ထရစ်စတန် ဒါကူညား ကျွန်းမှာ နေထိုင်တဲ့ အဲဒီ ဗြိတိသျှ လူမျိုးဟာ ဧပြီလ ၁၄ ရက်နေ့မှာ သင်္ဘောပေါ်ကနေ ဆင်းခဲ့တာလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဧပြီလ ၂၈ ရက်နေ့မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့ပြီး နှစ်ရက်အကြာမှာ အဖျားရှိခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ လက်ရှိမှာ သက်သာလာနေပြီ ဖြစ်ပြီး လူတွေနဲ့ မရောဘဲ သီးသန့်နေနေပါတယ်။
ဗြိတိန်လေတပ် လေကြောင်းတိုက်ခိုက်ရေး တပ်မဟာ အမှတ် ၁၆ က လေထီးသမား ခြောက်ယောက်နဲ့ ဆေးဝန်ထမ်း နှစ်ဦးပါတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာပေါ်မှာ လူသူအရောက်အနည်းဆုံးကျွန်းအဖြစ် သတ်မှတ်ထားတဲ့ တောင်အတ္တလန္တိတ် သမုဒ္ဒရာထဲက ထရစ်စတန် ဒါကူညား ကျွန်းပေါ်ကို လေထီးနဲ့ သွားရောက်ခဲ့ကြပါတယ်။
အောက်စဖို့ဒ်မှာရှိတဲ့ RAF Brize Norton လေတပ်စခန်းကနေ အဆန်းရှင်းကျွန်းကို RAF A400M အမျိုးအစား ကုန်တင်လေယာဉ်နဲ့ သွားခဲ့ပြီးမှ ထရစ်စတန် ဒါကူညားကျွန်းဆီ သွားခဲ့တာ ဖြစ်ပါတယ်။
လေထီးသမား နှစ်ဦးက အထူးကြပ်မတ်ကုသမှုဆိုင်ရာ ဆရာဝန်တစ်ဦးနဲ့ သူနာပြုတစ်ဦးတို့ကို လေထီးနဲ့ အတူ ခုန်ဆင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီကျွန်းမှာ ရှိနေတဲ့ ဆေးဝန်ထမ်းနှစ်ဦးပါ အဖွဲ့ကို သူတို့က ကူညီထောက်ပံ့မှုတွေ လုပ်ပေးမယ်လို့ သိရပါတယ်။
အဲဒီ ထရစ်စတန် ဒါကူညားကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂၂၁ ဦး နေထိုင်နေပြီး လေယာဉ်ပြေးလမ်း မရှိတဲ့အတွက် အဲဒီကျွန်းကို လှေသင်္ဘောနဲ့သာ သွားရောက်နိုင်ပါတယ်။ အဲဒီလူနာအတွက် အောက်ဆီဂျင် ပြတ်တော့မှာမို့ သင်္ဘောနဲ့ သွားဖို့ မဖြစ်နိုင်တဲ့အတွက် အခုလို လေထီးနဲ့ သွားရောက်ချခဲ့ရတာ ဖြစ်တယ်လို့ ဒီခရီးစဉ်ကို ကြီးကြပ်ဆောင်ရွက်ခဲ့တဲ့ ဗိုလ်မှူးကြီး အက်ဒ် ကာ့တ်ရိုက် က ပြောပါတယ်။
လေပြင်းတွေတိုက်နေပြီး ကျွန်းက အရမ်းသေးလွန်းတဲ့အတွက် လေထီးသမားတွေအတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သူက ဘီဘီစီကို ပြောပြပါတယ်။ အဲဒီကျွန်းမှာ ပျမ်းမျှ လေတိုက်နှုန်းဟာ တစ်ခါတလေမှာ တစ်နာရီကို ကီလိုမီတာ ၄၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။
လေထီးသမားတွေကို လေယာဉ်ပေါ်ကနေ တောင်အတ္တလန္တိတ် သမုဒ္ဒရာပေါ် ၅ ကီလိုမီတာအမြင့်ကနေ ချပေးခဲ့တာဖြစ်ပြီး လေနဲ့အတူ နောက်ပြန်ပါသွားပြီး ကျွန်းစုအစပ်နားမှာ ဆင်းသက်ခဲ့တယ်လို့ ဗိုလ်မှူးကြီး ကာ့တ်ရိုက် က ပြောပြပါတယ်။
"မှားဆင်းမိခဲ့ရင် အတ္တလန္တိတ် သမုဒ္ဒရာထဲ ထိုးကျသွားလိမ့်မယ်"လို့ သူက ပြောပါတယ်။
ဒါဟာ ယူကေစစ်တပ်အတွက် လူသားချင်းစာနာတဲ့ အကူအညီ ထောက်ပံ့ဖို့ ဆေးဝန်ထမ်းတွေ လေထီးနဲ့ခုန်ဆင်းတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဗြိတိသျှ စစ်တပ်ထံက သိရပါတယ်။
လေထီးအဖွဲ့ဟာ ကျွန်းရဲ့ ဂေါက်ကွင်းပေါ် ဆင်းသက်ခဲ့ပြီး အချိန်တိုတိုအတွင်း ချက်ချင်းရောက်လာတဲ့အတွက် ကျွန်းမှာ နေထိုင်သူတွေက ကြိုဆိုနှုတ်ဆက် ကျေးဇူးတင်စကား ပြောခဲ့ကြပါတယ်။
လေထီးအဖွဲ့ဟာ ကျွန်းပေါ်က ဆေးရုံအတွက် ဆေးအထောက်အပံ့ပစ္စည်း သုံးတန်ကျော် ပို့ဆောင်ပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခုဒီထောက်ပံ့ရေးခရီးစဉ်ဟာ ဟန်တာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ယူဆရတဲ့ လူနာအတွက်သာ မဟုတ်ဘဲ သူ့နဲ့ ထိတွေ့ကောင်းထိတွေ့မိနိုင်မယ့် ကျွန်းပေါ်က တခြားလူတွေကိုပါ အကူအညီပေးဖို့ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ကာ့တ်ရိုက် ကပြောပါတယ်။
မကြုံစဖူး ထူးခြားတဲ့ ဒီဆောင်ရွက်မှုဟာ ဗြိတိန်ရဲ့ ပြည်ပပိုင်နက်မြေတွေမှာ နေထိုင်နေသူတွေနဲ့ ဗြိတိန်နိုင်ငံသားတွေ ဘယ်မှာပဲ ရောက်နေနေ ဗြိတိသျှအစိုးရအနေနဲ့ အကူအညီပေးဖို့ အမြဲ အသင့်ရှိနေတယ်ဆိုတာကို ထင်ဟပ်ပြနေပါတယ် လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အိဗက် ကူးပါး က ပြောပါတယ်။
အဲဒီလေထီးအဖွဲ့ကို ကျွန်းပေါ်ကနေ သင်္ဘောနဲ့ ပြန်ခေါ်ဆောင်မှာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ကာ့တ်ရိုက် ကပြောပါတယ်။ ကျန်းမာရေးကိစ္စရပ် ရုတ်တရက် ပေါ်ပေါက်လာချိန်မှာ ဒီဆောင်ရွက်ချက်ကို သတိကြီးကြီးနဲ့ စီစဉ်ထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ministry of Defence
ဟန်တာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုထားသူ ခြောက်ဦးနဲ့အတူ ထရစ်စတန် ဒါကူညားကျွန်းပေါ်က ဗြိတိသျှ အမျိုးသားတစ်ဦးအပါအဝင် ဟန်တာဗိုင်းရပ်စ်ကူးစက်ခံရသူအဖြစ် ယူဆရသူ နှစ်ဦး ရှိကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုပါတယ်။
ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြုထားသူ ဗြိတိသျှ လူမျိုး နှစ်ဦးဟာ နယ်သာလန်နဲ့ တောင်အာဖရိကနိုင်ငံတွေမှာ ဆေးကုသ ခံယူနေပါတယ်။
MV Hondius သင်္ဘောပေါ်မှာ ကျန်နေဆဲ ဗြိတိသျှ လူမျိုးတွေထဲမှာတော့ ဘယ်သူမှ ဗိုင်းရပ်စ်ပိုး လက္ခဏာမျိုး တွေ့ရတယ်လို့ မကြားမိကြောင်း ဒါပေမဲ့ သူတို့ကို စောင့်ကြည့်စစ်ဆေးနေတယ်လို့ ယူကေ ကျန်းမာရေးလုံခြုံရေး အေဂျင်စီက ပြောပါတယ်။
တချိန်တည်းမှာပဲ နောက်ဗြိတိသျှ လူမျိုး နှစ်ဦးက ယူကေနိုင်ငံက သူတို့နေအိမ်မှာ ကိုယ့်သဘောနဲ့ ကိုယ် ကွာရန်တင်း ဝင်နေကြပါတယ်။ သူတို့ဟာ ဟန်တာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ဖြစ်ပွားမှု အတည်မပြုခင် ဧပြီလ ၂၄ ရက်နေ့မှာ စိန့်ဟယ်လီနား ကျွန်းမှာ သင်္ဘောပေါ်ကနေ ဆင်းခဲ့ကြသူတွေ ဖြစ်ပါတယ်။
ကျန်တဲ့ ဗြိတိသျှ ခရီးသည် ၂၂ ဦးကတော့ စင်းလုံးငှား ချာတာလေယာဉ်တစ်စင်းနဲ့ တန်တာရိဖ်ကျွန်းကနေ နေရပ် ပြန်လာဖို့ ရှိပါတယ်။
ဗြိတိန်နိုင်ငံကို သူတို့ပြန်ရောက်လာတဲ့အခါ မာဆီဆိုက်ဒ် ခရိုင် ဝါရယ်လ်မြို့က အဲရိုးပါ့ခ် ဆေးရုံကို ခေါ်ဆောင်သွားပြီး အဲဒီမှာ ၄၅ ရက် သီးသန့်ထားထားမှာ ဖြစ်ပါတယ်။
သူတို့ကို ယူကေ ကျန်းမာရေးလုံခြုံရေး အေဂျင်စီက စောင့်ကြည့်လေ့လာနေမှာ ဖြစ်ပြီး လိုအပ်သလို ဆေးစစ်တာတွေလုပ်မှာ ဖြစ်ပါတယ်။
ပြည်သူလူထုအတွက် ရောဂါပိုး ကူးစက်နိုင်တဲ့ အန္တရာယ်ကတော့ အရမ်းကို နည်းပါးနေဆဲ ဖြစ်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။







