ချစ်မိသွားလို့ မောင်နှမ မဟုတ်ကြောင်း စစ်ဆေးဖို့ ဥပဒေကို ချိုးဖောက်ခဲ့ကြတဲ့ လူငယ်နှစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Courtesy of Audrey and Arthur Kermalvezen
"ပြဿနာက ကိုယ့်ရဲ့ သုက်ပိုးအလှူရှင်က ဘယ်သူလဲဆိုတာ မသိရတာပဲ။ အဲဒီတော့ လူတိုင်းဟာ ကိုယ့်အလှူရှင် ဖြစ်နိုင်တယ်လို့ တွေးမိလာတာပါပဲ။"
သုက်ပိုးအလှူရှင်ရဲ့ သုက်ပိုးနဲ့ မွေးဖွားလာတဲ့ အာသာ ကာမယ်လ်ဗီဇန်ဟာ နှစ်ပေါင်းများစွာ သူသွားလာတဲ့နေရာတိုင်းမှာ သူ့ အဖေဖြစ်နိုင်တဲ့သူတွေကို တွေ့နေရသလို ဖြစ်နေခဲ့ပါတယ်။
"ကျွန်တော့်ဆရာများ ဖြစ်နေနိုင်မလား၊ ဘတ်စ်ကားပေါ်မှာ တွေ့တဲ့လူတွေထဲက တစ်ယောက်ဖြစ်နိုင်မလားလို့ တွေးမိတယ်။ ဒီလိုမျိုးကြီးနဲ့ အသက်ရှင်နေရတာ မဖြစ်နိုင်တော့လို့ အရမ်းဒေါသထွက်ခဲ့တယ်" လို့ သူက ပြောပါတယ်။
အရွယ်ရောက်လာတဲ့အချိန် သူ့လိုပဲ သုက်ပိုးအလှူရှင်နဲ့ ရရှိပြီး မွေးဖွားလာတဲ့ ပဲရစ်မြို့က အော်ဒရီကို ချစ်မိသွားတဲ့အခါမှာတော့ ဒီမေးခွန်းက ပိုပြီး အရေးကြီးလာပါတယ်။
အော်ဒရီက သူတို့နှစ်ဦး စတွေ့တဲ့အချိန်ကို "မြင်မြင်ချင်း ချစ်မိသွားတာ" လို့ ဖော်ညွှန်းပါတယ်။ ဒါပေမဲ့ သူတို့ နှစ်ဦးကြားက ဆက်နွယ်မှုဟာ ချစ်ခြင်းကြောင့်လား၊ ဒါမှမဟုတ် မသိစိတ်ထဲက မျိုးရိုးဗီဇချင်းနီးစပ်တဲ့ ဆွဲဆောင်မှုကြောင့်များလား။
သူတို့မွေးဖွားချိန်က ပဲရစ်မြို့မှာ သုက်ပိုးဘဏ် နှစ်ခုသာရှိပြီး အမျိုးသားအများအပြားကလည်း သုက်ပိုးကို အကြိမ်ကြိမ် လှူဒါန်းခဲ့ကြပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးဟာ ဖအေတူ အမေကွဲ မောင်နှမတွေ ဖြစ်နိုင်တဲ့ အလားအလာ တကယ်ရှိခဲ့ပါတယ်။
အတူတူ ဘဝတစ်ခု တည်ဆောက်မယ့်အချိန်မှာ အာသာနဲ့ အော်ဒရီ တို့အနေနဲ့ သူတို့နှစ်ဦးဟာ သွေးသားတော်စပ်မှု ရှိ၊ မရှိကို သိဖို့ လိုအပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်နိုင်ငံမှာ မျိုးရိုးဗီဇစစ်ဆေးမှုနဲ့ သုက်ပိုးအလှူရှင်တွေရဲ့ အမည်လျှို့ဝှက်ထားမှုဆိုင်ရာဥပဒေတွေကြောင့် အဲဒီအဖြေကို ရှာဖွေဖို့က သိပ်ကိုခက်ခဲခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြင်သစ်မှာ မျိုးရိုးဗီဇစစ်ဆေးမှု (genetic test) ကို သုတေသနပညာရှင်၊ ဆရာဝန် ဒါမှမဟုတ် တရားသူကြီးကသာ အမိန့်ပေးပြီး ကြီးကြပ်လုပ်ဆောင်နိုင်ပါတယ်။ ၁၉၉၄ ခုနှစ်ကတည်းက ဒီလိုစည်းမျဉ်းတွေ ချမှတ်ထားတာဖြစ်ပြီး ကိုယ်ရေးကိုယ်တာအတွက် DNA စစ်ဆေးတာကို ဥပဒေအရ ကန့်သတ်ထားပါတယ်။
ဒါကြောင့် အိမ်မှာ ကိုယ်တိုင် DNA စစ်ဆေးနိုင်တဲ့ test kit ကို လက်ဝယ်ထားရှိတာတွေ့ရရင် ယူရို ၃,၅၀၀ ကျော် ဒဏ်ငွေချမှတ်ခံရနိုင်ပါတယ်။ ဒီအခြေအနေကြောင့် 23andMe၊ Ancestry နဲ့ MyHeritage လို ကုမ္ပဏီတွေက သူတို့ရဲ့ DNA test kit တွေကို ပြင်သစ်မှာ မရောင်းချပါဘူး။
ဒီဥပဒေကို ထောက်ခံသူတွေကတော့ အရေးကြီးတဲ့ မျိုးရိုးဗီဇအချက်အလက်တွေကို စီးပွားရေးကုမ္ပဏီတွေဆီ မရောက်ရှိစေဖို့နဲ့ မမျှော်လင့်ထားတဲ့ DNA စစ်ဆေးမှုရလဒ်တွေကြောင့် မိသားစုအတွင်း အငြင်းပွားမှုတွေ မဖြစ်ပေါ်စေဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။
ဒါပေမဲ့ အာသာ ကတော့ ဒီလို DNA စစ်ဆေးမှု ပြုလုပ်တာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာ ဥရောပမှာ ပြင်သစ်တစ်နိုင်ငံတည်းပဲရှိတယ် လို့ ထောက်ပြပါတယ်။
ဒီစုံတွဲဟာ တူညီတဲ့ အရေးကိစ္စအတွက် လှုပ်ရှားရင်း တွေ့ဆုံခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Courtesy of Audrey and Arthur Kermalvezen
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မိဘတွေက အော်ဒရီ ဟာ သုက်ပိုးအလှူရှင်ရဲ့ သုက်ပိုးနဲ့ မွေးဖွားလာတဲ့ မိန်းကလေးဖြစ်တယ်ဆိုတာကို အရွယ်ရောက်လာမှ ပြောပြခဲ့ကြပေမယ့်၊ အဲဒီမတိုင်ခင်ကတည်းက အော်ဒရီဟာ ဇီဝကျင့်ဝတ်ဆိုင်ရာ ဥပဒေ (bioethics law) ကို အထူးပြုထားတဲ့ ရှေ့နေတစ်ယောက်အဖြစ် လုပ်ကိုင်ခွင့်ရထားပြီဖြစ်ပါတယ်။
ဒါကြောင့် ပြင်သစ်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာ ကျင့်သုံးလာတဲ့ ဥပဒေအရ သုက်ပိုးအလှူရှင်ရဲ့ အမည်နဲ့ ကိုယ်ရေးအချက်အလက်တွေကို အလှူရှင် သေဆုံးပြီးနောက်မှာတောင် လျှို့ဝှက်ထားပေးထားတယ် ဆိုတာကို သူက ကောင်းကောင်းနားလည်ထားပါတယ်။
ဒါပေမဲ့ အော်ဒရီဟာ အဲဒီလိုဥပဒေတွေ မပြဋ္ဌာန်းခင်၁၉၇၉ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်နေပါတယ်။
၁၉၉၄ ခုနှစ်မတိုင်ခင် သုက်ပိုးအလှူရှင်ကနေ မွေးဖွားလာသူတွေကို ရှာဖွေရင်း သူ အာသာနဲ့တွေ့ခဲ့ပါတယ်။ အာသာကလည်း သူ့ရဲ့ မူလ ဇီဝဇာစ်မြစ်အကြောင်း ပိုသိချင်တဲ့ ဆန္ဒကို အသေးစိတ်ရေးသားထားတဲ့ စာအုပ်တစ်အုပ် ထုတ်ဝေထားသူ ဖြစ်ပါတယ်။
အော်ဒရီကတော့ သူ ကိုယ်တိုင်တောင်ထုတ်ဖော်ပြောဖို့ ခက်ခဲနေခဲ့တဲ့ ခံစားချက်တွေကို အာသာက သူ့စာအုပ်မှာ တိတိကျကျကြီး ဖော်ပြထားတာကြောင့် အံ့ဩမိတယ်လို့ ပြောပါတယ်။ သူတို့နှစ်ဦးစလုံးမှာ ချစ်ခင်ကြင်နာတဲ့ မိသားစုတွေ ရှိခဲ့ကြပေမယ့် သူတို့ကို မွေးဖွားလာစေဖို့ ပါဝင်ခဲ့တဲ့သူတွေအကြောင်းကို သိချင်စိတ်က နှစ်ဦးစလုံးမှာ ပေါ်ပေါက်လာခဲ့ပါတယ်။
သူတို့နှစ်ဦး လူချင်းတွေ့တဲ့အခါ မြင်မြင်ချင်းမေတ္တာသက်ဝင် ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြဿနာကလည်း ချက်ချင်းပေါ်လာခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ကိုယ့်ရဲ့ ဖခင်အရင်းတွေ ဘယ်သူလဲဆိုတဲ့ အမှန်တရားကို သိဖို့ လိုအပ်ခဲ့ပေမယ့် အာဏာပိုင်အဖွဲ့အစည်းထဲက ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့ကို ပြောပြပေးဖို့ ဆန္ဒမရှိခဲ့ပါဘူး။
အမှန်တရားကို ရှာဖွေခြင်း

ဓာတ်ပုံ ရင်းမြစ်, Courtesy of Audrey Kermalvezen
လပေါင်းများစွာ ရှာဖွေပြီးနောက် ပြင်သစ် တောင်ပိုင်းမှာရှိတဲ့ ဆရာဝန်တစ်ဦးကို သူတို့တွေ့ခဲ့ပါတယ်။ အဲဒီဆရာဝန်ကို ယူရို ၉၀၀ ငွေသားနဲ့ ပေးပြီး မျိုးရိုးဗီဇစစ်ဆေးခိုင်းတဲ့အခါ သူတို့နှစ်ဦးဟာ ဆွေမျိုးမတော်စပ်ကြောင်း သိခဲ့ရပါတယ်။
ဒါပေမဲ့ အဲဒီဆရာဝန်ကို ယုံကြည်လို့ ရ မရ သူတို့ မသေချာခဲ့ပါဘူး။
"သူက လိမ်လည်ပြီး ဆေးကုစားတဲ့သူမျိုး ဖြစ်နေမှာကို ကျွန်မတို့ စိုးရိမ်ခဲ့တယ်" လို့ အော်ဒရီ က ပြောပါတယ်။
အဲဒီ စစ်ဆေးချက်ရလဒ်ကို အတည်ပြုဖို့ အိမ်မှာ ကိုယ်တိုင်စစ်ဆေးနိုင်တဲ့ DNA စမ်းသပ်ကိရိယာကို အသုံးပြုဖို့လည်း သူတို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် ဥပဒေပညာရှင်တစ်ဦးဖြစ်တဲ့ အော်ဒရီ ကတော့ ဥပဒေနဲ့အညီပဲ လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့် ၂၀၁၀ ခုနှစ်ကစပြီး ပြင်သစ်နိုင်ငံရဲ့ အဲဒီစနစ်ကို ပြောင်းလဲနိုင်ဖို့ ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေကို တစ်ခုပြီးတစ်ခု စတင်လုပ်ဆောင်ခဲ့ပါတယ်။
အော်ဒရီ သိချင်တာက သူ့ရဲ့ မျိုးရိုးဗီဇ အလှူရှင်ဟာ အသက်ရှင်နေသေးလား၊ အသက်ရှင်နေသေးတယ်ဆိုရင်လည်း အမည်မဖော်လိုတဲ့ ဆန္ဒ ရှိနေသေးလား ဆိုတာပါ။ ဒါ့အပြင် အလှူရှင်က စုစုပေါင်း လူဘယ်နှယောက်ကို မျိုးရိုးဗီဇအလှူ ပြုလုပ်ခဲ့သလဲ၊ အာသာဟာ သူ့ရဲ့ ဖအေတူ၊ အမေကွဲ မောင်နှမတွေထဲက တစ်ယောက်ဖြစ်နိုင်မလားဆိုတာတွေ သိနိုင်ဖို့ သုက်ပိုးအလှူရှင်ကို တိုက်ရိုက်ဖော်ပြတာမျိုး မလုပ်ဘဲ သူသိချင်တဲ့ အချက်အလက်တွေကို ရယူခွင့် ရှိမရှိလည်း သိချင်ခဲ့ပါတယ်။
ဒါပေမဲ့ အော်ဒရီရဲ့ ကြိုးပမ်းချက်အားလုံး မအောင်မြင်ခဲ့ပါဘူး။ ၂၀၁၅ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး အုပ်ချုပ်ရေးတရားရုံး က သူ့ ရဲ့ နောက်ဆုံးအယူခံကို ပယ်ချခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Courtesy of Audrey Kermalvezen
သူတို့ရဲ့ ပထမဆုံးကလေး မမွေးခင်မှာပဲ ဆရာဝန်တစ်ယောက်က သူတို့နှစ်ဦးရဲ့ သက်ဆိုင်ရာ မျိုးရိုးဗီဇအလှူရှင်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုအချက်အလက်တွေ ရှိနိုင်သလဲဆိုတာ စုံစမ်းပေးဖို့ သဘောတူခဲ့ပါတယ်။ ပြင်သစ်ဥပဒေအရ ဆရာဝန်တွေဟာ လူနာတွေရဲ့ ဒီလိုအချက်အလက်မျိုးကို အပြည့်အဝ ရယူကြည့်ရှုခွင့်ရှိပေမယ့် လူနာကိုတော့ အဲဒီအချက်အလက်တွေကို ပြန်လည်မျှဝေခွင့် မရှိပါဘူး။
ဆရာဝန်က သူတို့နှစ်ဦးရဲ့ မျိုးရိုးဗီဇအလှူရှင်တွေဟာ မွေးဖွားတဲ့နှစ် မတူကြတာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အလှူရှင်ဟာ လူတစ်ဦးတည်း ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
ဒါဟာ သူတို့ဘဝကို ပြောင်းလဲစေမယ့် အရေးကြီးတဲ့ အချက်အလက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်တစ်ဦးက စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး အဲဒီအချက်အလက်ကို ပြောပြပေးခဲ့တာကြောင့်သာ သူတို့ သိခွင့်ရခဲ့တာ ဖြစ်ပါတယ်။
"ဒါက အတော်ကို ကြောင်တာပဲ" လို့ အော်ဒရီ က ပြောပါတယ်။ "ဆရာဝန်က ကျွန်မအကြောင်းကို ကျွန်မထက် ပိုသိနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေတယ်လေ။''
ဒီအချက်အလက်အသစ်ရပြီးတဲ့နောက်မှာတောင် အာသာ က သူတို့နှစ်ဦးဟာ ဝမ်းကွဲတော်စပ်သူတွေ ဒါမှမဟုတ် ဆွေမျိုးတော်စပ်သူတွေ ဖြစ်နေမလားဆိုပြီး စိုးရိမ်နေဆဲပါ။ ဒါကြောင့် နှစ်ပေါင်းများစွာ ရှောင်ခဲ့ပြီးနောက်မှာတော့ နောက်ဆုံး အိမ်မှာ ကိုယ်တိုင် DNA စမ်းသပ်စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
တက်ကြွလှုပ်ရှားသူတွေကတော့ ပြင်သစ်နိုင်ငံရဲ့ DNA စမ်းသပ်မှု ပိတ်ပင်ထားတဲ့ ဥပဒေဟာ လူတွေ အိမ်မှာ DNA စမ်းသပ်တာကို တားဆီးနိုင်ခြင်း မရှိသလောက်ပဲ လို့ ပြောကြပါတယ်။ DNA Pass ဆိုတဲ့ လှုံ့ဆော်ရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ပြင်သစ်နိုင်ငံသား တစ်သန်းကျော်ဟာ အိမ်မှာ ကိုယ်တိုင် DNA စမ်းသပ်မှု ပြုလုပ်ဖူးကြပါတယ်။
လူတော်တော်များများကတော့ DNA စမ်းသပ်ကိရိယာတွေကို တရားဝင် ဝယ်ယူနိုင်တဲ့ နိုင်ငံတွေမှာရှိတဲ့ သူငယ်ချင်းတွေကနေတစ်ဆင့် မှာယူတာ ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ ပစ္စည်းလွှဲပို့ဝန်ဆောင်မှုတွေကို အသုံးပြုပြီး မှာယူကြပါတယ်။
အာသာနဲ့ အော်ဒရီတို့ ကိုယ်တိုင် DNA စမ်းသပ်ကြည့်တဲ့ အခါမှာတော့ သူတို့နှစ်ဦးဟာ ဆွေမျိုးမတော်စပ်ကြောင်း သိရပါတယ်။
သူတို့ရဲ့ ဖခင်တွေကို ရှာဖွေခဲ့

ဓာတ်ပုံ ရင်းမြစ်, Courtesy of Audrey Kermalvezen
DNA စမ်းသပ်မှုရလဒ်တွေက တစ်ဆင့် နောက်ထပ် အချက်အလက်တွေကိုလည်း သိလာရပါတယ်။ သူ့အဖေ ဘယ်သူဖြစ်နိုင်မလဲဆိုတာ နှစ်ပေါင်း ၃၀ ကြာ စိတ်ကူးယဉ်ခဲ့ရပြီးနောက် အာသာဟာ နောက်ဆုံးမှာ သူ့အတွက် သုက်ပိုးအလှူရှင်နဲ့ ၂၀၁၇ ခုနှစ် ခရစ္စမတ်နေ့မှာ ပထမဆုံး ဆက်သွယ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အော်ဒရီအတွက်တော့ ပိုပြီး အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ သူ့ ရဲ့ DNA နဲ့ ကိုက်ညီတဲ့ လူတွေထဲမှာ သူ့အမှုသည်ဖြစ်ခဲ့ဖူးတဲ့ ဆိုဖီဆိုတဲ့ အမျိုးသမီးတစ်ဦး ပါဝင်နေခဲ့ပါတယ်။ သူတို့နှစ်ဦးဟာလည်း တူညီတဲ့ ဥပဒေဆိုင်ရာ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေခဲ့ကြသူတွေ ဖြစ်ပါတယ်။
"တရားရုံးမှာ ကျွန်မအမှုလိုက်ပေးခဲ့တဲ့ အမျိုးသမီး ဆိုဖီဟာ တကယ်တော့ ကျွန်မရဲ့ ဇီဝ ညီအစ်မ ဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်" လို့ အော်ဒရီ က ပြောပါတယ်။
အာသာနဲ့ အော်ဒရီ တို့ဟာ ကိုယ့်ရဲ့ မူလဇာစ်မြစ်ကို သိခွင့်ရရေး လှုံ့ဆော်တိုက်ပွဲဝင်နေတဲ့ တက်ကြွလှုပ်ရှားသူ ၈ ဦးနဲ့အတူ DNA စမ်းသပ်ခဲ့ကြတာပါ။ သူတို့အားလုံးဟာ မျိုးရိုးဗီဇအလှူရှင်တွေရဲ့ သုက်ပိုးကနေ မွေးဖွားလာကြတဲ့ သူတွေပါ။
သူတို့ ၁၀ ဦးထဲမှာ လေးဦးဟာ အလှူရှင်တစ်ဦးတည်းရဲ့ ဇီဝမျိုးရိုးအရ သားသမီးတွေဖြစ်နေကြောင်း သိရှိခဲ့ရပါတယ်။ အဲဒီ လေးဦးကတော့ အော်ဒရီ၊ သူ့ ရဲ့အစ်ကို ပီတာ၊ ဆိုဖီနဲ့ ဆိုဖီ့အစ်ကို ဒေးဗစ်တို့ ဖြစ်ပါတယ်။
ဒါဟာ အလှူရှင်တစ်ဦးတည်းကနေ မွေးဖွားလာတဲ့သူတွေဟာ အချင်းချင်း မသိဘဲ ဆုံတွေ့ပြီး ဆွေမျိုးတော်စပ်နိုင်တဲ့ အန္တရာယ်တစ်ခုရှိနေကြောင်း ပိုမိုထင်ရှားစွာ ပြသလိုက်တာလည်း ဖြစ်ပါတယ်။
တန်ဖိုးဖြတ်မရတဲ့ လက်ဆောင်

ဓာတ်ပုံ ရင်းမြစ်, Courtesy of Audrey and Arthur
နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ DNA ကိုက်ညီမှုကနေတစ်ဆင့် အော်ဒရီဟာ သူ့ရဲ့ မျိုးရိုးဗီဇအလှူရှင်ဖြစ်သူ ဖိလစ် ကို နောက်ဆုံးမှာ ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဖိလစ် ဟာ ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါတယ်။
အော်ဒရီရဲ့ မိခင်က ဖိလစ် ရဲ့ မိသားစုဆီ စာတစ်စောင်ရေးပြီး သူပေးခဲ့တဲ့ "လက်ဆောင်" အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ အဲဒီလက်ဆောင်ကိုတော့ "တန်ဖိုးဖြတ်လို့မရနိုင်တဲ့အရာ" လို့ ဖော်ပြခဲ့ပါတယ်။
ဖိလစ်ရဲ့ မိသားစုက အော်ဒရီကို သူတို့ဆီ လာရောက်လည်ပတ်ဖို့ နွေးနွေးထွေးထွေး ဖိတ်ခေါ်ခဲ့ပါတယ်။ "အားလုံးရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့" လို့ အော်ဒရီက ပြန်ပြောပြပါတယ်။
ဖိလစ်ရဲ့ ညီမကတော့ သူ့အစ်ကိုဟာ မျိုးရိုးဗီဇအလှူရှင်တစ်ဦး ဖြစ်ခဲ့တယ်ဆိုတာကို အရင်က လုံးဝမသိခဲ့ပါဘူး။
ဒီရှာဖွေတွေ့ရှိမှုက အော်ဒရီ နှစ်ပေါင်းများစွာ ရှာဖွေခဲ့တဲ့ အဖြေတွေကို ပေးခဲ့ပါတယ်။ သူ့ ရဲ့ ဇီဝ မိသားစုရဲ့ ကျန်းမာရေးမှတ်တမ်းတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း သိခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ဖိလစ်ရဲ့ ဓာတ်ပုံတွေနဲ့ အရင်က ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကိုလည်း သူ မြင်တွေ့ခွင့်ရခဲ့ပါတယ်။
"သူ့ကို ကျွန်မ ကြည့်လို့ရတယ်၊ သူဘယ်လို လှုပ်ရှားသွားလာတယ်ဆိုတာ မြင်ရတယ်၊ သူ့အသံကိုလည်း ကြားရတယ်" လို့ အော်ဒရီ က ပြောပါတယ်။
အော်ဒရီရဲ့ ဥပဒေရေးရာ လှုပ်ရှားမှုနဲ့ အာသာရဲ့ စာအုပ်က ပြင်သစ်နိုင်ငံရဲ့ မျိုးရိုးဗီဇအလှူရှင်နဲ့ မွေးဖွားလာသူတွေအတွက် သက်ဆိုင်တဲ့ ဥပဒေတွေ ပြောင်းလဲလာစေဖို့ အထောက်အကူပြုခဲ့ပါတယ်။
အခုတော့ ၂၀၂၅ ခုနှစ် ဧပြီလနောက်ပိုင်းမှာ အလှူရှင်ရဲ့ မျိုးရိုးဗီဇနဲ့ မွေးဖွားလာသူတွေဟာ အရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့ အလှူရှင်နဲ့ ပတ်သက်တဲ့ အမည်နဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူခွင့် ရရှိလာပါပြီ။
အခုအချိန်အထိတော့ ပြင်သစ်ဟာ အိမ်မှာ ကိုယ်တိုင် DNA စမ်းသပ်စစ်ဆေးတာကို ဆက်လက်တားမြစ်ထားဆဲဖြစ်တဲ့ ဥရောပနိုင်ငံ အနည်းငယ်ထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။
ဒါကြောင့်အော်ဒရီ အတွက်တော့ ဒီ့ထက် ပိုကြီးကျယ်တဲ့ တိုက်ပွဲက ဆက်ရှိနေဆဲပါ။
"လူတိုင်းမှာ ကိုယ့်ရဲ့ မူလဇာစ်မြစ်ကို သိခွင့်နဲ့ ကိုယ့်ရဲ့ နောက်ခံသမိုင်းကြောင်းကို သိခွင့်ရှိပါတယ်" လို့ သူက ပြောပါတယ်။















