အီရတ်ကနေ အမေရိကန်ထွက်ခွာတာ နှစ် ၂၀ ကြာ - ဘာတွေချန်ထားခဲ့နိုင်လဲ၊ ဘာဆက်ဖြစ်မှာလဲ

အီရတ်သမ္မတ ဆက်ဒမ် ဟူစိန်၊ အမေရိကန်သမ္မတ လေးဦးဖြစ်တဲ့ ဒေါ်နယ်ထရမ့်၊ ဂျိုးဘိုင်ဒန်၊ ဘားရတ် အိုဘားမားနဲ့ ဂျော့ဒဗလျူ ဘုရှ်တို့ကို ဘယ်ဘက်ကနေ ညာဘက်အထိ အစဉ်လိုက် ပေါင်းစပ်ဓာတ်ပုံဖြစ်ပါတယ်။ ဓာတ်ပုံအောက်ပိုင်းမှာ တန်းစီလျှောက်နေတဲ့ အမေရိကန်တပ်ဖွဲ့၀င်တွေကိုလည်း ထည့်သွင်းထား
    • ရေးသားသူ, လူ၀ီ ဘာရူချို
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၈

အမေရိကန်ပြည်ထောင်စုဟာ အီရတ်နိုင်ငံမှာ ကျန်ရှိနေသေးတဲ့စစ်တပ်အင်အားတွေကို စက်တင်ဘာ ၃၀ ရက်နေ့မတိုင်ခင် အပြီးသတ် ရုပ်သိမ်းဖို့ စီစဉ်ထားပါတယ်။ ဒါဟာ အီရတ်နိုင်ငံ့သမိုင်းကို နှစ်ပေါင်း ၂၀ ကျော် သက်ရောက်မှုရှိခဲ့တဲ့ အမေရိကန် စစ်ရေးတပ်စွဲမှုရဲ့အဆုံးသတ်လည်း ဖြစ်ပါတယ်။

ဒီစစ်ရေးတပ်စွဲမှုဟာ ၂၀၀၃ ခုနှစ်မှာ ဆက်ဒမ် ဟူစိန် အစိုးရကို ဖြုတ်ချခဲ့တဲ့ အမေရိကန်ဦးဆောင် ကျူးကျော်စစ်ဆင်ရေးကနေ စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း သူပုန်ထမှုတွေနဲ့ ဘာသာရေးဂိုဏ်းကွဲ အကြမ်းဖက်မှုတွေကြား နှစ်ပေါင်းများစွာ ဆက်လက်ရှိနေခဲ့ပါတယ်။ အမေရိကန်တပ်တွေဟာ ၂၀၁၁ ခုနှစ်က အီရတ်ကနေ ထွက်ခွာခဲ့ပေမဲ့ ၂၀၁၄ ခုနှစ်မှာ အစ္စလာမ္မစ်နိုင်ငံ(အိုင်အက်စ်)အဖွဲ့ကို တိုက်ဖျက်ဖို့ ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။

အခုနောက်ဆုံး တပ်ရုပ်သိမ်းမှုဟာ အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ တစ်ကျော့ပြန်မြင့်တက်လာနေချိန်မှာ ဖြစ်ပေါ်လာတာပါ။ ဒီတင်းမာမှုတွေကြောင့် အီရတ်မှာရှိတဲ့အမေရိကန် စစ်ဘက်နဲ့ သံတမန်ဝန်ထမ်းတွေဟာလည်း ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်တဲ့အန္တရာယ်နဲ့ နီးကပ်နေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ တပ်ဖွဲ့တွေ ပြန်ထွက်သွားတဲ့အတွက် အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုက အီရတ်မှာ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

လက်ရှိမှာ ဘာတွေဖြစ်နေလဲ၊ ဘာကြောင့်အခုမှဖြစ်တာလဲ

တိုက်ခိုက်ရေး၀တ်စုံပြည့်၀တ်ထားတဲ့ အမေရိကန်စစ်သား ၂ ဦးကို အီရတ်နိုင်ငံအလံရောင်တွေ ဆေးခြယ်ထားတဲ့ အရံအတားအနီးမှာ မြင်ရတာဖြစ်ပါတယ်။ စစ်သားတစ်ယောက်က ကင်မရာနဲ့အနီးဆုံး ၀ါးတားတားပုံဖြစ်နေပြီး ကျန်တစ်ယောက်က ရိုင်ဖယ်ကို မြေစိုက်ထားလျက်နဲ့ ပြတ်ပြတ်ထင်ထင်မြင်တွေ့ရ
ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်မှာ ၀ါရှင်တန်နဲ့ ဘဂ္ဂဒတ်ဟာ အိုင်အက်စ်အဖွဲ့ကို တိုက်ဖျက်ဖို့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဖြစ်တဲ့ Operation Inherent Resolve ဖျက်ဖို့ သဘောတူခဲ့ကြပါတယ်

တရား၀င်သဘောအရတော့ ဒီတပ်ရုပ်သိမ်းမှုဟာ ဝါရှင်တန်နဲ့ ဘဂ္ဂဒတ်တို့ကြား ၂၀၂၄ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်အရ ထွက်ပေါ်လာတာပါ။ အိုင်အက်စ်(အမေရိကန်မှာတော့ ISIS) လို့ အတိုကောက်ခေါ်တဲ့အစ္စလာမ္မစ်နိုင်ငံအဖွဲ့ကို တိုက်ဖျက်ဖို့ ဖွဲ့စည်းခဲ့တဲ့ အမေရိကန်ဦးဆောင် Operation Inherent Resolve စစ်ဆင်ရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သဘောတူညီချက်ကြောင့် ဖြစ်ပါတယ်။

အီရတ်စစ်ပွဲအမြင့်ဆုံးရောက်တဲ့ ၂၀၀၇ ခုနှစ်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၇၀,၀၀၀ ကျော် အီရတ်မှာ တပ်စွဲထားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ တပ်ရုပ်သိမ်းရေး သဘောတူညီချက် မရရှိခင်အချိန်မှာတော့ အဲဒီအရေအတွက်ဟာ ၂,၄၀၀ ဝန်းကျင်အထိ လျော့ကျသွားခဲ့တယ်လို့ အရှေ့အလယ်ပိုင်းစစ်ဆင်ရေးတွေကို ကိုင်တွယ်တဲ့ အမေရိကန်စစ်ဌာနချုပ် (CENTCOM) ရဲ့အချက်အလက်တွေက ဖော်ပြပါတယ်။

အဲဒီနောက်ပိုင်း အမေရိကန်တပ်တွေဟာ သူတို့ရဲ့ စစ်ရေးတည်ရှိမှုကို တဖြည်းဖြည်း လျှော့ချလာခဲ့ပြီး လက်ရှိမှာ ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တပ်ဖွဲ့ဝင်အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ဝါရှင်တန်အခြေစိုက် Atlantic Council ရဲ့ အီရတ်ရှေ့ဆောင်အစီအစဉ်က အကြီးတန်း သုတေသီ ဆက်ဖွမ် အယ်လ် အမင်က "ISIS ကို ချေမှုန်းတဲ့စစ်ဆင်ရေးဟာ အီရတ်မှာ ရည်မှန်းချက်အောင်မြင်ခဲ့ပြီလို့ ယူဆတဲ့အတွက် အရင်အီရတ်အစိုးရနဲ့ ဒီတပ်ရုပ်သိမ်းရေးကို သဘောတူခဲ့တာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီတပ်ရုပ်သိမ်းမှုဟာ အီရတ်ရဲ့ပြည်တွင်းနိုင်ငံရေး ဖိအားတွေကိုလည်း ထင်ဟပ်စေပါတယ်။

၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ အီရတ်ဆိုင်ရာအမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်ဂလပ်စ် ဆီလီမန်က အီရတ်အစိုးရအဆက်ဆက်ဟာ အမေရိကန် စစ်တပ်တည်ရှိမှုကို အဆုံးသတ်ဖို့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အမေရိကန်တပ်တွေ ရှိနေတာဟာ အီရတ်ရဲ့အချုပ်အခြာအာဏာကို ထိခိုက်စေတယ်လို့ အီရတ်နိုင်ငံသား အများအပြားက မြင်ကြပါတယ်။

လက်ရှိ ဝါရှင်တန်အခြေစိုက် အာရပ်ပင်လယ်ကွေ့နိုင်ငံများအင်စတီကျူ(Arab Gulf States Institute) ဥက္ကဋ္ဌဖြစ်တဲ့ ဆီလီမန်က "အီရန်လိုလားတဲ့အင်အားစုတွေနဲ့ ရှီအာအသိုင်းအဝိုင်းအချို့ရဲ့ဖိအားကြောင့် အီရတ်အစိုးရအချို့က အမေရိကန်တပ်တွေ နိုင်ငံက ထွက်ခွာသွားဖို့ အမြဲတမ်း ဖိအားပေးလာခဲ့တာဖြစ်ပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

အမေရိကန်တပ်တွေဟာ သမ္မတ ဘားရက် အိုဘားမားလက်ထက် ၂၀၁၁ ခုနှစ်မှာ အီရတ်ကနေ ထွက်ခွာခဲ့ပေမဲ့ ISIS အဖွဲ့က အီရတ်နယ်မြေအများအပြားကို သိမ်းပိုက်လိုက်ပြီးနောက် ၂၀၁၄ ခုနှစ်မှာ ဘဂ္ဂဒတ်အစိုးရရဲ့တောင်းဆိုမှုနဲ့ ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အမေရိကန်တပ်တွေရဲ့အခန်းကဏ္ဍဟာ တိုက်ခိုက်ရေးလုပ်ငန်းတွေကနေ အီရတ်တပ်ဖွဲ့တွေကို လေ့ကျင့်ပေးခြင်း၊ အကြံပေးခြင်းနဲ့ ထောက်လှမ်းရေးသတင်းအချက်အလက် မျှဝေပေးခြင်း စတဲ့ လုပ်ငန်းတွေဘက်ကို တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့၀င်တစ်ဦးရဲ့ပုံခပ်၀ါး၀ါးကို အဖြူအမည်း အိုင်အက်စ် အလံနဲ့ ဆေးသုတ်ထားတဲ့ နံရံနဲ့အတူ မြင်တွေ့ရ
ဓာတ်ပုံ ပုံစာ, အမေရိကန်တပ်ဖွဲ့တွေဟာ ၂၀၁၁ ခုနှစ်မှာ အီရတ်ကနေ ပြန်ရုပ်သိမ်းခဲ့ပေမဲ့ အိုင်အက်စ်အဖွဲ့ ခေါင်းထောင်လာချိန်မှာ ဘဂ္ဂဒက်ရဲ့တောင်းဆိုမှုကြောင့် ပြန်၀င်ခဲ့ပါတယ်

ဒါပေမဲ့ သုံးသပ်သူတွေကတော့ ဒီလအတွင်း အမေရိကန်တပ်တွေ ထွက်ခွာသွားတဲ့အချိန်ကို ကြည့်မယ်ဆိုရင် အိုင်အက်စ်ကို တိုက်ဖျက်ရေး လုပ်ငန်း ပြီးဆုံးသွားတာထက် လုံခြုံရေးအန္တရာယ် စိုးရိမ်ချက်တွေက ပိုအရေးကြီးတဲ့အကြောင်းရင်းဖြစ်တယ်လို့ ဆိုကြပါတယ်။

ဗြိတိန်အခြေစိုက် RUSI သုတေသနအဖွဲ့ရဲ့ အကြီးတန်းသုတေသီ အိတ်ချ် အေ ဟယ်လျာက "ဒါဟာ ISIS နဲ့ ပတ်သက်တဲ့ကိစ္စ မဟုတ်တော့ပါဘူး။ အန္တရာယ်လျှော့ချရေးနဲ့ ပိုဆိုင်ပါတယ်။ ISIS ကို အကြောင်းပြပြီး တပ် ဆက်ဖြန့်ထားဖို့ အကြောင်းပြချက်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အားနည်းသွားခဲ့ပါပြီ" လို့ ပြောပါတယ်။

ဟယ်လျာက အီရန်နဲ့ဆက်နွှယ်တဲ့ဒေသတွင်းတင်းမာမှုတွေ မြင့်တက်လာတဲ့အချိန်မှာ အီရတ်မြောက်ပိုင်းက အမေရိကန် စစ်ဘက်အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကို ထောက်ပြပါတယ်။ ဒီအခြေအနေကြောင့် ဝါရှင်တန်အနေနဲ့ ကျန်နေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ အလွယ်တကူ ပစ်မှတ်ထားခံရနိုင်တဲ့အန္တရာယ်ရှိသူတွေလို့ ပိုမြင်လာခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

Atlantic Council အဖွဲ့က ဆက်ဖွမ် အယ်လ် အမင်ကလည်း ဒီအမြင်ကို သဘောတူပါတယ်။ သူက အမေရိကန်နဲ့ အီရတ် တာဝန်ရှိသူတွေဟာ မဟာမိတ်စစ်ဆင်ရေး ပြီးဆုံးသွားပြီးနောက်မှာတောင် အမေရိကန်တပ်ဖွဲ့အနည်းငယ်ကို အီရတ်မှာ ဆက်ထားရှိနိုင်မယ့်အစီအစဉ်တွေကို အရင်က ဆွေးနွေးခဲ့ဖူးတယ်လို့ ပြောပါတယ်။

"တပ်အင်အား အရေအတွက် နည်းပါးနေပြီး စစ်ရေးဩဇာ သက်ရောက်မှု ပြသနိုင်တဲ့ အင်အားကလည်း အကန့်အသတ်ရှိတဲ့အတွက် အီရန်နဲ့ပတ်သက်တဲ့ပဋိပက္ခတွေက ဒီတပ်ဖွဲ့တွေ ရှိနေတာဟာ အကျိုးရှိတာထက် အားနည်းချက်တစ်ခု၊ လုံခြုံရေးအန္တရာယ်တစ်ခုအဖြစ် ပိုမြင်သာလာစေခဲ့တယ်" လို့ သူက ပြောပါတယ်။

အီရတ်မှာ အမေရိကန် ဘာတွေ ချန်ထားနိုင်ခဲ့လဲ

အိမ်ဖြူတော်က ဘဲဥပုံ ရုံးခန်း စားပွဲနောက်ကွယ်မှာ ထိုင်နေတဲ့ အမေရိကန်သမ္မတ ဂျော့ ဒဗလူ ဘုရှ်ကို မြင်တွေ့ရတာဖြစ်ပြီး သူ့နောက်မှာ အမေရိကန်အလံနဲ့ ရုပ်သံရိုက်ကူးရေး မီးတွေကို မြင်တွေ့ရ
ဓာတ်ပုံ ပုံစာ, ၂၀၀၃ ခုနှစ်၊ မတ်လ ၁၉ ရက်တုန်းက ရုပ်သံမိန့်ခွန်းမှာ သမ္မတ ဂျော့ ဒဗလျူ ဘုရှ်က Operation Iraqi Freedom ကို စတင်ကြေညာပြီး အမေရိကန်ဦးဆောင်တဲ့ကျူးကျော်မှု အီရတ်ကို စတင်

အမေရိကန်က အီရတ်ကို ကျူးကျော်ဝင်ရောက်ခဲ့တာကနေ နှစ်ပေါင်း ၂၀ ကျော်ကြာသွားပြီဖြစ်ပေမဲ့ အဲဒီစစ်ရေးဝင်ရောက်မှုရဲ့အမွေနဲ့ အကျိုးသက်ရောက်မှုတွေကို ဘယ်လိုအကဲဖြတ်ရမလဲဆိုတာအပေါ်မှာ အမြင်တွေက အခုထိ ကွဲလွဲမှုပြင်ထန်နေကြဆဲပါ။

အယ်လ်အမင်ကတော့ အဲဒါကို "အကောင်း အဆိုး ဒွန်တွဲနေတဲ့ရလဒ်" လို့ ပြောပါတယ်။

"အမေရိကန်ရဲ့ကျူးကျော်စစ်က သူတို့မှန်းထားတဲ့ရည်ရွယ်ချက်တွေကို မအောင်မြင်ခဲ့သလို အစိုးရပြောင်းလဲရေးကလည်း အီရတ်ပြည်သူတွေ မျှော်လင့်ခဲ့တဲ့တည်ငြိမ်ပြီး သာယာဝပြောတဲ့နိုင်ငံတစ်ခု ဖြစ်လာရေးကို မပေးစွမ်းနိုင်ခဲ့ဘူး" လို့ သူက ပြောပါတယ်။

ဒါ့အပြင် အဲဒီဖြစ်ရပ်ဟာ ဒေသတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေခဲ့ပြီး အီရန်ရဲ့ဩဇာလွှမ်းမိုးမှု ပိုမိုကျယ်ပြန့်လာစေခဲ့တယ်လို့လည်း သူက ယုံကြည်ပါတယ်။

စီလီမန်ကတော့ ပြောင်းလဲမှုဖြစ်စဉ်ဟာ အခက်အခဲတွေ၊ မတည်ငြိမ်မှုတွေ အများကြီး ကြုံခဲ့ရတာကို သဘောတူပေမဲ့ ဆက်ဒမ်ဟူစိန် အာဏာကနေ ဖယ်ရှားခံရပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြောင်းလဲမှုကို တန်ဖိုးထားတယ်လို့ ပြောတဲ့အီရတ်နိုင်ငံသား အများအပြားနဲ့ တွေ့ဆုံဖူးတဲ့အကြောင်း ပြောပါတယ်။

"ပြည်သူကိုယ်စားပြု ဒီမိုကရေစီစနစ်က အီရတ်ကို အုပ်ချုပ်ရမယ်ဆိုတဲ့ အယူအဆဟာ အမြစ်တွယ်နေပြီ" လို့ သူက ဆိုပါတယ်။ ဒါပေမယ့် "ဒီမိုကရေစီအစဉ်အလာကို အရင်က မကြုံဖူးတဲ့ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ခိုင်ခိုင်မာမာ ရပ်တည်စေဖို့ဆိုရင် အချိန်ယူရဦးမယ်" လို့လည်း သူက သုံးသပ်ပါတယ်။

ဝါရှင်တန်က American University က Global Kurdish Initiative for Peace အဖွဲ့ရဲ့ ဒါရိုက်တာ ယီရီဗန် ဆာအိဒ်ကလည်း အပြုသဘောဆောင်တဲ့အမြင်ရှိပါတယ်။

"အရင်အစိုးရကို ဖယ်ရှားနိုင်ခဲ့တာက တကယ်ကို ကြီးမားတဲ့ အပြောင်းအလဲတစ်ခုပါ" လို့ သူက ပြောပြီး အဲဒီအစိုးရလက်အောက်က ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်သွားခဲ့တာကို ဝေဖန်သူတွေက မျက်ကွယ်ပြုနေကြတယ်လို့ ဆိုပါတယ်။

အကျင့်ပျက်ခြစားမှု ပြဿနာတွေ ဆက်ရှိနေသေးပေမဲ့ ၂၀၀၃ ခုနှစ်မတိုင်ခင်နဲ့ နှိုင်းယှဉ်ရင် အီရတ်မှာ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ အယူအဆကွဲပြားမှုကို လက်ခံနိုင်တဲ့အခြေအနေတွေ ပိုမိုရှိလာပြီလို့ သူက ယုံကြည်ပါတယ်။ အထူးသဖြင့် အီရတ် ကာဒစ်ဒေသကို ဥပမာအဖြစ် ထောက်ပြပါတယ်။

ဟယ်လျာကတော့ ဒီအမွေအနှစ်ကို ဒီမိုကရေစီအောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတဲ့ရှုထောင့်နဲ့ ကြည့်တာကို လက်မခံပါဘူး။

"အမေရိကန်က ဒီမိုကရေစီတစ်ခု တည်ဆောက်ပေးနိုင်ခဲ့သလား' ဆိုတဲ့ မေးခွန်းကို မေးနေကြတာတွေ ရပ်သင့်ပြီ။ အဖြေက မဟုတ်ဘူး။ ဒါက အပြီးသတ် ရှင်းနေပြီ" လို့ သူက ပြောပါတယ်။

သူ့အမြင်အရ ပိုအရေးကြီးကတော့ ဒေသရေးရာအပေါ် သက်ရောက်မှု ဖြစ်ပါတယ်။

"ဆက်ဒမ်ကို ဖယ်ရှားလိုက်တာဟာ နောက်ပိုင်းမှာ အီရန်နဲ့ဆက်နွှယ်တဲ့ကွန်ရက်တွေကို အီရတ်နိုင်ငံတော်ယန္တရားအတွင်းအထိ ထိုးဖောက်ဝင်ရောက်လာစေခဲ့တယ်။ ဒါဟာ ဝါရှင်တန်က ဖယ်ရှားလိုက်တဲ့အီရန်ကို တန်ပြန်ထိန်းညှိပေးနေတဲ့အင်အား ပျောက်သွားတာရဲ့အကျိုးဆက်ပဲ" လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အကဲခတ်လေးဦးစလုံးကတော့ ၂၀၀၃ ခုနှစ်က အမေရိကန် မူဝါဒချမှတ်သူတွေ မျှော်မှန်းခဲ့တဲ့ တည်ငြိမ်တဲ့ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် အီရတ်ဟာ အဝေးကြီး လိုနေသေးတယ်ဆိုတာ သဘောတူကြပါတယ်။

သူတို့ကတော့ အကျင့်ပျက်ခြစားမှုက ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဖြစ်ပြီး နိုင်ငံတော်အဖွဲ့အစည်းတွေနဲ့အပြိုင် လက်နက်ကိုင်အဖွဲ့တွေကလည်း အာဏာနဲ့ ဩဇာကို ဆက်လက်ကိုင်ဆောင်ထားဆဲလို့ဆိုပါတယ်။

အထူးသဖြင့် ဘဂ္ဂဒတ်အစိုးရက နိုင်ငံတော်ထိန်းချုပ်မှုအောက်ကို အပြည့်အဝ သွတ်သွင်းနိုင်ဖို့ ကြိုးစားနေတဲ့ Popular Mobilization Forces (PMF) လို့ ခေါ်တဲ့ ရှီအာလက်နက်ကိုင်အဖွဲ့အများစုပါဝင်တဲ့ ကွန်ရက်အတွင်းက သဘောထားတင်းမာတဲ့အုပ်စုတွေဟာ ဒီနေ့ထိ သြဇာလွှမ်းမိုးမှုရှိနေဆဲဖြစ်တယ်လို့ သူတို့က သုံးသပ်ကြပါတယ်။

ဆိုတော့ ဘာဆက်ဖြစ်မှာလဲ

စစ်ယူနီဖောင်း၀တ်ထားတဲ့ အီရတ်သမ္မတ ဟောင်း ဆက်ဒမ် ဟူစိန်ကို ၁၉၈၇ ခုနှစ်၊ နို၀င်ဘာလ ၁၁ ရက်တုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ သူ့ကို နောက်ပိုင်းမှာ အမေရိကန်ကျူးကျော်မှုနဲ့ ၂၀၀၃ ခုနှစ်မှာ ဖယ်ရှားခဲ့ပါတယ်။ သူ့နောက်မှာတော့ ပွဲတက်နေသူ အချို့ကို မြင်တွေ့ရ
ဓာတ်ပုံ ပုံစာ, အီရတ်သမ္မတ ဟောင်း ဆက်ဒမ် ဟူစိန်ကို ၁၉၈၇ ခုနှစ်၊ နို၀င်ဘာလ ၁၁ ရက်တုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ သူ့ကို နောက်ပိုင်းမှာ အမေရိကန်ကျူးကျော်မှုနဲ့ ၂၀၀၃ ခုနှစ်မှာ ဖယ်ရှားခဲ့ပါတယ်။

အယ်လ်အမင်ကတော့ အမေရိကန်တပ်တွေ ဆုတ်ခွာသွားတာဟာ အီရတ်အပေါ် အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှု အဆုံးသတ်သွားတာ မဟုတ်ဘူးလို့ ရှုမြင်ပါတယ်။

"အီရတ်က ရေနံရောင်းချမှုတွေကို အမေရိကန်ဒေါ်လာနဲ့ အဓိက လုပ်ဆောင်နေရတာဆိုတော့ အမေရိကန်မှာ ဖိအားပေးနိုင်တဲ့အင်အားအများကြီး ရှိနေသေးတယ်။ ပြီးတော့ အီရတ်ဟာ လက်နက်ဝယ်ယူရေးအတွက် အမေရိကန်ကို ဆက်လက် မှီခိုနေတယ်၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့လည်း အမေရိကန်ရဲ့ သံတမန်ရေး ထောက်ခံမှု လိုအပ်နေတုန်းပဲ" လို့ သူက ပြောပါတယ်။

ဆာအိဒ်ကတော့ အမေရိကန်ဟာ သူ့ရဲ့အဲဒီလိုသြဇာလွှမ်းမိုးနိုင်စွမ်းကို သံတမန်ရေးအောက်ကနေတဆင့် တစ်စိတ်တစ်ပိုင်းလုပ်နေတယ်လို့ ပြောပါတယ်။

"ဘဂ္ဂဒတ်မှာ ကမ္ဘာပေါ်မှာ အကြီးဆုံးအမေရိကန်သံရုံး ရှိတယ်။ အာဘီးလ်မှာလည်း ကမ္ဘာပေါ်မှာ အကြီးဆုံး အမေရိကန်ကောင်စစ်ဝန်ရုံး ရှိတယ်" လို့ သူက ပြောပါတယ်။ အဲဒီအဆောက်အအုံ နှစ်ခုစလုံးဟာ တပ်တွေ ဆုတ်ခွာပြီးနောက်ပိုင်းမှာလည်း လုံခြုံရေးအတွက် ဆက်လက် ကာကွယ်စောင့်ရှောက်မှု လိုအပ်နေဦးမှာဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

စီလီမန်ကတော့ "အလွန်နက်ရှိုင်းတဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး" လို့ သူခေါ်ဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တည်ရှိနေမယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီထဲမှာ အီရတ်စစ်တပ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့ (Counter-Terrorism Service)နဲ့ အီရတ် ကာဒစ္စတန်ဒေသရဲ့လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ပက်ရှ်မာဂါ (Peshmerga)တို့အတွက် ဆက်လက် လေ့ကျင့်ပေးတာနဲ့ စစ်ရေးစီမံကိန်း အကြံပေးထောက်ပံ့မှုတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ အကြီးမားဆုံးမသေချာမှုကတော့ အီရန်ထောက်ခံတဲ့အီရတ်လက်နက်ကိုင်စစ်သွေးကြွအဖွဲ့တွေရဲ့အနာဂတ်ဖြစ်ပါတယ်။

အီရတ်ဝန်ကြီးချုပ် အလီ အယ်လ်ဇိုင်ဒီကတော့ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး အဲဒီအဖွဲ့တွေကို နိုင်ငံတော်ရဲ့ထိန်းချုပ်မှုအောက် အပြည့်အဝ ရောက်အောင်လုပ်ချင်ခဲ့ပေမဲ့ ဒီအဖွဲ့တွေကတော့ ၂၀၂၇ ခုနှစ်ကုန်အထိ အချိန်တိုးပေးဖို့ တောင်းဆိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီအချိန်ဇယားကိုတောင် အမှန်တကယ် အကောင်အထည်ဖော်နိုင်မလားဆိုတာအပေါ်မှာ အကဲခတ်တွေကြား အမြင်မတူကြပါဘူး။

"အဲဒါဖြစ်လာမှာ မဟုတ်ဘူး" လို့ ဆာအိဒ်က ပြတ်ပြတ်သားသား ပြောပါတယ်။ အကြောင်းကတော့ အဲဒီစစ်သွေးကြွအဖွဲ့တွေဟာ အီရတ်နိုင်ငံရေးနဲ့ ဘဏ္ဍာရေးစနစ်တွေထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသလို လွှတ်တော်ထဲမှာလည်း သြဇာရှိနေပြီး တီဟီရန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေရှိနေတာကြောင့်ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဒါပေမယ့် စီလီမန်ကတော့ ကောင်းတဲ့ဘက်က မြင်နိုင်တဲ့အလားအလာတစ်ခု ရှိသေးတယ်လို့ ဆိုပါတယ်။ အမေရိကန်တပ်တွေ မရှိတော့ရင် စစ်သွေးကြွအဖွဲ့တွေအနေနဲ့ လူထုကို စည်းရုံးဖို့ အသုံးချနေတဲ့ အဓိကနိုင်ငံရေးလက်နက်တစ်ခု ဆုံးရှုံးသွားနိုင်ပြီး အဲဒီအတွက် ဘဂ္ဂဒတ်အစိုးရက လက်နက်မချချင်တဲ့အဖွဲ့တွေကို ပိုမိုဖိအားပေးနိုင်မယ့်နေရာရလာနိုင်တယ်လို့ သူကပြောပါတယ်။

ဒါပေမယ့် ပိုဆိုးတဲ့အန္တရာယ်တစ်ခုကိုလည်း သူက သတိပေးပါတယ်။

"ကျွန်တော် သံအမတ်မဖြစ်ခင် အချိန်ကစပြီး အီရတ်ဝန်ကြီးချုပ် အတော်များများနဲ့ ပြောဖူးပါတယ်။ သူတို့ စိုးရိမ်တာက ဒီအခြေအနေဟာ ပြည်တွင်းပဋိပက္ခ ဒါမှမဟုတ် ပြည်တွင်းစစ်အထိတောင် ဦးတည်သွားနိုင်တယ် ဆိုတာပါပဲ" လို့ စီလီမန်က ပြောပါတယ်။

ဆာအိဒ်ကလည်း IS အဖွဲ့ ပြန်လည်အားကောင်းလာနိုင်မယ့်အန္တရာယ်ကို စိုးရိမ်နေပါတယ်။ ၂၀၁၁ ခုနှစ် အမေရိကန်တပ်တွေ ဆုတ်ခွာခဲ့စဉ်က အခြေအနေနဲ့ ဆင်တူနိုင်တယ်လို့ သူမြင်ပါတယ်။

အဲဒီအချိန်တုန်းက အမေရိကန်တပ်တွေ ထွက်ခွာသွားပြီးနောက် ရှီအာဦးဆောင်တဲ့ ဘဂ္ဂဒတ်အစိုးရဟာ ဆွန်နီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး နိုင်ငံရေးဖြစ်စဉ်ထဲကနေ ဖယ်ရှားခဲ့တယ်လို့ သူက ပြန်လည် မှတ်ချက်ပြုပါတယ်။

အဲဒီဖိနှိပ်မှုတွေကြောင့် ဆွန်နီ အများအပြားဟာ အစွန်းရောက်ဝါဒဘက်ကို ရောက်သွားခဲ့ပြီး IS အဖွဲ့ အားကောင်းလာဖို့ အထောက်အကူ ဖြစ်စေခဲ့တယ်လို့ သူက ပြောပါတယ်။

ယခုအချိန်မှာလည်း ဆွန်နီအသိုင်းအဝိုင်းတွေက အနာဂတ်မှာ သူတို့ကို ဘယ်လို ဆက်ဆံမလဲဆိုတာအပေါ် စိုးရိမ်ပူပန်နေကြတာကြောင့် အစွန်းရောက်ဝါဒ ထပ်မံကြီးထွားလာနိုင်တဲ့အန္တရာယ်က သိသိသာသာ ရှိနေတယ်လို့ ဆာအိဒ်က သတိပေးပါတယ်။

စီလီမန်ကတော့ ပိုပြီး အကောင်းမြင်ပါတယ်။

သူ့အဆိုအရ အီရတ်ရဲ့လုံခြုံရေးတပ်ဖွဲ့တွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကထက် အများကြီး ပိုအားကောင်းလာပြီး အလားတူ ခြိမ်းခြောက်မှုမျိုး ပေါ်ပေါက်လာရင်လည်း ထိန်းချုပ်နိုင်စွမ်း ပိုမိုရှိနေပြီလို့ ယုံကြည်ပါတယ်။

Operation Iraqi Freedom စစ်ဆင်ရေးအဖြစ် အမေရိကန်တပ်ဖွဲ့တွေဟာ ဘဂ္ဂဒက်မြို့ကို ၂၀၀၃ ခုနှစ်မှာ ၀င်ရောက်ခဲ့ပါတယ်။ ဓာတ်ပုံမှာတော့ မျက်နှာကို အမေရိကန်အလံအုပ်ထားတဲ့ ဆက်ဒမ် ဟူစိန်ရုပ်ထုကြီးကို အမေရိကန်တပ်ဖွဲ့တွေက ဖယ်ရှားဖို့ ကြိုးပမ်းနေတာ မြင်တွေ့ရပါတယ်။
ဓာတ်ပုံ ပုံစာ, Operation Iraqi Freedom စစ်ဆင်ရေးအဖြစ် အမေရိကန်တပ်ဖွဲ့တွေဟာ ဘဂ္ဂဒက်မြို့ကို ၂၀၀၃ ခုနှစ်မှာ ၀င်ရောက်ခဲ့ပါတယ်

ဒေသတွင်းအခြေအနေကိုကြည့်မယ်ဆိုရင်လည်း အမေရိကန်တပ်တွေ ဆုတ်ခွာသွားတာဟာ အီရတ်မှာ အမေရိကန်နဲ့ အီရန်ကြား အာဏာသက်ရောက်မှု အချိုးအစား ဘယ်လိုပြောင်းလဲသွားမလဲဆိုတဲ့မေးခွန်းအသစ်တွေ ထပ်ပေါ်လာစေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

အယ်လ်အမင်ကတော့ အီရန်ဟာ "အခွင့်အရေးရရင် သူ့ရဲ့သြဇာလွှမ်းမိုးမှုကို ပိုပြီး ခိုင်မြဲအောင် လုပ်သွားဖို့ ကြိုးစားမှာ" လို့ ခန့်မှန်းပါတယ်။ ဒါ့အပြင် ယခုတစ်ကြိမ် တပ်ဆုတ်ခွာမှုကို အပြီးတိုင် ဖြစ်သွားပြီလို့ မမြင်သင့်ဘူးလို့လည်း သတိပေးပါတယ်။

"အမေရိကန်တပ်တွေဟာ ၂၀၁၁ ခုနှစ်တုန်းကလည်း အီရတ်က ထွက်ခွာခဲ့ဖူးတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာ ပြန်ပြီး ရောက်လာခဲ့ရတယ်" လို့ သူက ပြောပါတယ်။

"ဒါဟာ ဇာတ်လမ်းရဲ့အခန်းတစ်ခန်း အဆုံးသတ်သွားတာပဲ ရှိသေးတယ်။ ဇာတ်လမ်းတစ်ပုဒ်လုံးရဲ့နောက်ဆုံးအခန်း ပိတ်သိမ်းလိုက်တာတော့ မဟုတ်သေးဘူး" လို့ အယ်လ်အမင်က သုံးသပ်ပါတယ်။

သရုပ်ဖော် - ရီးစ် ဟူစိန်