ဖိလစ်ပိုင် ဆီးနိတ်အမတ် ICC ရဲ့ အဖမ်းမခံ၊ ပစ်ခတ်မှုတွေ ဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
- ရေးသားသူ, ဂျိုဝဲလ် ဂွင်တို
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က အလိုရှိနေတဲ့ ဖိလစ်ပိုင် နိုင်ငံရေးသမားက သူအဖမ်းမခံရအောင် တားဆီးပေးဖို့ လူထုကို တိုက်တွန်းခဲ့အပြီး ဆီးနိတ်လွှတ်တော်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ရုန်းရင်းဆန်ခတ် မြင်ကွင်းများ - အဆောက်အအုံကို ပိတ်ချလိုက်ပြီး ကျည်ကာဝတ်စုံတွေ ဝတ်ထားကြပြီး တချို့က သေနတ်ရှည်တွေ ကိုင်ဆောင်ထားကြတဲ့ စစ်တပ်ဖွဲ့ဝင်တွေက ဆီးနိတ်လွှတ်တော်ကို ဝိုင်းထားလိုက်ပါတယ်။
အဲဒီ ဆီးနိတ်လွှတ်တော်အမတ် ရော်နယ်လ် ဒယ်လာ ရိုဆာ ဟာ သမ္မတဟောင်း ရော့ဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်လှုပ်ရှားမှုအတွင်း ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က လူ အများအပြားကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး ICC က စွပ်စွဲထားတာ ဖြစ်ပါတယ်။
သူက အဖမ်းမခံဘဲ ဆီးနိတ်လွှတ်တော်ထဲ ဝင်ခိုလှုံခဲ့တာကြောင့် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေ ဖြစ်နေပြီး နဂိုကတည်းက တင်းမာမှုတွေ ဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို ပွက်လောရိုက်သွားစေခဲ့ပါတယ်။ ဘာတွေ ဖြစ်ခဲ့ကြသလဲ ဆိုတာ ကြည့်ကြရအောင်ပါ။
ရော်နယ် ဒယ်လာ ရိုဆာ ဆိုတာ ဘယ်သူလဲ
ဒယ်လာ ရိုဆာ ဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဖိလစ်ပိုင်ရဲတပ်ဖွဲ့အကြီးအကဲအဖြစ် သမ္မတဟောင်း ရော့ဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ဆင်လှုပ်ရှားမှုတွေကို အဓိကကြီးကြပ်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
အဲဒီစစ်ဆင်လှုပ်ရှားမှုအတွင်း မူးယစ်ဆေး ရောင်းဝယ်သူတွေနဲ့ မူးယစ်ဆေး စွဲနေသူတွေလို့ မသင်္ကာဖွယ်လူ ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က တရားစွဲဆိုတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အသတ်ခံခဲ့ရသူ အတော်များများဟာ စစ်ဆေးမေးမြန်းတာမျိုး မရှိဘဲ အကျဉ်းရုံးသတ်ဖြတ်ခံခဲ့ရတာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
၂၀၂၅ ခုနှစ် မတ်လမှာ ဒူတာတေး ဖမ်းဆီးခံခဲ့ရပြီး ဟိဂ်မြို့က ICC တရားရုံးမှာ ကြားနာစစ်ဆေးခံခဲ့ရပါတယ်။ ဒယ်လာ ရိုဆာကို ICC က အလိုရှိနေတယ်ဆိုတာကို တနင်္လာနေ့က ပေါ်ထွက်လာခဲ့ပြီး အဲဒီနေ့မှာပဲ လအတန်ကြာ အကြောင်းတစုံတရာမပြဘဲ ပျောက်ကွယ်နေတဲ့ ဒယ်လာ ရိုဆာ ဆီးနိတ်လွှတ်တော် အစည်းအဝေးကို လာတက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒယ်လာ ရိုဆာ ဟာ ဆီးနိတ်လွှတ်တော်ဆီက အကာအကွယ် ယူဖို့ ကြိုးစားခဲ့ပြီး ICC ဝရမ်းမိန့်ကို ဒေသန္တရ အာဏာပိုင်တွေ အကောင်အထည်ဖော်အောင် ကြိုးစားပေးဖို့ တရားရုံးချုပ်ကို လျှောက်တင်ခဲ့ပါတယ်။
ဒူတာတေးက သူသမ္မတ ဖြစ်နေချိန်မှာ ဖိလစ်ပိုင်နိုင်ငံကို ICC အဖွဲ့ထဲကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ICC ကတော့ လူမဆန်တဲ့ ရာဇဝတ်မှုနဲ့ တရားစွဲဆိုဖို့ ကြိုးစားနေဆဲဖြစ်ပြီး ICC ထဲကနေ ဖိလစ်ပိုင် နုတ်ထွက်ခဲ့တဲ့ ၂၀၁၉ ခုနှစ်မတိုင်ခင်ကတည်းက ဖြစ်ပွားခဲ့တဲ့ ဒီသတ်ဖြတ်မှုတွေအတွက် တရားစွဲဆို အရေးယူပိုင်ခွင့်ရှိတယ်ဆိုပြီး အငြင်းပွားနေတာ ဖြစ်ပါတယ်။
ICC က စွဲဆိုထားတဲ့ အမှုတွဲထဲမှာ ဒူတာတေး လက်ထက် တောင်ပိုင်းမြို့တော် ဒဗာအိုမြို့ရဲ့ မြို့တော်ဝန်အဖြစ် ဒယ်လာ ရိုဆာ တာဝန်ယူခဲ့စဉ်ကာလက မူးယစ်ဆေးတိုက်ဖျက်ရေး စစ်ဆင်မှုတွေအတွင်း လူတွေ သတ်ဖြတ်ခံခဲ့ရမှုတွေလည်း ပါဝင်ပါတယ်။ အဲဒီမြို့မှာ သူဟာ ပြောရဆိုရခက်ပြီး ရာဇဝတ်မှု တိုက်ဖျက်သူ အဖြစ် လူကြိုက်များခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက ဒယ်လာ ရိုဆာကို ဖမ်းဆီးမိန့်အပေါ် ယာယီ တားမြစ်မိန့်တစ်ခု ထုတ်ပြန်ဖို့ ဖိလစ်ပိုင် တရုားရုံးချုပ်က ငြင်းဆန်ခဲ့ပါတယ်။ အဲဒီအစား သမ္မတ ဖာဒီနန် မာကို့စ် အစိုးရက ဒယ်လာရိုဆာရဲ့ အသနားခံစာအပေါ် မှတ်ချက်ပြုဖို့ ၇၂ နာရီ အချိန်ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒယ်လာ ရိုဆာ ဟာ ဒူတာတေးကို သစ္စာစောင့်သိဆုံး ဗိုလ်ချုပ်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကနေ သူအနားယူသွားချိန်မှာ ဒူတာတေးက သူ့ကို အကျဉ်းထောင် ဗျူရိုအကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက် တစ်နှစ်မှာ ဆီးနိတ်လွှတ်တော်အမတ်အဖြစ် သူဝင်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့ပါတယ်။
မနှစ်တုန်းက ဒယ်လာ ရိုဆာ ဟာ ဆီးနိတ်လွှတ်တော်အမတ် အဖြစ် ထပ်ဝင်ပြိုင်ခဲ့ရာမှာ အမတ်နေရာ ၁၂ နေရာအတွက် တတိယနေရာ ချိတ်ခဲ့ပါတယ်။ ဟိဂ်မြို့ ICC တရားရုံးက ဒူတာတေးကို ထောင်ဒဏ် ချမှတ်ခဲ့အပြီး နှစ်လအကြာမှာ ကျင်းပခဲ့တဲ့ အဲဒီရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒူတာတေးရဲ့ အမတ်လောင်းတွေက သူ့မိသားစုရဲ့ နိုင်ငံရေးပြိုင်ဘက် သမ္မတ မာကို့စ်ရဲ့ အမတ်လောင်းတွေထက် မျှော်လင့်ထားတာထက် ပိုကောင်းကောင်း အသာရခဲ့တာ တွေ့ရပါတယ်။
ဒယ်လာ ရိုဆာ ဟာ အများနဲ့မတူတဲ့ စရိုက်လက္ခဏာ ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ တာဂါလော့ဂ်ဘာသာစကားနဲ့ ကျောက်တုံးလို့ အဓိပ္ပာယ်ရတဲ့ ဘာတို ဆိုတဲ့အမည်နဲ့ သူ့ကို ပိုလူသိများပါတယ်။ ဒူတာတေး စကားပြောနေချိန်မှာ ခေါင်းချင်း ပွတ်နေတတ်တာမျိုးအပါအဝင် ဒူတာတေးအနားရောက်ရင် လုပ်တတ်တဲ့ သူ့အမူအကျင့်တွေက လူတွေအကြား ပြောစရာ ဖြစ်ခဲ့ပါတယ်။
ဆီးနိတ်လွှတ်တော်ထဲမှာ ဘာတွေ ဖြစ်ခဲ့သလဲ
ဗုဒ္ဓဟူးနေ့ညနေ အစောပိုင်းလောက်က ဆီးနိတ်လွှတ်တော် အစည်းအဝေး ခဏနားချိန်မှာ ဒယ်လာ ရိုဆာက သူ့ကို အာဏာပိုင်တွေ ဖမ်းဖို့ လာနေကြပြီဆိုတဲ့ သတင်းကို သူရခဲ့တယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်ပေါ်ကနေ တိုက်ရိုက်လွှင့်ခဲ့ပါတယ်။
"ခင်ဗျားတို့ဆီက အကူအညီ တောင်းခံနေတာပါ။ သမ္မတ ဒူတာတေး လို ဖိလစ်ပိုင်လူမျိုး နောက်တစ်ဦးကို ဟိဂ်မြို့ တရားရုံးဆီ အရောက်မခံကြပါစို့နဲ့ "ဆိုပြီး ဒယ်လာ ရိုဆာ က ပြောခဲ့ပါတယ်။
နောက်တစ်နာရီလောက်အကြာမှာ သေနတ်သံ အများအပြား ပေါ်ထွက်လာခဲ့ပြီး အဲဒီအသံတွေဟာ ဒုတိယထပ်ကနေ လာတာလို့ ရုပ်မြင်သံကြားသတင်းက ဆိုပါတယ်။
ဆီးနိတ်လွှတ်တော်ထဲ ဖိလစ်ပိုင် စုံစမ်းစစ်ဆေးရေး ဗျူရို NBI ဝင်ရောက်ဖို့ ကြိုးစားခဲ့ပြီး သူတို့ပြန်ဆုတ်ခွာခဲ့ချိန်မှာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆီးနိတ်လွှတ်တော် အတွင်းရေးမှူး မာ့ခ် အယ်လန်ဒရို မန်ဒိုဇာ က မီဒီယာတွေကို ပြောပါတယ်။
ဒါပေမဲ့ အမေရိကန် စုံစမ်းစစ်ဆေးရေး ဖယ်ဒရယ်ဗျူရိုနဲ့ အလားတူ ညီမျှတဲ့ ဖိလစ်ပိုင် စုံစမ်းစစ်ဆေးရေးဗျူရို NBI ရဲ့အကြီးအကဲကတော့ ဆီးနိတ်လွှတ်တော်ထဲကို ဘယ်အေးဂျင့် တပ်ဖွဲ့ဝင်ကိုမှ မစေလွှတ်ခဲ့ဘူး လို့ ဆိုပါတယ်။
ရုပ်မြင်သံကြား တိုက်ရိုက်လွှင့်တဲ့ ကင်မရာတွေရှေ့မှာ ရုန်းရင်းဆန်ခတ် မြင်ကွင်းတွေကို အထင်းသားမြင်ခဲ့ရပါတယ်။ သတင်းထောက်တွေနဲ့ ဆီးနိတ်လွှတ်တော် ဝန်ထမ်းတွေက မိုဘိုင်းဖုန်းတွေကို နားမှာကပ်ရင်း အပြေးအလွှား ပုန်းခိုရာ ရှာခဲ့ကြပါတယ်။
ရဲတွေနဲ့ စစ်သားတွေ ဆီးနိတ်လွှတ်တော်ဝန်းတဝိုက် ကင်းလှည့်နေကြတာ တွေ့ရပါတယ်။
ဆီးနိတ်လွှတ်တော် အဆောက်အအုံရဲ့ သံမဏိတံခါးတွေကို ပိတ်ချလိုက်ပြီး လူအဝင်အထွက် မရှိအောင် လော့ခ်ဒေါင်း ချလိုက်ပါတယ်။
ရုပ်မြင်သံကြား ကင်မရာတွေကလည်း ဓာတ်လှေကားဆီ အမြန်လျှောက်သွားနေတဲ့ ဒယ်လာ ရိုဆာကို အမိအရ ရိုက်ယူနိုင်ခဲ့ပါတယ်။ အဲဒီအဆောက်အအုံရဲ့ နောက်တစ်ခြမ်းမှာတော့ အစည်းအဝေးထိုင်နေကြတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တချို့က သူတို့ ဘေးကင်းလုံခြုံပါကြောင်းနဲ့ သေနတ်သံတွေ သူတို့ ကြားခဲ့ရပုံကို ဖေ့စ်ဘွတ်ခ်ပေါ်ကနေ တိုက်ရိုက်လွှင့်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အဲဒီနောက်မှာ ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီး ဂျော်ဗစ် ရီမူလာ က ဆီးနိတ်လွှတ်တော်အမတ်တွေနဲ့ တွေ့ဖို့ အဆောက်အအုံထဲ ဝင်သွားပါတယ်။ ဒယ်လာ ရိုဆာ ကို ဖမ်းဖို့ အဲဒီကို သူလာခဲ့တာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
မိနစ်ပိုင်းအကြာမှာ ရီမူလာက ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ အယ်လန် ပီတာ ကာယက်တာနို နဲ့အတူ အဆောက်အအုံထဲကနေ ထွက်လာခဲ့ပါတယ်။ တစ်စုံတဦးမှ အထိအခိုက် မရှိခဲ့ပါဘူး လို့ သူတို့က ပြောပါတ်ယ။ သေနတ်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သူတို့က ပြောပေမဲ့ ဘယ်သူတွေက ပစ်ခတ်ခဲ့တာလဲ ဆိုတာကိုတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာမို့ ထုတ်ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။
သမ္မတ မားကို့စ်က လူထုကို ငြိမ်ငြိမ်သက်သက် ရှိကြဖို့ ယူကျူ ဗီဒီယိုပေါ်ကနေ ပန်ကြားခဲ့ပါတယ်။ "ဒီအကြောင်း အစအဆုံး ဖော်ထုတ်သွားမှာပါ။ ဒါက မတည်မငြိမ် ဖြစ်အောင် လုပ်ခဲ့တာလား ဆိုတာကို သိဖို့ လိုအပ်ပါလိမ့်မယ်" လို့ သမ္မတ မားကို့စ်က ပြောသွားပါတယ်။
နောက်တစ်နေ့ မနက်မှာတော့ သေနတ်ပစ်ခတ်မှုနဲ့ ဆက်နွှယ်နေမှုနဲ့ အနည်းဆုံး အမျိုးသား တစ်ဦးကို ထိန်းသိမ်းထားတယ်လို့ ရဲက ပြောပါတယ်။
ဖိလစ်ပိုင် နိုင်ငံရေးမှာ ဘာတွေ ဖြစ်နေသလဲ
ဒီပစ်ခတ်မှုတွေကြောင့် နဂိုကတည်းကိုက တင်းမာနေတဲ့ ဖိလစ်ပိုင် နိုင်ငံရေးအခြေအနေဟာ အခုအခါ ပွက်ပွက်ဆူသွားခဲ့ပါတယ်။
အဂတိလိုက်စားမှု၊ မားကို့စ်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်အန္တရာယ်ပြုခဲ့မှု စတဲ့ စွပ်စွဲချက်တွေနဲ့ သမ္မတ မားကို့စ်ရဲ့ အဓိက နိုင်ငံရေးပြိုင်ဖက် ဒုတိယ သမ္မတ ဆာရာ ဒူတာတေး ကို ရာထူးကနေ ဖယ်ရှားဖို့ တနင်္လာနေ့တုန်းက စွဲချက်တင်ခဲ့ပါတယ်။
အဲဒီစွဲချက်တင်မှုနဲ့ ဆိုင်တဲ့ အထောက်အထားအချက်အလက်တွေကို ပစ်ခတ်မှု ဖြစ်ပွားတဲ့နေ့မှာပဲ ဆီးနိတ်လွှတ်တော်ကို ပို့ခဲ့ပါတယ်။
ဆီးနိတ်လွှတ်တော်ဟာ ဒုတိယသမ္မတကို ပြစ်မှုထင်ရှားအောင် ဒါမှမဟုတ် အပြစ်ကနေ ကင်းလွတ်အောင် ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာ ရှိတဲ့ တရားရုံးတစ်ခုအဖြစ် ကြားနာစစ်ဆေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ပြစ်မှုထင်ရှားခဲ့ရင် ဆာရာ ဒူတာတေးဟာ ၂၀၂၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့် တားမြစ်ခံရမှာ ဖြစ်ပါတယ်။
လူထုမြင်ကွင်းကနေ လပေါင်းများစွာ ပျောက်ကွယ်နေခဲ့အပြီး အခုသီတင်းပတ် ဆီးနိတ်လွှတ်တော်မှာ ဒယ်လာ ရိုဆာ ပြန်ပေါ်လာတာဟာ လွှတ်တော်တွင်း အာဏာချိန်ခွင်လျှာကို ညှိပေးလိုက်သလိုဖြစ်ပြီး ဆီးနိတ်လွှတ်တော်အမတ် အယ်လန် ပီတာ ကာယက်တာနို ကို ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ရာမှာ အထောက်အကူ ဖြစ်သွားစေပါတယ်။ ကာယက်တာနို ဟာ သမ္မတဟောင်း ဒူတာတေးရဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်ပြီး ဒုသမ္မတလောင်းအဖြစ် ဝင်ပြိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
အမတ် ၂၄ ဦးပါ ဆီးနိတ်လွှတ်တော်ရဲ့ အမတ်အများစုမှာ အခုအခါ ဒယ်လာ ရိုဆာနဲ့ ဒူတာတေး မိသားစုရဲ့ တခြား မိတ်ဖက် အပေါင်းပါတွေ ပါဝင်နေတဲ့အတွက် မားကို့စ်ရဲ့ မိတ်ဖက် အမတ်တွေက အနည်းစုအဖြစ်သာ ရှိနေပါတယ်။
ရာထူးကနေ ဖယ်ရှားရေး စွဲချက်တင်မှုနဲ့ ဆီးနိတ်လွှတ်တော်မှာ အာဏာလွန်ဆွဲနေမှုတွေကြောင့် ဒူတာတေးနဲ့ မားကို့စ် မိသားစုနှစ်စုအကြား ရန်လိုမှုတွေ ပိုကြီးထွားလာခဲ့ပါတယ်။
ဘွန်ဘွန်း မားကို့စ်နဲ့ ဆာရာ ဒူတာတေးတို့ဟာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပေမဲ့ ကွဲပြားတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ရှိနေတဲ့အတွက် သူတို့ရဲ့ မဟာမိတ်ပေါင်းစည်းမှုက လူထုရှေ့မှောက်မှာ အံ့မခန်းလောက်အောင် ပြိုကွဲသွားခဲ့ပါတယ်။






