အိန္ဒိယသတို့သမီးသေဆုံးမှု- ခင်ပွန်းနဲ့ ယောက္ခမကို ရဲတပ်ဖွဲ့က တရားစွဲ

ဓာတ်ပုံ ရင်းမြစ်, Twisha's family
- ရေးသားသူ, ဂီတာ ပန်ဒေး၊ ဗစ်ရှ်နူကန့် တီဝါရီ
- ရေးသားပေးပို့သည့်နေရာ, ဒေလီနဲ့ ဘိုပါးလ်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၄
အိန္ဒိယမှာ အသက် ၃၃ နှစ်အရွယ် မော်ဒယ်နဲ့ သရုပ်ဆောင် သတို့သမီးတစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုစွဲချက်တွေကို ရဲတပ်ဖွဲ့က တရားရုံးဆီ တင်သွင်းလိုက်ပါတယ်။ သူဟာ အိမ်ထောင်ကျပြီး ငါးလ အကြာ မေလမှာ အိမ်ထောင်ဖက်နဲ့အတူ နေထိုင်တဲ့ အိမ်မှာ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။
မော်ဒယ်နဲ့ သရုပ်ဆောင် တွစ်ရှာရှားမား သေဆုံးမှုဟာ ၂၀၂၆ မေလ ၁၂ ရက်က ဘိုပါးလ်မြို့မှာ ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် မီဒီယာတွေကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး၊ လူသတ်မှုလား၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလားဆိုတဲ့ မေးခွန်းတွေကြားမှာ ဒီအမှုက သတင်းခေါင်းကြီးပိုင်းတိုင်းမှာပါခဲ့ပါတယ်။
အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) က တင်သွင်းတဲ့ အမှုစွဲချက်မှာတော့ တွစ်ရှာရဲ့ ခင်ပွန်းနဲ့ ယောက္ခမကို "ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အားပေးကူညီမှု" နဲ့ "ရက်စက်စွာ ဆက်ဆံမှု" တို့နဲ့ စွဲချက်တင်ထားပါတယ်။
ရှေ့နေဖြစ်တဲ့ သူ့ခင်ပွန်း ဆာမာ့တ် ဆင်း နဲ့ တရားသူကြီးဟောင်းဖြစ်တဲ့ ယောက္ခမ ဂီရီဘာလာ ဆင်း တို့ကတော့ သူတို့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
အသိပေးချက် - ဒီဆောင်းပါးမှာ စာဖတ်သူအချို့အတွက် စိတ်ထိခိုက်စရာဖြစ်နိုင်တဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Photo credit Twisha's family
တွစ်ရှာ သေဆုံးမှုဟာ အိန္ဒိယမှာ လူအများအထူးစိတ်ဝင်စားမှုကို ဖြစ်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယနိုင်ငံရဲ့ သြဇာကြီးတဲ့ တရားစီရင်ရေးလောကက လူတွေဟာ လူထုအမြင်မှာ စံနမူနာကောင်းပြသရမယ့်သူတွေ ဖြစ်တယ်လို့ ယူဆကြလို့ပါ။
တွစ်ရှာ ရဲ့ မိဘတွေနဲ့ မောင်နှမတွေကတော့ မင်္ဂလာဆောင်တဲ့အခါ ယူလာတဲ့ပစ္စည်းနဲ့ ငွေကြေး (dowry) တောင်းဆိုမှုတွေကြောင့် ဆာမာ့တ်ဆင်း နဲ့ သူ့အမေက တွစ်ရှာ ကို နှိပ်စက်ခဲ့ပြီး၊ နောက်ဆုံးမှာ သတ်ပစ်ခဲ့တာ လို့ စွပ်စွဲထားပါတယ်။
ဂီရီဘာလာ ကတော့ အဲဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူး လို့ ပြောပြီး တွစ်ရှာ မှာ စိတ်ကျန်းမာရေးပြဿနာတွေ ရှိခဲ့တယ်၊ သူကိုယ်တိုင် သတ်သေခဲ့တာဖြစ်တယ်လို့ ပြန်လည်စွပ်စွဲပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆာမာ့တ် ကို အစပိုင်းမှာ ရှာမတွေ့ခဲ့ပေမယ့် နောက်ပိုင်းမှာ ရဲတွေဆီ သူ ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့ပါတယ်။ ဂီရီဘာလာ ကိုတော့ ရက်အနည်းငယ်အကြာမှာ ဖမ်းဆီးခဲ့ပြီး သားအမိနှစ်ယောက်စလုံး ထောင်ထဲမှာ ရှိနေပါတယ်။
CBI က ပြီးခဲ့တဲ့အပတ်မှာ တရားရုံးကို တင်သွင်းခဲ့တဲ့ စာမျက်နှာ ၆၀၀ ပါ အမှုစွဲချက်မှာတော့ အသေးစိတ်ပါဝင်ပါတယ်။
"တရားခံနှစ်ဦးဖြစ်တဲ့ တွစ်ရှာရဲ့ ခင်ပွန်းနဲ့ ယောက္ခမတို့ရဲ့ စဉ်ဆက်မပြတ် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကြောင့် သူ့အနေနဲ့ ကိုယ့်အသက်ကို အဆုံးစီရင်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ခဲ့ပါဘူး" လို့ CBI က ပြောထားပါတယ်။
တွစ်ရှာ ရဲ့ မိသားစုဘက်က ရှေ့နေ အန်ကာ ပန်ဒေးက ဘီဘီစီဟင်ဒီ ကို ပြောရာမှာ CBI က "ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အားပေးကူညီမှု" နဲ့ သက်ဆိုင်တဲ့ ဥပဒေပုဒ်မတွေကို အသုံးပြုထားတာကြောင့် စုံစမ်းစစ်ဆေးမှုအရ တွစ်ရှာ သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလို့ ယူဆထားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ် လို့ ပြောပါတယ်။
သူက CBI အနေနဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့ တရားရုံးထံ ခွင့်ပြုချက်တောင်းထားတယ် လို့လည်း ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုအတွင်း သက်သေအထောက်အထားအသစ်တွေ ထပ်မံရရှိလာရင် နောက်ထပ်လူတွေ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ ဆက်လက်စုံစမ်းနိုင်ပြီး လိုအပ်ရင် ထပ်ဆင့်အမှုစွဲချက် (supplementary chargesheet) တင်နိုင်တယ် လို့ ဆိုပါတယ်။
ဂီရီဘာလာရဲ့ ရှေ့နေ အီနော့ရှ် ဂျော့ချ် ကာလို ကတော့ "အစောပိုင်းမှာ စွပ်စွဲခဲ့တဲ့ dowry နဲ့ ပတ်သက်ပြီး နှိပ်စက်မှုနဲ့ လူသတ်မှု စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးမှုမှာ သက်သေမတွေ့ရှိခဲ့ပါဘူး... အစကတည်းက ဒီအကြောင်းကို ကျွန်တော်တို့ ပြောနေခဲ့တာပါ၊ ဒါပေမယ့် မီဒီယာတွေက ကျွန်တော်တို့စကားကို ဘယ်တော့မှ နားမထောင်ခဲ့ပါဘူး" လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ANI
မော်ဒယ်နဲ့ သရုပ်ဆောင်ဖြစ်တဲ့ တွစ်ရှာ ဟာ အိန္ဒိယအနောက်ပိုင်းက ပူနေးမြို့မှာ ကျင်းပတဲ့ အလှမယ်ပြိုင်ပွဲမှာ အနိုင်ရပြီး ၂၀၁၂ ခုနှစ်မှာ Miss Pune အဖြစ် သရဖူဆောင်းခဲ့ပါတယ်။ သူဟာ ကြော်ငြာလုပ်ငန်းတွေ အတော်များများမှာ ပါဝင်ခဲ့သလို တလီဂူဘာသာ စကားနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ ပုဂ္ဂလိကကုမ္ပဏီတွေမှာ မားကတ်တင်းပိုင်း အလုပ်လုပ်ခဲ့ပါတယ်။
အမှုစွဲချက်အရ တွစ်ရှာဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ dating app ကနေ ဆာမာ့တ်နဲ့ တွေ့ခဲ့ပြီး ဒီဇင်ဘာလမှာ သူတို့နှစ်ဦး လက်ထပ်ခဲ့ကြပါတယ်။
CBI ရဲ့ အမှုစွဲချက်မှာတော့ စုံစမ်းစစ်ဆေးမှုအရ လက်ထပ်ပြီးနောက် ဆာမာ့တ်က တွစ်ရှာကို အကြိမ်ကြိမ် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခဲ့ပြီး ဂုဏ်သိက္ခာထိခိုက်စေတဲ့ စကားလုံးတွေကိုလည်း ထပ်ခါတလဲလဲ အသုံးပြုခဲ့တယ် လို့ ဆိုပါတယ်။
CBI က "ဂီရီဘာလာ ဆင်းဟာလည်း အခါအားလျော်စွာ သူ့သားကို တွစ်ရှာအပေါ် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ဖို့ လှုံ့ဆော်ခဲ့တယ်" လို့ ထပ်ပြောထားပါတယ်။
တွစ်ရှာရဲ့ မိဘတွေဘက်ကတော့ သူ ကိုယ်ဝန်ရှိလာပြီးနောက် ဧပြီလမှာ သူမနဲ့ ယောက္ခမတွေကြား အကြီးမားဆုံး ပြဿနာ ဖြစ်လာခဲ့တယ် လို့ ပြောပါတယ်။
သူတို့က "သူ့ခင်ပွန်းနဲ့ ယောက္ခမက တွစ်ရှာရဲ့ အကျင့်စာရိတ္တကို မေးခွန်းထုတ်ပြီး ကလေးက တခြားယောက်ျားရဲ့ ကလေးလို့ စွပ်စွဲခဲ့တယ်" လို့ ဆိုပါတယ်။ ပြီးတော့ မေလ ပထမပတ်မှာ ကိုယ်ဝန်ဖျက်ချဖို့ အတင်းအကျပ် ဖိအားပေးခဲ့တယ် လို့လည်း စွပ်စွဲထားပါတယ်။
ဂီရီဘာလာ ဆင်း ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပြီး ကိုယ်ဝန်ဖျက်ချဖို့ တွစ်ရှာကိုယ်တိုင်က တောင်းဆိုခဲ့တာဖြစ်ပြီး ကလေးမလိုချင်ဘူးလို့ ပြောခဲ့တာ လို့ ဆိုပါတယ်။
တွစ်ရှာ သေဆုံးပြီး ရက်အနည်းငယ်အကြာမှာ တရားသူကြီးဟောင်း ဂီရီဘာလာဟာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး မီဒီယာတွေကို အင်တာဗျူးပေးခဲ့ပါတယ်။ အဲဒီမှာ သူ့ချွေးမရဲ့ စိတ်ကျန်းမာရေးအခြေအနေကို ပြောဆိုခဲ့ပြီး တွစ်ရှာကို "liberal - လစ်ဘရယ်"ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အင်တာဗျူးသူက "liberal - လစ်ဘရယ်"ဆိုတာ ဘာကို ဆိုလိုတာလဲ" လို့ မေးတဲ့အခါ ဂီရီဘာလာက "promiscuity" ဆိုတဲ့ စကားလုံးကို အသုံးပြုပြီး ရှင်းပြခဲ့ပါတယ်။ အဓိပ္ပာယ်က လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးမှာ အကန့်အသတ်မရှိသူ၊ လိင်ဆက်ဆံဖော် များပြားသူ ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။
သူ့ရဲ့ အဲဒီပြောဆိုချက်တွေကြောင့် လူထုအကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး တွစ်ရှာရဲ့ ဖခင်ကတော့ အဲဒါဟာ သူ့သမီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်တာလို့ တုံ့ပြန်ထားပါတယ်။
















